လမင်းကြည့်ဂိုဏ်း၏ အပြောင်းအလဲ (၂)
Vol. 17 Ch. 325
ရှန်းယွမ်လုံ၏ အခြေအနေကို ရှန်းတောက်မင် မြင်သောအခါ အံ့အားမသင့်ဘဲ မနေနိုင်တော့ပါ။ ပါးစပ်အဟောင်းသားနှင့် ကြည့်နေမိတော့သည်။ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်ကမူ ဘိုးဘေးဖြစ်သူ ကိုကြည့်လျက် ကြည်နူးနေမိသည်။ ရှန်းယွမ်လုံက မပြောမဆိုနှင့် ကျန်းချန်ရွှမ်ကို ဦးညွတ်ဂါရဝ ပြုလိုက်ရာ ကျန်းချန်ရွှမ်တစ်ယောက် ကပျာကယာ တားယူလိုက်ရသည်။
“ဒါတွေမလိုပါဘူး ဘိုးဘိုးရယ်”
ရှန်းယွမ်လုံက တစ်စုံတစ်ရာ တုံ့ပြန်မည်အပြုတွင် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့၏ ကျင့်ကြံမှုအ ဆင့်ကို သတိထားမိလိုက်ပြီး မျက်လုံးပြူးသွားတော့သည်။
“ရူယန်၊ ချန်ရွှမ် မင်းတို့နှစ်ယောက်က…”
ကျန်းချန်ရွှမ်တို့လည်း ဖုံးကွယ်နေ၍ အကျိုးထူးမည် မဟုတ်၍ အမှန်အတိုင်း ဝန်ခံလိုက်သည်။
“ဟုတ်ပါတယ်၊ ကျွန်တော်တို့နှစ်ယောက်လုံး ရွှေအမြုတေအဆင့်ကို ရောက်နေပါပြီ”
“ဘယ်လို”
ဘေးမှ ထိုင်နားထောင်နေသော ရှန်းတောက်မင်တစ်ယောက် အလွန်အမင်း အံ့အားသင့်သွားပြီး ရှန်းယွမ်လုံကို လှမ်းကြည့်မိလိုက်သည်။ ရှန်းယွမ်လုံက အလွန်ကျေနပ်နှစ်သိမ့်ဟန်နှင့် “ကောင်း လေစွ” ဟု သုံးကြိမ်တိုင်တိုင် ရေရွတ်လိုက်တော့သည်။ ထိုစုံတွဲ၏ ကျင့်ကြံမှုအုတ်မြစ်နှင့် ပါရမီအ ရ ရွှေအမြုတေနယ်ပယ်ကို အနှေးနှင့်အမြန် တက်လှမ်းနိုင်မည်ကို ရှန်းယွမ်လုံ သိရှိပြီးဖြစ်သော် လည်း ယခုလို မြန်မြန်ဆန်ဆန် တက်လှမ်းနိုင်လိမ့်မည်ဟု မထင်ထားခဲ့သည်မှာ အမှန်ဖြစ်သည်။ ကန်းနန်ဒေသရှိ နိုင်ငံငါးနိုင်ငံ၏ ကျင့်ကြံခြင်းလောကကို ပိရမစ်တစ်ခုအဖြစ် ပုံဖော်ပါက ကျီဖုအ ဆင့် ကျင့်ကြံသူများသည် ထိုပိရမစ်၏ ထိပ်ဆုံးအပိုင်းတွင် ရှိနေသည်ဟု သတ်မှတ်နိုင်ပြီး ရွှေအ မြုတေကျင့်ကြံသူများကား ပိရမစ်၏ အခေါင်အဖျားဟု သတ်မှတ်ရမည်ဖြစ်သည်။
“လာကြကွာ ချန်ရွှမ်နဲ့ရူယန်၊ မင်းတို့အတွက် အောင်ပွဲခံတဲ့အနေနဲ့ နည်းနည်းပါးပါး သောက်ကြရ အောင်”
ရှန်းယွမ်လုံက ဝိညာဉ်အရက်ပုလင်းများကို ကျောက်စားပွဲထက်တွင် ခင်းကျင်းလိုက်ပြီး ကျန်းချန် ရွှမ်၊ ရှန်းရူယန်နှင့် ရှန်းတောက်မင်တို့ကို ဝမ်းသာအားရ ဖိတ်ခေါ်လိုက်သည်။ ကျန်းချန်ရွှမ်တို့အ နေနှင့် သူတို့စုံတွဲရောက်ရှိလာသည့် သတင်းအား အပြင်လူများ မသိစေလိုကြောင်းကို ရှန်းယွမ်လုံ က ရိပ်မိပြီးဖြစ်၍ ရှန်းမိသားစုဝင် အကြီးအကဲများကို ဖိတ်ခေါ်ခြင်းမပြုတော့ဘဲ လူရင်းလေးဦး နှင့်သာ ဝိုင်းဖွဲ့လိုက်ကြသည်။ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့လည်း မငြင်းတော့ဘဲ ကျောက်စားပွဲ တွင် ဝိုင်းဖွဲ့ထိုင်လျက် ကွဲကွာနေခဲ့သည့် ကာလများအစား အတိုးချ၍ စကားဖောင်ဖွဲ့လိုက်ကြ တော့သည်။
အဆိုပါစကားဝိုင်းမှတဆင့် ယွင်နိုင်ငံသည် နတ်ဆိုးသားရဲကပ်ဘေးကြောင့် အတော်လေး အထိ နာသွားကြောင်း သိလိုက်ရသည်။ လေတစ်ထောင်သစ်တောကိုလည်း နတ်ဆိုးသားရဲများလက်ထဲ ထိုးအပ်လိုက်ရသလို နိုင်ငံအတွင်းရှိ ကျီဖုအဆင့် အင်အားစုများလည်း ချေမှုန်းခြင်းခံခဲ့ရသည်။ ယွင်နိုင်ငံရှိ ရွှေအမြုတေအဆင့် ဂိုဏ်းသုံးခုမှ ကျီဖုအဆင့် ကျင့်ကြံသူအချို့ပင် ကပ်ဘေးအတွင်း ကျဆုံးခဲ့သည်ဟု သိရသည်။ ထို့ပြင် လျန်နိုင်ငံနှင့် ကျင်းနိုင်ငံတို့၏ ပဋိပက္ခကြောင့် လျန်နိုင်ငံနှင့် မဟာမိတ်ဖြစ်နေသည့် ယွင်နိုင်ငံသည်လည်း ထိုအရေးအခင်းတွင် မလွဲမသွေ ပါဝင်ပတ်သက်ရဖို့ ရှိနေသည်။ ထိုအကြောင်းများကြောင့် ယွင်နိုင်ငံ၏ အနာဂတ်သည် စိုးရိမ်ဖွယ်ရာဖြစ်ကြောင်း ရှန်း တောက်မင်က မှတ်ချက်ချသည်။
ကန်းနန်ဒေသအတွင်းရှိ နိုင်ငံငါးနိုင်ငံအကြား စစ်မက်ဖြစ်ပွားပါက ရှန်းမိသားစုအနေနှင့် ကိုယ့် ကိုယ်ကို ကာကွယ်နိုင်လိမ့်မည်ဟု ယုံကြည်မှုမရှိသေးကြောင်း ရှန်းယွမ်လုံနှင့် ရှန်းတောက်မင်က ဝန်ခံသည်။ ထိုအခါ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့က ရှန်းမိသားစုအနေနှင့် လျန်နိုင်ငံကို ပြောင်း ရွှေ့အခြေချသင့်ကြောင်း အကြံပေးသည်။ ထိုအခါ စစ်မက်ဖြစ်ပွားလာပါက ရွှေအမြုတေအဆင့် ကျင့်ကြံသူနှစ်ဦးဖြစ်သည့် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့အတွက် ကျန်းမိသားစုနှင့် ရှန်းမိသားစု နှစ်ခုတို့ကို တစ်ပြိုင်နက်တည်း ကာကွယ်ပေးရန် လွယ်ကူသွားမည်ဖြစ်သလို ယွင်နိုင်ငံထဲတွင် သာ ဆက်လက်နေထိုင်သည်ထက် ရှင်သန်ရန် အခွင့်အလမ်းများလာမှာ သေချာသည်။
သို့သော် မိသားစုတစ်ခုလုံးကို အခြားနိုင်ငံတစ်ခုသို့ ရွှေ့ပြောင်းရမည်မှာ ထင်သလောက် မလွယ် လှပါ။ ထိုဆုံးဖြတ်ချက်သည် ရှန်းယွမ်လုံနှင့် ရှန်းတောက်မင်တို့နှစ်ဦး အပေါ်တွင်သာ မူတည်နေ ပြီး လတ်တလောအတွင်း ဆုံးဖြတ်ချက်ချရန် မဖြစ်နိုင်သေးသည်မှာ ထင်ရှားသည်။ ထို့ကြောင့် အချိန်ယူစဉ်းစားပြီးမှ အကြောင်းပြန်မည်ဖြစ်ကြောင်း ရှန်းယွမ်လုံနှင့် ရှန်းတောက်မင်တို့က ဆို သည်။ ကျန်းချန်ရွှမ်တို့လည်း နားလည်မှုရှိစွာ သဘောတူလိုက်သည်။ ထို့နောက်တွင် အခြားကိစ္စ များကို ဆက်လက်ဆွေးနွေးဖြစ်ကြသည်။ ထိုအခိုက်တွင် ရှန်းယွမ်လုံက တစ်စုံတစ်ခုကို တွေးမိ ဟန်နှင့် မျက်နှာအမူအရာ လေးနက်သွားသည်။ သူ့ပုံစံက ပြောသင့်မပြောသင့် ချိန်ဆနေဟန်တူ သည်။ ကျန်းချန်ရွှမ်က ရှန်းယွမ်လုံ၏ မျက်နှာအရိပ်အကဲကို ဖမ်းမိသွားပြီး
“ဘိုးဘိုး ကျွန်တော်တို့ကို ပြောစရာရှိလို့လား”
ရှန်းယွမ်လုံက ခေတ္တမျှ တွေဝေနေပြီးမှ နောက်ဆုံးတွင် ခေါင်းညိတ်ပြလိုက်သည်။
“မင်းတို့နှစ်ယောက်ကို အရေးကြီးကိစ္စ ပြောစရာရှိတယ်….လမင်းကြည့်ဂိုဏ်းရဲ့ ဂိုဏ်းသခင်ကြီး ဟွမ်းဝမ်ယု ပျောက်သွားပြီ”
“ဘယ်လို ဟွမ်းဝမ်ယု ပျောက်သွားတယ် ဟုတ်လား”
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့လည်း ထိုသတင်းဆိုးကြောင့် မျက်လုံးပြူးသွားသည်။
“ဘယ်လိုဖြစ်တာလဲ”
ကျန်းချန်ရွှမ်က စိတ်လှုပ်ရှားစွာ မေးမိသည်။ သူသိထားသလောက်က ဟွမ်းဝမ်ယုသည် ကြာခုနစ် ပွင့်ဂိုဏ်းကို ဖြိုခွဲသည့် စစ်ဆင်ရေး မတိုင်မီကပင် ရွှေအမြုတေအစစ် နယ်ပယ်ကို တက်လှမ်းပြီး ဖြစ်သည်ဟုဆိုသည်။ ဟွမ်းဝမ်ယုလို အဆင့်မြင့်ကျင့်ကြံသူတစ်ဦးက ဘယ်လိုအကြောင်းကြောင့် ရုတ်တရက် ပျောက်ဆုံးသွားရသလဲ ဆိုသည်ကို ကျန်းချန်ရွှမ် နားမလည်နိုင်ဖြစ်မိသည်။
“ငါလည်းအသေးစိတ်တော့ မသိဘူး”
ရှန်းယွမ်လုံက ခေါင်းခါရင်း ရှင်းပြသည်။
“ငါသိသလောက်က နတ်ဆိုးသားရဲကပ်ဘေး စတင်ပြီး သုံးနှစ်မြောက်နှစ်မှာ ဟွမ်းဝမ်ယုနဲ့ အ ဆင့် ၄ နတ်ဆိုးဘုရင်တစ်ကောင်တို့ တိုက်ခိုက်ခဲ့ကြတယ်။ သူတို့နှစ်ယောက် တိုက်ရင်းခိုက်ရင်းနဲ့ မြောက်ပိုင်းချောက်ကမ်းပါးတန်းအောက်ကို ကျသွားပြီး နှစ်ယောက်လုံး ပြန်ပေါ်မလာတော့ဘူး”
***