← Chapters

နတ်ဘုရားအဆင့် ရွှေအမြုတေ (၃)

Vol. 16 Ch. 318

နတ်ဘုရားအဆင့် ရွှေအမြုတေ (၃)

Vol. 16 Ch. 318

ထိုအခါမှ ကျန်းရန်ယီတို့လူစုလည်း သက်ပြင်းချနိုင်သည်။ ရှစ်ခုမြောက် လျှပ်စီးကြောင်း၏ ပြင်း အားသည် ရွှေအမြုတေ အလယ်အဆင့်နီးပါးနှင့် တန်းတူလျက်ရှိကြောင်း တွေ့ရပြီး ရှန်းရူယန်၏ ရွှေအလင်းဒိုင်းသည်ပင် အပြည့်အဝ ကာကွယ်နိုင်ခြင်းမရှိပါ။ ထို့ကြောင့် ရှန်းရူယန်သည် မူလဓမ္မ ရတနာလက်နက်ကို မဖြစ်မနေထုတ်သုံးလိုက်ရခြင်းဖြစ်သည်။ ရှစ်ခုမြောက် လျှပ်စီးကြောင်းပင် ယခုလို အစွမ်းထက်နေလျှင် ကိုးခုမြောက်နှင့် ဆယ်ခုမြောက် လျှပ်စီးကြောင်းနှစ်ခု မည်မျှအထိ အစွမ်းထက်မည်ကို သူတို့အားလုံး မတွေးဝံ့ကြပါ။

ဂျိန်း…

ထိုအချိန်တွင် ကောင်းကင်ထက်မှ ကျယ်လောင်သည့်အသံတစ်ခု ကြားလိုက်ရပြီး လျှပ်စီးများမှာ အတိဒုက္ခတိမ်တိုက်အတွင်း၌ မြွေများပမာ လူးလာဆန်ခတ်လျက်ရှိသည်။ သို့သော် နဝမမြောက် လျှပ်စီးသည် အချိန်အတန်ကြာသည်အထိ ကျဆင်းလာခြင်းမရှိပါ။ ထိုအချက်ကပင် ကျန်းရန်ယီ တို့လူစုကို ပိုမိုစိတ်ပူပန်စေလျက်ရှိသည်။ အဘယ်ကြောင့်ဆိုသော် အချိန်ကုန်လွန်လာသည်နှင့် အမျှ တိမ်တိုက်ကြီး၏ ဖိအားနှင့် သိပ်သည်းဆမှာ ပြင်းသထက် ပြင်းလာသောကြောင့်ဖြစ်သည်။ ရှန်းရူယန်ရပ်နေသည့် နေရာနှင့် မိုင်တစ်ရာနီးပါး ကွာဝေးသော်လည်း ကျန်းရန်ယီ၊ လျူလင်းလုံ နှင့် ကျန်းရန်တောက်တို့၏ နှလုံးသားများမှာ ဧရာမခဲလုံးကြီးဖြင့် ဖိသိပ်ခြင်းခံထားရသည့်အလား လေးပင်လျက်ရှိနေသည်။

ထိုခဏတွင် ရှန်းရူယန်ရှိရာအရပ်နှင့် မိုင်တစ်ရာပတ်လည်သည် အလင်းများ ထွန်းညှိလိုက်သလို ဝင်းထိန်သွားသည်။ ကျန်းရန်ယီတို့လူစုလည်း ကောင်းကင်အတိဒုက္ခစစ်ဆေးခြင်းကို စပ်စုမနေ နိုင်တော့ဘဲ နောက်ထပ်မိုင်တစ်ရာ အကွာသို့ ဆုတ်လိုက်ရသည်။ ထိုနေရာမှ ရှန်းရူယန်ရပ်နေ သောနေရာကို လှမ်းမျှော်ကြည့်မိလိုက်ကြရာ မိုင်တစ်ရာပတ်လည် ဧရိယာတစ်ခုလုံး လျှပ်စီးပင် လယ်အဖြစ် ပြောင်းလဲသွားသည်ကို တုန်လှုပ်ဖွယ် မြင်တွေ့လိုက်ရတော့သည်။ အဆိုပါ လျှပ်စီး ပင်လယ်၏ အလယ်ဗဟို ရှန်းရူယန်ရပ်နေသော နေရာတွင် မြေပြင်တုန်လုခမန်း ပေါက်ကွဲမှုများ အဆက်မပြတ် ဖြစ်ပေါ်လာသည့်အခါ ကျန်းရန်ယီတို့အားလုံး မျက်နှာပျက်ကုန်ကြသည်။ နဝမ မြောက် လျှပ်စီးကြောင်းသည် ဤမျှအထိ အစွမ်းပြင်းပါသလော။ တစ်မိနစ်၊ နှစ်မိနစ်မှသည် သုံးမိ နစ်တိုင် ပေါက်ကွဲမှုများ ရပ်စဲခြင်းမရှိ၊ ဆက်လက်ဖြစ်ပေါ်နေသည်။

ဤဖြစ်စဉ်သည် ပုံမှန်မဟုတ်ကြောင်း ကျန်းရန်ယီတို့ ရိပ်မိလိုက်သည်။ ပုံမှန်အားဖြင့် အတိဒုက္ခ စစ်ဆေးခြင်း လျှပ်စီးကြောင်း ကျဆင်းသည့်အခါ အစစ်ဆေးခံသူသည် ထိုလျှပ်စီးကို ခုခံနိုင်သည် ဖြစ်စေ၊ မခုခံနိုင်သည်ဖြစ်စေ၊ ဖြစ်စဉ်စဆုံးမှာ စက္ကန့်ပိုင်းမျှသာ ကြာမြင့်လေ့ရှိပြီး အလွန်ဆုံး မိနစ် ဝက် သို့မဟုတ် တစ်မိနစ်အထိသာ ကြာရှည်လေ့ရှိသည်။ လက်ရှိအချိန်တွင် သုံးမိနစ်ကို ကျော် လွန်ပြီး ငါးမိနစ်ကျော်လာခဲ့ပြီ ဖြစ်သော်လည်း ပေါက်ကွဲမှုများမှာ ရပ်သွားမည့်ပုံ မပေါ်သေး။

ဂျိန်း

ထိုစဉ် လျှပ်စီးပင်လယ်၏ အလယ်ဗဟိုနေရာမှ ရောင်စဉ်ငါးသွယ် လျှပ်စီးကြောင်းများ ထုထည် အပြည့် တိုးထွက်လာပြီး ရှန်းရူယန်ကို ရစ်ပတ်ထားသည့် လျှပ်စီးများကို ဖယ်ရှားပစ်လိုက်တော့ သည်။ ခေတ္တမျှအကြာတွင် ကီလိုမီတာ ဒါဇင်ပေါင်းများစွာ အကျယ်အဝန်းကို ဖုံးလွှမ်းထားသည့် အတိဒုက္ခလျှပ်စီးပင်လယ်သည် တစ်စထက်တစ်စ ယုတ်လျော့လာသည်။ ထိုအခါတွင်မှ ကျန်းရန် ယီတို့အနေနှင့် မြင်ကွင်းအားလုံးကို ရှင်းရှင်းလင်းလင်း မြင်တွေ့ခွင့်ရလိုက်ကြသည်။ ကောင်းကင် ထက်တွင် ရှန်းရူယန်သည် မုဆိုးဒူးထောက် အနေအထားဖြင့် ရှိနေပြီး နံဘေးတွင် မူလဓမ္မရတနာ နှစ်ခုကို တွေ့ရသည်။ ထိုရတနာနှစ်ခုလုံးသည် ဆိုးဆိုးဝါးဝါး ထိခိုက်ပျက်စီးထားပုံပေါ်ပြီး လတ် တလောတွင် အသုံးပြု၍ ရဦးမည်မဟုတ်ပါ။

ရှန်းရူယန်၏ ကိုယ်ခန္ဓာပေါ်တွင်လည်း မည်းနက်နေသည့် လျှပ်စီးရာများ အပြည့်ဖြစ်နေပြီး ဒဏ် ရာအပြင်းအထန်ရထားမှန်း ထင်ရှားနေသည်။ သို့သော် အတိဒုက္ခစစ်ဆေးခြင်း ပြီးဆုံးသွားပြီဖြစ် ၍ ကျန်းရန်ယီတို့အားလုံး သက်ပြင်းချလိုက်ကြသည်။ လက်ရှိအချိန်မှစ၍ ကျန်းမိသားစုတွင် ရွှေ အမြုတေအဆင့် ကျင့်ကြံသူတစ်ဦး ပိုင်ဆိုင်ခွင့်ရတော့မည့် အရေးကိုတွေးကာ သူတို့အားလုံး အ တိုင်းမသိ ပျော်ရွှင်ကြည်နူးနေမိကြသည်။ ထို့ကြောင့် ရှန်းရူယန်ရှိရာသို့ သူတို့အားလုံး ပြေးဝင် တော့မည့်အပြုတွင် ရှန်းရူယန်က လက်ကာပြလိုက်၍ ကျန်းရန်ယီတို့လည်း နားဝေတိမ်တောင် ဖြစ်သွားကြသည်။

သို့သော် မကြာမီတွင် တစ်ခုခု အကြီးအကျယ် လွဲမှားနေကြောင်း သူတို့အားလုံး ရိပ်စားမိလိုက်ပြီး ကောင်းကင်ကိုမော့ကြည့်လိုက်ကြရာ အတိဒုက္ခတိမ်တိုက်သည် ပျောက်ကွယ်ခြင်းမရှိသေးဘဲ နေ ရာတွင်ပင် ဆက်လက်ရှိနေသည်ကို မြင်လိုက်ကြရသည်။ ရှန်းရူယန်အနေနှင့် နဝမမြောက် လျှပ် စီးကြောင်းကို ခုခံပြီးဖြစ်သော်လည်း အဘယ်ကြောင့် အတိဒုက္ခစစ်ဆေးခြင်းမှာ မပြီးဆုံးသေးပါ သနည်း။ ထိုအချိန်မှာပင် ရွှေရောင်လျှပ်စီးအလုံးကြီးတစ်ခုသည် ရှန်းရူယန်ထံသို့ အဟုန်ပြင်းစွာ သက်ဆင်းလာတော့သည်။

“မဖြစ်နိုင်ဘူး”

ကျန်းရန်တောက်လည်း ပါးစပ်အဟောင်းသားနှင့် ရေရွတ်လိုက်မိတော့သည်။ အဆိုပါ လျှပ်စီးအ လုံးသည် ရွှေအမြုတေနှောင်းပိုင်း ကျင့်ကြံသူတစ်ဦး၏ စွမ်းအားနှင့် ညီမျှနေရုံမက အချိန်နှင့်အမျှ ဆက်လက်တိုးတက်နေပါသေးသည်။ မျက်စိတစ်မှိတ်အတွင်း၌ ရွှေအမြုတေ အထွတ်အထိပ်အ ဆင့် စွမ်းအားအဖြစ်သို့ ရောက်ရှိသွားသည်။ ရွှေအမြုတေအဆင့်ကို တက်လှမ်းနိုင်ကာစ ကျင့်ကြံ သူတစ်ဦးသည် အဆိုပါစွမ်းအားမျိုးကို မည်သည့်နည်းနှင့်မှ ခုခံနိုင်မည်မဟုတ်ပါ။

“ဘယ်လိုလုပ်ကြမလဲ”

ကျန်းရန်ယီတို့အားလုံး၏ နဖူးပြင်တွင် ချွေးစေးများ ကျဆင်းလာပြီး နှလုံးခုန်နှုန်းမှာ အဆမတန် မြန်လာသလို ကြောက်စိတ်ကြောင့် မျက်စိမျက်နှာများ ပျက်လျက်ရှိကြတော့သည်။

***

All Chapters