← Chapters

အခန်း (၆၈)

Vol. 5 Ch. 68

အခန်း (၆၈)

Vol. 5 Ch. 68

"ထိပ်သီးကျင့်ကြံသူအရှင်ယဲ့ကိုယ်တိုင် ကြွရောက်ချီးမြှင့်ပေးတာဟာ ကျွန်တော်တို့ရွှယ်မိသားစုအတွက်တော့ အမှန်ကို ဂုဏ်ယူစရာပါပဲ" သူလက်သီးဆုပ်လျက် ပြုံးရွှင်သောမျက်နှာဖြင့် အရိုအသေပြုကြိုဆိုလိုက်သည်။

မသေမျိုးအဆင့် အရှင်သခင်တစ်ပါးက ထိပ်သီးကျင့်ကြံသူအရှင်တစ်ပါးကို ဒီလိုရိုကျိုးတဲ့အမူအရာနဲ့ အရိုအသေပြုကြိုဆိုနေတာဟာ သိပ်တော့ယုတ္တိမရှိလှပေမဲ့ တစ်ဖက်လူရဲ့ဂုဏ်သတင်းနဲ့ အဆင့်အတန်းအရ သူဒီလောက်တော့ နှိမ့်ချ‌‌ပေးရမှာပါပဲ။

【တင်၊ မစ်ရှင်ပြီးမြောက်တဲ့အတွက် ပိုင်ရှင်ကို ဂုဏ်ပြုပါတယ်၊ မှော်စွမ်းအားတွေနဲ့ ကျင့်စဥ်အားလုံးရဲ့ အလိုအလျောက် ကျင့်ကြံဆင့်မြှင့်တင်ရေးကို အမြန်နှုန်း အဆငါးဆယ်အထိ ပိုပြီးတိုးမြှင့်ပေးလိုက်ပါတယ်ရှင့်!】

စနစ်၏အချက်ပေးသံ ချိုချိုမြူးမြူးလေး ထွက်ပေါ်လာသည်။

"မဆိုးပါဘူး စီးတော်ယာဥ်အကောင်းစားလေးရထားတာနဲ့တင် အရမ်းမိုက်နေပြီပဲ" ယဲ့ကျွင်းလင် တိတ်တိတ်လေး တွေးလိုက်သည်။

ထို့နောက် ရွှယ်ဘိုးဘေးကို ပြန်ကြည့်လိုက်ပြီး ယဥ်ကျေးစွာပြုံးကာ ဦးညွှတ်နှုတ်ဆက်လိုက်သည်။ "ညီတော်ယဲ့က ‌ဘေးဒုက္ခကျော်လွှားခြင်းကျင့်ကြံဆင့်ကို ချိုးဖျက်တက်ရောက်နိုင်တဲ့ လူကြီးမင်းအတွက် ရွှယ်ထျန်းဂိုဏ်းကိုယ်စား လာရောက်ဂုဏ်ပြုပေးခြင်းဖြစ်ပါတယ်"

ရွှယ်ဘိုးဘေးက ခေါင်းတစ်ချက်ဆတ်လိုက်ပြီး လက်ဟန်ပြလျက်ဖိတ်ခေါ်သည်။ "ကြွပါ"

ထို့နောက် ယဲ့ကျွင်းလင်နှင့် နောက်လိုက်တပည့်လေးများသည် သက်တောင့်သက်သာဖြင့် ရွှယ်မိသားစု၏ စံအိမ်တော်ထဲသို့ ဝင်‌ရောက်သွားကြလေသည်။

ပတ်ဝန်းကျင်က ဧည့်သည်အများကတော့ ကြောက်ရွံ့လေးစားစွာဖြင့်သာ တစ်ယောက်ကိုတစ်ယောက် တီးတိုးပြောဆိုလျက်ရှိကြ၏။

"ဖူကျိုးက ကတုံးရဟန်းတွေကတော့ သူ့ကို ဆံဖြူနတ်ဆိုးကောင်လို့ ခေါ်ကြတာပဲ၊ ဒါပေမဲ့ ဒီနေ့ သူ့ကို မြင်လိုက်ရတော့ အရမ်းချောလွန်းလို့ ကောလာဟလတွေကြားရတုန်းကလောက် ကြောက်စရာကောင်းဘူးလို့တွေးမိတယ်!"

"ဟဲဟဲ၊ ဆံဖြူနတ်ဆိုးလို့ ခေါ်တာထက် ဆံဖြူလူသတ်နတ်ဘုရားလို့ ခေါ်တာ ပိုသင့်တော်မယ်လို့ ငါထင်တယ်၊ ဘာလို့လဲဆိုတော့ သူ့လက်ချက်နဲ့သေသွားတဲ့သူတွေ အရမ်းကိုများတာကော!"

"ဟဲ့ ကြည့်စမ်း၊ သူ့ဘေးက အနီရောင်ဝတ်ထားတဲ့ အမျိုးသမီးက ယဲ့ကျွင်းလင်ရဲ့ အကြီးဆုံး တပည့်မပဲ၊ အပြင်လောကမှာဆို သူ့ကို အနီရောင်နတ်သမီးလို့ ခေါ်ကြတယ်"

"ဟယ်၊ အရမ်းလှတာပဲ၊ တကယ်ကို အတုမရှိတဲ့ အလှနတ်ဘုရားမပဲ!"

…

ဧည့်သည်အများအပြား၏ အာရုံစူးစိုက်မှုဟာ အစပိုင်းမှာတော့ ယဲ့ကျွင်းလင်ထံ၌သာ ရှိခဲ့ကြပေမဲ့ နောက်ပိုင်းမှာတော့ ဟုန်ချန်ယဲ့ဆီကို ကူးပြောင်းသွားကြလေသည်။

ဟုန်ချန်ယဲ့ရဲ့ မျက်စိဖမ်းစားနိုင်လှတဲ့ အနီရောင်ဝတ်စုံ၊ သီးသန့်ဆန်ပြီး အေးစက်တဲ့ စိတ်နေစိတ်ထားနဲ့ အပြစ်အနာအဆာ ရှာမတွေ့နိုင်လောက်အောင် လှပလွန်းတဲ့ မျက်နှာလေးကို ဘယ်သူကလျစ်လျူရှုထားနိုင်ပါ့မလဲ?!

ပုရှောင်ရှီးကတော့ လူပြောခံရမှာ ကြောက်သည့်အတွက် ဒီတစ်ခါတော့ မျက်နှာဖုံးပါဦးထုပ်လေးကို အထူးတလည်ဆောင်းလို့ထားပြီး ကြွက်ခေါင်းတစ်ခုလုံးကို ဖုံးအုပ်ထားကာ သေးသွယ်သွယ်ကိုယ်လုံးလေးကိုပဲ ပေါ်လွင်စေလေသည်။

ယဲ့ကျွင်းလင်၏အနောက်တွင် ရို့ရို့လေးကပ်ပါလာသော ကိုယ်နေဟန်ထားကြောင့် တပည့်မထက် အနီးကပ်အစေခံလေးတစ်ယောက်နှင့်သာ ပိုတူပေတော့၏။

မျက်နှာဖုံးပါဦးထုပ်ဝိုင်း၏ ပိတ်သားပါးပါးလေးကနေတစ်ဆင့် ပုရှောင်ရှီး၏ ဝိုင်းစက်စက်မျက်လုံးလေးများဟာ ပတ်ဝန်းကျင်ကို လှည့်ပတ်စပ်စုလို့နေသည်။ ရှားပါးအသီးအနှံများနှင့် အရသာရှိ မုန့်မျိုးစုံကို တွေ့ရသည့်အခါ လက်သေးသေးလေးတွေ ဂနာမငြိမ်စွာ လှုပ်လှုပ်ရွရွဖြစ်လာပြီး အားတက်သရောပြောလာလေသည်။ "ဝိုး၊ ဒီမှာစားကောင်းတာတွေ အများကြီးပဲ! အစ်ကိုကြီးဟုန်၊ ကြည့်စမ်း ကြည့်စမ်း!"

ဟုန်ချန်ယဲ့ကတော့ ပေါတောတောကြွက်ကို ပြန်ပြောစရာစကားမရှိတာကြောင့် နှုတ်ခမ်းတစ်ချက်သာတွန့်ပြလိုက်သည်။

ယဲ့ကျွင်းလင်ကြားတော့ အသာပြုံးပြီး "ရှောင်ရှီး၊ စားချင်ရင် သွားစားလို့ရတယ်" ဟု ခွင့်ပေးလိုက်သည်။

"တကယ်လား? ဒါဆို ရှုရှုမညှာတော့ဘူးနော်!" ပုရှောင်ရှီး၏ မျက်လုံးလေးများ တောက်ပလင်းလက်သွားပြီး စိတ်လှုပ်ရှားစွာဖြင့် အစားအသောက်များထံ ပြေးသွားလေ‌တော့၏။

ထိုအချိန်တွင် ရွှယ်ထျန်းယီသည် မျက်လုံးများကို မှေးမှိတ်ကာ စဥ်းစားခန်းဝင်ရင်း နောက်ဆုံးတော့ သူ့မျက်နှာကို ပြန်လည်အဖတ်ဆယ်ရန် တိုက်စစ်ကိုစတင်ဖို့ ဆုံးဖြတ်လိုက်တော့သည်။

ထို့နောက် သူသည် လက်ထဲကယပ်တောင်ကို ခါယမ်းကာ ညင်သာစွာလျှောက်သွားပြီး နှုတ်ခမ်းထက်တွင် အပြုံးတစ်ခု ဆင်မြန်းလျက် သွားရောလိုက်သည်။ "ကိုကြီးယဲ့ ဘယ်လိုလဲ? ကျွန်တော်တို့နောက်ဆုံးတစ်ခေါက်တွေ့ပြီးကတည်းက အခုမှပြန်ဆုံရတော့တာပဲနော်၊ ကြားထဲအဆင်ပြေရဲ့လား?"

ယဲ့ကျွင်းလင် လှည့်ကြည့်လိုက်ကာ အူကြောင်ကြောင်အမူအရာဖြင့် ထိုသူကို အပေါ်အောက်စုန်ချည်ဆန်ချည်ကြည့်လျက် "ဒီအရူးက ဘယ်သူလဲ? ငါနဲ့ အရမ်းရင်းနှီးတဲ့သူလား?" ဟု တွေးမိလိုက်လေသည်။

All Chapters