ဝန်းရံခြင်း
Vol. 015 Ch. 1402
မွန်းကျပ်ဖွယ် လေထုက ဤနေရာတခွင်၌ ပို၍ ပြင်းထန်လာသည်။ ယခင်တိုက်ပွဲ၌ ကျိုးပဲ့ပျက်စီးသွားသည့် ဓားကျိုးအများအပြားက မြေပြင်ပေါ်တွင် ရှိနေပြီး သေဆုံးသွားသူများ၏ အာဃာတမှ ဖြစ်ပေါ်လာသည့် မကောင်းဆိုးဝါးများပင် မြေပြင်မှနေ၍ ထွက်ပေါ်လာနေသည်။
ထိုအချိန်တွင် တစ္ဆေလက်တစ်စုံသည် မြေပြင်အက်ကြောင်းမှနေ၍ ဆန့်ထွက်လာသည်။ အရိပ်တစ်ခုက ထွက်ပေါ်လာကာ လေထဲတွင် ရပ်နေသည့် လူရှိရာသို့ ခုန်အုပ်လိုက်သည်။
ပို၍ များပြားသည့် တစ္ဆေများက တိုက်ပွဲသို့ ပါဝင်လာပြီး ရောက်ရှိလာသည့် တန်ခိုးရှင်များ အားလုံးသည်လည်း အန္တရာယ်ကို သတိထားမိလိုက်ကြသည်။ သူတို့သည် ရီဖူရှင်းအား သာမန်ကာလျှံကာ လှမ်းကြည့်လိုက်သည်။ သူတို့က သူနှင့် ရင်ဆိုင်ပြီးနောက် တတ်နိုင်သမျှမြန်မြန် ထွက်ခွာသွားကြမည် ဖြစ်သည်။
ခဏချင်းအတွင်းမှာပင် တန်ခိုးရှင်များက သူတို့၏ အသက်ဓာတ်များကို ထုတ်လွှတ်လိုက်ပြီး ရီဖူရှင်းကို လိုက်ကာ ကောင်းကင်အောက်ဘက်သို့ တိုက်ခိုက်လိုက်သည်။
ရီဖူရှင်းက ထိုတန်ခိုးရှင်များအား မော့ကြည့်လိုက်သည်။ သူ၏ သက်စောင့်ဟော်နန်းတွင် မီးတောက်များက လောင်ကျွမ်းနေပြီး မီးဝိညာဥ်လုံးက သူ၏ သက်စောင့်ဟော်နန်းကိုပင် ဝါးမျိုတော့မလို ထင်မှတ်ရကာ သူ၏ တစ်ကိုယ်လုံးမှ မီးတောက်မီးလျှံများ ထွက်ပေါ်လာပြီး သူ့ကို ဖုံးလွှမ်းထားလိုက်သည်။ တခဏအတွင်း သူသည် မီးလျှံစစ်နတ်ဘုရားအဖြစ်သို့ ပြောင်းလဲသွားပြီး သူ့ခန္ဓာကိုယ်ရှိ စွမ်းအား အားလုံးက လောင်ကျွမ်းနေသည်။
တစ်ချိန်တည်း၌ အဆုံးမဲ့မီးလျှံများအတွင်း ရွှေရောင်အရှိန်အဝါနှင့် နတ်ဆင်သည်လည်း ရှိနေသည်။ ဆင်အော်သံက သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည်။ ပြင်းထန်သည့် စွမ်းအားက ကျယ်ပြန့်သည့် နေရာတစ်ခုလုံးကို ဖုံးလွှမ်းသွား၏။ သူက ကြီးမားသည့် ကြယ်နှင်တံကို လက်ထဲတွင် ကိုင်ဆောင်ထားကာ ပြိုင်ဘက်ကင်း စွမ်းအားတို့ကို ထုတ်လွှတ်နေသည်။
ရာရာက မြေပြင်ပေါ်တွင် ရပ်နေရင်းက ရီဖူရှင်းကို ကြည့်လိုက်သည်။ အနန္တဓားစွမ်းအားများက သူမ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာပြီး ကောင်းကင်မှ မဟာလမ်းစဥ်ကို ဆွဲယူကာ ထောင်သောင်းချီသော ဓားတို့အား ဆင့်ခေါ်လိုက်သည်။ ဓားဝင်္ကပါက သူမ၏ အနီးတွင် ပေါ်ပေါက်လာသည်။
သူမက ရီဖူရှင်း ဒဏ်ရာရထားသည်အား သိကာ ယခု သူက ထိုရက်စက်သည့် ဖိနှိပ်မှုကို ရင်ဆိုင်ရဦးမည် ဖြစ်သည်။ များပြားလှသည့် တန်ခိုးရှင်များက သူ့ကို ပစ်မှတ်ထားနေကြသည်။ သူက မီးလမ်းစဥ်လောင်ကျွမ်းခြင်းကို တဖန်ထပ်ကာ အသုံးပြုလျှင် သူ့ စွမ်းအားများ ကုန်ဆုံးသွားလိမ့်မည် ဖြစ်သည်။ လက်ရှိတွင် သူက မည်သည့် အဆင့် တိုက်ပွဲစွမ်းရည်ကို အသုံးပြုနိုင်မည်နည်း။ သူက ကြာရှည်စွာ ခုခံရန် ခက်ခဲလိမ့်မည် ဖြစ်သည်။
ထို့အပြင် ဤတန်ခိုးရှင်များသည် ပြန်လည်မွေးဖွားခြင်းအဆင့် စွမ်းရည်များကို အသုံးပြုနိုင်သည်။ သူတို့အင်အားသည် ကောင်းကင်အာဏာစက်ဘုံမှ လာသည့် ထိပ်တန်းအင်အားစုများထက် အားနည်းလိမ့်မည် မဟုတ်ပေ။
ခရမ်းရွှေကြွက်သည် ရီဖူရှင်း၏ အသက်ဓာတ်ကို အာရုံခံမိသည့်အခါ မျက်ခုံးတို့ကို ပင့်မလိုက်ပြီး သူ၏ ကျဥ်းမြောင်းသော မျက်လုံးတို့က အေးစက်သွားသည်။ သူက လက်ဝါးကို ဆန့်ထုတ်လိုက်ကာ ချက်ချင်းပင် ရန်ဟောင်စွမ်းအားနှင့် ဓားတစ်လက်က သူ့လက်ထဲ၌ ပေါ်ပေါက်လာသည်။ ကြွက်နတ်ဆိုးက ဓားစွမ်းရည်ကို ကျင့်ကြံသည်မှာ ထူးဆန်းပေသည်။
သို့သော် ကောလာဟလများက ပြောသည်မှာ ခရမ်းရွှေကြွက်ကလန်မှ ဘိုးဘေးသည် နှိမ့်ချ၍ နေရသော အချိန်အခါ၌ ရှိစဥ်က သူသည် များပြားလှသည့် အစွမ်းထက်ပုဂ္ဂိုလ်များကို အလုပ်အကျွေးပြုခဲ့ရပြီး သူ့ကိုယ်သူ သားရဲအစေခံအဖြစ် နေထိုင်ခဲ့သည်။ များပြားလှသည့် ထိပ်သီးပုဂ္ဂိုလ်များကို အလုပ်အကျွေးပြုရင်း လူသားများ၏ ကျင့်စဥ်တို့ကို လျှို့ဝှက်သင်ယူလေ့လာခဲ့၏။
ထို့ကြောင့် နတ်ဆိုးဘုံ၏ တန်ခိုးရှင်များက ခရမ်းရွှေကြွက် ဓားစွမ်းရည်ကို အသုံးပြုသည်ကို မြင်သည့်အခါ၌ အံ့သြမှုမရှိကြခြင်းဖြစ်သည်။
ထိုဓားမှနေ၍ ရန်ဟောင်စွမ်းအားတို့ ထုတ်လွှတ်နေသည်။ ဓားသည် ရန်ဟောင်လက်နက် ဖြစ်သည်။ ဓားကိုယ်ထည်က ပါးလွှာ သေးသွယ်ကာ အားကောင်း၍ ထက်ရှသော အရှိန်အဝါတို့ ရှိနေသည်။
ဘုန်း…
ခရမ်းရွှေကြွက်သည် ကောင်းကင်ထက်တွင် ရပ်လိုက်သည်။ သူက ဓားကို ကိုင်စွဲလိုက်သည့် ခဏတွင် ကောင်းကင်တွင် ရွှေရောင်ဓားမိုးတို့ ရွာသွန်းလာသည်ဟု ထင်မှတ်ရကာ ကျဆင်းလာသည့် ဓားတစ်ခုချင်းစီတိုင်း၌ မဟာလမ်းစဥ် စွမ်းအားများ ပါဝင်နေသည်။ ကောင်းကင်တွင် ဓားများက အဆုံးမဲ့ ကျယ်ပြန့်သည့် နေရာတခွင်ကို ဖုံးလွှမ်းသွားသည်။ ကြွက်၏ ဓားက ရီဖူရှင်းကို ညွှန်လိုက်ပြီး ချက်ချင်းပင် ဓားမိုးက လိုက်ပါလာကာ ရီဖူရှင်းကို တိုက်ခိုက်လိုက်သည်။ ဓားမိုးရွာသွန်းမှုက ကောင်းကင်ကို ဖုံးလွှမ်းကာ ရီဖူရှင်း၏ အနီးရှိ နတ်ဆင်အရိပ်များ အားလုံးက ထိုးဖောက်ခံလိုက်ရပြီး ထောင်သောင်းချီသည့် ဓားများကြောင့် အပိုင်းပိုင်းအစစ ဖြစ်သွားရသည်။
ဓားမိုးက ရီဖူရှင်းထံသို့ ချဥ်းကပ်လာသည့် အခါ မီးလျှံစွမ်းအားများကိုပင် ထိုးဖောက်သွားပြီး အန္တရာယ် အသံသဲ့သဲ့ကို ထုတ်လွှတ်နေ၏။
ဆင်အော်သံက ရီဖူရှင်း၏ ခန္ဓာကိုယ်မှ ဆက်လက်ထွက်ပေါ်လာနေသည်။ ရွှေရောင်ဆင်ကြီးတစ်ကောင်၏ ပုံရိပ်က သူ့အနီးတွင် ပေါ်ပေါက်လာသည်။ ဓားမိုးက အဆုံးမရှိ ရက်စက်ပြင်းထန်စွာ ကျဆင်းလာနေပြီး စီညံသည့်အသံတို့အား ပြုလုပ်နေသည်။ ဓားမိုးရွာသွန်းမှုသည် ရွှေရောင်နတ်ဆင်၏ ခန္ဓာကိုယ်သို့ တဖြည်းဖြည်း ထိုးဖောက်နေ၏။
ဘုန်း…
ရီဖူရှင်းသည် ခြေလှမ်းလိုက်ပြီး ထိုညံစီနေသည့် ရွှေရောင်ဓားများကို နတ်ဆင်ဆီမှ ခါထုတ်လိုက်သည်။ သူက လျင်မြန်စွာ လှုပ်ရှား၍ သူ့လက်ထဲမှ နှင်တံကို ရိုက်ချလိုက်သည်။ ကြီးမားသည့် နှင်တံအရိပ်က အထက်ကောင်းကင်တွင် ပေါ်ပေါက်လာပြီး လေဟာနယ်အကွာအဝေးကို လျစ်လျူရှုကာ ခရမ်းရွှေကြွက်၏ ဦးခေါင်းဆီသို့ ရိုက်ချလိုက်သည်။
ခရမ်းရွှေကြွက်သည် ရှောင်တိမ်းလိုက်ကာ တောက်ပသည့် အလင်းတန်းအဖြစ် ပြောင်းလဲသွားပြီး မဟာလမ်းစဥ် ဖိနှိပ်ခြင်းစွမ်းအားအကြား ပြေးဝင်သွားသည်။ သူ၏ အရှိန်က အလွန် လျင်မြန်ပြီး သူသည် ထိုနှင်တံတိုက်ခိုက်မှုကို ချက်ချင်း ရှောင်တိမ်းကာ မကြာခင်၌ အခြားတစ်နေရာတွင် ပြန်ပေါ်လာခဲ့သည်။
“ငါ တိုက်ပွဲကို မြန်မြန် အဆုံးသတ်သင့်တယ်” သူက တွေးလိုက်သည်။ ပိုမိုများပြားသည့် တစ္ဆေတို့မှာ မြေပြင်မှ ထိုးထွက်လာပြီးကို သူ့ကို ဖမ်းရန် တစ်ဟုန်ထိုး ရောက်လာနေသည်။ အတွေးများက သူ့စိတ်ထဲသို့ လျင်မြန်စွာ ဝင်ရောက်လာပြီး သူ၏ စွမ်းအားကို မတည်မငြိမ်ဖြစ်စေသည်။ သူက သူတို့ကို ကြည့်ကာ ပြောလိုက်သည်။ “ဒီလိုသာ ဆက်ပြီး အချိန်ဆွဲနေမယ်ဆိုရင် ဘယ်သူ့အတွက်မှ ကောင်းကျိုးရှိမှ မဟုတ်ဘူး”
သူတစ်ယောက်တည်းဖြင့် ရတနာကို ရယူရန် မလုံလောက်ပေ။
ကျန်းယွမ်သည် ရီဖူရှင်း၌ ဝှက်ဖဲ ရှိနေလိမ့်ဦးမည်ဟု ထင်မှတ်မထားခဲ့ပေ။ မည်သည့်နေရာမှ ရောက်လာသည့် မီးတောက်များက သူ၏ စွမ်းအားကို တိုးမြှင့်ပြီး ပြန်လည်မွေးဖွားခြင်းအဆင့် စွမ်းအား ရရှိစေရန် လုပ်ဆောင်ပေးနိုင်ရသနည်း။
ရီဖူရှင်းသည် လျှို့ဝှက်ချက်များစွာ ရှိနေပုံရလေသည်။
ကျန်းယွမ်က လေထဲသို့ ခုန်တက်လိုက်သည်။ မိုးကြိုးများ ထွက်ပေါ်လာပြီး သူ့ကို ဝါးမျိုချင်နေသော သူ့အနီးမှ အန္တရာယ်ရှိ အသက်ဓာတ်များကို ဖျက်ဆီးပစ်လိုက်သည်။
လေထဲမှ ယခုပင်ရောက်လာသည့် ပြန်လည်မွေးဖွားခြင်းအဆင့် တန်ခိုးရှင်များသည် အားလုံး စတင် လှုပ်ရှားလိုက်ကြပြီး သူတို့တစ်ဦးချင်းစီမှ အလွန်ကြောက်မက်ဖွယ် အသက်ဓာတ်များကို ထုတ်လွှတ်နေသည်။ သူတို့ အားလုံးသည် ကောင်းကင်အနိမ့်ပိုင်းရှိ ရီဖူရှင်းကို ရည်ရွယ်ကာ ပြင်းထန်စွာ ဖိအားပေးလိုက်ကြ၏။
ရီဖူရှင်းက ရန်သူများ၏ သုတ်သင်ခံရရန်မှာ အချိန်ခဏသာ လိုပေသည်။
ဘုန်ေ...
လေထုသည် ပြင်းထန်စွာ တုန်ခါနေသည်။ ရီဖူရှင်းက ကောင်းကင်တွင် ခြေလှမ်းလိုက်ကာ သူ့တစ်ကိုယ်လုံးက မီးလျှံများဖြင့် ဖုံးလွှမ်းထားပြီး သူ့လက်ထဲတွင် နှင်တံရှည်ကို ကိုင်စွဲထားသည်။ နတ်ဆိုးဆင်များ၏ အရိပ်များက ကောင်းကင်နှင့် မြေကြီးကြားတွင် ဒုန်းစိုင်းပြေးလွှားနေသည်။ ကျယ်ပြောသည့် အဆုံးမဲ့ လေဟာနယ်သည် ပြင်းထန်သည့် ဖိအားအောက်၌ ကျရောက်နေ၏။
ခရမ်းရွှေကြွက်သားရဲသည် စတင် လှုပ်ရှားလိုက်သည်။ သူက လက်ထဲ၌ ရန်ဟောင်အဆင့် ဓားတစ်လက်ကို ကိုင်ထားပြီး ကောင်းကင်တွင် အဆုံးမဲ့ စွမ်းအားများ ဖုံးလွှမ်းထားသည်။ ရွှေရောင်မိုးများက ရွာဆင်းလာ၏။ သူ၏ ခန္ဓာကိုယ်က ရွေ့လျားသွားပြီး အနိမ့်ပိုင်းကောင်းပင်ဆီ ဦးတည်လိုက်သည်။ ဓားက ထွက်ပေါ်လာပြီး ဓားမိုးများ ကျဆင်းကာ အရာအားလုံးကို ဖျက်ဆီးချေမှုန်းတော့မလိုပင် ဖြစ်သည်။
ရီဖူရှင်းက စွမ်းအားများကို ခံစားမိလိုက်ပြီး သူ့လက်ထဲမှ နှင်တံကို ကောင်းကင်ဆီသို့ ဆန့်ထုတ်လိုက်ကာ ဓားမိုးများကို ဖျက်ဆီးပစ်လိုက်သည်။ သို့သော် ခရမ်းရွှေကြွက်က အလွန် လျင်မြန်ပြီး သူ၏ နေရာကို ချက်ချင်း ပြောင်းပစ်လိုက်သည်။ သူက ဓားများကို ကျဆင်းလာစေပြီး ရီဖူရှင်းအား ထိုနေရာ၌ ထိန်းချုပ်ထားလိုသည်။
ကျန်းယွမ်က လေထဲသို့ ခြေချလိုက်သည်။ သူ့အနီးမှ မိုးကြိုးအော်သံများက ကောင်းကင်နှင့် မြေကြီးကို တုန်ခါစေသည်။ ကောင်းကင်မှ အဆုံးမဲ့မိုးကြိုးများသည် သူ့ခန္ဓာကိုယ်တွင် စုစည်းလာပြီး အရာအားလုံးကို ဖျက်ဆီးပစ်မည့် မိုးကြိုးအလင်းများအဖြစ်သို့ ပြောင်းလဲသွားကာ ရီဖူရှင်းဆီသို့ ရိုက်ခတ်လိုက်သည်။
ရီဖူရှင်း၏ နှင်တံအရိပ်က တဖန်ကျဆင်းလာပြီး မိုးကြိုးနှင့် ထိပ်တိုက်တွေ့မိကာ ပေါက်ကွဲသည့်အသံတစ်ခု ထွက်ပေါ်လာသည်။
သူ့ခေါင်းအထက်တွင် ပြန်လည်မွေးဖွားခြင်းအဆင့် ရှန့်ထိုတစ်ဦး၏ တိုက်ခိုက်မှု ကျရောက်လာသည်။ ကြီးမား၍ မည်းနက်သည့် လက်ဝါးရိပ်က ကောင်းကင်မှ ကျဆင်းလာကာ မဟူရာရွှေရောင် အလင်းတို့နှင့် ရောင်ပြန်ဟပ်နေပြီး အားကောင်းသည့် ဖျက်ဆီးခြင်းစွမ်းအားများ ပါဝင်နေကာ လေဟာနယ်ကို စုတ်ဖြဲသွားသည်။
ရီဖူရှင်းသည် နှင်တံကို ထပ်ကာ ဆန့်ထုတ်လိုက်သည်။ သူ၏ ခန္ဓာကိုယ်က ပတ်ချာလည်လှုပ်ရှားနေပြီး နှင်တံအရိပ်များ ပေါ်ပေါက်လာသည်။ နက်မှောင်သည့် လက်ဝါးရိပ်က ပျက်စီးပြိုကွဲသွားသည်။
အခြားသော ရွှေရောင်ခေါင်းလောင်းတစ်ခုမှ ရန်ဟောင်စွမ်းအားများ ဖုံးကွယ်နေသော ထောင်သောင်းချီသည့် အလင်းတန်းများ ထုတ်လွှတ်လိုက်ပြီး လေဟာနယ်ကို ဖျက်ဆီးကာ ရီဖူရှင်း ရှိနေသည့် နေရာကို ဖျက်ဆီးပစ်ကာ အရာအားလုံးကို ရှင်းလင်းပစ်လိုက်သည်။
ရီဖူရှင်း၏ ခန္ဓာကိုယ်က ကောင်းကင်ထဲတွင် ဝဲလွင့်နေသည်။ နှင်တံအရိပ်သည် ကောင်းကင်ကို ဖုံးလွှမ်းပြီး ရုတ်တရက် လွှဲရိုက်လိုက်သည်။ ကျယ်လောင်သည့် ထိခတ်သံထွက်ပေါ်လာပြီးနောက် ရှေးဟောင်းရန်ဟောင် ခေါင်းလောင်းကြီးက နောက်သို့ဆုတ်ကာ တုန်ခါသွားသော်လည်း ကြောက်မက်ဖွယ် သတ်ဖြတ်ခြင်း အလင်းတန်းများ၏ တိုက်ခိုက်မှုက ရပ်တန့်မသွားခဲ့ပေ။ ရန်ဟောင်ခေါင်းလောင်းသည်လည်း ပြန်ရောက်ရှိလာကာ သူ့ကိုယ်ပေါ်သို့ တဖန်ပြန်၍ လွှမ်းခြုံလိုက်ပြန်သည်။
ပြင်းထန်သော တိုက်ခိုက်မှုများက ဆက်လက်ဖြစ်ပေါ်နေသည်။ ရီဖူရှင်းက သူ၏ နှင်တံကို ဆက်လက်ဝှေ့ယမ်းနေသော်လည်း ထိုတန်ခိုးရှင်များက သူ့အနီးသို့ ကပ်မလာခဲ့ကြပေ။ သူတို့က သူ့ကို ထိုနေရာ၌ ထောင်ချောက်ဆင်ကာ ရက်စက်စွာ တိုက်ခိုက်နေကြပြီး ရီဖူရှင်း၏ စွမ်းအားများကို ကုန်ဆုံးသွားစေရန်နှင့် သူ့ကို ထွက်ပြေး လွတ်မြောက်မသွားစေရန် ပြုလုပ်နေကြသည်။
လူတိုင်း၏ တိုက်ခိုက်မှုများက အလွန် ပြင်းထန်၏။
ကောင်းကင်မှ တိုက်ပွဲမြင်ကွင်းကို ကြည့်ရင်း ရာရာသည် စက်ဆုပ်မုန်းတီးလာမိသည်။ ထိုသူ အားလုံးသည် ပြန်လည်မွေးဖွားခြင်းအဆင့် ထိပ်သီးပုဂ္ဂိုလ်များနှင့် အထွတ်အထိပ်ဆရာသခင်များ ဖြစ်သော်လည်း သူတို့သည် ရီဖူရှင်း၏ ပိုင်ဆိုင်မှုကို ခိုးယူရန်အတွက် တစ်ချိန်တည်း၌ ဝိုင်းကာ တိုက်ခိုက်နေကြသည်။
တိုက်ခိုက်မှုသည် ဆက်လက်ဖြစ်ပွားနေပြီး တန်ခိုးရှင်များက တစ်ဦးပြီးတစ်ဦး ရောက်ရှိလာသည်။ အချို့သောသူများသည် အန္တရာယ်များသောကြောင့် လာရောက်ရန် ကြောက်ရွံ့နေသော်လည်း သတ္တိရှိသူ အချို့ကတော့ တိုက်ပွဲအတွင်း ဝင်ရောက်လာသည်။
အန္တရာယ်များသည့် အသက်ဓာတ်များ ရောက်ရှိလာပြီး ပြန်လည်မွေးဖွားခြင်းအဆင့် နတ်ဆိုးသားရဲ ကျူးယန့်က ထိုနေရာသို့ ကျူးကျောက်၊ ယူချင်း၊ အခြားလူများနှင့်အတူ ရောက်ရှိလာသည်။
ကောင်းကင်မှ တိုက်ပွဲကို ကြည့်ရင်း ယူချင်းက အလွန်အမင်း စိုးရိမ်နေသည်။
ဘုန်း…
ကောင်းကင်သည် တုန်ခါသွားပြီး နတ်ဆင်များက အော်မြည်နေသည်။ အဝေးတွင် အစွမ်းထက်နတ်ဆင်တစ်စုက ဤနေရာသို့ ဦးတည်၍ ဒုန်းစိုင်းလာနေသည်။ သူတို့သည် ကောင်းကင်အနိမ့်ပိုင်းရှိ တိုက်ပွဲကို တစ်ချက်လှမ်းကြည့်လိုက်ပြီး ရီဖူရှင်း၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော အသက်ဓာတ်များကို မြင်တွေ့ခဲ့သည်။ ထိုသည်က သူတို့၏ ဘိုးဘေးများထံမှ စွမ်းအားတစ်ခုခုနှင့် ဆင်တူကြောင်း ခံစားမိကြလေသည်။
“ကျွန်တော်တို့ သူ့ကို ကူညီသင့်တယ်” ကျူးကျောက်က ပြောလိုက်သည်။ သူက ရီဖူရှင်းအား တိုက်ခိုက်မှုများ တစ်ချက်ပြီးတစ်ချက် ထိမှန်နေပြီး တစ်ယောက်တည်း ခုခံနေရသည်ကို မြင်ရပြီး ထိုတိုက်ခိုက်မှုများက အလွန် များပြားလှသည့် အစွမ်းထက် တန်ခိုးရှင်များထံမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။
ပြန်လည်မွေးဖွားခြင်းအဆင့် ကျူးယန့်နတ်ဆိုး၏ စွမ်းအားက ထွက်ပေါ်လာပြီး ကောင်းကင်သို့ ထိုးထွက်သွားသည်။
ဘန်း…
ပြင်းထန်သည့် အသံတစ်ခု ထွက်ပေါ်လာသည်။ ဆင်များ၏ အော်သံသည် ကောင်းကင်ကိုပင် တုန်ခါသွားစေသည်။ ကျူးယန့် နတ်ဆိုးသားရဲကြီး၏ ဦးခေါင်း အထက်တွင် ဆင်ကြီးများက လေထဲတွင် လှမ်းလာကာ သူတို့ကြားထဲမှ တစ်ယောက်က သူ့ကို ကြည့်ကာ ပြောလိုက်သည်။
“ထွက်သွားစမ်း”
ရီဖူရှင်းကို နတ်ဆင်ကလန်မှလည်း လိုချင်နေပေသည်။
အော်မြည်သံက ဆက်လက်ထွက်ပေါ်နေပြီး သူတို့သည် ကောင်းကင်တွင် လျှောက်လှမ်းလာသည်။ တိုက်ပွဲကွင်းပြင်၏ အခြားတစ်ဖက်မှ တန်ခိုးရှင်များသည် နတ်ဆင်ကလန်မှ တန်ခိုးရှင်များကို မြင်ပြီး သူတို့၏ တိုက်ခိုက်မှုက ပို၍ပင် အားကောင်းလာသည်။ နှင်တံ၏ အရိပ်များ ကျဆင်းလာသည့်အခါ ခရမ်းရွှေကြွက်သားရဲသည် ကောင်းကင်ကို ဖြတ်ကာ နှင်တံအရိပ်များကို ဖြတ်သန်းသွားခဲ့သည်။ ကြောက်မက်ဖွယ် စွမ်းအားက သူ၏ ရွေ့လျားနေသည့် ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော်လည်း သူ့ခန္ဓာကိုယ်သည် ကြွက်တစ်ကောင်၏ အရွယ်အစားသို့ ပြောင်းလဲသွားကာ ထိုတိုက်ခိုက်မှု စွမ်းအားကို ထိုးဖောက်လိုက်သည်။ ထိုသည်က သူ၏ ပင်ကိုစွမ်းရည် ဖြစ်သည်။
ဘန်း…
ကျယ်လောင်သည့် အသံနှင့် ခရမ်းရွှေကြွက်နတ်ဆိုးသားရဲသည် ရီဖူရှင်း၏ ခန္ဓာကိုယ်ကို ထိုးဖောက်ကာ အကာအကွယ်အားလုံးကို ဖျက်ဆီးလိုက်သော်လည်း ရီဖူရှင်း၏ ခန္ဓာကိုယ်ကို ကြောက်မက်ဖွယ် လမ်းစဥ်မီးတောက်များဖြင့် ဖုံးလွှမ်းလာသည်။
ရွှေရောင်အရှိန်အဝါက သူ့ခန္ဓာကိုယ်ကို ရစ်ပတ်ထားသည်။ ကြွက်၏ ထက်ရှသော လက်သည်းများက ရီဖူရှင်းထံသို့ ရောက်ရှိလာသည်။ တန်ပြန်အားကို သုံးကာ သူက နောက်သို့ ဆုတ်လိုက်သည်။ သူ၏ နှလုံးက အလွန် လျင်မြန်စွာ ခုန်လှုပ်နေပြီး ထိုစွမ်းအားက မည်သည့် စွမ်းအားဖြစ်သည်ကို အံ့သြနေမိသည်။
ဘုန်း…
မိုးကြိုးလမ်းစဥ်စွမ်းအားများကလည်း ရီဖူရှင်းကို လွှမ်းမိုးတိုက်ခိုက်လိုက်ကာ သူ့ခန္ဓာကိုယ်ကို မြေပြင်သို့ ပြုတ်ကျစေရန် ပြုလုပ်လိုက်သည်။
ခရမ်းရွှေကြွက်သည် အလွန်လျင်မြန်လှသည်။ သူက အောက်သို့ ထိုးဆင်းချကာ ရီဖူရှင်းကို အဝေးသို့ ခေါ်ဆောင်သွားရန် ကြံရွယ်လိုက်သည်။ ဓားစွမ်းအားများက သူ့ထံသို့ ချက်ချင်း ရောက်ရှိလာကာ သူ့ဆီတည့်တည့် ထိုးဖောက်ရန် ကြိုးစားလိုက်သည်။
ခရမ်းရွှေကြွက်သည် သူ့ခန္ဓာကိုယ်ကို လှည့်လိုက်သည်။ သူ့လက်ထဲမှ ရန်ဟောင်ဓားက အောက်သို့ ထိုးစိုက်လာကာ ကြောက်မက်ဖွယ် ရွှေရောင်မုန်တိုင်းအဖြစ် ပြောင်းလဲသွားပြီး ထိုဓားစွမ်းအားများကို ရင်ဆိုင်လိုက်သည်။
စူးရှသည့် အသံ ထွက်ပေါ်လာပြီး ရွှေရောင်သွေးတို့က ခရမ်းရွှေကြွက်ထံမှ ကျဆင်းလာသည်။ သူသည် တုန်ခါသွားကာ ပြန်ဆုတ်ခွာလိုက်ပြီး ရာရာသည် ရီဖူရှင်းနှင့်အတူ ဓားကျိုးတောင်ထိပ်ဖျားသို့ ပြုတ်ကျလာသည်။ သူတို့ နှစ်ဦးလုံး သွေးအန်လိုက်ရသည်။
ယူချင်းနှင့် အခြားလူများက အလျင်အမြန် ပြေးလာပြီး သူတို့ကို စစ်ဆေးကြည့်လိုက်သော်လည်း သူတို့၏ အဆင့်နှင့် သူတို့က အခြေအနေကို ပြောင်းလဲနိုင်ခြင်း မရှိပေ။
လေထဲတွင် ထိုထိပ်သီးရှန့်ထို ပုဂ္ဂိုလ်များက သူတို့ကို ငုံ့ကြည့်လိုက်သည်။
“ငါတို့ လမ်းက ဖယ်စမ်း” နတ်ဆင်ကလန်၏ တန်ခိုးရှင်များက ကောင်းကင်မှ တစ်ဟုန်ထိုး ရောက်ရှိလာသည်။ များပြားလှသည့် နတ်ဆင်များက တစ်ချိန်တည်း၌ ဆင်းသက်လာပြီး သူတို့၏ စွမ်းအားများက ကောင်းကင်ကို တုန်ခါသွားစေသည်။ ခရမ်းရင့်ကောင်းကင်နန်းတော်မှ အထွတ်အထိပ်ဆရာသခင် ကျန်းယွမ်ပင်လျှင် သူတို့ကို ပြဿနာမရှာရဲပေ။
ထိုခရမ်းရွှေကြွက်သားရဲများသည်လည်း မချင့်မရဲ ဖြစ်သွားကြသည်။ နတ်ဆင်ကလန်သည် အလွန်ပင် အစွမ်းထက်လှသည်။ အရပ်ဆယ်မျက်နှာ နတ်ဆင်အင်ပါယာ၏ ခေတ်အခါက နတ်ဆင်ကလန်သည် နတ်ဆိုးဘုံ၏ အရှင်သခင်များဖြစ်ကြပြီး နှစ်ပေါင်းများစွာ ကြာပြီးသည့်တိုင်အောင် သူတို့တွင် အမွေအနှစ် အများအပြား ကျန်ရှိနေသေးပေသည်။ ယခု သူတို့ ရောက်ရှိလာပြီ ဖြစ်သည့်အတွက် ရတနာကို ရယူရန်မှာ အခြားလူများအတွက် ခက်ခဲသွားပေတော့မည်။
မတူညီသော အင်အားစုများမှ တန်ခိုးရှင်တို့သည် အချင်းချင်း ဒေါသနှင့် ကြည့်လိုက်ကြသည်။ ရီဖူရှင်းနှင့် ရာရာက ဒဏ်ရာအများအပြား ရရှိထားကြပြီ ဖြစ်သည်။
ရီဝူချင်းသည််လည်း ဒေါသနှင့်အတူ သူ၏ နှလုံးသားထဲတွင် ဝမ်းနည်းမှုတို့ဖြင့် ပြည့်နေသည်။ လူတစ်ယောက်တည်းအား ကောင်းကင်အာဏာစက်ဘုံ၏ များပြားလှသော တန်ခိုးရှင်များက စုပေါင်း၍ ဒုက္ခပေးကြလေသည်။
သို့သော်လည်း သူတို့သည် ထိုသို့သော စွမ်းအားမြင့်မားလှသူတို့၏ တိုက်ခိုက်မှု၌ ဝင်ပါနိုင်စွမ်း မရှိကြပေ။
သူက ခြေတစ်ဖက်ကို မ လိုက်ပြီး သူတို့ဆီသို့ လျှောက်သွားခဲ့သည်။ ဤနေရာသည် မရေတွက်နိုင်သည့် ဓားကျိုးများဖြင့် ပြည့်နှက်နေပြီး ကြောက်မက်ဖွယ် အန္တရာယ်အတွေးများဖြင့် လွှမ်းမိုးထားသည်။
ဘုန်း…
နောက်ထပ် ကျယ်လောင်သည့် အသံထွက်ပေါ်လာသည်။ တန်ခိုးရှင်များက ဆင်းချလာပြီး ရီဖူရှင်းပေါ်သို့ ဖိအားများ ပေးလိုက်ကြသည်။ နတ်ဆင်ကလန်မှ တန်ခိုးရှင်များမှလွဲ၍ မည်သူကမှ လက်မလျှော့ချင်ကြပေ။
“သူက ကျုပ်ဟာပဲ” ကျန်းယွမ်က ပြောလိုက်သည်။ သူက နတ်ဆင်ကလန်၏ ဘိုးဘေးဖြစ်သော နတ်ဆင်အင်ပါယာ အရိုးအား မလိုချင်သလို ရန်ဟောင်အလောင်းအားလည်း မလိုချင်ပေ။ သို့သော် သူက ရီဖူရှင်းကို စိတ်ဝင်စားမိပေသည်။
ရီဖူရှင်းတွင် ပိုမိုများပြားသည့် ရတနာများ ရှိနေသည်။
“အလောင်းက ကျုပ်ဟာပဲ” အခြားသော ပြန်လည်မွေးဖွားခြင်းအဆင့် တန်ခိုးရှင်တစ်ဦးက ပြောလိုက်သည်။ သူတို့သည် မည်မျှ ရသင့်ရထိုက်သည်ကို စတင်၍ ဆွေးနွေးနေကြ၏။
သို့သော် ထိုအချိန်၌ ဆူညံသည့် အသံထွက်ပေါ်လာပြီး တောင်ထိပ်က တုန်ခါလာသည်။
သူတို့က လှည့်ကာ ထိုနေရာသို့ ကြည့်လိုက်ကြသည်။ တောင်ထိပ်တွင် အဖြူရောင်ဝတ်စုံ ဆံပင်ရှည်နှင့် လူတစ်ယောက်က ဓားတောင်ကုန်းထိပ်ဖျား ဓားကြီးအရှေ့တွင် ရပ်နေပြီး သူ၏ ဆံပင်များက လေထဲတွင် လွင့်နေကာ ဓားတစ်ချောင်း၏ လက်ကိုင်အား လက်နှစ်ဖက်နှင့် ဆုပ်ကိုင်ထားသည်။
***