← Chapters

ငါလေ ဆရာကြီးယဲ့

Vol. 5 Ch. 67

ငါလေ ဆရာကြီးယဲ့

Vol. 5 Ch. 67

ရုတ်တရက် စည်ဝေသာယာလှသည့် ခေါင်းလောင်းသံလို လေးနက်ကျယ်‌လောင်သော စကားသံတစ်သံက ရွှယ်မိသားစုကျွန်းကြီးထံမှ ထွက်ပေါ်လာပြီး လူတိုင်း၏နားစည်ကို ရှင်းလင်းပြတ်သားစွာ ရိုက်ခတ်လာလေသည်။

ဝှစ်

အရပ်ရှည်ရှည်နှင့် သတ်လတ်ပိုင်းအရွယ် လူရွယ်တစ်ဦး လျှပ်တစ်ပြက် ပေါ်ထွက်လာပြီး ခါးအထိရှည်လျားကျဆင်းနေသော ခရမ်းရောင်ဆံပင်များက လေပြင်းနှင့်အတူ လွင့်မျောနေသည်။ ထိုသူ၏မျက်လုံးအစုံမှာ ပင်လယ်ပြင်လို နက်ရှိုင်းမှောင်မိုက်ပြီး တစ်ကိုယ်လုံးတွင် ခန့်မှန်းတွက်ဆလို့မရနိုင်လောက်အောင် အင်အားကြီးသည့် အရှိန်အဝါဟန်ပန်များဖြင့် ပြည့်နှက်ကြွယ်ဝနေပေသည်။

ထိုသူသည် ဝေဟင်ထက်တွင် လက်နှစ်ဖက်ကိုအနောက်သို့ပစ်ကာ ရပ်တည်လို့နေပြီး ကောင်းကင်နှင့် မြေကြီးသည်ပင် ၎င်း၏ ကျယ်ပြန့်သောအာဏာစက်အောက်တွင် ကျရောက်နေသကဲ့သို့ ထင်မှတ်ရ၏။

ရွှယ်မိသားစုဝင်အားလုံးသည် ထိုသူကို မြင်ပြီးနောက် လက်သီးဆုပ်လျက်ဦးညွှတ်ပြီး ပြိုင်တူအရိုအသေပြုလိုက်ကြသည်။ "ဘိုးဘေးကို ဦးညွှတ်ပါတယ်!"

ဟုတ်ပါတယ်။

အဲ့ဒီလူက ရွှယ်မိသားစုရဲ့ ဘိုးဘေး၊ မကြာသေးခင်ကမှ ချိုးဖျက်တက်လှမ်းလာတဲ့ ဘေးဒုက္ခကျော်လွှားခြင်းအဆင့် မသေမျိုးအရိပ် အရှင်သခင်တစ်ဦးပါပဲ!

မသေမျိုးအရိပ်များဆိုသည်မှာ ကောင်းကင်ကိုပင် ဖြိုခွင်းရိုက်ချနိုင်သော စွမ်းအားအဟုန်ကို ပိုင်ဆိုင်ကြပြီး ထိပ်သီးကျင့်ကြံသူအရှင်သခင် အယောက်ပေါင်းများစွာ စုပေါင်းရင်ဆိုင်လျှင်တောင်မှ ယှဉ်နိုင်စွမ်းမရှိပေ!

ရွှယ်မိသားစု ဤမျှကြီးကျယ်ခမ်းနားသော ပွဲတော်ကြီးကိုကျင်းပပြီး ဂုဏ်ဝင့်ကြွားဝါနိုင်နေသည့်အကြောင်းရင်းမှာလည်း ဤသို့အရည်အချင်းဖြင့် ပြည့်စုံကုံလုံလှသော ပါရမီရှင်ဘိုးဘေးကြောင့်သာပင်။

ယခုအချိန်တွင် ဝင်ရောက်လာသောခွင်းဖန်း၏အရှိန်အဝါက လွန်စွာခန့်ထည်ကြီးမားလှသောကြောင့် ထိုကြီးမြတ်သောဘိုးဘေးဖြစ်သူ၏အာရုံကို တိုက်ရိုက်ဆွဲဆောင်နိုင်လိုက်ခြင်းပင်။

မည်သို့ အင်အားကြီးမားလှပါသော ပုဂ္ဂိုလ်မြတ်မျိုးက ဤမျှလောက် ခမ်းနားထည်ဝါသည့် စီးတော်ယာဥ်မျိုးနှင့် ဟိုဟိုသည်သည် ခရီးသွားနေနိုင်ပါသနည်းဟု သူတိတ်တဆိတ် တွေးနေခဲ့မိသည်။

မရေမတွက်နိုင်သော မျက်လုံးများ၏ အကြည့်အောက်တွင် ခွင်းဖန်းသည် ဖြည်းညှင်းစွာ အနိမ့်ပိုင်းသို့ ဆင်းသက်လာပြီး ၎င်း၏ကျောပေါ်ရှိ နန်းဆောင်တွင်းမှ ပုံရိပ်သုံးခု ထွက်ပေါ်လာသည်။

"ရွှယ်ထျန်းဂိုဏ်းရဲ့ ယဲ့ကျွင်းလင်ပါခင်ဗျာ!"

ရုတ်တရက် ရှင်းလင်းပြတ်သားသော အသံတစ်ခု ထွက်ပေါ်လာသည်။ ပြောသူမှာ ရွှေထည်ပန်းထိုးထားသော အနက်ရောင်ဝတ်ရုံကိုဆင်မြန်းပြီး ငွေရောင်ဖြူဖွေးသော ဆံပင်ရှည်တို့ ခါးလယ်ထက်ဝဲကျလို့နေသည့် ချောမောသပ်ရပ်သော လူငယ်တစ်ဦးဖြစ်သည်။

ယဲ့ကျွင်းလင်သည် လက်နှစ်ဖက်ကို အနောက်သို့ပစ်လျက် တည်ငြိမ်စွာ လျှောက်လှမ်းလာသည်။

ဘုန်း!

ထိုတစ်ခဏတွင်..

ကျွန်းစုကြီးတစ်ခုလုံး ကျွက်ကျွက်ညံသည်အထိ အုတ်အော်သောင်းနင်း ဖြစ်သွားရတော့၏။

သစ်ပင်တစ်ပင်ဟာ အခက်အလက် အကိုင်းအရွက် စည်ပင်ဝေဆာတဲ့အခါ သူ့ဘေးပတ်လည်ကို သိပ်သည်းတဲ့အရိပ်နဲ့ လွှမ်းမိုးထားနိုင်သလိုပါပဲ။ လူတစ်ယောက်ရဲ့နာမည်ဟာလည်း ဆိုးသတင်းနဲ့ဖြစ်စေ၊ ကောင်းသတင်းနဲ့ဖြစ်စေ၊ ကျော်ကြားသွားပြီဆိုရင် သူလွှမ်းမိုးထားတဲ့အရိပ်ဟာလည်း သက်ရောက်မှုအတိုင်းအတာတစ်ခုတော့ ရှိနေမှာပါ။

အရှေ့ပိုင်းစီရင်စုတစ်ခုလုံးကို ရိုက်ခတ်လှုပ်ခါသွားပါစေသည့် ထိုဟွမ်ကျိုးပြည်နယ်တိုက်ပွဲအား ဦးဆောင်အနိုင်ယူခဲ့သူမှာ ယခု သူတို့ရှေ့မှောက်တွင်ရပ်တည်လျက်ရှိသော ပုဂ္ဂိုလ်ပင်။

အဲ့ဒီလို နာမည်ကျော်ပုဂ္ဂိုလ်က လူကိုယ်တိုင် ကိုယ်ထင်ပြလာရုံသာမက ခွင်းဖန်းနတ်သားရဲကိုလည်း စီးနင်းတက်ရောက်လာတယ်ဆိုတော့ကာ ရွှယ်မိသားစုရဲ့ ဟိတ်ဟန်ကတော့ လုယူခံလိုက်ရတာပါပဲ။

"အပြင်လောကမှာ ရွှယ်ထျန်းဂိုဏ်းဟာ ရှေးဟောင်းအမွေအနှစ်ဂိုဏ်းတစ်ခုလို့ ပြောနေကြတာ၊ အရင်ကတော့ ကျွန်တော်နည်းနည်း သံသယရှိခဲ့ပေမဲ့ အခုတော့ တကယ်ယုံကြည်သွားပါပြီ၊ ခွင်းဖန်းတွေကိုတောင် စီးတော်ယာဥ်အဖြစ် အသုံးပြုနေနိုင်တယ်ဆိုတော့ ဂိုဏ်းရဲ့အခြေခံအုတ်မြစ်က အတော်လေးခိုင်မာတောင့်တင်းတာပဲ!"

တစ်ယောက်က မနေနိုင်ဘဲ ထုတ်ဖော်ချီးကျူးလိုက်သည်။

ဒါ ဒါ ဒါ…" အံ့အားသင့်ဆုံးလူကတော့ အသေအချာကြီဂကို ရွှယ်ထျန်းယိပါပေ။ ယဲ့ကျွင်းလင်တစ်ယောက် ခွင်းဖန်း၏ကျောပြင်ထက်မှ ဆင်းသက်ထွက်ပေါ်လာတာကို မြင်လိုက်ရသော် လေလုံးထွားထားသော‌ ရွှယ်သခင်လေးမှာတော့ ခေါင်းနားပန်းကြီးသွားရလေပြီ။

သူ့နှလုံးသား၏ အတွင်းပိုင်းအနက်နဲဆုံး တစ်နေရာမှ မကြုံစဖူး ရှက်ရွံ့မှုနှင့် ဒေါသတွေ ပေါက်ကွဲထွက်လာတော့သည်။

သူ အခုလေးတင်ပဲ အဲ့ဒီ အင်အားကြီးတဲ့ ပုဂ္ဂိုလ်နဲ့ သူ့ရဲ့ ဆက်ဆံရေးကို အလွန်လေးနက်ပြီး ခံစားချက်အပြည့်ပါတဲ့ စကားလုံးတွေနဲ့ ဖန်တီးပြောဆိုခဲ့တာလေ။

အဲ့ဒီလူက ယဲ့ကျွင်းလင် ဖြစ်လိမ့်မယ်လို့ ဘယ်သူကထင်မိမှာလဲ?!

"သခင်လေးရွှယ် ခုနကပြောတာကတော့...." ဧည့်သည်အများမှာ ထူးထူးဆန်းဆန်းမျက်နှာထားများဖြင့် ကြောင်အအဖြစ်သွားကြသည်။ အချို့ကတော့ ဝါးလုံးကွဲရယ်မချမိဖို့အရေး ပါးစပ်ကိုလက်ဖြင့်တင်းတင်းအုပ်လျက် ဇွတ်အတင်းထိန်းသိမ်းထားပါသော်လည်း တခွိခွိရယ်သံလေးများကိုတော့ ကြိုကြားကြိုကြား ကြားနေရပြန်လေသည်။

ရွှယ်ထျန်းယိ၏မျက်နှာမှာတော့ နီရဲတောက်လောင်လို့နေလေပြီ။ ဒါ ဘယ်လောက်တောင်ကြီးမားလိုက်တဲ့ အရှက်ကွဲမှုကြီးလဲ။

ခဏအကြာမှ သူအသက်ပြင်းပြင်း တစ်ချက်ရှူသွင်းလိုက်ပြီး အေးစက်စက်လေသံနှင့် ပြန်ဖာထေးလိုက်သည်။ "ဒီသခင်လေး ဘာများ ပြောခဲ့လို့လဲ? မင်းအားလုံးကို သေချာပြန်စဉ်းစားရင်ကောင်းမယ်!"

ဧည့်သည်များလည်း ခြိမ်းခြောက်သံပါသောစကားတွင် ရင်တုန်ပန်းတုန်ဖြစ်သွားရပြီး မြန်မြန် ခေါင်းခါငြင်းဆိုလိုက်ကြသည်။ "မဟုတ်ရပါဘူး မှားပြောမိတာဖြစ်မယ်! သခင်လေးရွှယ် ဘာမှ မပြောခဲ့ဘူးလေ! ကျွန်တော်တို့လည်း ဘာမှ မကြားလိုက်ဘူးရယ်!"

အပေါ်ယံမှာတော့ အဲ့လိုစကားရောဖောရောဆိုလိုက်ကြပေမဲ့ စိတ်ထဲကတော့ ဒီလိုကြိတ်ဆဲနေကြတာပေါ့။ "ခွေးကောင် အရှက်လည်းမရှိဘူး၊ တော်တော်အရည်ထူတာပဲ"

"ဟဲဟဲ"

ရွှယ်ထျန်းယိအရှက်ပြေရယ်မောလိုက်ပြီးမှ ယဲ့ကျွင်းလင်ထံသို့ ကောက်ကျစ်ယုတ်မာမှုအပြည့်ဖြင့် စိုက်ကြည့်လိုက်သည်။

ထိုအချိန်တွင် ရွှယ် မိသားစု၏ ဘိုးဘေးမှာတော့ တစ်ဖက်လူ၏နာမည်ကို ကြားလိုက်ရသောအခါ မသိစိတ်က တုန်လှုပ်သွားရပြီး မကြာသေးခင်က ကြားမိထားသည့် ကောလာဟလသတင်းများနှင့် ပေါင်းစပ်တွေးခေါ်လိုက်သော် သူ့အမြင်များ ခေတ္တဝေဝါးသွားရ၏။

ခွင်းဖန်းကိုတောင် စီးနင်းနိုင်တဲ့ ပုဂ္ဂိုလ်မျိုးက သူ့ထက်ကျင့်ကြံဆင့်နိမ့်ပြီး အသက်လည်းငယ်လိမ့်မယ်လို့ သူမထင်ခဲ့မိပါ။

ရွှယ်ထျန်းဂိုဏ်း၏ အရှိန်အဝါနှင့် ခွင်းဖန်း၏ မူလရင်းမြစ်ဖြစ်သော ဒဏ္ဍာရီလာနတ်သားရဲဟူသည် ဂုဏ်ပုဒ်ကိုသာ သူမကြောက်ရွံ့မိလျှင် ထိုစီးတော်ယာဥ်ကို သေချာပေါက် အပိုင်လုယူမိမှာပင်။

ဒဏ္ဍာရီသမိုင်းဝင် ရှေးဟောင်းနတ်သားရဲ အဆက်အနွယ်တစ်ပါးကို စီးတော်ယာဥ်အဖြစ် အသုံးပြုနိုင်မယ့် အခွင့်အရေးမျိုးပဲလေ။

စင်ကြယ်သန့်ရှင်းသော နတ်မျိုးနွယ်သွေးသားနှင့် ကြောက်မက်ဖွယ်အလားအလာတို့ ‌ပေါင်းစည်းထားသော လက်အောက်ခံ ကိုယ်ရံတော်တစ်ဖြစ်လဲ စီးတော်ယာဥ်...

ဘာပဲဖြစ်ဖြစ် တစ်ဖက်လူက ကိုယ်တိုင်အရောက်လာထားပြီဆိုမှတော့ သူလည်း လူကြီးလူကောင်းမျက်နှာလေးကိုထိန်းသိမ်းပြီး တစ်ဖက်ဂိုဏ်း၏ဇစ်မြစ်ကို အခွင့်အရေးရတုန်း ပိုလို့စပ်စုကြည့်ရမည်။

All Chapters