လူသတ်သမား
Vol. 5 Ch. 70
"ဟာ!"
ဧည့်သည်အပေါင်းထံမှ အာမေဋိတ်သံများ ထွက်ကျလာသည်။
"သခင်လေးရွှယ် အရမ်းရူးသွပ်သွားပြီ မဟုတ်လား? သူ တကယ်ပဲ နတ်သမီးဟုန်ကို ဒူးထောက်နေတာပေ့ါ၊ အခုခေတ်ရည်းစားပိုးတဲ့ နောက်ဆုံးပေါ်နည်းလမ်းတွေကလည်း ထူးဆန်းလိုက်တာ" အမျိုးသမီး ကျင့်ကြံသူတစ်ယောက်က ပါးစပ်ကို အုပ်ပြီး အံ့အားသင့်စွာ ရေရွတ်လိုက်သည်။
အမှန်တော့ လူတိုင်းကလက်ညှိုးထိုးလျက် တီးတိုးကဲ့ရဲ့နေကြသည်ပင်။
ရွှယ်ထျန်းယိ အကုန်လုံးကို မကြားချင်ယောင်ဆောင်နေရလေသည်။ ထိုအချိန်တွင် သူ တစ်ကိုယ်လုံး ခိုက်ခိုက်တုန်ယင်နေပြီး ကြောက်မက်ဖွယ်ကောင်းလှသော ထင်ယောင်ထင်မှားမြင်ကွင်းထဲမှ ပြန်လည်ရုန်းထွက်နိုင်စွမ်း မရှိသေးချေ။
ဝေတေဝါးတား မြင်လိုက်ရသော ထိုအနီရောင်အရှင်သခင်၏ ပုံရိပ်ရှေ့မှောက်တွင် ဘိုးဘေးဖြစ်သူ မသေမျိုးအရိပ် အရှင်သခင်သည်ပင် ပုရွက်ဆိတ်လေးတမျှ သေးငယ်ပပျောက်သွားလိမ့်မည်ဟု ခံစားမိသည်အထိ။
"မင်း မိုက်မဲလိုက်တဲ့သား! မင်းက ရွှယ် မိသားစုရဲ့ မျက်နှာကို အိုးမဲသုတ်နေတာပဲ!" ရွှယ် မိသားစုခေါင်းဆောင်က မျက်နှာမည်းကြီးနှင့် အနားသို့လျှောက်လာပြီး ဆူပူလိုက်သည်။
ထိုအသံကျယ်ကြီးဟာ ကြောင်အနေသော ရွှယ်ထျန်းယိ၏နားထဲသို့ မိုးခြိမ်းသံလို ဝုန်းခနဲဝင်ရောက်သွားလေ၏။
ရွှယ်ထျန်းယိ ရုတ်တရက် သတိရလာပြီး တုန်ယင်စွာ ထရပ်လိုက်ကာ နှုတ်ခမ်းတွေ တလှုပ်လှုပ်တရွရွဖြင့် "အဖေ၊ ကျွန်တော်…"
ဖြန်း!
ကျယ်လောင်လှသော ပါးရိုက်သံပေ။
ရွှယ်ထျန်းယိ၏ ပါးတစ်ခြမ်း ရောင်ကိုင်းသွားပြီး နာကျင်မှုက မီးစဖြင့်တို့သလို ပူလောင်လှ၏။
"ရှက်စရာကောင်းလိုက်တဲ့ ကောင်!" ရွှယ် မိသားစုခေါင်းဆောင်က ဒေါသတကြီး ထပ်မံဆူပူသည်။
ရွှယ်မိသားစုခေါင်းဆောင်မှာ ထိပ်သီးကျင့်ကြံသူအရှင်တစ်ဦးဖြစ်လေသည်။ ခုနကပါးရိုက်ချက်မှာ မဖြစ်စလောက်စာပင်။ သူသာတကယ်အားထည့်ရိုက်လိုက်လျှင် ဝိညာဥ်အဆင့်တက်ခြင်းကျင့်ကြံဆင့်မှာရှိနေသော ရွှယ်ထျန်းယိတစ်ယောက် ဇီဝိန်ကြွေနှင့်ပြီးလောက်လေပြီ။
"ဟိဟိ" ဟုန်ချန်ယဲ့က လက်ပိုက်ပြီး အသာလေးခိုးရယ်လိုက်သည်။
ရွှယ် မိသားစုခေါင်းဆောင်က ဟုန်ချန်ယဲ့ကို လှည့်ကြည့်ပြီး လေးလေးနက်နက်ဖြင့် တောင်းပန်လိုက်သည်။ "နတ်သမီးဟုန်၊ ကျွန်တော့်သားကို စနစ်တကျ မဆုံးမခဲ့တာ ကျွန်တော့်အမှားပါ"
ဟုန်ချန်ယဲ့၏ အပြုံးလေး ဟုတ်ခနဲပျောက်ကွယ်သွားပြီး စကားလုံးတစ်လုံးချင်းကို အလေးအနက်ထားကာ သေချာပြောပြလိုက်သည်။ "ကျွန်တော်က ယောက်ျားလေးပါ"
ရွှယ် မိသားစုခေါင်းဆောင် ခဏတာဆွံ့အသွားပြီးမှ ခြောက်ကပ်ကပ်ဖြင့်လုပ်ရယ်ရယ်လိုက်ကာ ချီးကျူးပေးလိုက်သည်။ "နတ်သမီးဟုန်က တကယ်ကို ဟာသဉာဏ်ရွှင်တာပဲ"
ဟုန်ချန်ယဲ့: "..."
သူသည် ရူးသွပ်သောင်းကျန်းလိုစိတ်ကို အတင်းအကြပ် ထိန်းချုပ်လိုက်ကာ လှည့်ထွက်သွားလေသည်။
ထိုအချိန်တွင် ဟုန်ချန်ယဲ့သည် သူ့ကျင့်ကြံဆင့် တိုးတက်ဖို့ရန် လွန်စွာမှ မျှော်လင့်တောင့်တမိလေသည်။ အလယ်ပိုင်းစီရင်စုတွင် သူလုပ်ခဲ့သည့်အတိုင်း နည်းနည်းပါးပါး စိတ်အခန့်မသင့်လျှင်ပင် မည်သည့်ကိုယ်ကျင့်တရားစည်းမျဥ်းတွေကိုမှမထောက် မည်သူ့မျက်နှာမှမကြည့်ဘဲ ထစ်ခနဲသတ်ချလိုက်ချင်လှ၏။
ဒါကြီးကတော့ အလွန်အကျွံကိုထိန်းချုပ်ခံနေရတာပဲလေ။
"ဟမ်?" ရွှယ် မိသားစုခေါင်းဆောင်က တစ်ဖက်လူချာခနဲလှည့်ထွက်သွားတာကို မြင်တော့ မျက်မှောင်ကြုတ်သွားပေမဲ့ စိတ်ထဲသိပ်မထည့်လိုက်ပါချေ။ တစ်ဖက်လူ၏ ဆရာသခင်မှာ ယဲ့ကျွင်းလင်ဖြစ်ပြီး ဘိုးဘေးကိုယ်တိုင်တောင် ထိုသူ့ကို လေးလေးစားစား ဆက်ဆံရတာကြောင့် သူ့ဘက်က စော်ကားဆူပူဖို့ အခွင့်အရေးလုံးဝမရှိပါလေ။
သူ၏ စိတ်ပျက်စရာကောင်းသော သားဖြစ်သူကို တစ်ချက်လှမ်းကြည့်လိုက်ပြီးမှ အေးစက်စွာ နှာခေါင်းရှုံ့လျက် ဝတ်ရုံလက်စကို ဖျတ်ခနဲခါယမ်းပြီး ထွက်သွားလေတော့သည်။
ရွှယ်ထျန်းယိလည်း ရင်ထဲတွင်ပန်းပွင့်နေသည်မဟုတ်။ တီးတိုးကဲ့ရဲ့ပြောဆိုသံများကိုပါ ကြားနေရတော့ သူ့ရင်ထဲမှဒေါသအိုးကြီး အလျှံတငြီးငြီးဖြင့် စတင်တောက်လောက်လာပြီး တစ်ကိုယ်လုံးတုန်ယင်သည်အထိ ဒေါသထွက်လာတော့၏။
"ချီးပဲ၊ ငါ့ဘိုးဘေးက မသေမျိုးအရိပ်၊ ဒီသခင်လေးက တိုက်ရိုက်မျိုးဆက် ဆက်ခံသူပဲ၊ ဘာလို့ မင်းတို့ ဆရာတပည့်က ငါ့ကို ဒီလို ဆက်ဆံရတာလဲ?!"
ရွှယ်ထျန်းယိသည် စိတ်ထဲမှ သောင်းကျန်းအော်ဟစ်လို့နေပြီး ယဲ့ကျွင်းလင်နှင့် ဟုန်ချန်ယဲ့ကို အလွန်အမင်း မကျေမနပ်ဖြစ်လို့နေသည်။
ထို့နောက် ရင်ထဲကဒေါသကို အောင့်အီးသည်းခံ၍ စားပွဲတစ်ဖက်သို့ လျှောက်သွားပြီး ဝိုင်အိုးကို ကောက်ယူကာ လူတိုင်း၏ အံ့သြတကြီး အကြည့်များအောက်တွင် အားရပါးရ မော့သောက်တော့သည်။
ကျင့်ကြံသူတွေကို ဧည့်ခံဖို့ အသုံးပြုသောဝိုင်မှာ သာမန်တော့မဟုတ်ပေ။ သေမျိုးလူသားများ တစ်စက်လောက်သောက်သုံးမိလျှင်တောင် ပါဝင်သောအယ်လ်ကိုဟောဓာတ်ကြောင့် နေရာတွင်ပင် ကိုယ်ခန္ဓာဆုတ်ပြဲသေဆုံးသွားနိုင်သည်အထိ ပြင်းထန်လှပေသည်။
"သခင်လေးရွှယ်၊ မင်း…" ဧည့်သည်တစ်ယောက်က ပါးစပ်ဟပြီး သတိပေးဖို့လုပ်လိုက်ပေမဲ့ ချက်ချင်းပဲ ပါးနပ်သောအဖော်တစ်ယောက်က တားမြစ်လိုက်သည်။ "ရှူး၊ သခင်လေးရွှယ် တစ်ယောက်တည်း သောက်ပါစေ၊ သူဒီနေ့ကံဆိုးနေတာ၊ မင်းသူ့ကိုထပ်ပြီးသွားမဆွလိုက်နဲ့"
ထိုအချိန်တွင် တစ်ဖက်မှ ဆူညံသံများထွက်ပေါ်လာသည်။
လူတိုင်း ထိုဘက်သို့လှည့်ကြည့်ပြီး အံ့အားသင့်သော အမူအရာများဖြင့် ပြောနေကြသည်။"သွားကြည့်ဦးမှ၊ အဲ့ဒါဘာကောင်ကြီးပါလိမ့်?"
သူတို့ကြည့်ရာဘက်တွင် ပန်းရောင်ကြိုးသိုင်းစကတ်ကို ဝတ်ဆင်ထားသော သေးသွယ်သွယ်ပုံရိပ်တစ်ခုအား မြင်နိုင်ပေသည်။ ထိုမိန်းကလေးသည် နှင်းလိုဖြူစင်ပြီး နူးညံ့သည့် အသားအရေရှိကာ လက်ထဲတွင် ဘူးသီးခြောက်ကြီးတစ်လုံးကို ကိုင်ထားပြီး ပါးစပ်ထဲသို့ အရက်များ ရူးသွပ်စွာ လောင်းထည့်လို့နေသည်။ မျက်နှာဖုံးပါဦးထုပ်က မြေပြင်ပေါ်သို့ ပြုတ်ကျသွာသောကြောင့် နူးညံ့သော အဖြူရောင်ကြွက်ခေါင်းလေး ပေါ်လာပြီး မြင်ကွင်းမှာ လွန်စွာထူးဆန်းနေပေသည်။
ချစ်စရာကောင်းသော သေးသေးသွယ်သွယ် ခန္ဓာကိုယ်လေးထက်တွင် ကြွက်ခေါင်းတစ်လုံးတပ်ဆင်ထားသော အသွင်အပြင်မှာ လွန်စွာထိတ်လန့်ဖွယ်ကောင်းလှ၏။
ပုရှောင်ရှီးဟာ ဘူးသီးခြောက်ကြီးကိုပိုက်လျက် ကြမ်းပြင်ပေါ်ပစ်လှဲလိုက်ပြီး အရက်ရှိန်ဖြင့်နီရဲနေသော ကြွက်ခေါင်းလေးအား ခါယမ်းလျက်ပြောလာသည်။ "အရသာရှိလိုက်တာ~"
မနီးမဝေးတွင်ရှိသော ယဲ့ကျွင်းလင်မှာ အောင့်သက်သက်ပြုံးကာ ဟုန်ချန်ယဲ့ထံ တိတ်တဆိတ်အသံပို့က်ရသည်။ "ရှောင်ဟုန်၊ ညီမလေးရှောင်ပုကို သွားကြည့်လိုက်ပါဦး"
"ဟုတ်ကဲ့ ဆရာသခင်"
ဟုန်ချန်ယဲ့ ပြန်ဖြေလိုက်သည်။
ထို့နောက် အေးစက်စက်မျက်နှာဖြင့်လျှောက်သွားရင်း စိတ်ထဲမှ တော်တော်ဒုက္ခပေးတဲ့ကြွက်ဟု ပြစ်တင်ညည်းညူနေမိ၏။
ထိုအချိန်တွင် ဟုန်ချန်ယဲ့သည် တစ်ခုခုကို ခံစားမိလိုက်ရပြီး ခံစားချက်လားရာဘက်သို့ လှမ်းကြည့်လိုက်သော် ဝါးဦးထုပ်ကို ခပ်ငိုက်ငိုက်ဆောင်းပြီး မုတ်ဆိတ်အပြိုင်းပြိုင်းဖြင့် သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် တိတ်တဆိတ် ထောင့်တွင် ရပ်နေကာ အရက်အလွန်အကျွံသောက်နေသော ရွှယ်ထျန်းယိကို မသိမသာဖြင့် စောင့်ကြည့်အကဲခတ်လျက်ရှိလေသည်။
သွေးရောင်လွှမ်းနေသည့် မျက်လုံးများထဲ၌ အလွန်အမင်းထိန်းချုပ်ထားသော လူသတ်လိုစိတ်ကို ခံစားမိနိုင်သည်။
ရွှယ်ထျန်းယိ အရက်သောက်ရတာကို အားမရသောကြောင့် မိတ်ဆွေအချို့ကို နှုတ်ဆက်စကားဆိုလိုက်ကာ အခန်းထံလှည့်ပြန်သွားတော့၏။
ဝါးဦးထုပ်ဖြင့်လူသည်လည်း မသိသာစွာ အနောက်မှလိုက်ပါသွားလေသည်။
ဟုန်ချန်ယဲ့မျက်လုံးများ ကျဥ်းမြောင်းသွားရသည်။ သူ့အမြင်တွင် တစ်ဖက်လူမှာ သားကောင်ကို စိတ်ရှည်လက်ရှည်စောင့်ဆိုင်းရင်း မကြာခင်ပေါက်ကွဲထွက်တော့မည့် သားရဲတစ်ကောင်နှင့်တူလေသည်။
"ဟဲဟဲ၊ ပွဲကတော့ကြည့်ကောင်းတော့မှာပဲ"
စာစဉ်ပြီး၏