အရှက်ခွဲခံရပြီ
Vol. 5 Ch. 59
ဟုန်ချန်ယဲ့ကတော့ အရှက်ခွဲခံလိုက်ရဟန် ခပ်ကျုံ့ကျုံ့ကိုယ်ဟန်အနေအထားဖြင့် ထိုနေရာတွင်သာ ရပ်နေဆဲပင်။
သူ ထွက်ပြေးဖို့ရန် တွေးခဲ့သော်လည်း ဤအခြေအနေတွင် လွတ်မြောက်နိုင်ပါဦးမည်လော?
ယဲ့ကျွင်းလင်၏ ခွန်အားအစစ်အမှန်ကို မျက်မြင်ကိုယ်တွေ့ မြင်လိုက်ရပြီးနောက် နှစ်ဦးကြားက ကွာဟချက်မှာ ပို၍ဝေးကွာသွားပြန်ပြီဟု ဟုန်ချန်ယဲ့ခံစားလိုက်ရသည်။
သူသည် အသည်းအသန် ပြန်လည်တိုက်ခိုက်ခဲ့လျှင်တောင် အနိုင်ရရန် မဖြစ်နိုင်တော့ပါ!
ထို့အပြင် သူ၏လက်ရှိအခြေအနေသည် အတော်လေးထိခိုက်ဒဏ်ရာရထားသောကြော ပြိုင်ဘက်၏ လက်ညှိုးနှင့်ပင် ယှဥ်နိုင်တော့မည်မဟုတ်!
"ဘာလုပ်ရမလဲ? ဒီအရှင် ဘာလုပ်သင့်လဲ?"
"သေလိုက်ပါ့လား အဲ့ခွေးကောင်က စောက်ကျင့်ကိုယုတ်တယ် အထွဋ်အထိပ်သို့တက်ရောက်ခြင်းအဆင့်ကို ရောက်နေတာ သေချာရဲ့သားနဲ့ ခန္ဓာပေါင်းစည်းခြင်းအဆင့်မှာပဲ ရှိနေသေးတယ်လို့ ဟန်ဆောင်ခဲ့ ဒီလိုအရှက်မရှိ ဗလောင်းဗလဲနိုင်တဲ့လူမျိုးကို ဒီအရှင်ရဲ့တစ်သက်မှာ တစ်ခါမှ မမြင်ဖူးဘူး!"
ဟုန်ချန်ယဲ့၏အတွေးစဥ်များ တောင်စဥ်ရေမရဖြစ်လာပြီး ချွေးစက်များက နဖူးထက်မှ စီးကျလာတော့သည်။ ခဏနေ သူရင်ဆိုင်ရတော့မည့် အကျိုးဆက်များကို တွေးတောမိကာ တစ်ကိုယ်လုံး ကြက်သီးမွေးညင်းထလျက် အေးစိမ့်သွားသည်ကို ခံစားလိုက်ရ၏။
သူ့ကိုယ်သူလည်း အင်မတန်မုန်းတီးမိလေသည်။ ဘာကြောင့်များ ဒီလောက် စိတ်မြန်လက်မြန် ဖြစ်ခဲ့ရတာလဲ?
အခုတော့ ကောင်းရောပေ့ါ၊ သူက ပုန်ကန်မယ့်ရည်မှန်းချက်ကိုလည်း ဖော်ထုတ်လိုက်ပြီး လူသိရှင်ကြား မျက်နှာချင်းဆိုင်ကို ရန်လုပ်စော်ကားခဲ့သေးတယ်။ တောင်ထိပ်သခင်တွေကိုလည်း ထိခိုက်ဒဏ်ရာရအောင် လုပ်ခဲ့လိုက်သေးတယ်။ သူတို့ကြားက ဒီဆရာ-တပည့် ဆက်ဆံရေးကို ပြန်လည်ပြင်ဆင်နိုင်ပါဦးမလားဆိုတာ ထားဦး၊ သူဆက်ပြီး အသက်ရှင်နိုင်ပါဦးမလားဆိုတာတောင် မသေချာတော့တဲ့ဘဝ!
အော်လီယမ်ကြက်တောင်ပံကင် ခြောက်ခုကို အားရပါးရစားပြီးနောက် ယဲ့ကျွင်းလင်သည် နို့လက်ဖက်ရည်ကို ကောက်ယူကာ တစ်ငုံသောက်လိုက်ပြီး အတော်လေး သက်တောင့်သက်သာသွားဟန်ပင်။ ရုတ်တရက် သူသည် နေရာတွင် ထင်းချောင်းကဲ့သို့ မလှုပ်မယှက်ရပ်နေဆဲဖြစ်သော ဟုန်ချန်ယဲ့ကို သတိပြုမိလိုက်ကာ မျက်ခုံးပင့်ပြီး မေးလိုက်သည်။ "ဟေ့၊ မင်း ဒီမှာ ဘာရပ်လုပ်နေသေးတာတုန်း?"
"အယ်" ရှယိုနျန်နှင့် တောင်ထိပ်သခင်များ အနည်းငယ် အူကြောင်ကြောင်ဖြစ်သွားရသည်။ ပုန်ကန်စော်ကားထားခဲ့တာကို ဆရာတူညီလေးယဲ့က လုံးဝစိတ်ထဲမထားတော့တာလား?
ဟုန်ချန်ယဲ့လည်း အံ့အားသင့်စွာ မရဲတရဲတွေးလိုက်မိသည်။ ဆိုလိုတာက ဒီကိစ္စကို လျှော်ပေးလိုက်တာမျိုးလား?
သို့သော် နောက်တစ်စက္ကန့်အကြာတွင် မရဲတရဲမျှော်လင့်ချက်လေးပါပျောက်ဆုံးသွားရကာ မျက်နှာငယ်ဖြင့် ရေခဲခန်းထဲ ပစ်ချခံလိုက်သကဲ့သို့ တစ်ကိုယ်လုံး အေးစိမ့်ခဲသွားသည်။
"ဆရာတူအစ်ကိုကျန်း သူ့ကို အခုချက်ချင်း အသားလုံးဖြစ်အောင်ကြိတ်ပြီး ခြံထဲက ဖီးနစ်ပင်ကို မြေသြဇာအဖြစ်ကျွေးလိုက်ပါ၊ ကျေးဇူး"
ယဲ့ကျွင်းလင်က အတည်ပေါက်ကြီးဖြင့် ပြောလိုက်သည်။
ဓားဝှက်တောင်ထိပ်သခင်လည်း အနည်းငယ်အံ့အားသင့်သွားရသော်ငြား ချက်ချင်းခေါင်းညိတ်လိုက်သည်။ "ဟုတ်ပြီလေ"
ထို့နောက် ဓားကို ဆွဲထုတ်ကာ ဟုန်ချန်ယဲ့ကို ခုတ်တော့မည့်ဆဲဆဲတွင်...
ဒုန်း!
ဟုန်ချန်ယဲ့သည် မဆိုင်းမတွပင် မြေပြင်ပေါ် ဒုန်းခနဲမြည်အောင် ဒူးထောက်ချကာ အလျင်အမြန် အော်ဟစ်တောင်းပန်လိုက်သည်။ "ဒီတပည့်ရဲ့ အသက်ကို ချမ်းသာပေးတော်မူပါ ဆရာသခင်! ဒီတပည့်က လုပ်မိခဲ့တဲ့အပြစ်တွေအတွက် ပြန်ပေးဆပ်ဖို့ ဆန္ဒရှိပါတယ်၊ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးတော်မူပါ၊ ဆရာသခင်!"
"အယ်" ဓားဝှက်တောင်ထိပ်သခင်၏ လက်ထဲမှဓားလည်း တစ်ဝက်တစ်ပျက်နှင့်တန့်သွားရပြီး ယဲ့ကျွင်းလင်ကိုကြည့်ကာ မေးငေါ့ပြလိုက်သည်။
ယဲ့ကျွင်းလင်က အပြုံးမမည်သော အပြုံးကြီးတစ်ခုဖြင့် ထပ်မေးသည်။ "အစောတုန်းကတော့ မင်းပဲ ဆင်ဖမ်းမ ယ်၊ ကျားဖမ်းမယ်နဲ့ အရမ်းသတ္တိတွေရှိနေခဲ့တာမလား? ဘာလို့ရုတ်တရတ်ကြီး ကြောက်တတ်သွားတာပါလိမ့်?"
ဟုန်ချန်ယဲ့သည် ရှက်ရွံ့မှုဖြင့် ပါးပြင်များ ပူလောင်လာသည်ကို ခံစားလိုက်ရပြီး တွင်းတစ်တွင်းတူးပြီးတော့သာ ဝင်ပုန်းလိုက်ချင်တော့၏။ "ဆရာသခင် ဒီတပည့်က မာန်တက်ပြီး ကိုယ့်ကိုယ်ကို လွန်လွန်ကဲကဲ အထင်ကြီးမိခဲ့တာပါ၊ အခု အသိစိတ်ဝင်သွားပြီဖြစ်လို့ ပြန်လည်ပြုပြင်ဖို့ အခွင့်အရေးလေးထပ်ပေးပါဦးခင်ဗျာ"
ယဲ့ကျွင်းလင်က ညင်သာစွာ ပြောလိုက်သည်။ "ဒါဆို မင်းကိုယ်မင်း ပါးရိုက်စမ်း၊ ငါရပ်ခိုင်းမှရပ်"
"ဟုတ်…ကဲ့ …"
ဟုန်ချန်ယဲ့သည် တုန်တုန်ရီရီဖြင့် လက်တစ်ဖက်ကိုမြှောက်လျက် အံကြိတ်ပြီးပါးကို ခပ်ပြင်းပြင်းရိုက်ချလိုက်ရာ ပါးစပ်မှ သွေးများပင် စီးကျလာတော့သည်။
သူသာ အသက်ရှင်နေနိုင်သရွေ့ ဒီလောက်ကတော့ မပြောပလောက်ပါဘူး!
ဖတ် ဖတ် ဖတ်
ဖတ် ဖတ် ဖတ် ဖတ်
ပါးရိုက်သံများသည် ကြည်လင်ချိုမြစွာ တောင်တစ်ဝိုက်တွင် ညံထွက်လို့နေသည်။
"ဆရာတူအစ်ကိုကြီးဟုန်… …" ပုရှောင်ရှီးသည် သူ့အစ်ကိုကြီးအတွက် အနည်းငယ် စိတ်မကောင်းဖြစ်လာရကာ ရှေ့သို့သွား၍ တွဲတူပေးချင်သော်ငြား ယဲ့ကျွင်းလင်ကအကြည့်ဖြင့်ဟန့်လိုက်၍ တုတ်တုတ်ပင်မလှုပ်ရဲတော့ပေ။
ရှယိုနျန်သည် အတွေးပေါင်းစုံဖြင့် မျက်နှာအမူအရာအမျိုးမျိုး ပြောင်းလဲနေပြီးမှ နောက်ဆုံးတော့ သက်ပြင်းတစ်ချက်ချကာ ဆုံးဖြတ်ချက်ချလိုက်၏။ "ဂိုဏ်းကိုသစ္စာဖောက်တဲ့အတွက် သေချာပေါက် ပြင်းပြင်းထန်ထန်အပြစ်ပေးသင့်တယ်ဆိုပေမယ့် ဟုန်ချန်ယဲ့က နောက်ဆုံးအချိန်ထိ ဂိုဏ်းကို သေသေရှင်ရှင် ကာကွယ်တိုက်ခိုက်ပေးခဲ့တယ် ဒီလုပ်ရပ်ကောင်းကိုထည့်တွက်ပြီး အပြစ်ဒဏ်တွေသုံးသပ်ဖို့အတွက် တောင်အနောက်ကိုပို့ထားလိုက်ဖို့ အကြံပြုချင်ပါတယ်"
ဂိုဏ်းချုပ်တစ်ဦးအနေဖြင့် သူသည် ဟုန်ချန်ယဲ့၏ အလားအလာကို အလွန်တန်ဖိုးထားမိလေသည်။ ဟုန်ချန်ယဲ့၏ စရိုက်တော့ အတော်လေးမမှန်ကန်လှဟု သူခံစားရသော်ငြား ယဲ့ကျွင်းလင်ရှိနေသရွေ့ ပုန်ကန်မှုကို ပူပန်နေစရာအကြောင်းမရှိချေ။ နောင်တွင် သူ့ကို မှန်ကန်သော လမ်းကြောင်းသို့ လျှောက်လှမ်းနိုင်စေဖို့ ဆက်လက်လမ်းညွှန်သင်ပြပေးနိုင်ပြီး တဖြည်းဖြည်း ဂိုဏ်းနှင့်တစ်သားတည်းဖြစ်လာအောင် ပေါင်းစည်းနိုင်လိမ့်မည်ဟု သူယုံကြည်မိသည်။
ယဲ့ကျွင်းလင်လည်း လုံလောက်ပြီဟုခံစားမိသောကြောင့် စကားစလိုက်သည်။ "အဲ့ဒီလိုတွေးရင်တော့ သေဒဏ်ထိမရောက်အောင် လျှော့ပေးနိုင်ပေမယ့် သေချာပေါက် အပြစ်ဒဏ်ကိုတော့ ရှောင်လွှဲလို့မရပါဘူး၊ ခဏနေ တောင်နောက်ဘက်ကိုသွားပြီး မင်းရဲ့ အမှားတွေကို ပြန်လည်သုံးသပ်ထားလိုက်ပါ"
ဟုန်ချန်ယဲ့ ရပ်တန့်လိုက်သော် ပါးပြင်နုနုများမှာ ဝက်ခေါင်းကဲ့သို့ ဖောင်းကားလို့နေပြီး ရယ်ချင်စဖွယ် ထူးထူးဆန်းဆန်းကြီးဖြစ်လို့နေ၏။ ဆရာသခင်ထံမှ အမိန့်ရသော် သူထရပ်ကာ နက်နက်ရှိုင်းရှိုင်း ဦးညွှတ်လိုက်ပြီး "တပည့် ဟုန်ချန်ယဲ့ ဆရာသခင်ရဲ့ ခွင့်လွှတ်မှုကို ကျေးဇူးတင်ပါတယ်!" ဟု ပြောသည်။
ထိုသို့ပြောပြီးနောက် သူသည် မြူခိုးတောင်ထိပ်မှ တောင်အနောက်ဘက်သို့ ယိမ်းယိုင်စွာ ထွက်ခွာသွားသည်။
"မင်းရဲ့ ဒီတပည့်က တကယ်ကို စိတ်မချရဘူးပဲ" ရှယိုနျန်က ခေါင်းခါရင်း ညည်းညူလိုက်သည်။
"ဒီမှာ ဆရာတူညီလေးယဲ့ တစ်ယောက်တည်းပဲ သူ့ကို နှိမ်နင်းနိုင်တယ်၊ ဆရာတူညီလေးယဲ့သာ မရှိရင် ငါတို့လူနည်းစုလေးကို သူကမျက်လုံးထဲတောင်မြင်မှာမဟုတ်ဘူး?" ဓားဝှက်တောင်ထိပ်သခင်က နှာခေါင်းရှုံ့လျက် ခပ်တင်းတင်းဆိုသည်။
"နောက်ဆုံးတော့လည်း မွေးရာပါ ပါရမီရှင်တွေဆိုတာ တစ်မူထူးခြားဆဲပါပဲ၊ ငါတို့ ရွှယ်ထျန်းဂိုဏ်းက ဒီလိုလူကို ထိန်းသိမ်းထားနိုင်တာဟာ ဆရာတူမောင်လေးယဲ့ရဲ့ ကျေးဇူးကြောင့်ပါ" ကောင်းကင်မွှေးရနံ့တောင်ထိပ်သခင်က ပါးစပ်ကိုလက်ဖြင့်အသာအုပ်ကာ တခစ်ခစ်ရယ်မောရင်း ချီးကျူးလိုက်သည်။
ယဲ့ကျွင်းလင် သက်ပြင်းတစ်ချက်ချလျက် ဆိုလိုက်သည်။ "ကျွန်တော်သူ့ကို ပုံမှန်ကို စည်းကမ်းတင်းကျပ်မထားတတ်လို့ သူဒီလိုမောက်မာနေတာပါ၊ ကျွန်တော့်ဘက်က လိုသွားတာပဲ၊ အရမ်းစိတ်မပူကြပါနဲ့၊ ကျွန်တော်သူ့ကို သေချာစောင့်ကြည့်ပြီး လေ့ကျင့်သင်ပြပေးလိုက်ပါ့မယ်"
အမှန်တော့ သူ့တပည့်နတ်ဆိုးဂိုဏ်းချုပ်လေး မခံချင်စိတ်နှင့်ဒေါသတွေကိုမျိုချလျက် ဇွတ်အတင်းအကြပ်လုပ်ယူထားသော အပြုံးလေးဖြင့် သူ့အတွက်အသားများကင်ပေးနေသည့်မြင်ကွင်းလောက် သူသဘောကျတာမရှိပေ။
"ရှောင်ရှီးရေ!"
"ရှုရှု လာပါပြီ!"
"ဆရာ့ ဟော့ပေါ့စားချင်တယ်ဟေ့"
"ကောင်းပါပြီ ရှုရှု စချက်ပါပြီ!"
"ဆရာတူညီလေးယဲ့ အိုးပူဆိုတာ အိုးကိုမီးနဲ့ရှို့ထားတဲ့ဟာလား? အဲ့ဒါကြီးက စားလို့ရောရလို့လား?"
"ဟားဟား၊ အားလုံး ဒီလောက် စိတ်ဝင်စားနေကြမှတော့ စမ်းမြည်းကြည့်သွားကြဦးလေ"
"ဟုတ်ပြီကွာ ချကွာ!"
… …
တောင်အနောက်ဘက်၌...
နီရဲသော ပုံရိပ်လေးတစ်ခု တိတ်တဆိတ် ရပ်နေသည်။
ရေကန်မျက်နှာပြင်တွင် ထင်ဟပ်နေသော ဝက်ခေါင်းကဲ့သို့ ဖောင်းကားနေသည့် သူ့မျက်နှာကို ကြည့်ကာ ဟုန်ချန်ယဲ့၏ မျက်လုံးများ စိုစွတ်လာပြီး ဝမ်းနည်းမှုကြောင့် ခန္ဓာကိုယ်လေးပင် တုန်ယင်လာရတော့၏။
ထိုသူကို ပြန်လည်တိုက်ခိုက်ရန် ဤမျှ ခက်ခဲလိမ့်မည်ဟု သူတစ်ခါမှ ထင်မထားခဲ့ပေ!
"မင်းအမြဲအဲ့လိုမောက်မာနိုင်နေမယ်ထင်လား ဒီအရှင်ကတော့မထင်ဘူး ဒီအရှင်က ကြိုးစားပမ်းစား မပြတ်လေ့ကျင့်ပြီး မကြာခင်မှာပဲ အထွဋ်အထိပ်သို့တက်ရောက်ခြင်းအဆင့်ကို ရောက်နိုင်လိမ့်မယ် နောက်မကြာခင်မှာ အထွဋ်အထိပ်သို့တက်ရောက်ခြင်းအဆင့်ကိုတောင် ကျော်လွန်နိုင်လိမ့်မယ်!"
"ယဲ့ကျွင်းလင် မင်း ဒီအရှင်ကို ဆက်ဆက်စောင့်နေလိုက်…"