အခန်း (၅၇)
Vol. 5 Ch. 57
ထိပ်သီးအကြီးအကဲသုံးဦးသည် ထိုးစစ်ကို အပြည့်အဝဆင်နွှဲလာကြပြီး အသုံးပြုသော မှော်ကျင့်စဥ်များမှာလည်း ယခင်ကထက် အဆတစ်ရာခန့် ပိုမိုအားကောင်းလာသည်။
ထို့အပြင် ကျန်ရှိသော ထိပ်သီးအကြီးအကဲများကလည်း ထိုးဖောက်ပြေးထွက်လို့မရနိုင်သော အကာအကွယ်တစ်ခုကိုကို ဖန်ဆင်းလိုက်ကြသည်။
ယဲ့ကျွင်းလင် မျက်လုံးများကို မှေးစင်းလိုက်ပြီး "စိတ်ဝင်စားစရာပဲ" ဟု ဆိုသည်။
ယခုအချိန်မှစ၍ သူသည်လည်း အလေးအနက်ထားရပေတော့မည်။
ဘန်း ဘန်း ဘန်း~
သိပ်သည်းပြင်းထန်သော ပေါက်ကွဲသံများ ဆက်တိုက်ဆိုသလို ထွက်ပေါ်လာသည်။
ယဲ့ကျွင်းလင်ဖန်တီးလိုက်သော လက်သီးများနှင့် လက်ဝါးများသည် ပေါင်းစပ်ဆုံစည်းသွားတော့၏။ လူတစ်ဦးသည် အထွဋ်အထိပ်သို့တက်ရောက်ခြင်းအဆင့် ကျင့်ကြံသူကိုးဦးကို ရင်ဆိုင်နေရပြီး တိုက်ရိုက်တိုက်ခိုက်နေရသူများမှာ ထိုကိုးဦးထဲမှ အင်အားအကြီးဆုံး ထိပ်သီးကျင့်ကြံသူ သုံးဦးဖြစ်လေသည်။
လျှို့ဝှက်ကျင့်စဥ်ကို သူတို့ထုတ်သုံးလိုက်ကြပြီးနောက် တိုးလာသောဖိအားပမာဏကို ယဲ့ကျွင်းလင် ရှင်းရှင်းလင်းလင်း ခံစားမိနေသည်။
"မဟာပျက်သုဉ်းခြင်း ကျင့်စဥ်!"
လေမုန်တိုင်းအရှင်၏ ခန္ဓာကိုယ်သည် ငွေဖြူရောင်လက်လက် ရှေးဟောင်းသင်္ကေတများဖြင့် ရစ်ပတ်ဝန်းရံလို့ထားပြီး လက်ကိုမြှောက်ကာ သူ၏ အထူးဝှက်ဖဲတိုက်ကွက်ကို ထုတ်သုံးလိုက်တော့၏။
လေဆင်နှာမောင်းသဏ္ဍာန် ဖြူဖွေးသော ကြယ်စင်လေမုန်တိုင်းကြီးသည် အသံကြီးတစ်ခုပေးလျက် ပြင်းထန်စွာ တိုက်ခတ်လာကာ ယဲ့ကျွင်းလင်ကို အပိုင်းပိုင်း ဆုတ်ဖြဲရန် ကြိုးစားတော့သည်။
"ငရဲကိုသွားလိုက်တော့!!"
စွမ်းအားမြှင့်တင်ခြင်း အတတ်ပညာကို အသက်သွင်းထားသော အရှင်ဟုန်ဝူနှင့် အရှင်ရွှေမြွေဟောက်တို့သည်လည်း ကြောက်မက်ဖွယ်ကြီးမားသော ခွန်အားကို ထုတ်လွှတ်ကာ နောက်တွ့န်ခြင်းအလျဥ်းမရှိ တဟုန်ထိုးချဉ်းကပ်လာကြတော့သည်။
ဘုန်း!
ထိုအခိုက်အတန့်တွင် ကျယ်ပြောသော ဖိအားတစ်ခုသည် မုန်တိုင်းထန်သောပင်လယ်ပြင်ထက် ကြွတက်လာသော လှိုင်းလုံးကဲ့သို့ ပျံ့နှံ့သွားပြီး ယဲ့ကျွင်းလင်၏ အနောက်တွင် ကောင်းကင်တစ်ပြင်လုံးနှင့် နေမင်း၏အလင်းရောင်ကို ဖုံးအုပ်ထားနိုင်သည်အထိကြီးမားသော ဧရာမ အရိပ်ကြီးတစ်ခု ပေါ်ထွက်လာသည်။
ထိုအရိပ်ကြီးမှာ ဧကရာဇ်တစ်ပါး၏ ဦးသျှောင်သရဖူကို ဆောင်းထားပြီး မျက်လုံးများသည် အရာခပ်သိမ်းကို အရေးယူစရာဟုမသတ်မှတ်ထားသကဲ့သို့ အေးစက်၍ သီးသန့်ဆန်ကာ လက်များကို နောက်သို့ပစ်၍ အချိန်ကိုပင်အုပ်စိုးချုပ်ကိုင်နိုင်သော ရာဇမာန်တစ်ခုကိုထုတ်လွှတ်လျက် တိတ်တဆိတ် ရပ်နေသည်ကို မြင်လိုက်ရ၏။
"ဒါ ဒါကြီးက…"
မြင်လိုက်ရသော ကျင့်ကြံသူတိုင်းသည် ထိန်းမရအောင် ကြောက်လန့်တုန်ရီသွားရကာ လက်နက်ချဒူးထောင်လိုသော ခံစားချက်တစ်ခု နှလုံးသားထဲတွင် အလိုအလျောက် ပေါ်ပေါက်လာရလေသည်။
"လျှို့ဝှက်နယ်မြေမှာတုန်းက ပေါ်လာတဲ့ ဓမ္မရုပ်ထုကြီးပဲ!" ဟုန်ချန်ယဲ့ စိတ်လှုပ်ရှားစွာဖြင့် အသက်ရှူသံ မြန်လာပြီး ဖီးနစ်မျက်လုံးများလည်း အာရုံစိုက်စွာ ပြူးကျယ်လာသည်။
ကောင်းကင်ဘုံဧကရာဇ် ဓမ္မရုပ်ထုကြီးကို နောက်ခံထား၍ ရပ်တည်နေသော ယဲ့ကျွင်းလင်သည် ချက်ချင်းပင် သြဇာအာဏာရှင်တစ်ဦးကဲ့သို့ ထည်ဝါလာပြီး လူပြောင်းသွားသကဲ့သို့ပင် ထင်မှတ်ရစေလေသည်။
သူ့လက်ကိုမြှောက်လိုက်သည်နှင့် အဆုံးမရှိသော စွမ်းအားများ တဟုန်းဟုန်းထိုးတက်လာကာ သူ့ထံဦးတည်လာကြသော သတ်ဖြတ်ခြင်း ကျင့်စဥ်အမျိုးစုံကို ချက်ချင်း ဖျက်ဆီးဆုပ်ချေပစ်လိုက်ပြီး ထိုထိပ်သီးအကြီးအကဲများအား အလန့်တကြားဖြင့် နောက်သို့ပြန်ဆုတ်သွားစေလိုက်၏။
"ဒါက ဓမ္မရုပ်ထု နတ်ဘုရားစွမ်းအားပဲ!" လေမုန်တိုင်းအရှင်က အံ့အားသင့်စွာ ရေရွတ်လာသည်။
"ဒါပေမဲ့ ဒီလို ဓမ္မရုပ်ထုမျိုးကို ငါ တစ်ခါမှ မမြင်ဖူးဘူး" အရှင်ဟုန်ဝူကလည်း ကြောက်ရွံ့စိတ် အနည်းငယ်ဝင်လာလျက် ခပ်တိုးတိုးပြောသည်။
ဤဧရာမ ဓမ္မရုပ်ထု၏ရှေ့တွင် လူသားတို့သည် ပုရွက်ဆိတ်လေးများကဲ့သို့ သေးငယ်ကာ အရေးမပါလှပြီး ထိုရာဇမာန်အပြည့်ဖြင့် အရှင်ဘုရင်ကြီးအား ဒူးထောက်ကိုးကွယ်လိုစိတ်များ တဖွားဖွားပေါ်ပေါက်နေကြလေသည်။
"သေချာကြည့်ထား တကယ့်ပွဲက အခုမှစမှာ" ယဲ့ကျွင်းလင်က တည်ငြိမ်စွာ သတိပေးသည်။
အရှင်ရွှေမြွေဟောက်သည် တဒိန်းဒိန်းခုန်နေသောနှလုံးသားကို အတင်းအကြပ် ချုပ်တည်းတည်ငြိမ်စေကာ ခပ်တိုးတိုးဖြင့် မရဲတရဲကြုံးဝါးလိုက်သည်။ "မင်းဘယ်သူ့ကို လာခြိမ်းခြောက်နေတာလဲ ဒီလောကမှာ ဒီအဘွားကြီးမမြင်ဖူးဘူးဆိုတဲ့ စွမ်းအားတွေ ဘယ်နှစ်ခုများ ရှိနေနိုင်မယ်ထင်လို့လဲ?"
"ဟဟ"
ယဲ့ကျွင်းလင် တစ်ချက်ခပ်ဟဟရယ်ကာ ဖြည်းဖြည်းချင်း လက်ကိုမြှောက်ပြီး လက်ညှိုးကို သူမ၏ မျက်ခုံးနှစ်ခုကြား အလယ်တည့်တည့်သို့ ညွှန်လိုက်သည်။
ဘုန်း!
တာအိုလောကတစ်ခုလုံး အရောင်မှိန်ကျသွားပြီး တာအိုစွမ်းအင်အားလုံးသည် ယဲ့ကျွင်းလင်၏ လက်ညှိုးတစ်ချောင်းတည်း၌သာ စီးဆင်းနေသကဲ့သို့။
အရှင်ရွှေမြွေဟောက်မှာ ဖော်ပြရန်ပင်မစွမ်းသာသော ကြောက်ရွံ့မှုကို ခံစားလိုက်ရပြီး သူမရှေ့ရှိ လက်ချောင်းထိပ်သည် လျင်မြန်စွာ ကျယ်ပြန့်လာသည်ကို မြင်လိုက်ရပြီး သေဆုံးရတော့မည့်အကြောက်တရားက သူမ၏နှလုံးသားအား တင်းကျပ်စွာလွှမ်းခြုံသွားတော့၏။
ကြောက်စရာအကောင်းဆုံးကတော့ သူမ၏ ခန္ဓာကိုယ်သည် ရုတ်တရက်ကြီး လှုပ်ရှားရန် ခက်ခဲလာခြင်းပင်။ ပတ်ဝန်းကျင်တစ်ခုလုံး ရေခဲခန်းတစ်ခုကဲ့သို့ အေးခဲသွားပြီး ခန္ဓာကိုယ်တွင်းရှိ နွေးထွေးသောဝိညာဉ်စွမ်းအင်သည်ပင် စီးဆင်းနိုင်ခြင်း မရှိတော့ပေ။
အဆုံးမရှိသော ရွှေရောင်လက်ညှိုးအလင်းတန်းသည် လက်ချောင်းထိပ်မှ ခွာထွက်လာပြီး တောက်ပလင်းလက်သော ရွှေရောင်နတ်ဓားကြီးတစ်ခုအဖြစ် ကောင်းကင်ယံကို ဆုတ်ဖြဲကာ လိမ်ကောက်သော အက်ကွဲလှိုင်းများအား ဖြစ်ပေါ်စေလိုက်သည်။
ကောင်းကင်အကျဥ်းချ လက်ချောင်း!
"အားးးး…"
အရှင်ရွှေမြွေဟောက်သည် အသည်းစိမ့်ဖွယ် အာခေါင်ခြစ်ကာအော်ဟစ်လိုက်ပြီး ခုခံတန်းလှန်ရန် မှော်ကျင့်စဥ်များကို အသည်းအသန် စတင်သုံးစွဲသော်လည် နောက်ဆုံးတွင်တော့ ပျက်စီးခြင်း၏ ကံကြမ္မာကို မရှောင်လွှဲနိုင်ခဲ့ပါ။
ကျန်လူများသည် ဆံပင်မွေးများပင် ထောက်မတ်သွားသည်အထိ ကြောက်စိတ်ဝင်ကာ ထိတ်လန့်တုန်လှုပ်စွာ ငေးကြည့်မိနေကြသည်။
ထို့နောက် ယဲ့ကျွင်းလင်သည် လက်သီးကို မြှောက်၍ ပြင်းထန်စွာ ထိုးချလိုက်သော် အာဏာရှင်ဆန်ပြီး ယှဥ်ပြိုင်နိုင်စွမ်းမရှိသော လက်သီး၏ပြင်းအားက အချိန်စီးကြောင်းကိုပင် တုန်လှုပ်ပျက်ယွင်းစေတော့မည့်အထိ။
ဘန်း ဟူသောအသံနှင့်အတူ လက်သီးချက်မှထွက်ပေါ်လာသော အမှတ်တံဆိပ်သည် အနက်ရောင်တွင်းနက်ကြီးနှင့်တူသော လေပွေတစ်ခုကို သယ်ဆောင်ကာ ကြောက်မက်ဖွယ်အရှိန်အဝါသည် ကျင့်ကြံသူအပေါင်းကို ဖိစီးချုပ်ကိုင်လာတော့၏။ ထိုထိပ်သီးအကြီးအကဲများသည် ကစဥ့်ကလျားဖြစ်ကာ ထွက်ပြေးလိုကြသော်လည်း မိမိကိုယ်ကိုပင် မထိန်းချုပ် မစေခိုင်းနိုင်တော့ဘဲ မီးတောက်ထံသို့ အားကြိုးမာန်တက်ပြေးဝင်ကြသော ပိုးဖလံများကဲ့သို့ တွင်းနက်ကြီးနား အလျင်အမြန်နီးကပ်လာကြောင်း တွေ့လိုက်ရသောအခါ ကြောက်လန့်တကြား အော်ဟစ်ကုန်ကြတော့သည်။
"ကယ်ပါဦး! ကယ်ကြပါဦး!"
"မလုပ်ပါနဲ့!!"
ထို့နောက် ထိုလူများသည် လေပွေကြားတွင် အမှုန့်အဖြစ် ကြေမွသွားပြီး ဝိညာဉ်အခြေများပါ ပျက်စီးကာ ဤလောကတွင် လုံးဝမတည်ရှိခဲ့သလို ထာဝရ ပျောက်ကွယ်သွားတော့လေသည်။
လေမုန်တိုင်းအရှင်နှင့် အရှင်ဟုန်ဝူတို့သည်လည်း အဆမတန် ကြောက်လန့်တုန်လှုပ်သွားပြီး တစ်ဦးကိုတစ်ဦး လှည့်ကြည့်ကာ ဆန့်ကျင်ဘက်ဦးတည်ရာများသို့ အမြန်လှည့်၍ ထွက်ပြေးကြတော့သည်။
ယဲ့ကျွင်းလင် ပြသခဲ့သော ကြောက်မက်ဖွယ်ခွန်အားသည် နိုင်ကိုနိုင်မည်ဟု စိတ်ချယုံကြည်ထားခဲ့သော သူတို့၏စိတ်ဓာတ်ခွန်အားကို ဤမျှထိကြေမွအောင် ဖျက်ဆီးချေမှုန်းလိုက်သည်ပင်။
"ထွက်ပြေးချင်တာလား?"
စသလိုနောက်သလိုနှင့် ကြက်သီးထဖွယ်ကောင်းသော ခြိမ်းခြောက်သံသည် ကောင်းကင်ယံထက်မှ မိုင်ထောင်ပေါင်းများစွာအထိ လွင့်ပျံပဲ့တင်ထပ်လာ၏။
လေမုန်တိုင်းအရှင်နှင့် အရှင်ဟုန်ဝူတို့သည် အလင်းတန်းများ ဖြာထွက်တောက်ပနေသော လက်ဖြူကြီးတစ်ဖက်မှ ၎င်းတို့အား ပြန်လည်ဆွဲယူနေသည်ကို တွေ့ရှိလိုက်ကြရသည်။
မီတာတစ်သောင်းအကွာအဝေးကို ဖြတ်သန်းကျော်လွန်ပြေးထွက်လာခဲ့သော်လည်း လက်တစ်ဖက်ဖြင့် အသာလေး ဆုပ်ကိုင်ဖမ်းယူခံလိုက်ရသော ပုရွက်ဆိတ်လေးများနှယ်။
"မင်း မိစ္ဆာဘီလူးကောင် ယွီဟွားဂိုဏ်းက မင်းကို အလွတ်ပေးမှာ မဟုတ်ဘူး!!" လေမုန်တိုင်းအရှင်သည် ဒွာရခုနှစ်ပေါက်မှ သွေးများယိုစီးထွက်ကျနေပြီး အသည်းအသန်ရုန်းကန်သော်လည်း အချည်းနှီးဖြစ်နေသောကြောင့် ကြံရာမရ ခြိမ်းခြောက်စကားဆိုလေသည်။
"ဟွမ်ကျိုးပြည်နယ်က နတ်ဆိုးကြီးတစ်ယောက်ပေါ်ထွက်လာပြီး နတ်ဘီလူးကြီး!" အရှင်ဟုန်ဝူသည် ကူကယ်ရာမဲ့သောမျက်နှာဖြင့် ရူးသွပ်စွာ အော်ဟစ်သောင်းကျန်းနေလေသည်။
"အလကား ပင်ပန်းအောင် လျှောက်အော်နေကြပြန်ပြီကွာ"
ယဲ့ကျွင်းလင်သည် ခေါင်းခါယမ်းလျက်ညည်းညူကာ ထိုနှစ်ဦးအားဖမ်းယူထားသောလက်များကို တင်းတင်းဆုပ်လိုက်၏။
ဘန်း!
ဘန်း!
နှစ်ဦးစလုံး တစ်ချိန်တည်း ပေါက်ကွဲထွက်သွားကြသည်!
ထိုအခိုက်အတန့်တွင် မရေမတွက်နိုင်သော မျက်လုံးများစွာသည် ကောင်းကင်ထက်တွင်ရပ်နေဆဲဖြစ်သော တိုက်ပွဲ၏အောင်နိုင်သူနှင့် သူ့အနောက်မှ သက်ရှိသတ္တဝါအားလုံး၏ အရှင်သခင်ကဲ့သို့ လွှမ်းမိုးချုပ်ကိုင်ထားသော ဧကရာဇ်ရုပ်ထုကြီးအား မမှိတ်မသုန် စိုက်ကြည့်လို့နေကြ၏။
ကမ္ဘာတစ်ခုလုံး တိတ်ဆိတ်သွားပေသည်။