စောက်ရှက်တော့ကွဲပြီ!
Vol. 5 Ch. 66
"သခင်လေးရွှယ်ကတော့ သြဇာတိက္ကမနဲ့ ပြည့်စုံနေတာပါပဲ!"
ထိုစကားကို ကြားတော့ လူတိုင်းက စိတ်လှုပ်ရှားစွာဖြင့် လက်မထောင်ပြလျက် ချီးကျူးကြပြန်သည်။
ဧည့်သည်တစ်ဦးက သူ့ကို မြှောက်ပင့်လာသည်။"ယဲ့ကျွင်းလင်က ထိပ်သီးကျင့်ကြံသူအရှင် တစ်ပါးဖြစ်ပေမဲ့ ကျွန်တော်တို့ သခင်လေးရွှယ်ကို မြင်တဲ့အခါမှာတော့ ရိုရိုကျိုးကျိုးနဲ့လာပြီး အရက်ခွက် မြှောက်ပေးရမှာပဲမဟုတ်လား! နောက်ဆုံးတော့လည်း သခင်လေးရွှယ်ရဲ့ ဘိုးဘေးက မသေမျိုးအရိပ် တစ်ပါးပဲလေ! ဘယ်လောက်ပဲ အင်အားကြီးတဲ့ ထိပ်သီးကျင့်ကြံသူအရှင် ဖြစ်ပါစေ မသေမျိုးအရိပ်နဲ့တော့ ယှဉ်နိုင်ပါဦးမလား?"
"ဟားဟားဟား၊ မှန်တာပေါ့ကွာ!"
စံအိမ်တော်တွင်းမှာ ရယ်သံများ ပွက်လောရိုက်ဆူညံသွား၏။
လူတိုင်း၏ ချီးမွမ်းမြှောက်ပင့်ခြင်းကို ခံယူနေရသည်အတွက် ရွှယ်ထျန်းယိဟာ ကောင်းကင်ပေါ်သို့ လွင့်မျောတက်တော့မလို ပီတိဖြာသွားရပြီး ကျေနပ်မှုအပြည့်ဖြင့် တိတ်တိတ်လေးတွေးနေလိုက်သည်။ "ယဲ့ကျွင်းလင်၊ မင်းနာမည်ကြီးတာ ဘာသုံးစားရမှာလဲ? မင်းဟာမင်း နဂါးဖြစ်နေရင်တောင် ငါ့ရှေ့မှာဆိုရင်တော့ ဦးချိုးပြီးခွေခေါက်နေရမှာပဲ!"
အရှေ့ပိုင်းစီရင်စု လင်ကျိုးပြည်နယ်၏ နံပါတ်တစ် လူပေါ်ကြော့တစ်ဦးအနေဖြင့် သူကနည်းနည်းတော့ထူးခြားသည်ဆိုရမည်။ တခြားသခင်လေးတွေက ဖခင်ဖြစ်သူကို ကျောထောက်နောက်ခံအဖြစ် အားကိုးဖို့ တိတ်တိတ်လေးကြိုးစားနေကြပေမဲ့ ရွှယ်ထျန်းယိကတော့ ဖခင်တောင်မဟုတ်၊ ဘိုးဘေးအပေါ် တိုက်ရိုက်အားကိုးမာန်တက်နေနိုင်သည်လေ။
ထိုအချိန်တွင် အိမ်တော်အပြင်ဘက်မှ ကြောက်လန့်တကြား အော်ဟစ်သံများ ထွက်ပေါ်လာသည် "ဘုရားရေ! ဒါ ဘာကြီးလဲ?!"
ဟုန်း…
ကောင်းကင်ထင်တွင် ဘုရင်တစ်ပါး၏ ပုလ္လင်ထက်မှသြဇာအငွေ့အသက်လိုမျိုး ခမ်းနားထည်ဝါလှသည့် အရှိန်အဝါကြီးဟာ လှိုင်းလုံးကြီးတစ်ခုလို ပျံ့နှံ့သွားပြီး ရွှယ်မိသားစုပိုင် ကျွန်းပျံအစုအဝေးကြီးတစ်ခုလုံးကိုပါ လွှမ်းခြုံအုပ်မိုးသွားလေ၏။
အထူးသဖြင့် ဘေးပတ်ပတ်လည်မှ ကျွန်းပျံငယ်လေးများဟာ သာမန်မျက်စိဖြင့်ပင် သိသိသာသာမြင်နိုင်သည့် အရှိန်ဖြင့် တုန်ခါလှုပ်ယမ်းနေကြတော့သည်။
မရေမတွက်နိုင်သော နေထိုင်သူ ရွှယ်အဆက်အနွယ်အပေါင်းတို့ဟာ ကြောက်လန့်တကြားဖြင့် မျက်လုံးပြူးမျက်ဆံပြူးသာ ကြည့်နေနိုင်ရှာသည်။
ကြောက်လန့်တုန်လှုပ်စိတ်ဖြင့် ပြူးကျယ်နေသော မျက်လုံးအစုံစုံထဲတွင် အံ့အားတသင့်ဖြင့် တဖျတ်ဖျတ်တောက်ပနေမှုများကိုလည်း မြင်နိုင်ပေသည်။
ကျယ်ပြောလှသော တိမ်တိုက်ပင်လယ်ပြင်ကြီး၏ မျက်နှာပြင်ထက်တွင် မီတာတစ်သောင်းမျှရှည်လျားသော ဧရာမသတ္တဝါကြီးတစ်ကောင် ပျံသန်းထွက်ပေါ်လာပြီး ပင်လယ်နက်ထဲမှ ဝေလငါးကြီးကို အတောင်တပ်ထားပေးသည့်သဏ္ဍာန်ပင်။ သတ္တဝါကြီးဟာ အတောင်ပံတွေကို ဖြည်းညှင်းစွာ ရိုက်ခတ်ပျံသန်းလာပြီး အဆုံးမရှိသော စွမ်းအင်စီးကြောင်းများကို ထုတ်လွှတ်လို့နေလေသည်။
အနီးအနားမှာရှိနေသော ခမ်းနားထည်ဝါလှပါသည့် ရတနာစီခြယ်သင်္ဘောပျံများနှင့် လေပျံလေးများမှာလည်း ဘေးသို့ကွင်းဝိုက်ရှောင်ဖယ်ပေးရုံသာ တတ်နိုင်ကြတော့၏။ ထိုယာဥ်များပေါ်မှ ကျင့်ကြံသူတွေဟာ အံ့သြတုန်လှုပ်စွာဖြင့်သာ သတ္တဝါကြီးကို ငေးကြောင်ကြည့်နေကြလေသည်။
"ဒါ ဘယ်လို နတ်ဆိုးသားရဲမျိုးလဲ? ငါ ထိပ်သီးကျင့်ကြံသူအရှင်တစ်ပါးရဲ့ အရှိန်အဝါကို ခံစားမိနေတယ်!" တစ်ယောက်က ကြောက်ရွံ့စွာဖြင့် ခပ်တုန်တုန်ထုတ်ပြေလိုက်သည်။
သူတို့ကြားတွင် လင်းယုန်ငှက်တစ်ကောင်၏ ကျောပြင်ပေါ်မှာ ထိုင်လျက်ရှိသော အစိမ်းရောင်ဝတ်ရုံနဲ့ အဘိုးအိုတစ်ယောက်က ဧရာမသတ္တဝါကြီးကို မြင်သော် လျှပ်စီးလက်ခံလိုက်ရသလို တုန်လှုပ်သွားပြီး အာမေဋိတ်ပြုလိုက်မိသည်။ "ဒါ ဒါ ခွင်းဖန်းပဲကွ!"
"ခွင်းဖန်းလား? ငါကြားဖူးတယ်၊ ဟိုးအတိတ်ကာလတွေကတည်းက မျိုးတုံးပျောက်ကွယ်သွားတာ ကြာလှပြီဖြစ်တဲ့ ဒဏ္ဍာရီလာ ရှေးဟောင်းနတ်သားရဲမျိုးပဲ!" သတ္တဝါကြီး၏ ဇစ်မြစ်ကို ခန့်မှန်းမိလိုက်သော ကျင့်ကြံသူအပေါင်းမှာ ပို၍ပင် အံ့သြမင်သက်သွားရ၏။
ရွှယ်မိသားစုက ကြီးကျယ်ခမ်းနားတဲ့ ဂုဏ်ပြုပွဲတော်တစ်ခု ကျင်းပနေချိန်မှာ ခွင်းဖန်းလိုနတ်သားရဲကြီးက ကောင်းကင်ယံမှာထွက်ပေါ်လာတာဟာ မင်္ဂလာရှိတဲ့ နိမိတ်ကောင်းတစ်ခုများလား?
"ခဏလေး၊ သေချာကြည့်ကြစမ်း၊ သူ့ကျောပေါ်မှာ နန်းဆောင်တစ်ခု ရှိနေတယ်! ဒီ ခွင်းဖန်း မှာ ပိုင်ရှင်ရှိတယ်ဟ!"
တစ်ယောက်က အော်ပြောလိုက်သည်။
ချက်ချင်းဆိုသလို အံ့သြအထင်ကြီးစွာ သက်ပြင်းရှိုက်သံများ နေရာအနှံ့မှ ထွက်ပေါ်လာသည်။
ခွင်းဖန်းကိုတောင် စီးတော်ယာဥ်အဖြစ် အသုံးပြုတဲ့ကျင့်ကြံသူဟာ ဘယ်လောက်တောင်အင်အားကြီးမားတဲ့ အရှင်သခင်မျိုးလဲ?!
အရှေ့ပိုင်းစီရင်စုတစ်ခုလုံးမှာ ဒီလိုကြောက်စရာကောင်းလောက်အောင် သြဇာကြီးတဲ့လူမျိုး ရှိရောရှိပါ့မလား?
အဲ့ဒီနောက်မှာတော့ ကြောက်မက်ဖွယ်အရှိန်အဝါတစ်ခုကို သယ်ဆောင်ထားသည့် ခွင်းဖန်းသည် လူအများ၏အာမေဋိတ်သံများကြားတွင် ရွှယ်မိသားစု၏အဓိကစံအိမ်တော်ကြီးထံသို့ ဦးတည်ထိုးဆင်းလာတော့လေ၏။
ကျွန်းပေါ်က ရွှယ်မိသားစုဝင်တွေဟာ အမျိုးသား၊ အမျိုးသမီး၊ သက်ကြီးရွယ်အိုနှင့် ကလေးသူငယ်များပါမကျန် သတ္တဝါကြီးကိုကြည့်လျက် ကြောက်ဒူးတုန်စွာ တုတ်တုတ်ပင်မလှုပ်နိုင်ခဲ့ကြ။
"သခင်လေးရွှယ်၊ မြန်မြန်ကြည့်စမ်းပါဦး၊ အင်အားကြီးတဲ့ ပုဂ္ဂိုလ်တစ်ပါးက ခွင်းဖန်း ကို စီးပြီး ပွဲတော်ကို လာတက်ရောက်နေတယ်!"
"အိုး ဘုရားရေ၊ အဆင့်မြင့်နတ်သားရဲကြီးကို စီးတော်ယာဥ်အဖြစ် စီးနင်းလာနိုင်တယ်ဆိုတဲ့ အရှိန်အဝါကြီးက အရမ်း အရမ်း အရမ်းကို မိုက်တာပဲ!!!"
"အဲ့ဒီလူက ဘယ်သူများလဲနော်၊ မဟုတ်မှ ရွှယ်မိသားစုဘိုးဘေးနဲ့ တစ်ခုခုဆက်နွယ်နေတဲ့ မိတ်ဆွေများလား?"
ဧည့်သည်အပေါင်းမှာ မပြီးနိုင်မစီးနိုင် ခန့်မှန်းလို့နေကြသည်။
ရွှယ်ထျန်းယိရဲ့ မျက်နှာထားက တစ်ချက်မဲ့သွားပြီး ရုတ်တရက် အကြံတစ်ခုရလိုက်ကာ ချောင်းဟန့်လိုက်ပြီးဆိုသည်။ "ဟုတ်ပါတယ်၊ ဒီဧည့်သည်က ကျွန်တော့်မိသားစုရဲ့ ဘိုးဘေးနဲ့ ဆက်နွယ်မှု ရှိခဲ့ဖူးပါတယ်၊ ကျွန်တော်မွေးခါစတုန်းက သူကိုယ်တိုင်အထူးတလည်ရောက်ရှိလာခဲ့ပြီး ကျွန်တော့်ကို မွေးစားသားအဖြစ် တောင်းယူခဲ့သေးတယ်လို့ အဖေတို့အမေတို့ပြောခဲ့ဖူးတယ်၊ ဒါပေမဲ့ ဒီကမ်းလှမ်းချက်က အရမ်းကြီးမြတ်လွန်းတယ်လို့ ခံစားရတဲ့အတွက် သူ့တို့က ငြင်းပယ်ခဲ့ကြတာတဲ့ဗျာ၊ အခု ပြန်စဉ်းစားကြည့်တော့ တကယ်ကို စိတ်လှုပ်ရှားစရာပါပဲ…"
ရွှယ်ထျန်းယိသည် နောက်ကြောင်းပြန်ပြောဆိုနေရင်း ခွင်းဖန်းရှိရာဘက်သို့ လှမ်းမျှော်ကြည့်လိုက်ကာ မျက်လုံးများတွင် အတိတ်ကို ပြန်ပြောင်းသတိရနေဟန် ခပ်ဆွေးဆွေးအရိပ်အယောင်များ ပေါ်လွင်လာလေသည်။
"ဪ အဲ့လိုအတိတ်မျိုး ရှိခဲ့တာကိုး!"
စိတ်ဝင်တစားဖြင့် နားထောင်ပြီးကြသော် လူတိုင်း၏မျက်နှာမှာ သိသိသာသာပြောင်းလဲသွားကြပြီး ရွှယ်မိသားစုအပေါ် တိုးလို့လေးစားကိုးကွယ်မိကြတော့၏။
ခွင်းဖန်းကို စီးတော်ယာဥ် အဖြစ် အသုံးပြုတဲ့ ဒီလိုအင်အားကြီးတဲ့ ပုဂ္ဂိုလ်မြတ်က နောက်ကွယ်မှာ ရွှယ်မိသားစုနဲ့ ဆက်နွယ်မှုရှိနေပြီး ရွှယ်ထျန်းယိကို ငယ်စဥ်တုန်းက သူ့ရဲ့မွေးစားသားအဖြစ် ခေါ်ယူချင်ခဲ့သေးတယ်တဲ့။
ရွှယ်မိသားစုရဲ့ အင်အားက တကယ်ကို ကြောက်စရာကောင်းလိုက်တာနော်!
"ဝေးလံခေါင်သီတဲ့နယ်မြေကနေ ရွှယ်မိသားစုပွဲတော်ကို တက်ရောက်ဖို့ ကြွမြန်းလာတဲ့ အသင်မိတ်ဆွေက ဘယ်လိုပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်ပါလဲ မေးမြန်းခွင့်ပြုပါ၊ ဒီလိုခင်မင်အလေးထားမှုကို ကျွန်တော့်ဘက်ကလည်း ကျေးဇူးတင်ရပါတယ်ခင်ဗျာ!"