ရွှေအမြုတေစတင်ခြင်း
Vol. 16 Ch. 314
သူတို့အားလုံး၏ ရှေ့မှောက်တွင် ရေဓာတ်ဆီးပင်သည် ခရမ်းရောင်အလင်းများ ဖြာထွက်ကာ သိပ်သည်းသည့် အော်ရာလှိုင်းများ အဆက်မပြတ် ထုတ်လွှင့်နေသလို အကိုင်းအခက်များသည် လည်း ရှေးကထက် ဝေဆာပွင့်လန်းလျက်ရှိပြီး အရွက်၊ အပွင့်၊ အကိုင်း စသဖြင့် ရေဓာတ်ဆီးပင် ၏ အစိတ်အပိုင်းအားလုံးသည် စက်ဝိုင်းပြည့်အသွင် ကြီးထွားပေါက်ရောက်နေတော့သည်။ ထို ထက်အရေးကြီးသည်မှာ ရေဓာတ်ဆီးပင်သည် အဆင့် ၄ အဖြစ်သို့ ရောက်ရှိသွားသည့် အချက် ပင်ဖြစ်သည်။
ကျွီ ကျွီ ကျွီ…
တစ်ချိန်တည်းတွင် မှော်တိုင်တောင်ရှိ ဝိညာဉ်သွေးကြောသည့် ရေဓာတ်ဆီးပင်၏ လှုံ့ဆော်မှု ကြောင့် ရုတ်တရက် ဝိညာဉ်ချီစွမ်းအင်များကို ရှေးကထက် ဆထက်တိုး၍ ထုတ်လွှတ်လိုက်ပြန် သည်။ ကျန်းချန်ရွှမ်တို့ ရပ်နေသည့် တောင်ကြောအထက် တစ်နေရာတွင် ဝိညာဉ်ချီသိပ်သည်းဆ သည် နဂိုမူလကထက် အဆပေါင်းများစွာ တိုးတက်လာသည်။
“ဒါဆိုရင် ကျုပ်တို့ရဲ့ ဝိညာဉ်သွေးကြောလည်း အဆင့် ၄ ကို ရောက်တော့မှာလား မသိဘူး”
ကျန်းရန်တောက်၏ ဝမ်းသာအားရ ရေရွတ်သံကြီးကြောင့် ကျန်းမိသားစုဝင်များသည် ကျန်းချန် ရွှမ်နှင့် ရှန်းရူယန်တို့ကို အတည်ပြုချက် တောင်းသည့်ပမာ ကြည့်မိလိုက်ကြသည်။ ကျန်းချန်ရွှမ် ကိုယ်တိုင်ပင် အံ့အားသင့်နေပုံရသည့်အတွက် သူတို့အားလုံး စိတ်ရှုပ်ထွေးသွားကြသည်။ လက်ရှိ အချိန်တွင် မှော်တိုင်တောင်တွင် ရှိနှင့်ပြီးဖြစ်သော အဆင့် ၃ ဝိညာဉ်သွေးကြောသည် အဆင့် ၄ ရေဓာတ်ဆီးပင်၏ ချိန်သားကိုက် လှုံ့ဆော်မှုကြောင့် ရုတ်တရက် သက်ဝင်လှုပ်ရှားလာပြီး အဆင့် ၄ ဝိညာဉ်သွေးကြောအဖြစ် ကူးပြောင်းရန် စတင်လှုပ်ရှားနေပြီဟု ယူဆရသည်။
ထို့အပြင် နှစ်တစ်ရာကြာတိုင်း ရေဓာတ်ဆီးပင်သည် အသီးဆယ်နှစ်ခုကိုလည်း ထုတ်လုပ်ပေး နိုင်စွမ်းလည်းရှိသည်။ ရွှေအမြုတေကျင့်ကြံသူတစ်ဦးသာ အသီးတစ်လုံးကို စားသုံးလိုက်ပါက နှစ် ခြောက်ဆယ်စာ ဓမ္မစွမ်းအင်ကို တစ်ထိုင်တည်းရရှိသွားနိုင်သည်။ ထိုမျှမကသေးပါ၊ ရေဓာတ်ကို အခြေခံသည့် ကျင့်ကြံခြင်းနည်းစနစ်များကို ကျင့်ကြံထားသူများနှင့် ရေဓာတ်ဝိညာဉ်အမြစ်ရှိသူ များအတွက်လည်း အဖိုးမဖြတ်နိုင်သည့် သစ်သီးများဟုဆိုရပါမည်။ ထို့ပြင် ရေဓာတ်အခြေခံမန္တန် များနှင့် နတ်ဘုရားစွမ်းအားများကို သင်ကြားလေ့ကျင့်ရာတွင်လည်း ထိုသစ်သီးများကို အသုံးပြု နိုင်ပါသေးသည်။
ကျန်းချန်ရွှမ်သည် မိသားစုဝင်အားလုံးကို ရေဓာတ်ဆီးပင်၏ အကျိုးအာနိသင်များနှင့် ဆက်လက် တိုးတက်လာဦးမည့် အလားအလာများကို ရှင်းပြလိုက်ရာ ကြားရသူအားလုံး ထခုန်မိမတတ်ဝမ်း မြောက်ကုန်ကြသည်။ သို့သော် ကျန်းရန်ယီကမူ တွေးတွေးဆဆနှင့် မှတ်ချက်ချသည်။
“စီနီယာဦးလေး၊ ကျွန်တော်တို့အနေနဲ့ ဒီရေဓာတ်ဆီးပင်အကြောင်းကို အချိန်တစ်ခုအထိ လျှို့ ဝှက်ထားသင့်တယ်လို့ထင်တယ်။ ပြင်ပကျင့်ကြံရေးလောကကို ဒီသတင်းပေါက်ကြားသွားရင် ကျွန်တော်တို့အားလုံးအတွက် မလိုလားအပ်တဲ့ အာရုံစိုက်မှုတွေကို ခံလာရနိုင်တယ်”
ကျန်းရန်ယီ၏ မှတ်ချက်စကားမှာ သဘာဝကျသည်။ ကျောက်စိမ်းရေဓားစင်မြင့်နှင့် ကောင်းကင် ယွဲ့ဂိုဏ်းကဲ့သို့ အင်အားကြီးဂိုဏ်းများသည်ပင် ဤရေဓာတ်ဆီးပင် အကြောင်းကို ကြားသိပါက လိုချင်တပ်မက်စိတ် အနည်းနှင့်အများ ဖြစ်ပေါ်လာမည်မှာ သေချာလှသည်။ လက်ရှိတွင် ကျန်းမိ သားစုအနေနှင့် အဆိုပါဂိုဏ်းနှစ်ခုလုံးနှင့် ဆက်ဆံရေးကောင်းမွန်လျက်ရှိသော်လည်း အကျိုးစီး ပွားများ ပါဝင်ပတ်သက်လာသည့်အခါမျိုးတွင် ထိုဆက်ဆံရေးမှာ အချိန်မရွေးကျိုးပဲ့သွားနိုင်ပါ သည်။ လူသားတို့၏ စိတ်နှလုံးသည် မှန်းဆရအခက်ဆုံး အရာများအနက် တစ်ခုအပါအဝင် ဖြစ် နေသည်မဟုတ်ပါလား။
ထိုအခိုက်တွင် သူတို့အားလုံးရပ်နေသည့် မြေပြင်တစ်ခုလုံးမှာ ရုတ်တရက် တုန်ခါသွားပြီး အနီး ပတ်ဝန်းကျင်ရှိ ဝိညာဉ်ချီစွမ်းအင် သိပ်သည်းဆသည်လည်း အဆမတန်ထိုးတက်လာကြောင်း သ တိပြုမိလိုက်သည်။ အသက်ရှုလိုက်တိုင်းတွင် ကိုယ်တွင်းရှိ ဓမ္မစွမ်းအင်များ တရိပ်ရိပ် ထိုးတက် လာကြောင်း အားလုံးခံစားမိလိုက်ကြသည်။ အထူးသဖြင့် ကျီဖုအဆင့်ကို တက်လှမ်းရန် လက် တစ်ကမ်းအလိုတွင် ရှိနေသည့် ကျန်းရန်ယီအပေါ်တွင် သက်ရောက်မှုအထင်ရှားဆုံးဖြစ်သည်။
“ရန်ယီ ဒီအချိန်က ခင်ဗျားအတွက် ကျီဖုနယ်ပယ်ကို တက်လှမ်းဖို့ အကောင်းဆုံးအချိန်ပဲ။ အခု ချက်ချင်း ကျင့်ကြံပြီး နောက်တစ်ဆင့်ကို တက်လှမ်းလိုက်ပါ”
ကျန်းချန်ရွှမ်က ကျန်းရန်ယီကို ကြည့်ရင်း တည်ငြိမ်စွာပြောလိုက်သလို တစ်ချိန်တည်းတွင် ကျီဖု ကျောက်စိမ်းပြားတစ်ပြားကို ထုတ်ယူပြီး ကျန်းရန်ယီအား ကမ်းပေးလိုက်သည်။
“အခုလို ချီစွမ်းအင်တွေ သိပ်သည်းနေတဲ့ ပတ်ဝန်းကျင်မျိုးနဲ့ ဒီကျောက်စိမ်းပြားရဲ့အစွမ်း နှစ်ခု ပေါင်းလိုက်ရင် ခင်ဗျားအနေနဲ့ ကျီဖုနယ်ပယ်ကို တက်လှမ်းနိုင်ဖို့ ၇၀ ရာခိုင်နှုန်းသေချာပါတယ်”
ကျန်းချန်ရွှမ်၏ စကားကိုကြားလျှင် ကျန်းရန်ယီလည်း စိတ်အားတက်ကြွလာပြီး ခေါင်းညိတ်ပြ သည်။ ထို့နောက် ကျောက်စိမ်းပြားကို လှမ်းယူပြီး
“ကျွန်တော်နားလည်ပြီ စီနီယာဦးလေး”
ကျန်းရန်ယီလည်း အချိန်မဆိုင်းတော့ဘဲ လက်တစ်ဖက်တွင် ကျောက်စိမ်းပြားကို ကျစ်ကျစ်ပါ အောင် ဆုပ်ကိုင်ပြီး သင့်တော်မည့်နေရာတစ်ခုကို ရှာဖွေနေရာယူကာ စတင်ကျင့်ကြံလိုက်တော့ သည်။ ကျန်းချန်ရွှမ်က ကျန်းရန်ယီကို ကြည့်ပြီး ကျေနပ်အားရဟန်နှင့် ခေါင်းညိတ်လိုက်ပြီး ရှန်း ရူယန်ဖက်သို့ လှည့်ကာ ပြောလိုက်သည်။
“ရူယန် ဝိညာဉ်ချီစွမ်းအင်တွေက ဒီတောင်ကတဆင့် ဘေးပတ်ဝန်းကျင်ဒေသတစ်ခုလုံးကို ဖြာ ထွက်နေတယ်။ ရူယန်က အစီအရင်တွေနဲ့ ပတ်သက်လာရင် ကိုယ့်ထက်ပိုကျွမ်းတော့ ဒီတောင် တစ်ခုလုံးကို ဖုံးအုပ်ထားနိုင်မဲ့ ကြယ်သံကြိုးအစီအရင်ကို ကိုင်တွယ်ပေးပါ။ နောက်ပြီး ဝိညာဉ်ချီ လှိုင်းတွေပျံ့နှံ့မှုကို ထိန်းညှိဖို့နဲ့ လိုအပ်တဲ့နေရာတွေကို ဖြန့်ပေးဖို့လည်းလိုမယ်”
“ရပါတယ်၊ ကျွန်မတာဝန်ထားပါ”
***