လက်တစ်ချက်အလှုပ်နဲ့ ဝိညာဥ်လွင့်သွားရမယ်
Vol. 5 Ch. 58
တစ်ခဏအကြာတွင် အံ့သြတကြီး အော်ဟစ်သံများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည်။
စစ်မြေပြင်တစ်ခုလုံး အုတ်အော်သောင်းတင်း ဖြစ်သွားရခြင်းပင်!
"ဟိုက်! ထိပ်သီးအကြီးအကဲ ဆယ့်ရှစ်ဦးစလုံးကို ယဲ့ကျွင်းလင် တစ်ယောက်တည်း သတ်ပစ်လိုက်တာပဲ!"
"ငါတို့ ဘာလို့ဆက်တိုက်နေကြမှာလဲ? အမြန် ဆုတ်ခွာကြစို့!!"
"ပြေးကြ၊ အား အား အား!"
… …
ယွီဟွားဂိုဏ်း၏ ကျင့်ကြံသူတပ်မတော်ကြီးသည် မကြုံစဖူး ခွေးပြေးဝက်ပြေး ထွက်ပြေးခဲ့ရလေပြီ။
ဘယ်နေရာကို ကြည့်လိုက်ကြည့်လိုက် အနောက်မှဘီလူးလိုက်သကဲ့သို့ အသည်းအသန်ပြေးလွှားနေကြသောပုံရိပ်များကိုသာ တွေ့ရပေလိမ့်မည်။
"အင်း... ဒီတစ်ခါ ငါ့ရဲ့ မှော်စွမ်းအင်က ၆၀% တောင်ကျန်သေးတယ် ခုနကဆုရခဲ့တဲ့ နတ်ဘုရားစွမ်းအားအသစ်ကို စမ်းသုံးကြည့်သင့်တယ်"
ယဲ့ကျွင်းလင် မေးစေ့ကို ပွတ်သပ်၍ တွေးလိုက်သည်။
ကျင့်ကြံဆင့် တိုးတက်လာပြီးနောက် မှော်စွမ်းအင်ပမာဏလည်း တိုးတက်လာသည်ပင်။ အရင်အခြေအနေသာဆိုလျှင် ယခုအချိန်တွင် ကုန်လုနီးပါး ဖြစ်နေရော့မည်။
"ဆရာတူညီလေးယဲ့ရဲ့စွမ်းအားတွေက တကယ်ကို နားလည်ရခက်လိုက်တာ!" ရှယိုနျန်နှင့် တောင်ထိပ်သခင်များသည် ရင်တုန်ပန်းတုန်ဖြင့် တီးတိုးရေရွတ်လျက်ရှိကြ၏။
"ဆရာသခင်က အရမ်းမိုက်တယ်!" ပုရှောင်ရှီးကတော့ စိတ်လှုပ်ရှားစွာ အော်ဟစ်လို့နေသည်။
၎င်းတို့အထဲတွင် အံ့အားအသင့်ဆုံးသူမှာ ဟုန်ချန်ယဲ့ဖြစ်သည်။ ထိုအခိုက်အတန့်တွင် သူသည် ရွှံ့စေးရုပ်တစ်ခုကဲ့သို့ ဆွံ့အတောင့်ခဲကာ ယဲ့ကျွင်းလင်ကို ငေးကြည့်မိလို့နေသည်။
ဤဖြစ်အင်မှာ သူ့အတွက် မည်မျှကြီးမားသော ထိုးနှက်ချက်ဖြစ်ကြောင်းကို မည်သူမျှမသိနိုင်ပါ!
"နေပါဦး အဲ့လူကဆက်သတ်ဦးမလို့လား…?" ဟုန်ချန်ယဲ့ တစ်စုံတစ်ခုကိုမြင်လိုက်ရသော် မရေမရာဖြင့် တွေးမိလိုက်သည်။
ကောင်းကင်ယံ၌...
ကောင်းကင်နှင့် မြေကြီးထံမှ ဝိညာဉ်စွမ်းအင်များမှာ ယဲ့ကျွင်းလင်၏ လက်ဝါးထက်တွင် ပြွန်တစ်ခုကဲ့သို့ စုစည်းလာပြီး ခန္ဓာကိုယ်ထဲမှထွက်လာသော အားပြင်းသည့်မှော်စွမ်းအင်သည် ထိုအထဲသို့ စီးဝင်သွားလေ၏။
ထို့နောက် သူ၏လက်ဝါးသည် ဖြည်းဖြည်းချင်း မြင့်တက်လာပြီး ရောင်ခြည်ငါးသွယ်ပေါင်းစည်းသော အလင်းလုံးကြီးတစ်ခုက လက်ဝါးထက်၌ဖြစ်တည်လာကာ အဟုန်ပြင်းပြင်း ကြီးမားကျယ်ပြန့်လာပြီး ကောင်းကင်ယံတွင် ချိတ်ဆွဲထားသော ရောင်ခြည်ငါးသွယ် နတ်ဘုံနေမင်းကြီးကဲ့သို့ စူးရှစွာတောက်ပနေကာ မိုင်ထောင်ပေါင်းများစွာအဝေးမှ ကျင့်ကြံသူများပင် ၎င်းကို မြင်တွေ့နိုင်ပေသည်။
ထိုအခိုက်အတန့်တွင် အချိန်သည်ပင် ရပ်တန့်သွားသကဲ့သို့ ထင်ရ၏။ အံ့သြတကြီး မော့ကြည့်နေကြသော လူတိုင်း၏မျက်လုံးများတွင် ထိုတောက်ပသော ရောင်ခြည်ငါးသွယ် အလင်းလုံးကြီးသာ ရောင်ပြန်ထင်ဟပ်လျက်ရှိလေသည်။
ဤသည်မှာ ရောင်ခြည်ငါးသွယ်ပါဝင်သော စဥ်ဆက်မပြတ်ပြန်လည်ရှင်သန်ရာမှဖျက်ဆီးချေမှုန်းခြင်း အတတ်ပညာပင်!
ဝှစ်!
ယဲ့ကျွင်းလင်သည် ရောင်ခြည်ငါးသွယ်အလင်းလုံးကြီးကို လက်ထဲတွင် ကိုင်ကာ ဖြည်းညင်းစွာ ရှေ့သို့ ပစ်လိုက်သည်။
ဤမြင်ကွင်းသည် ပုရွက်ဆိတ်ကလေးတစ်ကောင်မှ မီတာတစ်သောင်းပတ်လည်မျှကြီးမားသော ကျောက်တုံးကြီးကို ကိုင်မြှောက်ကာ ပစ်လိုက်သကဲ့သို့ထင်ရပြီး မြင်ရသူအပေါင်းအား ဆွံ့အမင်သက်စေသည်။
ရောင်ခြည်ငါးသွယ် အလင်းလုံးသည် ကျင့်ကြံသူတပ်မတော်ကြီးဆီသို့အရောက်တွင် ဆူညံကျယ်လောင်စွာ ပေါက်ကွဲထွက်သွားပြီး သက်ဝင်တက်ကြွနေသော စွမ်းအင်အလင်းတန်းများမှာ ငါးဖြာသောရောင်ခြည်ဖြင့် ရောယှက်ခြယ်သထားခြင်းကြောင့် ခမ်းနားထည်ဝါလှကာ ငါးရောင်ခြယ်သမုဒ္ဒရာကြီးတစ်စင်း စီးဆင်းနေသကဲ့သို့ပင်။
"မြန်မြန်၊ မြန်မြန် ကာကွယ်ရေးအစီအရင်ကို အသက်သွင်းကြ!"
ဧရာမ စစ်သင်္ဘောပျံများသည် ကာကွယ်ရေး အလင်းမျက်နှာပြင်များကို တစ်ခုပြီးတစ်ခု ထုတ်လွှတ်လာကြသော်လည်း ရောင်ခြည်ငါးသွယ်အလင်းတန်းကြီး၏ တိုက်ခိုက်မှုအောက်တွင် ၎င်းတို့သည် စုတ်ပြဲသွားသော ပြတင်းပေါက်စက္ကူကဲ့သို့ အားနည်းချိနဲ့လှပေသည်။ စစ်သင်္ဘောအတွင်းရှိ ကျင့်ကြံသူများမှာ အားငယ်ကြောက်ရွံ့စွာဖြင့် ကူကယ်ရာမဲ့လျက် အလင်းတန်းကြီးထဲသို့ မျိုသိပ်ခံနေရသည်ကို ကြည့်ရုံသာ ကြည့်နေနိုင်ကြတော့၏။
သိပ်သည်းထူထပ်စွာ စုဝေးလျက်ရှိသော ရွှေအမြုတေ၊ ဝိဉာဥ်သန္ဓေ၊ ဝိဉာဥ်အဆင့်တက်ခြင်း စသည့်အဆင့်ဆင့်မှ ယွီဟွားကျင့်ကြံသူများအားလုံး ဤဖျက်ဆီးခြင်းအတတ်ပညာတွင် ပြာပုံအဖြစ်သို့သာ ပြောင်းလဲသွားကြလေသည်။
"အော်မိထော်ဖော ငါတို့သေဖို့သက်သက် လာခဲ့ကြတာပါပဲ ဒီနတ်ဆိုးကောင်က ကောလာဟလတွေထက် အများကြီး ပိုကြောက်စရာကောင်းတယ်…" ကျင့်ကြံသူရဟန်းအဖွဲ့တစ်ဖွဲ့သည် စစ်သင်္ဘောပျံတစ်ခုထက်ထိုင်ကာ ရောင်ခြည်ငါးသွယ်အလင်းတန်းထံမှ ဝါးမျိုဖုံးအုပ်ခံနေရသော ယွီဟွားစစ်သင်္ဘောများကိုကြည့်၍ ကရုဏာသက်မိနေကြလေသည်။
စကားအဆုံးတွင် သူတို့သင်္ဘောတစ်ခုလုံးလည်း ဝါးမျိုခံလိုက်ရကာ ပြာပုံအဖြစ် ပြောင်းလဲသွားရလေ၏။
ဘန်း ဘန်း ဘန်း~
ရောင်ခြည်ငါးသွယ် ဖျက်ဆီးခြင်းအတတ်ပညာ၏ ဖုံးလွှမ်းမှုအောက်တွင် သန်းနှင့်ချီသော ကျင့်ကြံသူတပ်မတော်သည် ဤကမ္ဘာပေါ်တွင် တစ်ခါမှမတည်ရှိခဲ့သလို အစအနပင်မကျန် အငွေ့ပျံသွားခဲ့သည်!
ရွှယ်ထျန်းဂိုဏ်းမှ တပည့်များနှင့် အကြီးအကဲများပင် မျက်စိရှေ့မှ ရက်စက်ကြမ်းကြုတ်သောမြင်ကွင်းကြောင့် ထိတ်လန့်တုန်လှုပ်နေခဲ့ရသည်အထိ။
"ဟူး… …"
ယဲ့ကျွင်းလင်လည်း နဖူးတွင် ချွေးအနည်းငယ် စို့သွားပြီး ဤတိုက်ကွက်ကြောင့် မှော်စွမ်းအင်များ သိသိသာသာလျော့ကျသွားသည်ကို ခံစားမိလိုက်ရင်း မကျေမနပ်ဖြင့် လျှာကိုတစ်ချက်ခေါက်လိုက်သည်။
ဒီလောက်ထူးခြားဆန်းကြယ်တဲ့ နတ်ဘုရားကျင့်စဥ်တစ်ခုက ဒီလောက်စွမ်းအင်ပမာဏကိုစုပ်ယူသွားတာ ထူးဆန်းသည်တော့မဟုတ်။
"ငါတို့ နိုင်ပြီ၊ ငါတို့ နိုင်ပြီဟေ့!" ခဏတာမျှ တိတ်ဆိတ်သွားပြီးနောက် ဂိုဏ်းတစ်ခုလုံး ရုတ်တရက် မြေတုန်အောင် အော်ဟစ်အောင်ပွဲခံကြလေတော့၏။
ဟွမ်ကျိုးပြည်နယ်တစ်ခုလုံး တုန်ခါလှုပ်ယမ်းလို့သွားပြီး ဒေသခံကျင့်ကြံသူများကို သူ့ကိုဒူးထောက်လျက် အရိုအသေပြုလာကြသည်။
"အရှင်သခင်ယဲ့က သန်းနဲ့ချီတဲ့ ကျင့်ကြံသူတပ်မတော်ကို တစ်ကိုယ်တော်ဖျက်ဆီးနိုင်ခဲ့တယ်၊ ဒီလိုစွမ်းအားရှင်မျိုးကို ငါ့တစ်သက် တစ်ခါမှမကြားဖူးဘူး?"
"အရှင်သခင်ယဲ့ရဲ့ နတ်ဘုရားစွမ်းအားက ခန့်မှန်းလို့ကိုမရဘူး၊ အဆုံးမရှိ လေးစားချီးကျူးသင့်တဲ့ ပါရမီရှင်မျိုးပဲ"
"အရမ်းအံ့သြဖို့ကောင်းတာပဲ အရှင်သခင်ယဲ့က ပြိုင်ဘက်ကင်းပါပဲ"
အံ့သြတကြီး ချီးကျူးအော်ဟစ်သံများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည်။
ပွက်လောရိုက်နေသော အောင်ပွဲခံသံများကြားတွင် ယဲ့ကျွင်းလင်တစ်ယောက် မြူခိုးတောင်ထိပ်သို့ ပြန်ရောက်လာလေသည်။
"ဆရာကြီးခင်ဗျာ ခြေထောက်ဆေးပေးဖို့အကူလေးများ လိုအပ်ပါသေးသလား?" ဓားဝှက်တောင်ထိပ်သခင်က အနားသို့လှစ်ခနဲရောက်လာကာ ဒူးထောက်ဦးညွှတ်လျက်ဖားလိုက်သည်။
"ချီး၊ ဆရာတူမောင်လေးယဲ့က နင့်လိုအနံ့ဆိုးတဲ့လူကို မလိုချင်ဘူးတဲ့" ကောင်းကင်မွှေးရနံ့တောင်ထိပ်သခင်မသည် ရွံရှာဟန်ဖြင့် သူ့ကို တွန်းထုတ်လိုက်ပြီး ငွေရောင်ဆံပင်နှင့် လူငယ်ကို လေးစားစွာ တစိမ့်စိမ့်ကြည့်ကာ ညင်ညင်သာသာလေး ပြောလိုက်သည်။ "ဆရာတူမောင်လေးယဲ့၊ ဒီတစ်ခါ အရမ်းပင်ပန်းခဲ့ရမှာပေါ့၊ ဆရာတူမမက ဇက်ကြောဆွဲပေးမယ်နော်"
ဆရာတူမမ ချောချောလှလှ၏ ချစ်ခင်နွေးထွေးလှသောအကြည့်မှာ ယဲ့ကျွင်းလင်နှင့် တစ်သားတည်းပူးပေါင်းဖို့အဆင်သင့် ဖြစ်နေသည့်အလားပင်။
ရှယိုနျန်က ခါးသီးစွာ ပြုံးပြီး ဆိုလာသည်။ "နောက်ဆုံးတော့ ဒီတိုက်ပွဲက မင်းရဲ့ ကျင့်ကြံဆင့်အစစ်အမှန်ကို ဖော်ထုတ်ပေးခဲ့တာပဲ မဟုတ်ရင် ဘယ်လောက်ကြာကြာ ငါတို့ကို ဖုံးကွယ်ထားဦးမလို့လဲ? ဆရာတူညီလေးယဲ့ အင်း အခုတော့ ထိပ်သီးကျင့်ကြံသူအရှင်ယဲ့ပေါ့လေ!"
"ဟုတ်ပါ့ ဘယ်လောက်ထိဖုံးကွယ်ထားဦးမလို့လဲ" ကျန်တောင်ထိပ်သခင်များကလည်း စိတ်လှုပ်ရှားစွာ ထောက်ခံလာကြသည်။
ယဲ့ကျွင်းက ချောင်းအနည်းငယ်ဟန့်၍ တရားရနေသောအသံဖြင့်ပြန်ဖြေလိုက်သည်။ "သူတော်စင်ကျင့်ကြံသူတစ်ယောက်က နှိမ့်ချပြီးတော့ပဲ နေထိုင်သင့်တာပေါ့"
ထို့နောက် သူသည် နောက်မှီပါသော ကုလားထိုင်ပေါ်သို့ ပြန်လဲကျသွားကာ အော်လီယမ်အစပ်အရသာကြက်တောင်ပံများကို ကောက်ယူ၍ ပျော်ရွှင်စွာ ဆက်လက်စားသောက်တော့သည်။