လင်ကျိုးသို့ အလည်တစ်ခေါက်
Vol. 5 Ch. 65
လင်ကျိုးပြည်နယ်တွင်...
ကောင်းကင်ယံထက်၌ တိမ်တိုက်များ ရွေ့လျားလျက်ရှိ၏။
ရုတ်တရက် အရွယ်အစား အမျိုးမျိုးရှိသော ကျွန်းငယ်များ ပျံဝဲထွက်ပေါ်လာပြီး ၎င်းတို့ပေါ်တွင် လူနေအိမ်များက အပြည့်ပင်။ ထိုပျံဝဲနေသော ကျွန်းများကြားတွင် နက်နဲခိုင်မာပြီး အေးမြသော သံကြိုးများဖြင့် တစ်ခုချင်းစီ ချိတ်ဆက်ချည်နှောင်ထားလေသည်။
အလယ်ဗဟိုတွင် ဧရိယာကျယ်ဝန်းသော ဧရာမကျွန်းပျံကြီးတစ်ခုရှိပြီး ကျန်ကျွန်းငယ်များမှာ လမင်းကို ကြယ်စင်များဖြင့် ဝန်းရံထားသကဲ့သို့ ပါရှိလာခြင်းပင်။
ဤပျံဝဲနေသော ကျွန်းများပေါ်ရှိ ဝိညာဉ်စွမ်းအင်သည် အလွန်နက်နဲထူးခြားလှကာ အဆောက်အဦအားလုံးမှာ ခမ်းနားထည်ဝါပြီး အံ့မခန်းဖွယ်ကောင်းလှပေ၏။
အနီးကပ်ကြည့်လျှင် ထိုနေရာများကို မီးပုံးများ၊ အလှဆင်ပစ္စည်းများဖြင့် တန်ဆာဆင်ထားပြီး နေရာတိုင်းမှာ ပျော်ရွှင်တက်ကြွဖွယ် ပွဲတော်အငွေ့အသက်ဖြင့် ပြည့်ဝနေသည်ကို တွေ့ရပေမည်။
ဟုတ်ပါတယ်။ ဒါက ရွှယ်မိသားစုရဲ့ နယ်မြေပါပဲ!
ပျံဝဲနေသော ထိုကျွန်းအားလုံးမှာ ရွှယ်မိသားစု၏ပိုင်ဆိုင်မှုများဖြစ်ပြီး သားစဥ်မြေးဆက် ဆွေမျိုးသားချင်းများ အတူတကွစုစည်းလျက် နေထိုင်လာခြင်းပင်။
အကြီးဆုံးသော ကျွန်းပျံကြီးကတော့ ရွှယ်မိသားစု၏ အဓိကအိမ်တော်ကြီး တည်ရှိရာဖြစ်သည်။ ထိုကျွန်းထက် နေထိုင်ခွင့်ရသော အဆက်အနွယ်များမှာ မိသားစုမှတိုက်ရိုက်ဆင်းသက်လာသော သွေးအနီးဆုံးဆွေမျိုးများဖြစ်လေ၏။
ဒါပေမဲ့ ဒီနေ့ကတော့ ပုံမှန်နှင့်မတူပေ။ ရွှယ်မိသားစု၏ ဘိုးဘေးက သီးသန့်ကျင့်ကြံခြင်းမှ ကျင့်ကြံဆင့်ကို အောင်အောင်မြင်မြင် ချိုးဖျက်တက်ရောက်နိုင်ခဲ့သောကြောင့် ရွှယ်မိသားစုဟာ အထူးတလည်ကျင်းပသည့် ဂုဏ်ပြုအောင်ပွဲကြီးမှာ မိသားစုအဆက်အနွယ်အားလုံးကို အဓိကကျွန်းမကြီးပေါ်တွင် တက်ရောက်ပျော်ပါးခွင့်ပေးထားလေသည်။
ဝှစ် ဝှစ် ဝှစ်~
ကောင်းကင်ယံထက်တွင်..
အရောင်အမျိုးမျိုးရှိသော အလင်းတန်းပေါင်းများစွာဟာ လေဟာနယ်ကိုဖြတ်သန်းကာ ခမ်းနားထည်ဝါသော ကျွန်းပျံကြီးထံ ဦးတည်ဆိုက်ရောက်လာကြလေသည်။
မတူညီသော ကိုယ်စားပြုဝတ်စုံများဖြင့် အမျိုးသားနှင့် အမျိုးသမီး ကျင့်ကြံသူများဟာ သင်္ဘောပျံများကိုအသုံးပြု၍ဖြစ်စေ၊ မိမိကိုယ်ပိုင်ဓားပျံဖြင့်ဖြစ်စေ၊ သို့မဟုတ် သားရဲများကို စီးနင်းပျံသန်း၍ဖြစ်စေ ပွဲတော်ကို လာရောက်ဂုဏ်ပြုကြလေသည်။ အရှေ့ပိုင်းစီရင်စုတစ်ခုလုံးမှ မိသားစုအသီးသီး ဂိုဏ်းအသီးသီးတို့၏ ဖိတ်ကြားခံကိုယ်စားပြုများပင်။
ရွှယ်မိသားစု၏ဘိုးဘေးမှ မသေမျိုးအရိပ်ကျင့်ကြံဆင့်သို့ တက်လှမ်းနိုင်သွားပြီ ဆိုသည့်အချက်မှာ ရွှယ်မိသားစု၏အဆင့်အတန်း မိသားစုဝင်များ၏ အရေးပါအရာရောက်မှုပါ အလုံးစုံ ပိုမိုတိုးတက်ကျော်ကြားလာသည် ဟူသော အဓိပ္ပာယ်ပင်။
လင်ကျိုးပြည်နယ်၏ နံပါတ်တစ် ကျင့်ကြံခြင်းမိသားစုဆိုသည့် ဂုဏ်ပုဒ်ကို ပိုင်ဆိုင်ထားပြီးသား ရွှယ်မိသားစု၏အခြေမှာ ယခုပိုမိုခိုင်မာတောင့်တင်းလာပေတော့၏။
စိတ်ထဲကသာ ဘယ်လိုပဲသဘောထားနေပါစေ အပြင်မှာတော့ အဓိကအင်အားစုအားလုံးဟာ ရွှယ်မိသားစုကို မျက်နှာသာပေးဖားလျားနေရပြီး ကြီးထွားသည်ထက် ကြီးထွားလာနေသော အရှိန်အဝါကြောင့် စော်ကားပြုမူဖို့မဝံ့ရဲကြချေ။
ရွှယ်မိသားစု၏ အဓိကစံအိမ်တော်တွင်။
အဆုံးမရှိ လာရောက်နေကြသော ဧည့်သည်များကြောင့် တိုးဝှေ့နေသောလူအုပ်ကြီးမှာ လျော့ကျသွားသည်ဟူ၍မရှိ။
"ဂုဏ်ပြုပါတယ် ဂုဏ်ပြုပါတယ်ခင်ဗျာ၊ ရွှယ်မိသားစုက မသေမျိုးအရိပ် တစ်ပါးကို မွေးထုတ်ပေးနိုင်ခဲ့ပြီပဲ၊ နောက်လာမယ့် နှစ်ပေါင်း သုံးသိန်းလုံးလုံး ရွှယ်မိသားစုဟာ မသေမျိုးအရိပ်ရဲ့ ကာကွယ်မှုအောက်မှာ လုံခြုံနွေးထွေးနေရတော့မှာပါပဲ၊ တကယ်ကို မနာလိုအားကျမိပါတယ်ခင်ဗျာ!" ဂိုဏ်းတစ်ခု၏ အကြီးအကဲတစ်ဦးက လက်သီးဆုပ်အရိုအသေပြုလျက် ဂုဏ်ပြုစကားပြောကြားလာလေသည်။
"ဟော အကြီးအကဲကလည်းဗျာ၊ အဲ့လိုရမ်းပြောလို့ဘယ်ဖြစ်မလဲ၊ ဘိုးဘေးကအခုတော့ မသေမျိုးအရိပ်တစ်ပါးဖြစ်နေတုန်းဆိုပေမယ့် နောင်အနာဂတ်မှာ မသေမျိုးအဆင့်အထိ တက်လှမ်းသွားနိုင်တယ်လေ၊ နှစ်ပေါင်းသန်းချီရှင်သန်နိုင်တဲ့တည်ရှိမှုကိုရောက်ဖို့ လက်တစ်ကမ်းပဲလိုတော့တာမဟုတ်လား? သခင်လေးရွှယ်၊ ကျွန်တော်ပြောတာ မမှန်ပေဘူးလားဗျာ?"
မင်းဆက်တစ်ခုမှ မင်းသားတစ်ပါးက ကြားမှမျက်နှာလုပ်မြှောက်ပင့်လာသည်။
"သခင်လေးရွှယ်က ရွှယ်မိသားစု တိုက်ရိုက်မျိုးဆက် အကြီးဆုံးမြေးတော်ပဲ၊ သူ့ရဲ့ အဆင့်အတန်းက အခုဆို ပိုတောင်မြင့်မားလာပြီ မဟုတ်ဘူးလား? လင်ကျိုးပြည်နယ်မှာတင် မဟုတ်ဘူး၊ အရှေ့ပိုင်းစီရင်စုတစ်ခုလုံးကိုတောင် သူလမ်းပတ်လျှောက်ချင်ရင် ကော်ဇောနီခင်းပေးထားကြလောက်မယ်!" နာမည်ကြီး ဓားသမားတစ်ယောက်က ဝိုင်ခွက်ကို မြှောက်လိုက်ပြီး မျက်နှာမှာ အပြုံးတွေဝေဆာလျက် ချီးကျူးမြှောက်ပင့်လိုက်ပြန်၏။
"ဟုတ်ပါ့ဗျာ ဟုတ်ပါ့၊ နောင်လည်း ကျွန်တော်တို့ကို ကူညီစောင့်ရှောက်ပေးပါဦး!"
ဧည့်သည်အပေါင်းက ဝိုင်ခွက်များကိုကိုင်မြှောက်ကာ ချီးကျူးဂုဏ်ပြုလိုက်ကြသည်။
"ဟုတ်ပါပြီဗျာ ဟုတ်ပါပြီ!"
ပိုးထည်ဝတ်စုံနှင့် သခင်လေးရွှယ်၏ မျက်နှာထားမှာ မကောင်းဆိုးဝါးဆန်သော အသွင်အပြင်ရှိပြီး ကျေနပ်အားရနေသော အပြုံးတစ်ခုကို ချိတ်ဆွဲကာ ယပ်တောင်တဖျတ်ဖျတ်ဖြင့် တရွေ့ရွေ့လမ်းပတ်လျှောက်လျက်ရှိလေသည်။
ရွှေပွဲလာဧည့်ပရိတ်သတ်အပေါင်းမှာ အရှေ့ပိုင်းစီရင်စု၏ နာမည်ကြီးဂုဏ်သရေတင့် ကျင့်ကြံသူများသာဖြစ်ပြီး သူတို့နှုတ်ဖျားမှထွက်ကျလာသော စကားချိုချိုတို့က ရွှယ်ထျန်းယိကို အလွန်အမင်း စိတ်ကျေနပ်စေသည်။
"ဒါနဲ့ ရွှယ်မိသားစုက ရွှယ်ထျန်းဂိုဏ်းကိုရော ဖိတ်ကြားလွှာ ပို့လိုက်သေးလားခင်ဗျ?" ရုတ်တရက် ဧည့်သည်တစ်ယောက်က ထမေးလိုက်သည်။
ရုတ်တရက် ဆူညံနေသောပတ်ဝန်းကျင်မှာ တိကျလို့သွားရ၏။
ဘေးပတ်ပတ်လည်မှ ဧည့်သည်အပေါင်းဟာလည်း သိချင်စိတ်ပြင်းပြစွာဖြင့် ရွှယ်ထျန်းယိကို စူးစိုက်ကြည့်လျက်ရှိကြလေသည်။
ဟွမ်ကျိုးပြည်နယ် တိုက်ပွဲအပြီးကတည်းက ရွှယ်ထျန်းဂိုဏ်းဟာ အရှေ့ပိုင်းစီရင်စုတစ်ခုလုံးမှာ အကျော်ကြားဆုံးသော လူပြောအများဆုံးသော နာမည်တစ်ခု ဖြစ်လာခဲ့ပေသည်။
ထောက်လှမ်းရေးသတင်းအမှားတွေကြောင့် ယွီဟွားဂိုဏ်းလို အဆင့်မြင့်မသေမျိုးဂိုဏ်းတောင် မျှော်လင့်မထားသော တိုက်ပွဲရလဒ်မှ အကြီးအကျယ်ဆုံးရှုံးခဲ့ရသည် ဟူ၏။ သန်းနှင့်ချီသော ဂိုဏ်းသားကျင့်ကြံသူအပေါင်း တိုက်ပွဲကျခဲ့ရပြီး အတွင်းဂိုဏ်းအကြီးအကဲများစွာကိုလည်း ဆုံးရှုံးခဲ့ရပေသည်။
ယဲ့ကျွင်းလင်ကို ထိပ်သီးကျင့်ကြံသူအရှင်တစ်ပါးဖြစ်လိမ့်မည်ဟု မည်သူမှထင်မထားခဲ့ပါ။
ရွှယ်ထျန်းဂိုဏ်းကလူများသာ ဤပွဲတော်ကို လာရောက်ဂုဏ်ပြုပေးခဲ့မည်ဆိုလျှင် ပွဲတော်၏အရေးပါမှုနှင့် ကျော်ကြားမှုသည်ကား ဟုန်းဟုန်းတောက်တိုးမြင့်သွားမှာ အသေအချာပင်။
ရွှယ်ထျန်းယိ စိတ်လှုပ်ရှားစွာဖြင့် မျက်တောင်တဖျတ်ဖျတ်ခတ်ကာ အပြုံးတစ်ခုဖြင့်ပြန်ဖြေလိုက်သည်။ "ဟုတ်ပါတယ်၊ ဒါပေမယ့် ရွှယ်ထျန်းဂိုဏ်း လူလွှတ်ဖို့အထိရော ရဲပါ့မလားမသိပါဘူး၊ ကြားတောင်မကြားဖူးတဲ့လူတစ်ယောက်ယောက်ကိုလွှတ်လိုက်ပြီး ရွှယ်မိသားစုကိုအရူးလုပ်ဖို့ကြံရင်တော့ ကျုပ်တို့ဘက်က တံခါးတောင်ဖွင့်ပေးနိုင်မှာမဟုတ်ပါဘူး"
"ယဲ့ကျွင်းလင် ကိုယ်တိုင် လာခဲ့ရင်ရော ဘယ်လိုလုပ်မလဲ?" ဧည့်သည်တစ်ယောက်က အော်မေးလိုက်သည်။
ထိုနာမည်ကို ကြားသော် ရွှယ်ထျန်းယိသည် အနက်ရောင်ဝတ်ရုံနှင့် ပုံရိပ်ကို ပြန်လည်မြင်ယောင်မိသွားပြီး နဖူးမှ ဇောချွေးအနည်းငယ် စီးကျလာသော်ငြား မာနထောင်လွှားသော အသွင်အပြင်ကို ဆက်လက်ထိန်းသိမ်းထားကာ ယပ်တောင်လေးကို ငြင်သာစွာခါလိုက်ရင်း ပေါ့ပေါ့ပါးပါးဟန်ဖြင့်ဆိုလေသည်။ "ဟဲဟဲ၊ ဒါဆိုလည်း လာပါစေပေါ့ဗျာ၊ အဲ့ဒီတောသားကို လင်ကျိုးပြည်နယ်ရဲ့ အခြေတောင့်တဲ့မိသားစုကြီးတစ်ခုဆိုတာ ဘယ်လိုပုံစံမှန်း မြင်ဖူးတယ်ရှိအောင်ပြလိုက်ရသေးတာပေ့ါ"