← Chapters

အရဲစွန့်ခြင်း

Vol. 5 Ch. 61

အရဲစွန့်ခြင်း

Vol. 5 Ch. 61

"ကျင့်ကြံသူချန်၊ ဒီအဘိုးကြီးက လူလေးရဲ့ ခံစားချက်ကို နားလည်ပါတယ်၊ ဒါပေမဲ့ စိတ်ငြိမ်ငြိမ်ထားပေးပါ..."

"အကြီးအကဲမူ! ကျေးဇူးပြုပြီး ကျွန်တော့်ကို ယုံကြည်လိုက်ပါ၊ ကျွန်တော်အခုချိန်မှာ ပိုသန်မာချင်လာရုံပါ၊ နေမင်းမီးလျှံရတနာဟာလည်း ကျွန်တော့်အတွက်ပြင်ဆင်ထားတဲ့ပစ္စည်းပါပဲ ကံကြမ္မာက ကြိုတင်သတ်မှတ်ထားတဲ့ ကိစ္စတစ်ခုက နည်းနည်းစောဖြစ်သွားရုံပါ!"

ချန်ရှောင်း၏မျက်လုံးများမှာ ခိုင်မာလေးနက်လို့နေပြီး စကားတစ်လုံးချင်းစီကို ရှင်းရှင်းလင်းလင်း ပြောလာသည်။ "ဒီကျင့်ကြံသူဟာ ပြာပုံထဲကနေ ပြန်လည်မွေးဖွားလာမယ့် ဖီးနစ်ငှက်ပဲ!"

လူငယ်လေး၏ ခိုင်မြဲသောယုံကြည်ချက်ကြောင့် အကြီးအကဲမူ၏နှလုံးသားလေး ယိမ်းယိုင်တုန်လှုပ်သွားရပြီး မျက်လုံးများတွင် နက်ရှိုင်းသောလေးစားမှုများ ထင်ဟပ်နေသည်။ နောက်ဆုံးတာ့ သူအသာသက်ပြင်းချကာ လက်ခံလိုက်တော့၏။ "ကောင်းပါပြီ၊ ဒီအဘိုးကြီးက မချွင်းမချန် ပြန်လည်တင်ပြပေးပါ့မယ်၊ ကျင့်ကြံသူချန်လည်း စိတ်ကို ကြိုတင်ပြင်ဆင်ထားပါ"

အကြီးအကဲမူ၏ ထွက်ခွာသွားသော နောက်ကျောပြင်ကို ကြည့်ရင်း ချန်ရှောင်းသည် အခင်းပေါ်တွင် တင်ပျဥ်ချိတ်လျက် ပြန်လည်နေရာယူလိုက်သည်။ မျက်စိစုံမှိတ်လိုက်သည်နှင့်တစ်ပြိုင်နက် သူ၏အတွေးများ ရုတ်တရက် ကြည်လင်ရှင်းလင်းလို့သွားပြီး ဖျက်ဆီးခြင်းငှာ မစွမ်းသာသော၊ သေရာမှ ပြန်လည်ရှင်သန်နိုးထလာသော စိတ်ဓာတ်ခွန်အားတစ်ခုကို ခံစားမိလိုက်လေ၏။

အတွေးပုံရိပ်ထဲဝယ် ထိုအနီရောင်ဝတ်စုံနှင့်မိန်းမပျို ပြန်လည်သတိရမိသောအခါ ချန်ရှောင်း၏မျက်နှာထက်တွင် ရှုံးနိမ့်မှုကြောင့် ရှက်ရွံ့ခြင်းနှင့် မကျေမနပ်ခံစားချက်များ ပေါ်လွင်လာပြီး အေးစက်သော အသံဖြင့် ကြိမ်းဝါးလိုက်သည်။ "နောက်တစ်ခါကျရင် ဒီကျင့်ကြံသူချန်က မင်းအသက်ကို သေချာပေါက် နှုတ်ယူပေးမယ်!"

ဖခင်ဖြစ်သူအတွက် လက်စားချေလိုလျှင် ထိုသူ၏ ချစ်လှစွာသောတပည့်ကို အရင်သတ်ပြရပေမည်!

ဟွမ်ကျိုးပြည်နယ် တိုက်ပွဲ၏ ရလဒ်သည် အရှေ့ပိုင်းစီရင်စုတွင် ကြီးစွာသော အုတ်အော်သောင်းနင်းလှုပ်ခတ်မှုကို ဖြစ်ပေါ်စေခဲ့၏။ ရွှယ်ထျန်းဂိုဏ်း၏ အဆင့်အတန်းမှာတော့ ရုတ်ချည်း မြင့်တက်သွားပြီး ထိပ်တန်းမသေမျိုးဂိုဏ်းဆယ်ခုတွင် တရားဝင် နေရာရရုံသာမက ထိပ်ဆုံးအဆင့်ငါးဆင့်အတွင်းပါ အောင်မြင်စွာ တိုးဝင်နိုင်ခဲ့ပေသည်။

ယဲ့ကျွင်းလင်၏ ဂုဏ်သတင်းသည်လည်း အလိုအလျောက် တစ်ပါတည်း မြင့်တက်လာခဲ့သည်။ အတင်းအဖျင်းဆို လွန်စွာအာကျယ်တတ်သော ရပ်ကွက်အော်လံတို့၏ ဇာတ်လမ်းဇာတ်ကွက်ဖန်တီးမှုကြောင့် ဆံဖြူနတ်ဘီလူးအိုကြီး၊ ဆံဖြူ လူသတ်နတ်ဘုရား၊ အဖြူရောင်နတ်ဆိုး၊ ဘီလူးခေါင်း ယဲ့ စသည့် နာမည်ပြောင်များဖြင့် ဝေဝေဆာဆာတံဆိပ်ကပ်ခံရတော့၏။

ရက်စက်ကြမ်းကြုတ်ခြင်းကို ကိုယ်စားပြုသော နာမည်ကျော်ကြားမှုသည် နေရာအနှံ့သို့ ပျံ့နှံ့ရောက်ရှိသွားပြီး ယဲ့ကျွင်းလင်ဟူသောနာမည်ကိုကြားလိုက်ရလျှင် ညသန်းခေါင်ယံထငိုနေသော ကလေးငယ်များပင် နှုတ်ဆိတ်ငြိမ်သက်သွားတတ်ကြသည် ဟူ၏။

ထိုသူသည် သန်းနှင့်ချီသော ကျင့်ကြံသူတပ်မတော်ကို သတ်ဖြတ်နှိမ်နင်းခဲ့ပြီး မရေမတွက်နိုင်သော ရွှေအမြုတေနှင့် ဝိညာဥ်သန္ဓေကျင့်ကြံသူများမှာ သူ့လက်ချက်ဖြင့် ကျဆုံးခဲ့သည်။ ဝိညာဥ်အဆင့်တက်ခြင်းကျင့်ကြံသူနှင့် ခန္ဓာပေါင်းစည်းခြင်း ကျင့်ကြံသူများသာမက၊ ထိပ်သီးကျင့်ကြံသူအရှင် ဟုအမည်တွင်သော အထွဋ်အထိပ်သို့တက်ရောက်ခြင်း ကျင့်ကြံသူ ၁၈ဦးပင် တိုက်ပွဲကျခဲ့ရကြောင်း အတည်ပြုထားသော သတင်းများကို တစ်လောကလုံး ကြားသိခဲ့ရသည်ပင်။

ကြားရသမျှ သတင်းအဖုံဖုံမှာ သွေးနံ့လွှမ်း၍ ကြက်သီးထဖွယ်ကောင်းလှသဖြင့် မည်သူမှ ယဲ့ကျွင်းလင်ဟူသောနာမည်ကို ကောင်းကောင်းကန်းကန်း မတွေးထင်နိုင်ကြတော့ပေ။

အရှေ့ပိုင်းစီရင်စု၏ ပြည်နယ်၁၄ခုတွင် ယွီဟွား-ရွှယ်ထျန်း တိုက်ပွဲအကြောင်း ဆွေးနွေးငြင်းခုံမှုများဖြင့်သာ ဆူညံပွက်လောရိုက်နေခဲ့ပြီး မရေမတွက်နိုင်သော အင်အားစုများသည် ယဲ့ကျွင်းလင် ကို ကြောက်ရွံ့ရိုသေစွာဖြင့် ကိုးကွယ်ခဲ့ကြလေ၏။

တစ်ချိန်တည်းတွင်ပင် ယွီဟွားဂိုဏ်းမှ အပြင်လောကသို့ မည်သို့တုံ့ပြန်မည်ကို သိလိုလှသောကြောင့် ယွီဟွားဂိုဏ်း၏လှုပ်ရှားမှုကိုလည်း တစ်ဖန်နားစွင့်ခဲ့ကြသည်။

သို့သော် ထူးဆန်းစွာပင် ယွီဟွားဂိုဏ်းသည် ဤကျရှုံးမှုကြောင့် အရိုးထိအောင် အားနည်းထိခိုက်သွားရဟန်ရှိကာ လက်စားချေရန် နောက်တစ်ဆင့်ကို ဆက်လက်မလုပ်ဆောင်ခဲ့တော့ပေ။

......

လအတော်ကြာပြီးနောက်...

ရွှယ်ထျန်းဂိုဏ်း၊ မြူခိုးတောင်ထိပ်။

နေရောင်သည် တောက်ပစွာ ထွန်းလင်းနေပြီး ငှက်ကလေးများက တကျီကျီ အော်မြည်နေသည်။

ယဲ့ကျွင်းလင်သည် နေကာမျက်မှန်ကို စတိုင်ကျကျတပ်ကာ သက်တောင့်သက်သာရှိသော ထိုင်ခုံပေါ်တွင် လှဲလျောင်းနေပြီး နှစ်တစ်ထောင်သက်တမ်းရှိသော ဝိုင်ခွက်ကို ကောက်ယူ၍ ဟန်ပါပါဖြင့် ဆိုသည်။ "မစ္စတာဟုန်၊ ၁၉၈၂ ခုနှစ်က လာဖိုက်ဝိုင်တစ်ခွက်လောက် ပေးပါဦး~"

"ဟုတ်ကဲ့၊ မစ္စတာယဲ့" ဟုန်ချန်ယဲ့ကတော့ ဆရာသခင်ဆိုသူ၏ ပေါတောတောအထာနှင့် အသားကျနေဟန်တူပြီး မျက်နှာထားက အလွန်ပင်ပရော်ဖက်ရှင်နယ်ဆန်သည်။ လက်ကို ရင်ဘတ်ပေါ်တင်ကာ အနည်းငယ် ဦးညွှတ်လိုက်ပြီးနောက် မီးတောက်ကျောက်ဖြင့် ပြုလုပ်ထားသော ပုလင်းကို ထုတ်၍ ခွက်ထဲသို့ အနီရောင်အရည်အချို့ကို ဖြည်းညင်းစွာ လောင်းထည့်လိုက်သည်။

ထိုအနီရောင်အရည်သည် နူးညံ့ပြင်းရှသော ရနံ့ရှိပြီး အလွန်စွဲမက်ဖွယ်ကောင်း၏။

၎င်းကို နှစ်သောင်းချီသက်တမ်းရှိ သွေးစပျစ်သီးများဖြင့် ချက်လုပ်ထားပြီး ကျင့်ကြံသူ၏ ခန္ဓာကိုယ်အတွက် အလွန်အကျိုးရှိပေသည်။

ယဲ့ကျွင်းလင်က ညင်သာစွာဖြင့် တစ်ငုံသောက်လိုက်ပြီး မူးယစ်ရီဝေသွားသောမျက်နှာထားကိုပြသကာ ချီးကျူလိုက်သည်။ "အရမ်းကောင်းတယ်ကွာ!!"

ဟုန်ချန်ယဲ့၏ မျက်နှာသည် တည်ငြိမ်နေဆဲဖြစ်သော်လည်း စိတ်ထဲတွင်တော့ မဆုံးနိုင်အောင် ကဲ့ရဲ့ရှုံ့ချလျက် "လာပြန်ပြီ၊ သောက်ရူးထပြန်ပြီ။ ဒီကောင်က တကယ် ခေါင်းမကောင်းဘူး၊ ကျပ်မပြည့်ဘူး၊ ငါ့ရဲ့ ဒီလို ဝမ်းနည်းစရာနေ့ရက်တွေ ဘယ်တော့များမှ အဆုံးသတ်မှာလဲ"

ယဲ့ကျွင်းလင်၏ အရူးထပုံထနည်းများကို သူစိတ်ကုန်လှသော်လည်း ထပ်ပြီးအလွဲအချော်မခံနိုင်သောကြောင့်သာ ခပ်တည်တည် ပူးပေါင်းဆောင်ရွက်ပေးနေရခြင်းပင်။

ယဲ့ကျွင်းလင်သည် သူ့ကို အရူးတစ်ယောက်ကဲ့သို့ကြည့်နေသော ဟုန်ချန်ယဲ့၏ မျက်လုံးများအား လျစ်လျူရှုလိုက်ကာ ဝိုင်ခွက်ကို အသာလှုပ်ခါပြီး မျက်လုံးများကို မှိတ်၍ သီချင်းတစ်ပုဒ်ကို တီးတိုးညည်းဆိုရင်း သူ၏ ကိုယ်ပိုင်ကမ္ဘာထဲတွင် နစ်မြောလျက်ရှိလေသည်။

ထိုအချိန်တွင် စနစ်ထံမှ အချက်ပေးသံ မြည်လာသည်။ 【တင်၊ ယနေ့အတွက် ဝင်ရောက်စစ်ဆေးချိန်များ ပြန်လည်စတင်ပါပြီ၊ ပိုင်ရှင် ဝင်ရောက်စစ်ဆေးလိုပါသလား?】

"ဝင်ရောက်စစ်ဆေးပါ။"

ယဲ့ကျွင်းလင် ရင်တစ်ချက်ခုန်သွားပြီး တီးတိုးရေရွတ်လိုက်သည်။

【တင်၊ အကြီးအကျယ်ပွပေါက်တိုးသွားတဲ့အတွက် ပိုင်ရှင်ကို ဂုဏ်ပြုပါတ အဖိုးတန်အဆင့်မြင့် စီးတော်ယာဥ် သတ္တဝါတစ်ကောင် ရရှိသွားပါပြီ!】

ခွမ်!

ဝိုင်ခွက်သည် မြေပြင်ပေါ်သို့ လွတ်ကျသွားပြီး မြေပြင်ပေါ်တွင် အနီရောင်ဝိုင်များ ပြန့်ကျဲစိမ့်ဝင်သွားတော့၏။

"တပည့် မှားမှန်းသိပါပြီ!" တစ်ဖက်လူ သူ့ကြောင့်စိတ်အနှောင့်အယှက်ဖြစ်သွားရသည်ဟုထင်ပြီး ဟုန်ချန်ယဲ့ လန့်ဖျပ်သွားကာ ခါးကိုင်းလျက် ခေါင်းငုံ့တောင်းပန်လိုက်သည်။

သို့သော် ယဲ့ကျွင်းလင်၏ စိတ်ကတော့ လောလောလတ်လတ်ရထားသော ဆုလာဘ်ပေါ်တွင်သာ ရှိသည်။ သူ အနည်းငယ် အသက်ရှူမြန်လာပြီး အလောတကြီး မေးလိုက်သည်။ "စနစ်၊ ပြည့်ပြည့်စုံစုံပြောပြစမ်း၊ ဘယ်လို သတ္တဝါမျိုးလဲ?!"

All Chapters