← Chapters

ဆရာယဲ့ကတော့ မွှေပြန်ပြီဟေ့

Vol. 5 Ch. 63

ဆရာယဲ့ကတော့ မွှေပြန်ပြီဟေ့

Vol. 5 Ch. 63

ယဲ့ကျွင်းလင်၏ လွန်ခဲ့သောရက်ပိုင်းလောက်က ပြုပြင်ပြောင်းလဲမှုများကြောင့် ရွှယ်ထျန်းဂိုဏ်း၏ ကာကွယ်ရေးအစီအရင်သည် ပိုမိုတိုးတက်မြင့်မားလာခဲ့ကာ သာမန် အထွဋ်အထိပ်သို့တက်ရောက်ခြင်းအဆင့် သတ္တဝါများ၏ တိုက်ခိုက်မှုများကိုပင် ပိတ်ဆို့နိုင်လောက်ပေသည်။

သို့သော် ယခုအချိန်တွင် ထိုကြောက်မက်ဖွယ်ကောင်းသော သားရဲကြီး၏ ရှေ့မှောက်၌ သူတို့၏အဆင့်မြင့်ကာကွယ်ရေးအစီအရင်မှာ မျက်စိဖြင့်ပင် မြင်နိုင်လောက်အောင် တုန်ယင်ခါယမ်းလို့နေပြီး တစ်ဖက်သားရဲ၏ဖိအားကို ခံနိုင်ရည်ရှိသည့်ဟန်မပေါ်!

"အား! သားရဲကြီးလာနေပြီ!" ထိုမြင်ကွင်းကို မြင်တော့ ပုရှောင်ရှီး၏ကြွက်မျက်နှာလေးမှာ ကြောက်လန့်တုန်လှုပ်သွားရကာ ခေါင်းကိုလက်နှင့်အုပ်၍ မြေပြင်ပေါ်မှာ ထိုင်ချလိုက်တော့လေသည်။

"ဒါ ဒါ ဖြစ်နိုင်တာက…" ဟုန်ချန်ယဲ့ မယုံနိုင်စွာသောခံစားချက်ဖြင့် အသက်ရှူသံတွေ မြန်ဆန်လာသည်။ ထိုဧရာမသားရဲကြီးကို အဝေးမှကြည့်ရုံဖြင့်ပင် သူအလွယ်အတူ မှတ်မိနိုင်ပါပေသည်။

ဒါဟာ ဒဏ္ဍာရီလာ အင်အားအကြီးဆုံး ရှေးဟောင်းနတ်သားရဲတွေထဲက တစ်ကောင်ဖြစ်တဲ့ ခွင်းဖန်း ပဲ!

စီးတော်ယာဥ်အသစ်စက်စက်ကိုကြည့်ရင်း ယဲ့ကျွင်းလင်၏ မျက်လုံးများ တလက်လက် တောက်ပသွားပြီး ကျေနပ်စွာ ခေါင်းတစ်ချက်ဆတ်လိုက်သည်။

ဒီခွင်းဖန်းဟာ အရွယ်ရောက်စ မျိုးဆက်ငယ် အဆင့်မှာပဲ ရှိနေသေးတာတောင် ဒီလောက် ကြောက်မက်ဖွယ်ကောင်းတဲ့ စွမ်းအားကို ပိုင်ဆိုင်ထားနှင့်နေပြီ။ အရင်စစ်ပွဲတုန်းက ထိပ်သီးကျင့်ကြံသူအရှင် ဆယ့်ရှစ်ဦးသည်ပင် ထိုသားရဲထံမှ အလွယ်တကူဆုတ်ဖြဲခံရနိုင်လောက်ပေ၏။ ဒီ့ထက်သာ အကောင်ပိုကြီးလာလျှင် မည်မျှအင်အားကြီးမားလိုက်ပေမည်နည်းဟု ယဲ့ကျွင်းလင်တွက်ဆကြည့်နေမိသည်။

ထိုအချိန်တွင် ဟုန်ချန်ယဲ့သည် နောက်သို့ နှစ်လှမ်းဆုတ်လိုက်ပြီး အခြေအနေမကောင်းပါက အမြန်ပြေးရန် အနေအထားဖြင့် အသင့်ရပ်နေသည်။

ဒါ နောက်စရာမဟုတ်နေဘူး!

ဒီကျင့်ကြံဆင့်နဲ့ ရှေးဟောင်း နတ်သားရဲကြီး ရုတ်တရက် ခုန်ဆင်းလာပြီး ဒီဂိုဏ်းကို တိုက်ခိုက်ရင် သူပါတစ်ပါတည်း သေသွားပေလိမ့်မည်။

ဟုန်ချန်ယဲ့သည် အ‌ရှေ့မှဆံဖြူလူငယ်ကို တစ်ဖန် ပြန်ကြည့်ကာ စိတ်ထဲတွင် တိတ်တဆိတ် ပြစ်တင်လိုက်သည်။ "ကြည့်လေ၊ ဒါ မင်းအတွက် ကောင်းကင်ဘုံရဲ့အပြစ်ဒဏ်ပဲ!"

ယဲ့ကျွင်းလင်တစ်ယောက် ခွင်းဖန်းကို တိုက်ခိုက်နိုင်မည်ဟု သူမထင်ပါ။ နှစ်ဖက်စလုံး အထွဋ်အထိပ်သို့ တက်ရောက်ခြင်းအဆင့်တွင် ရှိနေသော်လည်း အင်အားအကြီးဆုံး ရှေးဟောင်း နတ်သားရဲတစ်ကောင်အနေဖြင့် ၎င်း၏ တိုက်ခိုက်နိုင်စွမ်းသည် လျှော့တွက်စရာမဟုတ်ပေ။

လူတိုင်း ထိတ်လန့်တကြားဖြစ်နေနေချိန်တွင် ယဲ့ကျွင်းလင်သည် မြေပြင်မှထကာ သက်တံရောင်အလင်းတန်းတစ်ခုကဲ့သို့ ဝှစ်ခနဲပင် ကောင်းကင်သို့ အလျင်အမြန် ပြေးတက်သွားသည်။

"ကြည့်စမ်း၊ တောင်ထိပ်သခင်ယဲ့ တိုက်ခိုက်တော့မယ်!"

တပည့်တစ်ယောက်က အံ့အားသင့်စွာ အော်ဟစ်လိုက်သည်။

"ဆရာတူညီလေးယဲ့၊ ဂရုစိုက်!" ရှယိုနျန် နှင့် အခြားသူများက စိုးရိမ်တကြီး အော်ဟစ်လာကြသည်။

ယခုအချိန်တွင် ထိုသားရဲကြီးကို တိုက်ခိုက်နိုင်မည့် တစ်ဦးတည်းသောသူမှာ မြူခိုးတောင်ထိပ်သခင်၊ ရွှယ်ထျန်းဂိုဏ်း၏ ဂုဏ်ယူဝင့်ကြွားစရာပုဂ္ဂိုလင် အရှင်သခင်ယဲ့သာဖြစ်၏။

သို့သော် ထင်မှတ်မထားစွာပင် ယဲ့ကျွင်းလင်သည် လက်ကိုဝှေ့ယမ်း၍ ဂိုဏ်း၏ကာကွယ်ရေးအစီအရင်စက်ဝန်းကြီးကို ဖယ်ရှားလိုက်ကာ ခွင်းဖန်း ရောက်လာသည်အထိ မလှုပ်မယှက် စောင့်ဆိုင်းနေတော့လေသည်။

ခွင်းဖန်း သည် ကောင်းကင်တွင် လှည့်ပတ်ပျံသန်းနေပြီး သက်ရှိသတ္တဝါအားလုံးကို ဖိနှိပ်နိုင်သော နတ်ဘုရင်တစ်ပါး၏ အရှိန်အဝါကို ထုတ်လွှတ်နေသည်။ ယဲ့ကျွင်းလင် ပေါ်လာသည်ကို မြင်ပြီးနောက် ၎င်း၏ အရှိန်သည် ရုတ်တရက် လျင်မြန်လာပြီး ကြောက်မက်ဖွယ်ကောင်းသော လေဟုန်လှိုင်းများဖြင့် ဝန်းရံကာ တဟုန်ထိုး ပြေးဝင်လာသည်။

ဝှစ် ဝှစ် ဝှစ်~

ခွင်းဖန်းသည် ယဲ့ကျွင်းလင်အနားသို့ တဖြည်းဖြည်း နီးကပ်လာသည်ကို မြင်သောအခါ လူအများအပြား စိုးရိမ်တကြီးဖြင့် မျက်နှာပျက်သွားကြရလေသည်။

"ဒင်း တော်တော်သေချင်နေတာလား…" ဟုန်ချန်ယဲ့ အံ့အားသင့်သွားပြီး တီးတိုးရေရွတ်လိုက်သည်။

နောက်တစ်စက္ကန့်အကြာတွင်...

သူ့ဘဝသက်တမ်းတစ်လျှောက်မှာမှာ ဘယ်တော့မှ မေ့နိုင်တော့မည် မဟုတ်သော မြင်ကွင်းတစ်ခုကို မြင်လိုက်ရလေသည်။ ဟုန်ချန်ယဲ့မှာ မျက်လုံးများကိုမှေးကျဥ်းသည်အထိ သေချာစိုက်ကြည့်လိုက်ပြီးမှ ထိတ်လန့်တုန်လှုပ်စွာဖြင့် အာမေဋိတ်ပြုမိရတော့၏။ "ဒါ ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ!?"

မရေမတွက်နိုင်သော အံ့သြတကြီး မျက်လုံးများအောက်တွင် ရန်လိုစွာ ရောက်ရှိလာသော ခွင်းဖန်းကြီး သည် ယခုအချိန်တွင်တော့ ရက်စက်ကြမ်းကြုတ်မှုဟူ၍ တစ်စွန်းတစ်စမှ မရှိတော့ပါ။ ၎င်းသည် နူးညံ့သိမ်မွေ့သော ကြောင်ပေါက်လေးတစ်ကောင်ကဲ့သို့ ယဲ့ကျွင်းလင်ကို ဦးခေါင်းဖြင့် ညင်သာစွာ ပွတ်သပ်လို့နေသည်။

၎င်း၏ အပြုအမူသည် အလွန်ရင်းနှီးကျွမ်းဝင်လျက်ပြီး ဧရာမအရွယ်အစားကြီးနှင့် မကိုက်ညီစွာ အလွန်ချင်စရာကောင်းလှပေ၏။

"လိမ္မာတဲ့ကောင်ကလေး၊ ဒီကနေစပြီး မင်း ငါ့နောက်ကိုလိုက်ရတော့မယ်နော်" ယဲ့ကျွင်းလင်က အပြုံးတစ်ခုဖြင့် လက်ကိုဆန့်ကာ ခွင်းဖန်းကို အသာပွတ်သပ်ပေးလိုက်သည်။

ခွင်းဖန်းသည် သခင်ဖြစ်သူ၏ကြင်နာမှုကြောင့် စိတ်လှုပ်ရှားစွာဖြင့် ကိုယ်ကိုလှုပ်ခါပြီး အော်ဟစ်သံကြီးတစ်ခု ထွက်ပေါ်လာကာ အလွန်ပျော်ရွှင်ပြီး တက်ကြွနေပုံလည်းရသည်။

ရွှယ်ထျန်းဂိုဏ်တစ်ခုလုံးမှာတော့ တိတ်ဆိတ်လျက်။

မရေမတွက်နိုင်သော လူများသည် မျက်နှာမဲ့မဲ့ဖြင့် မေးရိုးပြုတ်တော့မတတ် ပါးစပ်အဟောင်းသားဖြစ်လျက်ရှိကြသည်။

မင်းမေကြီးတော်!

ဘာတွေဖြစ်နေတာလဲ?!

"ငါ မျက်စိအမြင်မှားနေတာတော့ မဟုတ်ဘူးမလား? တောင်ထိပ်သခင်ယဲ့က လက်တစ်ချက်ဝှေ့ယမ်းရုံနဲ့ အဲ့ကောင်ကြီးကိုဖိနှိပ်လိုက်နိုင်တာလား?" မယုံနိုင်စွာဖြင့် ပြူးကြည့်လျက်ရှိသော ဂိုဏ်းသားများက ကြောက်ရွံ့လေးစားစွာဖြင့် ရေရွတ်လာကြသည်။

"ဂိုဏ်းချုပ်၊ အဲ့ဒီ သားရဲကြီး က ဆရာတူညီလေးယဲ့ ကို သိနေပုံရတယ်နော်?" ဓားဝှက်တောင်ထိပ်သခင်က အံ့အားသင့်စွာ မေးလာသည်။။

"အား!"

အော်သံတစ်ခု ထွက်ပေါ်လာသောကြောင့် သူတို့အားလုံး တစ်ယောက်ပြီးတစ်ယောက် လှည့်ကြည့်လိုက်ကြသည်။ "ဆရာတူညီမလေးချိုက် ၊ မင်း ဘာဖြစ်နေတာလဲ?!"

ကောင်းကင်မွှေးရနံ့ တောင်ထိပ်သခင်မက သူမ၏ ပြည့်တင်းတဲ့ ရင်အစုံကို အုပ်ကိုင်ရင်း ဧရာမ သားရဲကြီးကို မျက်လုံးလှလှလေးများဖြင့် တအံ့တသြမော့ကြည့်လို့နေလေသည်။

"အားလုံးပဲ၊ ဒီ သားရဲကြီးက ကျွန်မ အရင်ကမြင်ဖူးတဲ့ ရှေးဟောင်းစာအုပ်တစ်ခုရဲ့ နတ်သားရဲမှတ်တမ်းထဲကခွင်းဖန်းလို့ခေါ်တဲ့ နတ်သားရဲကြီးနဲ့ အရမ်းတူတာပဲ"

ခွင်းဖန်းတဲ့!

ရှေးဟောင်း နတ်သားရဲတဲ့!

ထိုနာမည်နှစ်ခုကို ကြားလိုက်ရသော် သူတို့အားလုံး ရင်ဘတ်လိုက်ဖိကြရတော့၏။

"အခု ဆရာတူညီမလေးချိုက် ပြောတော့မှ ငါလည်း မှတ်မိလာပြီ၊ ဒါပေမဲ့ စာအုပ်ထဲက ဖော်ပြချက်အရ အရွယ်ရောက်ပြီးတဲ့ ခွင်းဖန်းက အရမ်းကြီးမားပြီး အဆုံးမရှိတဲ့ ကိုယ်ထည်ကြီးကိုပိုင်ဆိုင်တယ်၊ ဂြိုလ်တွေကိုတောင် မျိုချနိုင်တယ်တဲ့၊ ကောင်းကင်ယံအဆင့်ဆင့်နဲ့ လောကအပေါင်းကို ပျံသန်းသွားလာနိုင်ပြီး စွမ်းအားကလည်း အကန့်အသတ်မရှိဘူးတဲ့၊ ဒါပေမဲ့ ဒီ ခွင်းဖန်းက ဒဏ္ဍာရီမှတ်တမ်းတွေထဲကပုံစံနဲ့ အရမ်းကွာခြားနေတယ်"

ရှယိုနျန် က တံတွေးတစ်ချက်မျိုချလိုက်ပြီး ထပ်ပေါင်းပြောသည်။ "ငါထင်တာတော့ ဒီခွင်းဖန်းက မျိုးဆက်ငယ် အဆင့်မှာပဲ ရှိသေးလို့ဖြစ်မယ်!"

"ဟင်!!"

လူတိုင်း အာမေဋိတ်ပြုလိုက်မိကြသည်။

ဒီလို ရှားပါးတဲ့ ရှေးဟောင်းနတ်သားရဲကြီးက ရွှယ်ထျန်းဂိုဏ်းရဲ့ကောင်းကင်ထက်မှာ ဝုန်းခနဲပေါ်လာပြီး တောင်ထိပ်သခင်ယဲ့ကိုလည်း ဘဝအဆက်ဆက်ကသိကျွမ်းလာသလို နာခံရိုကျိုးပြနေသေးတယ်။

တဆိတ်လောက် ဒါဘာအခြေအနေကြီးလဲ?!

All Chapters