စီးတော်ယာဥ်အကောင်းစား
Vol. 5 Ch. 60
မကြာမီတွင် ဟွမ်ကျိုးပြည်နယ်တိုက်ပွဲ၏ ရလဒ်များသည် အခြား ပြည်နယ် ၁၃ ခုထံသို့ မုန်တိုင်းကဲ့သို့ ပျံ့နှံ့သွားခဲ့၏။
"ဘာကြီးရယ်? ရွှယ်ထျန်းဂိုဏ်းက ယဲ့ကျွင်းလင်ဆိုတာ အထွဋ်အထိပ်သို့တက်ရောက်ခြင်း ကျင့်ကြံဆင့်ထိရောက်နေတာလား၊ နောက်ပြီး ယွီဟွားဂိုဏ်းက စေလွှတ်လိုက်တဲ့ ထိပ်သီးကျင့်ကြံသူအရှင် ၁၈ယောက်ကို သတ်ပစ်ခဲ့တာပေါ့လေ?"
"ဘာ? သန်းချီတဲ့ ကျင့်ကြံသူတပ်မတော်ကြီးက အပြောင်ချေမှုန်းခံလိုက်ရတာလား? ကပ်ဆိုးဆိုက်တာပါပဲကွာ!! ငါ့အစ်ကိုက အဲ့တပ်ထဲပါသွားတာ! အခုတော့ မရီးကို ငါပဲဂရုစိုက်ပေးရတော့မယ်ထင်တယ်..."
"ဒီလောက် သရဲမရဲစီးနေတာ! အဲ့ဒီ ဆံဖြူနတ်ဆိုးအိုကြီးကို ကောင်းကင်က အပြစ်ပေးမှာ သေချာတယ်! သူက အရှေ့ပိုင်းစီရင်စုရဲ့ အရက်စက်ဆုံး အာဏာပါးကွက်သားပဲ!"
ဗုဒ္ဓပြည်နယ်တစ်ဝှမ်းတွင် ဝမ်းနည်းစိတ်ဓာတ်ကျလျက်ရှိသော မျက်နှာများဖြင့် ရဟန်းတော်များသည် ဝေးလံသောအရပ်တစ်နေရာမှာ ပျံလွန်တော်မူခဲ့ရသော ရောင်းရင်းဝိညာဥ်တို့အတွက် ကျမ်းဂန်များ ရွတ်ဆိုပေးနေသည်ကို တွေ့မြင်နိုင်ပေသည်။
တစ်ချိန်က နာမည်ကျော်ကြားထည်ဝါခဲ့သော လေပေါ်ဘုရားကျောင်းတော် သည် ထိုသတင်းကို လက်ခံရရှိပြီးနောက် လုံးဝဥဿုန် တိတ်ဆိတ်သွားခဲ့လေသည်။
တစ်ချိန်တည်းတွင် ဝိညာဉ်ပြည်နယ်ရှိ ခန်းဆောင်တစ်ခုအတွင်းမှ မယုံကြည်နိုင်သော အော်သံတစ်ခု ထွက်ပေါ်လာသည်။
"မဖြစ်နိုင်ဘူး! ဟွမ်ကျိုးပြည်နယ် က အဲ့တောသားကောင်က အဲ့လောက်တောင်အားကောင်းတာလား?! သူက မဟုတ်မှ အင်အားကြီးမသေမျိုးတစ်ယောက်ယောက် ပြန်လည်မွေးဖွားလာတာများလား?!"
ရွှယ်ထျန်းယိ ၏ ပြင်းထန်သော ကျင့်ကြံရေးလုပ်ငန်းစဥ်သည် ဟွမ်ကျိုးတောသားလေးကြောင့် တစ်ဖန် တုံ့ဆိုင်းသွားရပြန်လေ၏။ အစေခံဖြစ်သူထံမှ အစီရင်ခံသတင်းကို ကြားလိုက်ရပြီးနောက် လွန်စွာစိတ်အနှောင့်အယှက်ဖြစ်သွားရကာ ဆိုးရွားကောက်ကျစ်သောမျက်နှာမှာ အံ့အားသင့်မှုများဖြင့် ပြည့်နှက်လို့နေသည်။
အစောင့်သည် ခါးသီးစွာ ထပ်ပြောလိုက်သည်။ "သခင်လေး၊ ဒီသတင်းက အမှန်ပါပဲ"
ရွှယ်ထျန်းယိ အမှန်တကယ် ကြောက်လန့်သွားပြီး သူ၏ ကျောရိုးတစ်လျှောက် အေးစိမ့်လို့သွားရသည်။ ထိုတစ်နေ့က သူဝင်မပါခဲ့တာ တကယ်မှန်သွားသည်ပင်။ မဆင်မခြင် ဝင်ရောက်စွက်ဖက်မိလိုက်ပါက သူ့တစ်မျိုးလုံးသုတ်သင်ခံရလျှင်တောင် ကယ်တင်နိုင်လောက်တော့မည်မဟုတ်။
"မြန်မြန်လေး၊ မိန်းမကျင့်ကြံသူနည်းနည်း ထပ်ရှာပေးစမ်း၊ ဒီသခင်လေး စိတ်ပြန်ငြိမ်အောင်နှစ်သိမ့်ဖို့လိုတယ်!"
"အမ်??"
"မင်းက ဘာကိစ္စကြောင်ရပ်နေတာလဲ? လူစကား နားမလည်ဘူးလား? ငါခိုင်းရင် အကုန်လုပ်လိုက်! ဒါမှမဟုတ် မင်းအမေအိုကြီးကိုပါ အခန်းထဲဆွဲသွင်းလိုက်ရမလား!"
ထိုခြိမ်းခြောက်စကားတွင် အစေခံ၏ မျက်နှာမှာ ထိတ်လန့်တကြား ဖြစ်သွားရပြီး သူ့အမေအိုပါ ရွှယ်ထျန်းယိ၏ သေမတတ်ညှင်းပန်းနှိပ်စက်မှုကို ခံရမည်စိုးသဖြင့် အလျင်အမြန် ထွက်ခွာသွားတော့လေသည်။
ရွှယ်ထျန်းယိကတော့ အသက်ပြင်းပြင်း တစ်ချက်ရှူသွင်းကာ ခုတင်ပေါ်သို့ တစ်ဖန် ခုန်တက်ပြီး လယ်ဆက်ထွန်လေသည်။
ကန့်လန့်ကာများအတွင်း ဝက်သတ်ရုံကဲ့သို့အော်သံများ တစ်ဖန် ပြန်လည် ထွက်ပေါ်လာတော့၏။
ထိုအချိန်တွင် အရေးနိမ့်မှုသတင်းကို ကြားသိလိုက်ရသော ယွီဟွားဂိုဏ်း တစ်ခုလုံး ထိန်းမရအောင် အံ့အားသင့်သွားရခဲ့သည်။ ဂိုဏ်းတပည့်သားများရော အကြီးအကဲအားလုံးပါ အလွန်မယုံကြည်နိုင်စွာ ဆွံ့အ၊တောင့်ခဲသွားကြရ၏။
ယွီဟွားဂိုဏ်းအနေနှင့် ပြင်ပတိုက်ပွဲများတွင် အရေးနိမ့်ခဲ့ရခြင်း ဆိုသည့်သတင်းမျိုးမကြားရသည်မှာ နှစ်ပေါင်းကာလ မည်မျှရှည်ကြာခဲ့ပြီနည်း? သူတို့အတွက်တော့ ပထမဆုံးကြားဖူးသည့်သတင်းမျိုးပါပေ!
အထူးသဖြင့် ထိပ်သီးအကြီးအကဲ ဆယ့်ရှစ်ဦး သေဆုံးမှုသည် ဂိုဏ်း၏ အခြေခံအုတ်မြစ်ကို ပြင်းပြင်းထန်ထန် တုန်လှုပ်စေခဲ့သည်!
ထိပ်သီးအကြီးအကဲများဆိုသည်မှာ လက်အောက်ငယ်သားများ၏ သေခြင်းရှင်ခြင်းကိုပင် ဆုံးဖြတ်ချုပ်ကိုင်နိုင်လောက်အောင် သြဇာအာဏာကြီးမားလှပြီး ဂိုဏ်းတွင် ၎င်းတို့၏အဆင့်အတန်းသည် ကိုးကွယ်ခံနတ်ဘုရားများကဲ့သို့ ကြီးမြတ်ထည်ဝါခဲ့ကြလေသည်။
ဤတိုက်ပွဲတွင်တော့ သူတို့၏နတ်ဘုရားများ တစ်ပါးတလေမှ ပြန်မရောက်နိုင်ခဲ့ကြပါပေ!
ဒေါင်....ဒေါင်....ဒေါင်....
စိတ်နှလုံးထိခိုက်ကြေကွဲဖွယ် ဈာပနခေါင်းလောင်းသံသည် ကောင်းကင်ယံ၌ ဆွဲဆွဲငင်ငင် ပျံ့လွင့်လို့နေ၏။
ဂိုဏ်းအတွင်းရှိ လေထုအခြေအနေမှာ လေးလံဖိစီးလှပြီး နေရာတိုင်းတွင် ငိုကြွေးသံများကို မကြားချင်မှအဆုံးပင်။
"မင်း မင်းပြောနေတာ... အမှန်ပဲလား?"
အမွေအနှစ်ခန်းမဆောင်အတွင်း၌ ဒဏ်ရာများမှ ပြန်လည်သက်သာစပြုလာသော ချန်ရှောင်းသည် မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ မူမမှန်သော တုန်ယင်ထိတ်လန့်မှုနှင့်အတူ ဝုန်းခနဲထရပ်မိလိုက်သည်။
"ကျင့်ကြံသူချန်! ဒီအဘိုးကြီး ပြောတဲ့ စကားတိုင်းက အမှန်တွေပါပဲ! ဒီကိစ္စဟာ အရှေ့ပိုင်းစီရင်စုတစ်ခုလုံးကို ပျံ့နှံ့သွားပါပြီ! ကျွန်တော်တို့ရဲ့ ယွီဟွားဂိုဏ်းဟာ ဒီတစ်ခါတော့ လုံးလုံးလျားလျားကို အရေးနိမ့်သွားခဲ့ပါပြီ!"
တရားရုံးချုပ်အကြီးအကဲမူက သွေးရောင်သန်းသောမျက်လုံးများဖြင့် အားကုန်အော်ဟစ်တိုင်တည်လိုက်လေသည်။
ချန်ရှောင်းတစ်ယောက် အနောက်သို့ ယိမ်းယိုင်သွားကာ မြေပြင်ပေါ်လဲကျသွားပြီး စိတ်ပျက်ဝမ်းနည်းစွာရယ်မောလျက် ညည်းညူမိလေသည်။ "ယဲ့ကျွင်းလင်၊ မင်းရဲ့ အကြံအစည်တွေက အတော်ကိုနက်ရှိုင်းလှချည်လား၊ မင်းက အထွဋ်အထိပ်သို့တက်ရောက်ခြင်း အဆင့်ကို ရောက်နေပြီးသား၊ ဒါပေမဲ့ ကျင့်ကြံဆင့်အစစ်အမှန်ကို ဖုံးကွယ်ထားပြီး ရန်သူကိုထောင်ချောက်ဆင်တယ်ပေါ့၊ မင်းက ယွီဟွားဂိုဏ်းရဲ့ ကျင့်ကြံသူချန်ကို လာဆွချင်နေတာပဲ"
သူသည် မူလက ခန္ဓာပေါင်းစည်းခြင်းကျင့်ကြံဆင့်ကို ကြိုးစားပမ်းစား တက်ရောက်ချိုးဖျက်ခြင်းဖြင့် ယဲ့ကျွင်းလင်နှင့် ယှဉ်ပြိုင်နိုင်လောက်လိမ့်မည်ဟု တွေးထင်မိခဲ့သည်။
သို့သော် အမှန်တရားတစ်ခုပေါ်ပေါက်လာပြီး သူ့ကို ရုတ်ချည်းဆန်ဆန် ပါးဖြတ်ရိုက်သွားလိမ့်မည်ဟု ထင်မထားခဲ့ချေ!
အဲ့ဒီကောင်က ခန္ဓာပေါင်းစည်းခြင်းကျင့်ကြံဆင့်မှာ မဟုတ်ဘူး၊ အထွဋ်အထိပ်သို့တက်ရောက်ခြင်း ကျင့်ကြံဆင့်မှာတဲ့!
"ကျင့်ကြံသူချန်၊ စိတ်ဓာတ်မကျပါနဲ့၊ အဲ့ဒီ ဆံဖြူနတ်ဆိုးအိုကြီးက နှစ်သောင်းပေါင်းများစွာအသက်ရှင်ခဲ့တဲ့ ကျင့်ကြံသူတစ်ယောက်မှန်း ဒီလောက်သိသာနေတာပဲ၊ မဟုတ်ရင် ဘယ်လိုလုပ် ဒီလောက်နက်ရှိုင်းတဲ့ကျင့်ကြံဆင့်ကို ပိုင်ဆိုင်ထားမှာလဲ? လူလေးက ငယ်သေးတယ်၊ အချိန်တွေအများကြီးရှိသေးတယ်၊ အထွဋ်အထိပ်သို့ တက်ရောက်ခြင်းဟာ သူ့အတွက် အဆုံးသတ်ဖြစ်ပေမယ့် လူလေးအတွက်တော့ လမ်းခုလတ်ကလှေကားတစ်ထစ်ထက် မပိုပါဘူး!"
"ကျင့်ကြံသူချန်က မသေမျိုးဖြစ်လာနိုင်တဲ့ အလားအလာရှိနေပါတယ်!!!!!"
ချန်ရှောင်း စိတ်ဓာတ်ကျနေသည်ကို မြင်သောအခါ အကြီးအကဲမူက ကြိုးစားပမ်းစား အားပေးလာလေသည်။
ချန်ရှောင်း၏ မှိန်ဖျော့နေသော မျက်လုံးများ တဖြည်းဖြည်း ပြန်လည်တောက်ပလာပြီး စကားဆိုသည်။ "ဟုတ်တယ် ဒီကျင့်ကြံသူဟာ နောင်တစ်ချိန်မှာ မသေမျိုးတစ်ပါး ဖြစ်လာလိမ့်မယ်! ဒီလောက်လွယ်လွယ်နဲ့ အရှုံးပေးစရာကိစ္စလား၊ ဒင်းက အထွဋ်အထိပ်သို့တက်ရောက်ခြင်းအဆင့် ရောက်နေတော့ရော ဘာဖြစ်လဲ? ငါလည်းမကြာခင်ချိုးဖျက်နိုင်တော့မှာပဲ"
"မှန်ပါတယ် ကျင့်ကြံသူချန်!"
အကြီးအကဲမူက ခေါင်းညိတ်ထောက်ခံလိုက်သည်။
ရုတ်တရက် တစ်စုံတစ်ခုကို ဆုံးဖြတ်ချက်ချလိုက်သကဲ့သို့ ချန်ရှောင်းက အံကြိတ်သံဖြင့်ဆိုလာသည်။ "အကြီးအကဲမူ၊ နေမင်းရတနာအရင်းအမြစ်ကို ကျွန်တော် အချိန်စောပြီး သန့်စင်ဖို့ ဆုံးဖြတ်လိုက်ကြောင်း အထက်လူကြီးတွေကို အသိပေးပေးပါ၊ ကျွန်တော့်ရဲ့ ကျင့်ကြံဆင့်နဲ့ ခွန်အားကို အမြန်ဆုံး တိုးတက်အောင် လုပ်ဖို့လိုတယ်!"
"ဘယ်လို? ကျင့်ကြံသူချန်၊ အခုပြောလိုက်တာက...?" အကြီးအကဲမူသည် လွန်စွာအံ့အားသင့်သွားပုံရပြီး နားကြားများမှားမိလေသလားဟု သံသယဝင်မိရသည်အထိ။
ထို နေမင်းရတနာဆိုသည့် အရင်းအမြစ်အား နေမင်းမီးလျှံဟုခေါ်ဆိုသည်။ ဒဏ္ဍာရီသမိုင်းများအရ လွန်ခဲ့သော နှစ်သန်းပေါင်းများစွာအကြာက ကောင်းကင်မှ သက်ဆင်းကြွေကျလာခဲ့သည့် ရတနာတစ်မျိုးဖြစ်ပြီး ချင်းကျိုးပြည်နယ်တစ်ခုလုံး၏ မိုင်ထောင်ပေါင်းများစွာ ပတ်လည်အား လောင်ကျွမ်းပူပြင်းစေခဲ့သောကြောင့် လူအများ ဒုက္ခပင်လယ်ဝေခဲ့သည်ပင်။ ထိုအချိန်တုန်းက အင်အားကြီးကျင့်ကြံသူအမြောက်အများ ထိုရတနာအား နှိမ်နင်းထိန်းသိမ်းဖို့ ကြိုးစားခဲ့ကြပေသည့် နေမင်းမီးလျှံရတနာ၏ ပြင်းထန်သောအပူရှိန်ကြောင့် ပြာပုံအဖြစ်သို့သာ ဘဝကူးသွားကြလေတော့၏။
ကျင့်ကြံသူလောကတစ်ခုလုံး ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ ဖြစ်နေရသည့်အချိန်တွင် ယွီဟွားဂိုဏ်း၏ ဘိုးဘေးအိုကြီးမှ ကြီးမားသော နတ်ဘုရားစွမ်းအားကို အသုံးပြုကာ ထို နေမင်းမီးလျှံရတနာအား ဂိုဏ်းရှိ တားမြစ်နယ်မြေ၏ အနက်ရှိုင်းဆုံးနေရာတွင် တံဆိပ်ခတ်ထိန်းချုပ်ထားခဲ့လေတော့သည်။
နေမင်းမသေမျိုးခန္ဓာကို ပိုင်ဆိုင်ထားသော ချန်ရှောင်းဆိုသည့် ဦးစားပေးခံသားတော်လေး ပေါ်ပေါက်လာချိန်မှ ဂိုဏ်းအထက်လူကြီးများမှာ နေမင်းမီးလျှံရတနာအတွက် သင့်တော်သောပါရမီရှင်ကို တွေ့ရှိခဲ့ရခြင်းဖြစ်၏။
သို့သော် ဤအရာဝတ္ထု၏ စွမ်းအားသည် အလွန်လွှမ်းမိုးနိုင်စွမ်းကြီးမားသောကြောင့် နေမင်းမသေမျိုးခန္ဓာအတွက် မည်မျှပင် လိုက်ဖက်သင့်တော်နေပါသော်ငြား ချန်ရှောင်း၏ လက်ရှိကျင့်ကြံဆင့်မှာ မလုံလောက်သေးသည့်အတွက် အသုံးပြုသန့်စင်ခြင်းကိစ္စကို ရွှေ့ဆိုင်းထားရုံသာ တတ်နိုင်ပေသည်။
ဂိုဏ်း၏အမြင်တွင် ထိုရတနာကို ချန်ရှောင်းတစ်ယောက် အနည်းဆုံး အထွဋ်အထိပ်သို့တက်ရောက်ခြင်းအဆင့်သို့ ရောက်ရှိမှသာ စိတ်ချလက်ချလွှဲအပ်သန့်စင်စေနိုင်မည်ပင်။
အဘယ့်ကြောင့်ဆိုသော် ထိုရတနာကိုသန့်စင်ခြင်းသည် အလွန်နာကျင်ပြီး ခက်ခဲပင်ပန်းရမည် ဖြစ်လေသည်။
မြင့်မားသောကျင့်ကြံဆင့်ကို ပိုင်ဆိုင်ထားမှသာ နာကျင်ခြင်းဝေဒနာမှ လျော့ပါးသက်သာစေမည်ဖြစ်ပြီး အောင်မြင်ရန် အခွင့်အရေးပိုကောင်းစေမည်ဖြစ်သည်။ သန့်စင်ခြင်းကျရှုံးပါက တန်ပြန်ရိုက်ခတ်မှုကြောင့် အသုံးပြုသူသေဆုံးရမည်မှာ အသေအချာပင်။
ယခုတော့ ခန္ဓာပေါင်းစည်းခြင်းကျင့်ကြံဆင့်သို့ပင် မရောက်ရှိသေးသော ချန်ရှောင်းသည် နေမင်းမီးလျှံရတနာကို သန့်စင်ဖို့အတွက် စတင်အဆိုပြုလာခဲ့သောကြောင့် အကြီးအကဲမူ လွန်စွာစိတ်ပူတုန်လှုပ်သွားခြင်းဖြစ်၏။
ချန်ရှောင်းဆိုသူမှာ နှစ်သန်းပေါင်းများစွာအတွင်း ယွီဟွားဂိုဏ်း၏ ပါရမီအရှိဆုံးနှင့် အဖိုးတန်ဆုံးသော မသေမျိုးခန္ဓာကို ကောင်းချီးပေးခံထားရသူဖြစ်လေရာ မသေမျိုးတစ်ပါးဖြစ်လာဖို့အတွက် အခွင့်အလမ်းအရှိဆုံး သူတို့အမျှော်လင့်ရဆုံး ဦးစားပေးခံသားတော်ပါပေ။
တစ်ခုခုချွတ်ချော်သွားလို့မရပါ၊ လုံးဝ ဆုံးရှုံးသွားလို့မဖြစ်ပါ!