← Chapters

ပွဲကတော့ ကြည့်ကောင်းတော့မှာပဲ!

Vol. 5 Ch. 69

ပွဲကတော့ ကြည့်ကောင်းတော့မှာပဲ!

Vol. 5 Ch. 69

တစ်ဖက်လူက ဘာတုံ့ပြန်မှုမှ မရှိတာကို မြင်တော့ ရွှယ်ထျန်းယီ၏ လုပ်ပြုံးကြီးဟာလည်း နည်းနည်းနင်သွားကာ အရှက်ပြေချောင်းဟန့်လိုက်ပြီး ထပ်ပြောလိုက်သည်။ "ကျွန်တော်က ရွှယ် မိသားစုရဲ့ သခင်လေးပါ၊ ရွှယ် မိသားစုဘိုးဘေးရဲ့ တိုက်ရိုက်မျိုးဆက်က ဆင်းသက်လာတဲ့ မြေးတော်ပါ"

ဆိုလိုရင်းကတော့ ဒီသခင်လေးက တော်ရုံတန်ရုံအဆင့်အတန်းကမဟုတ်လို့ မင်းအသိဝင်ပြီး ငါ့ကိုမြန်မြန်ပြန်ဖားလိုက်တော့၊ ဟုတ်ပြီလား?

ယဲ့ကျွင်းလင်က ပြန်ပြောသည်။ "ဪ ဟုတ်ပါပြီ"

"ရပါတယ်၊ အခုမှ သိတာလည်း နောက်မကျသေးပါဘူး" ရွှယ်ထျန်းယိက ခပ်ဝင့်ဝင့်အပြုံးဖြင့် နောက်ဆက်တွဲချီးမြှောက်လာမည့်စကားလုံးများကို အသင့်စောင့်ဆိုင်းနေလိုက်‌တော့၏။

"အဲ့ဒါ ငါကဘာလုပ်ရမှာလဲ!"

ယဲ့ကျွင်းလင်က ပက်ခနဲပြန်ပြောလိုက်ပြီး ခပ်မော့မော့လှည့်ထွက်သွား‌တော့လေသည်။

ရွှယ်ထျန်းယိ၏မျက်နှာပေါ်မှာ ဝင့်ကြွားသောအပြုံးမှာ ချက်ချင်းပျောက်ကွယ်သွားရပြီး အံတင်းတင်းကြိတ်လျက် ယဲ့ကျွင်းလင်၏ဖြောင့်တန်းနေသည့်နောက်ကျောကိုစိုက်ကြည့်ကာ နီရဲတောက်လောင်နေသောမျက်လုံးများဖြင့် နှလုံးသားထဲမှသာ အသံတိတ်အော်ဟစ်နေရတော့၏။

"ငါက ရွှယ် မိသားစုရဲ့ သခင်လေး! ရွှယ် မိသားစုရဲ့ အနာဂတ် အမွေခံ! ငါ့ဘိုးဘေးက မသေမျိုးအရိပ်အရှင်သခင်ပဲကွ! မင်းလို တောသားက ငါ့ကို ဒီလို ရိုင်းစိုင်းရဲတယ်ပေါ့! မင်းကများ အတင့်ရဲလို့! အားးးးး!"

အစအဆုံးမြင်လိုက်ရသော ဧည့်သည်အပေါင်းလည်း အံ့အားသင့်သွားရလေသည်။

ဒါက ‌ပေါ်တင်ကြီးကို စော်ကားသွားတာပဲမဟုတ်လား?!

တစ်ဖက်လူထံမှ ရိုင်းရိုင်းစိုင်းစိုင်း ငြင်းပယ်ခံရပြီးနောက် ရွှယ်ထျန်းယိမှာ မိသားစု၏အရေးကြီးအခမ်းအနားတွင် ပြဿနာရှာလို့လည်းမဖြစ်သဖြင့် ဒေါသကိုမျိုချပြီးသာ ဆက်သည်းခံထားရတော့သည်။

ပုရိသအပေါင်းလိုပဲ သူ့ရဲ့ အကြည့်ဟာလည်း ဟုန်ချန်ယဲ့ဆီကို မရောက်ဘဲ မနေနိုင်ခဲ့ဘူး။

သူမပဲ!

အဲ့ဒီနေ့က ယွီဟွားဂိုဏ်းရဲ့ ဦးစားပေးခံသားတော်ကို အနိုင်ယူခဲ့တဲ့ အတုမရှိပါရမီရှင်! ယဲ့ကျွင်းလင်ရဲ့ အကြီးဆုံး တပည့်မလည်း ဖြစ်တယ်!

အေးအေးဆေးဆေးထိုင်ကာ စားသောက်ဝိုင်းဖွဲ့ရသော အခမ်းအနားတစ်ခု ဖြစ်တာကြောင့် ရွှယ်ထျန်းယိမှာ သူမကို ဖြည်းဖြည်းချင်း ဆန်းစစ်လေ့လာဖို့ အချိန်ကောင်းကောင်းရနေခဲ့လေသည်။ ကြည့်လေလေ ပိုပြီး စွဲလန်းမိလာလေလေပါပဲ။ ရွှယ်သခင်လေးရဲ့ လူယုတ်မာနှလုံးသားဟာ ဒရယ်ပေါက်လေးတစ်ကောင်လို တဆတ်ဆတ်ခုန်နေပါပြီနော်!

အရမ်းလှတယ်ကွာ!

ဒီလိုမျက်နှာ၊ ဒီလိုစိတ်နေစိတ်ထားနဲ့ အဆင့်အတန်းမြင့်နတ်ဘုရားမလေးဟာ ဒီသခင်လေး ကစားနေကျ ရိုင်းစိုင်းကြမ်းတမ်းတဲ့ တွေ့ကရာမိန်းမတွေနဲ့ ဘယ်လိုမှ ယှဉ်ရက်စရာမရှိဘူး!

"ဒီသခင်လေးက ချောမောပြီး နူးညံ့ကြင်နာတတ်တယ်၊ အမျိုးသမီး ကျင့်ကြံသူအများအပြား နက်နက်ရှိုင်းရှိုင်း စွဲလန်းကြတဲ့ ငါရွှယ်ထျန်းယိပဲ၊ နည်းနည်း‌လောက်သွားပြီး စကားစမြည်ပြောလိုက်ရင် ဒီသခင်လေးရဲ့ ဆွဲဆောင်မှုကို သူဘယ်လိုမှတွန်းလှန်တောင့်ခံနိုင်မှာမဟုတ်ဘူး ဟင်းဟင်း"

ရွှယ်ထျန်းယိက ကြိတ်တွေးပြီး ကျေနပ်နေလိုက်သည်။

သူသည် အမျိုးသမီးများစွာကို မျိုးစုံကစားခဲ့ဖူးပြီး ကိုယ့်ကိုကိုယ် အထင်ကြီးပါသည်ဆိုသော အမျိုးသမီး ကျင့်ကြံသူအမျိုးမျိုး၏ ကျောက်ခဲလိုနှလုံးသားများကိုလည်း အနိုင်ယူခဲ့ဖူးသည်။ ယခု မသေမျိုးအရိပ်၏ မြေးတော်ဟူသော အရောင်အဝါနှင့်ပါ ထပ်ပေါင်းလိုက်လျှင် ဟုန်ချန်ယဲ့တစ်ယောက် ဘယ်နည်းနှင့်မျှ မူနိုင်စရာအကြောင်းမရှိ။

သူ့တပည့်မအချောလေးကို ဆွဲဆောင်ခိုးယူနိုင်မယ်သာဆိုရင် ယဲ့ကျွင်းလင်တော့ ဘယ်လောက်လူးလှိမ့်ခံစားနေရလိမ့်မလဲ? ဒါ လုံးဝကိုပြောင်မြောက်တဲ့ လက်စားချေမှုပဲ!

အေးစက်မာကျောတဲ့ မိန်းမလှလေးကို အောင်အောင်မြင်မြင်လိုက်နိုင်ပြီး အောက်မှာဖိချထားရမယ့်ခံစားချက်လေးကို ကြိုတွေးကြည့်ရင်း....

ရွှယ်ထျန်းယိ ရင်ခုန်သံများ ပိုလို့မြန်ဆန်လာတော့၏။

ထိုအချိန်တွင် ဟုန်ချန်ယဲ့မှာ လက်ရာမြောက်ပန်းအိုးတစ်လုံးရှေ့တွင် ရပ်နေပြီး အထဲကပန်းစည်းတစ်ခုကိုထုတ်ယူကာ မျက်မှောင်ကြုတ်လျက်ကြည့်ရှုစစ်ဆေးနေလေသည်။

ပွင့်ချပ်တစ်ခုစီမှာ ကြယ်ပွင့်တွေ ထိုးယှက်ခြယ်သထားပြီး တောက်ပသန့်စင်သော အလင်းရောင်ကို ထုတ်လွှတ်နေခြင်းက ရွှေပွဲလာဧည့်ပရိတ်သတ်အပေါင်းကို စိတ်လက်သက်တောင့်သက်သာရှိစေပြီး ပျော်ရွှင်ကြည်နူးစေလေသည်။

"နတ်သမီးဟုန်က ပန်းတွေကို ကြိုက်နှစ်သက်ပုံရတယ်နော်?"

ရုတ်တရက် အနောက်ဘက်မှ ကြည်လင်သာယာသော အသံတစ်ခု ထွက်ပေါ်လာသည်။

ရွှယ်ထျန်းယိသည် ယပ်တောင်ကို ဟန်ပါပါ ဖျတ်ခနဲ ဝှေ့ယမ်းကာ ရှေ့သို့ ခြေလှမ်းလှမ်းလိုက်သည်။ ထို့နောက် ညင်သာသော အသံဖြင့် ဇာတ်လမ်းစလေသည်။ "ဒီပန်းကို ယောင်ထို့ပန်းလို့ ခေါ်တယ်၊ အလှထိုးဖို့အတွက်တော့ အလွန်သင့်တော်တဲ့ပန်းမျိုးပေါ့၊ ဒါပေမဲ့ ဒီပန်းက အရမ်းရှားတယ်၊ ကိုယ်တို့ ရွှယ်မိသားစုမှာတောင် ခြောက်ပွင့်ပဲ စုဆောင်းထားနိုင်တာ၊ ဆိုရိုးစကားအရဆိုရင် ဓားကောင်းဟာ သူရဲကောင်းနဲ့ထိုက်တန်ပြီး ပန်းကောင်းဟာ မိန်းမလှတစ်ဦးနဲ့သာထိုက်တန်ပါတယ်၊ နတ်သမီးဟုန် ကြိုက်နှစ်သက်ရင် ယူသွားလိုက်ပါ၊ ဒါ ကိုယ့်ရဲ့ ကျေးဇူးတင်ကြောင်း အမှတ်တရ လက်ဆောင်လေးပေါ့"

အရင်ကလည်း ဒီလိုပန်းမျိုး ဒီလိုစကားမျိုးနဲ့ မိန်းကလေးတွေကိုလိုက်ရာမှာ အမြဲထိရောက်ခဲ့တာကြောင့် ဒီနည်းလမ်းကိုတော့ ရွှယ်ထျန်းယိ အလွန်ယုံကြည်ချက်ရှိလေသည်။

ဒီလိုပန်းမျိုးက ရှားပါးအဖိုးတန်လှပြီး နှစ်ထောင်ချီ ကြာသည်အထိ လန်းဆန်းလှပနေနိုင်တယ်။ ညဘက်မှာဆို ပိုတောက်ပပြီး လှသွေးကြွယ်ပြန်သေးတယ်။ ဘယ်မိန်းကလေးက ငြင်းဆန်နိုင်မှာတဲ့လဲ?

ဟုန်ချန်ယဲ့ကတော့ မထီမဲ့မြင်အကြည့်နှင့်သာ သူမလက်ထဲက ပန်းတွေကို ပန်းအိုးထဲပြန်ထည့်လိုက်သည်။ စိတ်ထဲမှာတော့ "ကျပ်မပြည့်တဲ့ ဝက်! ဒါကို အလယ်ပိုင်းစီရင်စုမှာဆို ကြယ်စင်ပန်းလို့ ခေါ်ပြီး စိတ်စွမ်းအားကို တိုးတက်စေတဲ့ ဆေးလုံးတွေ ဖော်စပ်တဲ့အခါမှာ သုံးတယ်၊ ရှားပါးပြီးအဆင့်မြင့်တဲ့ ပစ္စည်းကောင်းကို ရေရေရာရာမသိဘဲ ပန်းအိုးတောင်ထိုးထားလိုက်သေးတယ်၊ တောသား!" ဟု ပယ်ပယ်နယ်နယ် နှိမ်ပေးလိုက်၏။

တစ်ဖက်လူက အဖက်မလုပ်တာကိုမြင်တော့ ရွှယ်ထျန်းယိက တုံ့ဆိုင်းစွာဖြင့် "နတ်သမီးဟုန်?" ဟု တစ်ခေါက်ထပ်ခေါ်လိုက်သည်။

ဟုန်ချန်ယဲ့ ဆက်သည်းမခံနိုင်တော့ဘဲ ထုံးစံအတိုင်း ရှင်းပြလိုက်ရပြန်သည်။ "နတ်သမီးလို့ မခေါ်ပါနဲ့၊ ကျုပ်က ယောက်ျားလေးပါ!"

ရွှယ်ထျန်းယိ အံ့အားသင့်သွားပြီးမှ အသာပြုံးကာ ဆိုလိုက်သည်။ "နတ်သမီးဟုန်၊ မင်းက ဟာသဉာဏ်ရှိတာပဲ၊ မင်းက အရမ်းလှပြီး ဟာသပြောတာလည်း အရမ်းတော်တယ်၊ ကျွန်တော်နဲ့အတူ သီးသန့်ခန်းဆောင်ဘက်လိုက်ပြီး ကျင့်ကြံရေးအတွေ့အကြုံတွေ ဖလှယ်ဆွေးနွေးကြမယ်ဆိုရင်ရော ဘယ်လိုလဲ?"

ပရောပရည်ဆန်သော စကားကိုကြားတော့ ဟုန်ချန်ယဲ့၏မျက်နှာမှာ နှင်းခဲတမျှအေးစက်သွားကာ ဆက်ယဥ်ကျေးမနေနိုင်တော့ဘဲ တစ်ချက်ဟောက်လိုက်သည်။ "ထွက်သွားစမ်း!"

ရွှယ်ထျန်းယိ အံ့အားသင့်သွားရသည်။ ဒီမိန်းကလေးက တည့်တိုးဆန်လှချည်လား?

ပတ်ဝန်းကျင်က ဧည့်သည်တွေလည်း အံ့အားသင့်သွားပြီးမှ ရွှယ်ထျန်းယိကို အဓိပ္ပာယ်ပါပါဖြင့် ဝိုင်းကြည့်လာကြတော့၏။ သူတို့၏အမူအရာမှာ‌ မျောက်ပွဲကြည့်နေသည့်အတိုင်း။

ရွှယ်ထျန်းယိက လက်မလျှော့သေးဘဲ အပြုံးတစ်ခုကို မရမကညှစ်ထုတ်ကာ "နတ်သမီးဟုန်၊ ကျွန်တော်က…"

"မင်း ငါ့ကို ဆက်ပြီးလာရှုပ်နေရင် တစ်ခါတည်းသတ်ပစ်လိုက်မယ်!" ဟုန်ချန်ယဲ့က အေးစက်စက်မျက်လုံးများဖြင့် တစ်လုံးချင်းစီကြိမ်းဝါးရင်း ကျင့်ကြံဆင့်ဖိအားကို ထုတ်လွှတ်လိုက်တော့သည်။

ဘုန်း!

ရွှယ်ထျန်းယိ၏ ဦးခေါင်းမှာ ပေါက်ကွဲလုနီးပါး တင်းမာသွားရကာ မျက်လုံးတွေ ပြူးကျယ်သွားရသည်။ နဖူးထက်မှ ချွေးစေးများ စီးကျလာကာ ကျောပြင်တစ်ခုလုံးလည်း ချွေးအေးတို့ဖြင့် ရွှဲရွှဲနစ်လျက် ခြေအစုံမှာ တဆတ်ဆတ်တုန်ယင်နေရတော့၏။

သူသည် အဆုံးမရှိသော တောင်ပုံရာပုံအလောင်းများနှင့် သွေးပင်လယ်များကို ထင်ယောင်ထင်မှား မြင်လိုက်ရလေသည်။ တောက်လောင်နေသော ကမ္ဘာဖျက်မှော်မီးတောက်များဖြင့် ဝန်းရံရစ်ပတ်ထားပြီး လက်နှစ်ဖက်ကို နောက်ပစ်ကာ ထည်ဝါစွာရပ်တည်နေသော မီးလျှံကဲ့သို့ နီရဲရဲပုံရိပ်တစ်ခု ဝေဝါးဝါးမြင်လိုက်ရပြီးနောက် ဖိအားမှာလည်း ပိုလို့ပြင်းထန်လာတော့သည်။

ဒုန်း!

ရွှယ်ထျန်းယိ ဒူးတွေ ရုတ်ချည်းပျော့ကျသွားပြီး လူအများရှေ့မှာ ဒူးထောက်ချလိုက်သည်။

All Chapters