← Chapters

ရွှေအမြုတေဖွဲ့စည်းခြင်း (၂)

Vol. 16 Ch. 315

ရွှေအမြုတေဖွဲ့စည်းခြင်း (၂)

Vol. 16 Ch. 315

ထို့နောက် ကျန်းချန်ရွှမ်က လျူလင်းလုံ၊ ကျန်းရန်တောက်နှင့် အခြားလူများကိုပါ တာဝန်အသီး သီးခွဲဝေပေးလိုက်သည်။ မကြာမီ ရှန်းရူယန်၏ အကူအညီဖြင့် မှော်တိုင်တောင်တွင် ဖြစ်ပေါ်နေ သော ထူးခြားဖြစ်စဉ်များကို ဘေးပတ်ဝန်းကျင်ရှိ ကျင့်ကြံခြင်းမိသားစုများနှင့် ဂိုဏ်းများ ရိပ်မိသိ ရှိခြင်းမရှိစေရန် ဖုံးကွယ်လိုက်နိုင်သည်။ ထိုအခါ ကျန်းချန်ရွှမ်က

“အခု ကျုပ်နဲ့ရူယန်က ရွှေအမြုတေသိပ်သည်းဖို့အတွက် သီးခြားစီ ဂူပိတ်ကျင့်ကြံရမယ်။ ရန်ယီ ကလည်း ကျီဖုအဆင့်ကို တက်လှမ်းဖို့ ကြိုးစားနေချိန်ဖြစ်လို့ သူအနှောက်အယှက်ကင်းကင်းနဲ့ ကျင့်ကြံနိုင်အောင် အားလုံးအလှည့်ကျတာဝန်ယူပေးရမယ်၊ အရေးကြီးကိစ္စမရှိရင် သူ့ကိုရော၊ ကျုပ်တို့နှစ်ယောက်ကိုရော မနှောက်ယှက်ပါနဲ့”

ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့၏ ရွှေအမြုတေအဆင့်သို့ တက်လှမ်းခြင်းဖြစ်စဉ်သည် ကျန်းမိသား စုတစ်ခုလုံးအတွက် အလွန်အရေးပါသည်ကို နားလည်ပြီးဖြစ်သည့် ကျန်းရန်တောက်နှင့် လျူ လင်းလုံတို့လည်း ခေါင်းညိတ်လိုက်ကြသည်။ ကျန်းရန်ယီက

“မစိုးရိမ်ပါနဲ့။ ကျွန်တော်တို့ရှိနေသရွေ့ ဘာပြဿနာမှမဖြစ်စေရဘူး”

လျူလင်းလုံကလည်း ထပ်မံဖြည့်စွက်ပြောလိုက်ပြန်သည်။

“အစ်ကိုကျန်းနဲ့ အစ်မရှန်းတို့ ရွှေအမြုတေကို အောင်မြင်စွာဖွဲ့စည်းနိုင်ဖို့ ဆုတောင်းပေးပါတယ်”

“ကျေးဇူးပါကွယ်”

ရှန်းရူယန်က လျူလင်းလုံ၏ ဆုတောင်းစကားကို ကျေနပ်စွာ တုံ့ပြန်လိုက်ပြီး မွေးစားကလေးဖြစ် သူ ကျန်းအန်းရန်ကို လျုလင်းလုံလက်ထဲထည့်ပေးလိုက်သည်။ ထို့နောက်တွင် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့လည်း အချိန်မဆိုင်းတော့ဘဲ ရွှမ်းမင်တောင်ထွတ်သို့ ဦးတည်ပျံသန်းလိုက်ကြတော့ သည်။ ထိုအချိန်တွင် ကျန်းချန်ရွှမ်က အတိဒုက္ခရှောင်လွှဲခြင်းပုလဲကို ရှန်းရူယန်အား ပေးလိုက် သည်။

“ရူယန်လည်းကြားဖူးမှာပဲ။ ဒါလေးက အတိဒုက္ခရှောင်လွှဲခြင်းပုလဲလို့ခေါ်တယ်။ အတိဒုက္ခစစ် ဆေးခြင်းအဆင့်မှာ အခက်တွေ့နေရင် ဒီပုလဲကို သုံးလို့ရတယ်”

ကျန်းချန်ရွှမ်လက်ထဲရှိ ပုလဲလုံးကိုမြင်သောအခါ ရှန်းရူယန်တစ်ယောက် မျက်လုံးပြူးသွားသည်။ ရှန်းရူယန်က ပုလဲလုံးကို လှမ်းယူပြီး လက်ထဲတွင်ဆကြည့်သောအခါ ဖော်မပြနိုင်အောင် ဆန်း ကြယ်သည့် အော်ရာတစ်မျိုး စိမ့်ထွက်နေသည်ကို ထင်ရှားစွာ ခံစားမိလိုက်သည်။ ထိုပုလဲလုံး သည် ကောင်းကင်ဘုံ၏ အတိဒုက္ခဒဏ်ခတ်ခြင်းကို အံတုနိုင်သည့် ရတနာတစ်ပါးဖြစ်ကြောင်း သူ မကြားဖူးသည်။ ထို့ကြောင့် ရှန်းရူယန်က ပုလဲလုံးကို ကျန်းချန်ရွှမ်လက်ထဲသို့ ချက်ချင်းပြန်ထည့် ပေးရင်း

“ယောက်ျား ဒီပုလဲက တန်ဖိုးကြီးလွန်းတယ်။ နောက်ပြီး ရှင်ရင်ဆိုင်ရမဲ့ အတိဒုက္ခစမ်းသပ်ခြင်းက ကျွန်မထက် ပိုပြင်းထန်လိမ့်မယ်လို့ အာရုံရနေမိတယ်။ ရှင်ပဲယူထားလိုက်ပါ”

သို့သော် ကျန်းချန်ရွှမ်က ပြုံးလျက်လက်ကာပြသည်။

“ယူထားလိုက်ပါ။ ကိုယ့်မှာ နောက်တစ်လုံးရှိပါသေးတယ်”

ကျန်းချန်ရွှမ်က နောက်ထပ်ပုလဲတစ်လုံးကို ထုတ်ယူပြီး ရှန်းရူယန်ကို ပြလိုက်သည်။ ထိုအခါတွင် ရှန်းရူယန်လည်း မူမနေနိုင်တော့ဘဲ ပုလဲလုံးကိုလက်ခံလိုက်တော့သည်။ ခေတ္တမျှအကြာတွင် နှစ် ဦးသား လမ်းခွဲပြီး ကိုယ်စီကျင့်ကြံရာ လှိုဏ်ဂူအသီးသီးသို့ ဝင်သွားကြတော့သည်။ သည်တစ်ခါ ဂူပိတ်ကျင့်ကြံခြင်း၏ ရည်ရွယ်ချက်မှာ မဖြစ်ဖြစ်သည့်နည်းဖြင့် ရွှေအမြုတေကို ဖွဲ့စည်းရန်သာ ဖြစ်သည်။ ရွှေအမြုတေဖွဲ့စည်းရန်အတွက် ကျင့်ကြံသူတစ်ဦးသည် ကိုယ်တွင်းရှိ ဓမ္မစွမ်းအင်များ ကို အခဲအဖြစ် သိပ်သည်းရန် လိုအပ်သည်။ ထိုဖြစ်စဉ်တစ်လျှောက်တွင် ကျင့်ကြံသူ၏ ခန္ဓာနှင့် စိတ်ဝိညာဉ်သည် အကြီးအကျယ် ပြောင်းလဲသွားမည်ဖြစ်ပြီး ရှင်သန်နိုင်မည့် သက်တမ်းသည် လည်း အဆမတန် ခုန်ပျံတိုးတက်သွားဦးမည်ဖြစ်သည်။

ရွှေအမြုတေဖွဲ့စည်းနိုင်ပါက ကျင့်ကြံသူတစ်ဦး၏ သက်တမ်းသည် နှစ်ရှစ်ရာအထိ တိုးတက်သွား နိုင်သည်။ သို့ရာတွင် ရှေးအစဉ်အဆက်ကတည်းက မရေမတွက်နိုင်သော ကျင့်ကြံသူများသည် ဤအဆင့်တွင် ကျရှုံးခဲ့ကြပြီး အများစုမှာ ဓမ္မစွမ်းအင်ကို အခဲအဖြစ် သိပ်သည်းခြင်းဖြစ်စဉ်နှင့်အ တူ စိတ်၊ ခန္ဓာကို အသွင်ပြောင်းခြင်းဖြစ်စဉ်များတွင် ကျရှုံးခဲ့ကြခြင်းဖြစ်သည်။ ကျင့်ကြံသူတစ်ဦး ၏ ဇီဝဓာတ် အဆီအနှစ်အားလုံးကို ပြုပြင်ပြောင်းလဲခြင်းဖြစ်စဉ်မှာ လွယ်ကူခြင်းမရှိဘဲ အသွေး အသားမှသည် အရိုးအထိ၊ အရိုးမှသည် ကိုယ်တွင်းအင်္ဂါများအထိ၊ ထိုမှတစ်ဆင့် ဝိညာဉ်အထိစသ ဖြင့် ဖြိုခွဲခြင်း၊ ပြန်လည်တည်ဆောက်ခြင်း ဖြစ်စဉ်များကို အဖန်တလဲလဲ ကျော်ဖြတ်ရန် လိုအပ်ပါ သည်။

ကျင့်ကြံသူတစ်ဦးတွင် လုံလောက်သည့် စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုမျိုးနှင့် အရည်အသွေးမျိုး မရှိပါ က အမြုတေဖွဲ့တည်ရန်မှာ မဖြစ်နိုင်သလောက်နီးနီးရှိသည်။ ထိုအချိန်တွင် ကျန်းချန်ရွှမ်သည် ကျင့်ကြံရာလှိုဏ်ဂူအတွင်း၌ အမြုတေဖွဲ့စည်းခြင်း ဝိညာဉ်ရတနာဖြစ်သည့် ကောင်းကင်ထူးကဲ ရေစင်ပုလင်းကို စိုက်ကြည့်နေမိသည်။ ထိုပုလင်းသည် စနစ်မှ ဆုလာဘ်အဖြစ် ချီးမြှင့်ထားခြင်း ဖြစ်သည်။ ကျန်းချန်ရွှမ်သည် ရှန်းရူယန်ပေးအပ်လိုက်သည့် ရွှေအမြုတေဖွဲ့စည်းခြင်းနှင့် ပတ် သက်သည့် ဆောင်ရန်၊ ရှောင်ရန် အကြောင်းများ ရေးသားထားသောစာကို ပြန်ပြောင်းတွေးတော လိုက်မိသည်။ ထို့နောက်တွင် ကျင့်ကြံခြင်းကို စတင်လိုက်ပြီး စိတ်ဝိညာဉ်နှင့် ခန္ဓာကိုယ် အခြေအ နေကို အမြင့်ဆုံးအနေအထားအထိ မြှင့်တင်လိုက်သည်။

တစ်ဆက်တည်းတွင် အခြေခံဓာတ်ငါးပါး စစ်မှန်မှု နည်းစနစ်ကို ထပ်တလဲလဲ ထုတ်ဖော်လည် ပတ်လိုက်သည်။ ကျန်းချန်ရွှမ်၏ ကိုယ်တွင်းရှိ ဓမ္မစွမ်းအင်များသည် အချင်းချင်း တွန်းကန်၊ ဆန့် ကျင်၊ တိုးတိုက်မိကြသည်။ ထိုအခိုက်တွင် ကိုယ်ခန္ဓာမွမ်းမံခြင်း ကျင့်စဉ်ကို ကျင့်ကြံထားသည့် အ ကျိုးကျေးဇူးက စကားပြောလာသည်။ ကိုယ်တွင်းရှိ မတူညီသည့် အခြေခံဓာတ်ငါးပါး အခြေခံ ဓမ္မစွမ်းအင်များ၏ လှုပ်ရှားထကြွမှုများသည် သာမန်ကျင့်ကြံသူတစ်ဦးကို အသက်ဆုံးရှုံးစေသည် အထိ သက်ရောက်လိမ့်မည်ဖြစ်သော်လည်း ကျန်းချန်ရွှမ်အတွက်မူ ကိုယ်တွင်းဟန်ချက် အနည်း ငယ်ပျက်သွားရုံမှအပ ကြီးကြီးမားမား သက်ရောက်မှုကို မခံစားရပါ။ သို့သော် လက်ရှိအခြေအနေ သည် အစကနဦးသာ ရှိသေးကြောင်း သူနားလည်ထားပြီးဖြစ်သည်။

လက်ရှိအနေအထားအတိုင်း ဆက်လက်ဖြစ်ပွားနေပါက ကျန်းချန်ရွှမ်လို သူမတူသည့် ကျင့်ကြံမှု အုတ်မြစ်ကို ပိုင်ဆိုင်ထားသူပင် အချိန်တစ်ခုရောက်လျှင် လဲပြိုသွားနိုင်သည်။ ထို့ကြောင့် ကျန်း ချန်ရွှမ်သည် ကိုယ်တွင်းရှိ အုံပွက်နေသည့် ဓမ္မစွမ်းအင်များကို ကျင်လည်စွာ ထိန်းကျောင်းလျက် ဟန်ချက်ညီသည့် စက်ဝန်းတစ်ခုအသွင် လည်ပတ်စေလိုက်သည်။ သစ်သားဓာတ်သည် မီးဓာတ် ကိုမွေးဖွားစေသည်။ မီးသည်မြေကို၊ မြေသည်သတ္တုကို၊ သတ္တုသည် ရေကို၊ ရေသည် သစ်သား ဓာတ်ကို၊ စသဖြင့် စက်ဝန်းတစ်ခုပမာ အပြန်ပြန်အလှန်လှန် မွေးဖွားစေသည်။ ကျန်းချန်ရွှမ်သည် ထိုသဘောတရားကို အသုံးချပြီး တစ်ခုနှင့်တစ်ခု တွန်းကန်နေသည့် ဓမ္မစွမ်းအင်များကို ငြိမ်သက် စေသည်။

ဤတွင် တဖြည်းဖြည်းနှင့် ကျန်းချန်ရွှမ်၏ ကိုယ်တွင်း၌ အစိမ်း၊ အနီ၊ အဖြူ၊ အနက်နှင့် အဝါ ရောင်သလင်းကျောက်များ ဖြစ်တည်လာတော့သည်။ ဓမ္မစွမ်းအင်ကို အခဲအဖြစ် သိပ်သည်းအ သွင်ပြောင်းသည့် ပထမလုပ်ငန်းစဉ် အောင်မြင်သွားပြီဖြစ်သည်။ နောက်တစ်ဆင့်မှာ အဆိုပါ သ လင်းကျောက်များကို ရောနှောပေါင်းစပ်ပြီး ရွှေရောင်ဆေးပြားတစ်ခု အသွင်ကို ပြောင်းလဲရန်ဖြစ် သည်။ ထိုလုပ်ငန်းစဉ်မှာ အချိန်တိုအတွင်း ပြီးစီးနိုင်သည့် လုပ်ငန်းမဟုတ်ဘဲ အချိန်များစွာယူရန် လိုအပ်သည်။ ဤသို့ဖြင့် နှစ်နှစ် ဟူသောအချိန် ကုန်လွန်သွားသည်။

မှော်တိုင်တောင်၏ အနောက်ဘက်တောင်ကြောတစ်နေရာမှ အားကောင်းသော ဝိညာဉ်ဖိအား တစ်ရပ် လွင့်ပျံလာသည်ကို ကျန်းရန်တောက်နှင့် လျူလင်းလုံနှစ်ဦးလုံး ခံစားမိလိုက်ပြီး အထူးပင် ဝမ်းသာသွားကြသည်။ မူလက တင်ပျဉ်ခွေထိုင်လျက် ကျီဖုနယ်ပယ်ကို တက်လှမ်းရန် ကြိုးပမ်း နေသည့် ကျန်းရန်ယီသည် ထိုင်ရာမှ ဖြည်းညင်းစွာ ထလိုက်သည်။ သူ့မျက်နှာတွင် ပျော်ရွှင်ဝမ်း မြောက်ခြင်း အရိပ်လက္ခဏာများ ယှက်သန်းနေသည်။ နှစ်နှစ်ကြာပြီးနောက် သူသည် အားလုံး မျှော်လင့်ထားသည့်အတိုင်း ကိုယ်တွင်းရှိ အဆီအနှစ်စွမ်းအင်များကို ဓမ္မစွမ်းအင်အဖြစ် အသွင် ပြောင်းကာ ကျီဖုနယ်ပယ်ကို ခြေချနိုင်ခဲ့ပြီဖြစ်သည်။

“ဂုဏ်ပြုပါတယ် အစ်ကို”

ကျန်းရန်တောက်နှင့် လျူလင်းလုံတို့သည် ကျန်းရန်ယီ ရှိရာသို့ အပြေးအလွှားရောက်လာပြီး ဝမ်း မြောက်စွာ ဂုဏ်ပြုလိုက်ကြသည်။ ကျန်းရန်ယီအဖို့ အတိုင်းမသိ ဝမ်းမြောက်လျက်ရှိပြီး ညီဖြစ်သူ နှင့် လျူလင်းလုံတို့ကို နှုတ်ဆက်လိုက်သည်။ ထို့နောက် ကျန်းရန်ယီက ရွှမ်းမင်တောင်ထွတ်ရှိ ရာသို့ လှမ်းမျှော်ကြည့်လိုက်ပြီး

“စီနီယာဦးလေးနဲ့ အဒေါ်တို့ အခြေအနေဘယ်လိုရှိလဲ။ ဂူပိတ်ကျင့်ကြံနေတုန်းပဲလား”

ကျန်းရန်တောက်နှင့် လျူလင်းလုံတို့က ခေါင်းညိတ်ပြသည်။ ထိုအချိန်တွင် ကောင်းကင်ထက်မှ အလွန်အားကောင်းပြင်းထန်သည့် ဝိညာဉ်ဖိအားတစ်ရပ်သည် ရှန်းရူယန်ရှိနေသည့် လှိုဏ်ဂူအ ထက်သို့ သက်ဆင်းလာသည်။ ထိုဝိညာဉ်ဖိအားသည် ကျန်းရန်ယီ ကျီဖုအဆင့်သို့ တက်လှမ်းနေ စဉ်ကထက် အဆများစွာ ပြင်းထန်နေသည်။ ကျန်းရန်တောက်တို့သုံးဦးလည်း အလျင်အမြန် ဒူး ထောက်၍ အရိုအသေပေးလိုက်သည်။ ထို့နောက် တစ်ဦးမျက်နှာကို တစ်ဦးကြည့်ကာ စကားပင် မပြောနိုင်အောင် တုန်လှုပ်အံ့အားသင့်နေမိကြသည်။

“စီနီယာအဒေါ် ရွှေအမြုတေကို သိပ်သည်းနိုင်တော့မှာလား”

ကျန်းရန်တောက်တစ်ယောက် အံ့အားသင့်လျက် ရေရွတ်မိသည်။

ကျွီ…

ထိုအခိုက်တွင် မှော်တိုင်တောင်ရှိ ဝိညာဉ်ချီစွမ်းအင်များ၏ ထက်ဝက်ကျော်သည် ရှန်းရူယန်ရှိနေ သည့် လှိုဏ်ဂူအတွင်းသို့ တစ်ဟုန်ထိုးစီးဝင်သွားသည်။ သို့သော် အံ့အားသင့်စရာတစ်ချက်မှာ ကျန်းချန်ရွှမ် ကျင့်ကြံနေသည့် လှိုဏ်ဂူပတ်လည်ရှိ ဝိညာဉ်ချီစွမ်းအင်များအပေါ် တစ်စုံတစ်ရာ သက်ရောက်မှုမရှိခြင်းဖြစ်သည်။ ဤသည်မှာ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ အစကနဦးကတည်း က ကြိုတင်ပြင်ဆင်ထားသည့် အစီအမံဖြစ်သည်။ ဤနည်းဖြင့် နှစ်ဦးစလုံး ရွှေအမြုတေနယ်ပယ် ကို တစ်ပြိုင်နက်တည်း တက်လှမ်းခဲ့ပါက နှစ်ဦးစလုံးအတွက် ဝိညာဉ်ချီအလုံအလောက် ကျန်ရှိ နေရန်ဖြစ်သည်။ ထိုအခိုက်တွင် ရှန်းရူယန် ကျင့်ကြံနေသည့် လှိုဏ်ဂူအတွင်းမှ ထွက်ပေါ်လာ သည့် အော်ရာလှိုင်းများမှာ အတက်အကျ ပိုမိုမြန်ဆန်လာသည်။

မှော်တိုင်တောင်ပေါ်ရှိ ကျန်းမိသားစုဝင်အားလုံးနီးပါးသည် ရွှမ်းမင်တောင်ထွတ်ထံမှ ထွက်ပေါ် လာသည့် ထူးခြားဖြစ်စဉ်ကို တစ်ချိန်တည်းလိုလို သတိပြုမိလိုက်ကြသည်။ မစ်ရှင်တစ်ခုမှ ပြန် ရောက်ကာစ ကျန်းရန်ချွမ်းသည်ပင် အဆိုပါထူးခြားမှုကို အာရုံခံမိပြီး တုန်လှုပ်သွားသည်။ ကျန်း ယွင်ရုံနှင့် လူငယ်ကျင့်ကြံသူများ ရွှမ်းမင်တောင်ထွတ်ရှိရာသို့ သွားရောက်ရန် ပြင်ဆင်နေကြသည် ကိုကြည့်ပြီး ကျန်းရန်ချွမ်းတစ်ယောက် မနေနိုင်တော့ဘဲ မေးမြန်းလိုက်မိတော့သည်။

“ဘိုးဘေး ရွှေအမြုတေနယ်ပယ်ကို ရောက်တော့မှာလား”

ဘုန်း..

သူ့စကားဆုံးလျှင်ဆုံးချင်းပင် ကြောက်မက်ဖွယ်ပြင်းထန်သည့် နောက်ထပ် ဝိညာဉ်ဖိအားတစ်ရပ် ရွှမ်းမင်တောင်ထွတ်ပေါ်သို့ ထပ်မံကျဆင်းလာပြန်သည်။ ကျန်းရန်ယီတစ်ယောက် အလွန်စိတ် လှုပ်ရှားသွားပြီး

“စီနီယာဦးလေးလည်း ရွှေအမြုတေအဆင့်ကို ရောက်တော့မှာလား”

***

All Chapters