ရှေးဟောင်းဒဏ္ဍာရီလာသားရဲကြီး၏ သခင်အဖြစ် အသိအမှတ်ပြုခံရခြင်း
Vol. 5 Ch. 62
"တင်၊ စီးတော်ယာဥ်သတ္တဝါ ခွင်းဖန်းပါ! သက်တမ်းတိုသေးတဲ့အတွက် ကြီးကောင်ဝင်စအရွယ်ပဲရှိသေးပေမဲ့ အထွဋ်အထိပ်သို့တက်ရောက်ခြင်းအဆင့် သတ္တဝါဖြစ်ပါတယ်! ပိုင်ရှင်၊ သူ့ကို ကောင်းကောင်း ဆက်ဆံပေးပါရှင့်!
【ခွင်းဖန်း】: အကန့်အသတ်မဲ့ ကြီးထွားနိုင်သော ရှေးဟောင်း နတ်သားရဲသတ္တဝါဖြစ်၏။ ကောင်းကင်ဘုံပါမကျန် ရှိရှိသမျှလောကအပေါင်း၌ အင်အားအကြီးဆုံး သတ္တဝါတွေထဲက တစ်ကောင်ဖြစ်၍ ဝေဟင်တွင် လွတ်လပ်စွာ ပျံသန်းနိုင်ပြီး သမုဒ္ဒရာထဲတွင်လည်း လွတ်လပ်စွာ ကူးခတ်နိုင်ပေသည်။
(ဝေလငါးကို နဂါးတောင်ပံတပ်ထားတဲ့ သဏ္ဍာန်မျိုးရှိပါတယ်၊ သဏ္ဍာန်အမျိုးမျိုးပြောင်းလဲနိုင်တယ်လို့လည်း ဆိုစမှတ်ပြုကြပါတယ်)
ယဲ့ကျွင်းလင် အင်မတန်စိတ်လှုပ်ရှားသွားရသည်။ သူ့လို ချောမောခန့်ညားပြီး နာမည်ကျော်ကြားတဲ့ ကျင့်ကြံသူတစ်ယောက်က အပြင်ထွက်တဲ့အခါ ခမ်းနားတဲ့စီးတော်ယာဥ်လေးမှမပါရင် ဘယ်သင့်တော်လိမ့်မလဲနော်?
ကိုယ့်ဘာသာကိုယ်လည်း ပျံသန်းလို့ရတယ်ဆိုပေမယ့် လူတိုင်းပျံနေကြတာဆိုတော့ နည်းနည်းအောက်တယ်လေ!
ကံကောင်းစွာနဲ့ သူ့ရဲ့အဖိုးတန်စနစ်လေးက ယုံကြည်စိတ်ချနေရတုန်းပဲ။ ရှေးဟောင်း နတ်သားရဲ ခွင်းဖန်းကို စီးတော်ယာဥ်အဖြစ် လက်ဆောင်ပေးလာတယ်လေ။
တကယ်ကို တိုက်ခိုက်ဖို့နဲ့ ကြွားဝါဖို့အတွက် အလွန်အသုံးဝင်တဲ့ လက်ဆောင်တစ်ခုပါပဲ!
"ဟင်?" ဟုန်ချန်ယဲ့က သံသယအပြည့်ဖြစ်နေသော မျက်နှာထားဖြင့် ခေါင်းထောင်ကြည့်လိုက်သော် တစ်ဖက်လူဟာ စိတ်ဆိုးနေတာမျိုး မဟုတ်ပါဘဲ အူမြူးတက်ကြွနေသည့်ဟန်ကို တွေ့လိုက်ရသော် အလွန်အမင်းစိတ်ရှုပ်ထွေးသွားရတော့၏။
ဒါက ဘာဖြစ်တာလဲ၊ အဲ့လူကအမြဲတမ်း ဘာလို့ ဒီလောက်ထူးဆန်းနေရတာလဲ?!
ခုန်ဆွခုန်ဆွနဲ့ အမြင်ကပ်စရာ!
"ဆရာသခင်!"
ခေါ်သံနှင့်အတူ ကြွက်ခေါင်းနှင့် လူ့ကိုယ်ခန္ဓာရှိသော ထူးထူးဆန်းဆန်းသတ္တဝါတစ်ကောင်က လက်ထဲမှာ အနီရောင် ဖိတ်စာတစ်စောင်ကို ကိုင်ပြီး စိတ်လှုပ်ရှားစွာဖြင့် ပြေးလာလေသည်။
သူမသည် ပန်းရောင်ကြိုးသိုင်းဝါဝန်လေးကို ဝတ်ဆင်ထားပြီး ဆီးနှင်းကဲ့သို့ ဖြူဖွေးနူးညံ့သော အသားအရေနှင့် သေးသေးသွယ်သွယ်ခန္ဓာကိုယ်လေးကို ပိုင်ဆိုင်ထားပြီး နုပျိုလန်းဆန်းသောပုံစံရှိလေသည်။
ခန္ဓာကိုယ်တစ်ခုလုံးမှာ ပုံမှန်မဟုတ်သည့်နေရာမရှိသော်ငြား လည်ပင်းအထက်သို့မော့ကြည့်လိုက်လျှင်တော့ နူးညံ့သည့် အဖြူရောင်ကြွက်ခေါင်းတစ်ခုကို မြင်တွေ့ရမည်ဖြစ်ကာ ထူးထူးဆန်းဆန်း လူတစ်ယောက်လို ပြုံးမဲ့ဝမ်းနည်း အမူအရာမျိုးစုံ လုပ်နိုင်လေသည်။
"ရှောင်ရှီး၊ မင်းလက်က ဘာကြီးလဲလဲ?" ယဲ့ကျွင်းလင်က သိချင်လှစွာ လှမ်းမေးလိုက်သည်။
ပုရှောင်ရှီးက လက်ထဲက ဖိတ်စာကို ဝှေ့ယမ်းပြီး စိတ်လှုပ်ရှားစွာဖြင့် ပြောပြလာသည်။ "ဒါက ဂိုဏ်းချုပ်က ရှုရှု့ကို ပေးခိုင်းလိုက်တဲ့ ဖိတ်စာပါ၊ ဆရာသခင့်ကို ပေးလိုက်လို့ ပြောတယ်!"
ယဲ့ကျွင်းလင် ဖိတ်စာကို ယူပြီး ဖွင့်ကြည့်လိုက်သော် ဖိတ်စာတွင်းမှ အကြောင်းအရာများကို မြင်လိုက်ရပြီး မျက်နှာအမူအရာက အနည်းငယ်ထူးဆန်းလို့သွား၏။
လင်ကျိုးပြည်နယ်မှ ရွှယ်မိသားစု၏ ဘိုးဘေးဟာ နှစ်ပေါင်းများစွာ သီးသန့်ဂူအောင်း ကျင့်ကြံခဲ့ပြီးနောက် အောင်မြင်စွာ ပြန်လည်ထွက်ပေါ်လာပြီး ကျင့်ကြံဆင့်မှာလည်း အထွဋ်အထိပ်သို့တက်ရောက်ခြင်းအဆင့်မှ ဘေးဒုက္ခကျော်လွှားခြင်းအဆင့်ထိ တက်ရောက်ချိုးဖျက်နိုင်ခဲ့ပြီး အရှေ့ပိုင်းစီရင်စုတစ်ခုလုံးအား ကိုင်လှုပ်နိုင်ခဲ့သည်ဟု ဖော်ပြထားသည်။
ရွှယ်မိသားစုဟာလည်း လွန်စွာပျော်ရွှင်ဝမ်းမြောက်လှသောကြောင့် ကျင့်ကြံရေးလောကတစ်ခုလုံးဆီသို့ အထူးဖိတ်ကြားလွှာများ ထုတ်ပြန်ပို့လွှတ်စေပြီးပြီး နာမည်ကြီးကျင့်ကြံသူများအား ၎င်းတို့၏ ဂုဏ်ပြုပွဲအခမ်းအနားတွင် ဝင်ရောက်ဆင်နွှဲဖို့ ဖိတ်ခေါ်ခဲ့ကြသည်။ အဓိပ္ပာယ်က ထင်ရှားနေပြီးသားပါပေ။ ထိုဘိုးဘေး၏ ဘေးဒုက္ခကျော်လွှားခြင်းအဆင့်ကို အသုံးချပြီး ရွှယ်မိသားစု၏ သြဇာအာဏာကို မြှင့်တင်ချင်သောကြောင့်သာဖြစ်၏။
အားလုံးပဲ သိကြတဲ့အတိုင်း အထွဋ်အထိပ်သို့ တက်ရောက်ခြင်းအဆင့်ကို ထိပ်သီးကျင့်ကြံသူအရှင်လို့ ခေါ်ဆိုကြပေမဲ့ ဘေးဒုက္ခကျော်လွှားခြင်းအဆင့်ကို ရောက်သွားရင်တော့ ဂုဏ်ပုဒ်ဟာ မသေမျိုးအရိပ် ဖြစ်သွားပါပြီ!
မသေမျိုးဆိုသည့် စကားလုံးနှင့် ဆက်စပ်လာပြီဖြစ်သော ကျင့်ကြံဆင့်ဆိုသည်မှာ ဘယ်လောက်အင်အားကြီးလေမလဲ အထူးဖော်ပြစရာကို မလိုပေ။
အဘယ့်ကြောင့်ဆိုသော် နောက်တစ်ဆင့်သာ ထပ်တက်သွားလျှင် ဒဏ္ဍာရီလာ စစ်မှန်သောမသေမျိုးအဆင့်သာ ရှိတော့ပေသည်။
ပုထုဇဥ်လူသားတို့ လားလားမှမယှဥ်နိုင်သော၊ တစ်လောကလုံး၏ ဖူးမြော်ကိုးကွယ်ရာ စစ်မှန်သော မသေမျိုး၊ ကျင့်ကြံခြင်းလောက၏ ထိပ်ဆုံးတွင် ရပ်တည်နေသော နတ်ဘုရားအရှင်သခင်၊ မရေတွက်နိုင်သော ကျင့်ကြံသူများ၏ နောက်ဆုံးသောရည်မှန်းချက်ပန်းတိုင်ပင်ဖြစ်သည်။
ယဲ့ကျွင်းလင်သည် မေးစေ့ကို ပွတ်သပ်၍ စဥ်းစားလို်ကကာ စိတ်ဝင်တစားဖြင့်ပြောလာသည်။ "ဒီအချိန်မှာ ရွှယ်ထျန်းဂိုဏ်း ကို ပွဲတော်မှာ ပါဝင်ဖို့ ဖိတ်ကြားတာက သူတို့ဘိုးဘေးရဲ့ ဂုဏ်သတင်းကို တည်ထောင်ဖို့ တခြားထင်ပေါ်တဲ့အင်အားစုတွေကို အနီးကပ်ခေါ်ယူခြိမ်းခြောက်ချင်ပုံရတယ်"
မသေမျိုးအရိပ်တဲ့လား? အဲ့လောက် အထင်ကြီးစရာ ကောင်းနေတာလား?
အဲ့ဒီမသေမျိုးအရိပ်ကို ဒီအရှင်က မိနစ်ပိုင်းအတွင်း ရိုက်စားလုပ်ပြလိုက်လို့တောင် ရသေးတယ်!
【တင်၊ ကျပန်း မစ်ရှင်အသစ်တစ်ခု စတင်ပါပြီ။ ပိုင်ရှင်ဟာ စီးတော်ယာဥ် အသစ်ကို ရွှယ်မိသားစုရဲ့ ဂုဏ်ပြုပွဲတော်သို့ ခေါ်ဆောင်သွားပြီး ပရိသတ်ကို အထူးတလည် တုန်လှုပ်အံ့သြစေမယ်ဆိုရင် အထူးဆုလာဘ်ကို ရရှိနိုင်ပါမယ်ရှင်!】
စနစ်ထံမှ အချက်ပေးသံ မြည်လာသည်။
"စနစ်၊ မင်းရဲ့ မစ်ရှင်က အချိန်ကိုက်ပဲ၊ ငါ့ရဲ့ ကြွားဝါချင်တဲ့ နှလုံးသားလေးက ပွဲတော်ကိုသွားဖို့ အရမ်းစိတ်အားထက်သန်နေပြီ" ယဲ့ကျွင်းလင် လူယုတ်မာပြုံး ပြုံးလိုက်သည်။
အသစ်ရထားတဲ့စီးတော်ယာဥ်လေးကို အပြင်ထွက်မကြွားဘဲထားလို့ရမလား? နှမြောစရာကြီးလေ။
"ဆရာ၊ ကျွန်တော်တို့ သွားကြမှာလား?" ပုရှောင်ရှီးက မေးလာသည်။
"ငါတို့ အခုပဲ ထွက်ကြစို့!"
ယဲ့ကျွင်းလင်စိတ်ထဲမှ တိတ်တဆိတ် ပြောလိုက်သည်။ "စနစ်၊ ငါ့ရဲ့အဖိုးတန်စီးတော်ယာဥ် ခွင်းဖန်း ကို ချက်ချင်း ဆင့်ခေါ်လိုက်!"
【တင်၊ ပိုင်ရှင်အတွက် ဆင့်ခေါ်နေပါပြီ!】
ဟုန်း…
အဆုံးမရှိသော ကောင်းကင်ဘုံ၏ အနက်ရှိုင်းဆုံးအရပ်၌ ကြောက်မက်ဖွယ်ကောင်းပြီး ခမ်းနားထည်ဝါသော ဖိအားတစ်ခု လွှမ်းခြုံလာပြီး တောက်ပသော အလင်းရောင်မှာ နဂါးငွေ့တန်းတစ်ခုကို ချိတ်ဆွဲထားသကဲ့သို့ မျက်စိဖမ်းစားနိုင်လှ၏။ ဧရာမသတ္တဝါကြီးတစ်ကောင်သည် တိမ်တိုက်များထဲမှ ဖြည်းညှင်းစွာ ပျံသန်းထွက်ပေါ်လာပြီး ၎င်း၏ မီတာတစ်သောင်းမျှ ကျယ်ဝန်းသော ကိုယ်ထည်ကြီးကို ပြသလိုက်လေသည်။
ကောင်းကင်ကိုးထပ်ရဲ့အထက် ဝေဟင်ပေါ်က တိမ်တိုက်တွေကြားမှာ ရေကူးသလို ကူးခတ်ပျံသန်းနေတဲ့ ဧရာမသတ္တဝါကြီးတစ်ကောင်ဖြစ်ပြီး ပင်လယ်နက်ပိုင်းတွင်နေထိုင်သော ဝေလငါးနှင့် ပုံသဏ္ဍာန်တူကာ နဂါးတောင်ပံကဲ့သို့ တောင်ပံကြီးနှစ်ဖက်က တစ်ဖက်တစ်ချက်တွင် ပါဝင်သေးလေသည်။
ပတ်ဝန်းကျင် မိုင်တစ်ရာပတ်လည်ရှိ ဝိညာဉ်စွမ်းအင်များမှာ ချက်ချင်း ရှုပ်ထွေးပွေလီလို့သွားပြီး အဟုန်ကြီးသော လေပြင်း၏ရိုက်ခတ်မှုမှာ ကောင်းကင်နှင့်မြေကြီးကို တသိမ့်သိမ့်တုန်စေသည်အထိ။
ဘုန်း!
ရွှယ်ထျန်းဂိုဏ်းတစ်ခုလုံးသည်လည်း ပြင်းထန်စွာ တစ်ချက်လှုပ်ယမ်းခံလိုက်ရသည့်နှယ်။
မွေးမြူထားသော ဝိညာဉ်သားရဲအားလုံးမှာ မြေပြင်ပေါ်တွင် လဲလျောင်းဝပ်ဆင်းနေကြပြီး မကြုံစဖူးသော ဖိနှိပ်ချုပ်ကိုင်မှုကြီးကို ခံစားနေရသောကြောင့် ကြောက်လန့်တုန်လှုပ်လို့နေကာ ဆီးထွက်ကျသူကကျ၊ မစင်စွန့်မိသူက စွန့်မိဖြင့် ပွက်လောရိုက်လျက်သာရှိတော့၏။
မရေမတွက်နိုင်သော ဂိုဏ်းသားတပည့်များနှင့် အကြီးအကဲများသည် ကြီးမားပြီး အဆုံးမရှိရှည်လျား ဒဏ္ဍာရီလာသတ္တဝါကြီးကို ကြောက်လန့်တကြားဖြင့် မော့ကြည့်နေကြပြီး သူတို့၏ ခန္ဓာကိုယ်များမှာ ရေခဲခန်းထဲပစ်ချခံလိုက်ရသကဲ့သို့ အေးစက်တောင့်ခဲလျက်သာ ရှိကြလေသည်။
"ဘာဖြစ်နေတာလဲ? ဂိုဏ်းကို မကောင်းဆိုးဝါးသားရဲကြီး လာတိုက်ခိုက်နေတာလား?!"
အော်ဟစ်သံများ ဟိုဟိုဒီဒီ ဆူညံစွာကြားနေရပြီး နေရာတိုင်းတွင် ထိတ်လန့်ကြောက်ရွံ့မှုများဖြင့် တစ်ဂိုဏ်းလုံး ဂနာမငြိမ်လှုပ်ရွလျက်။
ဝှစ် ဝှစ် ဝှစ်~
ရှယိုနျန် နှင့် အခြားတောင်ထိပ်သခင်များသည် တောင်ထွတ်အသီးသီးမှ လျှပ်တစ်ပြက် ထွက်လာပြီး ကြီးမားသော သားရဲကြီးကို ဝိုင်းကြည့်ကာ မျက်လုံးပြူးမျက်ဆံပြူးဖြင့် အလွန်အံ့အားသင့်သွားကြပုံပေါက်လေသည်။
"ဂိုဏ်းချုပ်၊ ဒီကောင်ကြီးက အထွဋ်အထိပ်သို့ တက်ရောက်ခြင်းအဆင့်ရှိတဲ့အဆင့်မြင့်သားရဲကြီး ပဲ!"
"သူကဘာလို့ ဒီကို ရောက်လာတာလဲ? ယွီဟွားဂိုဏ်း က စေလွှတ်လိုက်တာများလား?"
"အရေးအကြီးဆုံးက ဂိုဏ်းရဲ့ကာကွယ်ရေးအစီအရင် စတင်ဖို့ပဲ!"
"မြန်မြန်၊ မြန်မြန် ကာကွယ်ရေးအစီအရင် စတင်ကြ!"
ရှယိုနျန် က စိုးရိမ်တကြီး အော်ဟစ်အမိန့်ပေးလိုက်သည်။
ဘုန်း!!
ကွယ်ဝှက်ထားသော ရွှယ်ထျန်းဂိုဏ်း၏ကာကွယ်ရေးအစီအရင် စတင်လည်ပတ်လာပြီး မရေမတွက်နိုင်သော ရောင်ဝါစက်ဝန်းကြီးများထွက်ပေါ်လာကာ ကောင်းကင်တွင် လွင့်မျောနေသော ကြယ်များကဲ့သို့ ထင်ယောင်ထင်မှားဖြစ်စေ၏။
ရောင်ဝါစက်ဝန်းများ ရစ်ပတ်ကာ ဝန်းရံလိုက်ကြပြီး ခန့်မှန်းတွက်ချက်မရနိုင်သော နတ်ဘုရားစွမ်းအားများကို ပုံဖော်လိုက်ကြကာ ကြယ်မြေပုံတစ်ခုကို ဖန်တီးလိုက်ပြီး ချဉ်းကပ်လာသော ဧရာမ သားရဲကြီး ကို ခုခံရန် အသင့်စောင့်ဆိုင်းနေကြတော့သည်။