အခန်း (၃၂၇)
Vol. 17 Ch. 327
ရက်အနည်းငယ်ကြာပြီးနောက် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ လမင်းကြည့်ဂိုဏ်း၏ ဌာနချုပ်ကို ရောက်လာကြသည်။ ဌာနချုပ်ကို ကာရံထားသည့် တောင်ကာအစီအရင်ကို မြင်လျှင် နှစ်ဦးသား မျက်မှောင်ကြုတ်သွားကြသည်။ သူတို့ရှေ့မှောက်ရှိ တောင်ကာအစီအရင်သည် လမင်းဆင်းအစီ အရင် ဖြစ်ပြီး အဆင့် ၄ အနိမ့်စားအဆင့်ရှိသည်။ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့အတွက် ထိုအစီအ ရင်ကို ဖြိုခွင်းရန် မခဲယဉ်းပါ။ သို့သော် ထိုသို့ပြုမူရန် မသင့်တော်လှပါ။ ရွှေအမြုတေအဆင့် နှစ်ဦး ဖြစ်သည့် ကျန်းချန်ရွှမ်တို့အတွက် ထိုအတိုင်း ပြုမူခဲ့လျှင်တောင် သူတို့အား ပြန်လည်တုံ့ပြန်နိုင်သူ မရှိသော်လည်း အဆိုပါလုပ်ရပ်ကြောင့် သူတို့စုံတွဲ၏ ဂုဏ်သတင်းထိခိုက်သွားဖို့ များနေပါသည်။
ထို့ကြောင့် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် လမင်းဆင်းအစီအရင်ကို အသက်သွင်းလိုက်ပြီး ရွှေအမြုတေအဆင့် ဓမ္မစွမ်းအင်များဖြင့် စာတစ်စောင်ရေးသားပြီး အစီအရင်အတွင်းသို့ ပို့လွှတ် လိုက်သည်။ အစီအရင်ကို စောင့်ရှောက်နေသော လမင်းကြည့်ဂိုဏ်းသားများသည် ပုံမှန်မဟုတ် သော အခြေအနေကို သတိပြုမိလိုက်ပြီး လှုပ်ရှားတက်ကြွလာကြသည်။ သို့သော် သူတို့၏ နတ် ဘုရားအာရုံမှတဆင့် ရွှေအမြုတေ ဓမ္မစွမ်းအင်ဖြင့် ထွင်းထုထားသည့် စာတစ်စောင်ကို မြင်လိုက် ရသောအခါ အကြီးအကျယ် လန့်ဖျတ်ကုန်ကြသည်။ အဖွဲ့ခေါင်းဆောင်လည်း စာကို လှမ်းယူဖတ် လိုက်သည်။ စာပါအကြောင်းအရာနှင့် ပေးပို့သူနှစ်ဦး၏ နာမည်ကို တွေ့သောအခါတွင် မျက်နှာ ထား ချက်ချင်းပြောင်းသွားတော့သည်။
ထို့နောက် အဖွဲ့ခေါင်းဆောင်သည် စာကိုယူပြီး ဂိုဏ်း၏ လက်ရှိ အဓိပတိအကြီးအကဲထံ အပြေး အလွှား ပို့လိုက်သည်။ ထိုသူ၏ အမည်မှာ ကျိုးရိလုံဖြစ်ပြီး လူလတ်ပိုင်းအရွယ်ဖြစ်သည်။ ထိုလူ သည် အစောင့်ပေးပို့လာသော စာကို ဖတ်ရှုပြီးနောက် မျက်နှာအကြီးအကျယ် ပျက်သွားသည်။ သည်လိုအချိန်မျိုးတွင် ထိုစုံတွဲ ရုတ်တရက် ရောက်ချလာလိမ့်မည်ဟု သူမထင်ထားခဲ့ပါ။ ထို့ပြင် နှစ်ယောက်စလုံး ရွှေအမြုတေနယ်ပယ်ကို ရောက်ရှိနေသည့်အချက်ကလည်း သူ့ကို တုန်လှုပ်စေ ပြန်သည်။ သူတို့နှစ်ဦးအနေနှင့် တောင်ကာအစီအရင်ကို မဖျက်ဆီးဘဲ ဧည့်ကောင်းစောင်ကောင်း ပီပီ အလိမ္မာဖြင့် ဝင်ခွင့်ပြုရန် အခွင့်တောင်းနေကတည်းက ကျန်းချန်ရွှမ်တို့နှစ်ဦးသည် သူတို့အား အစွမ်းကုန် လိုက်လျောပေးနေခြင်း ဖြစ်ကြောင်း ကျိုးရိလုံ သဘောပေါက်မိသည်။ သူ့အနေနှင့် ထိုမျက်နှာသာပေးမှုကို ကောင်းမွန်စွာ မတုံ့ပြန်ခဲ့ပါက ကျန်းချန်ရွှမ်တို့သည် အစီအရင်ခံတပ်ကို ချိုးဖျက်ပြီး အတင်းဝင်ရောက်ရန် ဝန်လေးမည်မဟုတ်သလို၊ ထိုဖြစ်စဉ်အတွက် တာဝန်ရှိသူမှာ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့မဟုတ်ဘဲ သူသာဖြစ်သွားပါလိမ့်မည်။
ထိုအကြောင်းကို လူအများ ကြားသိပါက ရွှေအမြုတေအဆင့် ပုဂ္ဂိုလ်နှစ်ဦးကို မောက်မာဝံ့သူဟူ၍ သူ့ကိုသာ ယိုးမယ်ဖွဲ့အပြစ်တင်မှာ သေချာပါသည်။ ကျိုးရိလုံတစ်ယောက် စဉ်းစားခန်းဝင်နေစဉ် အခန်းတံခါးပွင့်သွားပြီး မျက်နှာဖြူလျော်လျော်နှင့် မောက်မာရိုင်းစိုင်းဟန် ရှိသည့် လူငယ်တစ်ဦး ဝင်လာသည်။ ထိုလူငယ်သည် ကျန်းရိလုံ၏ တစ်ဦးတည်းသောသား ကျိုးဟောင်ဖေးဖြစ်ပြီး အ ခြေခံတည်ဆောက်ခြင်း တတိယအဆင့်ရှိသူဖြစ်၍ ကျိုးဟောင်ဖေး၏ ဝိညာဉ်အမြစ်မှာ မဆိုးလှ ဟုဆိုရမည်။ ကျိုးရိလုံသည် သားဖြစ်သူကို အလွန်ချစ်မြတ်နိုးသည့်အတွက် အလွန်အကျွံ အလို လိုက်ရာမှ ကျိုးဟောင်ဖေးသည် မောက်မာရိုင်းပျသည့် လူငယ်တစ်ဦးအဖြစ် ကြီးပြင်းလာခဲ့ခြင်း ဖြစ်သည်။
ထိုစဉ် ကျိုးဟောင်ဖေးသည် ဖခင်ဖြစ်သူ၏ အရိပ်အကဲကို သတိထားမိဟန်မရှိဘဲ အခန်းထဲဝင်ဝင် ချင်း၌ပင် အော်ကြီးဟစ်ကျယ် ရေရွတ်လိုက်သည်။
“အဖေ အဲဒီခွေးမ လင်းအယ်ကို အနုနည်းနဲ့ ပြောလို့မရတော့ဘူး။ အကြမ်းနည်းသုံးရအောင်။ သူ့ ရဲ့ဓမ္မစွမ်းအင်နဲ့ ကျင့်ကြံမှုကို ပိတ်ဆို့လိုက်ရင် ကျွန်တော်တို့ လက်ခုပ်ထဲကရေဖြစ်ပြီ၊ အဲဒီအချိန် ကျရင် ဟွမ်းဝမ်ယု ကံအရမ်းကောင်းပြီး ပြန်လာနိုင်ခဲ့ရင်တောင် သူကျွန်တော်တို့ကို ဘာမှလုပ်ရဲ မှာမဟုတ်ဘူး”
ထိုအခါ ကျိုးရိလုံက ခပ်ယဲ့ယဲ့အမူအရာဖြင့်
“အခုတော့မဖြစ်ဘူး”
“ဟမ် ဘာဖြစ်လို့လဲ”
ကျိုးဟောင်ဖေးက စိတ်ရှုပ်ထွေးသွားပြီး ဖခင်ဖြစ်သူကို မေးခွန်းထုတ်လိုက်သည်။ ကျိုးရိလုံက စာကိုကမ်းပေးလိုက်သည်။
“မင်းပဲဖတ်ကြည့်တော့”
စာကိုအစအဆုံး ဖတ်ရှုပြီးနောက် ကျိုးဟောင်ဖေး၏ မျက်နှာမှာ ချက်ချင်း ရုပ်ဆိုးအကျည်းတန် သွားတော့သည်။
“အဖေ အခွင့်အရေးရတုန်း အသုံးမချရင်၊ ဟွမ်းဝမ်ယု ပြန်ရောက်လာလို့ကတော့ ကျုပ်တို့နှစ် ယောက်လုံးသွားပြီဗျ၊ ကျုပ် ဟွမ်းလင်းအယ်ကို အခုပဲအနိုင်ကျင့်လိုက်တော့မယ်။ ဒါဆို သူတို့သိ သွားလည်း ဘာမှတတ်နိုင်တော့မှာ မဟုတ်ဘူး”
ကျိုးရိလုံက သားဖြစ်သူကို ကြည့်ရင်း သက်ပြင်းချလိုက်မိသည်။
“မဖြစ်ဘူးကွ၊ ရွှေအမြုတေအဆင့်တွေကို အရူးလုပ်လို့မရဘူး။ အခုချိန်မှာ မင်းပြောသလို လုပ် လိုက်ရင် သူတို့နဲ့ငါတို့ ပြဿနာတက်လိမ့်မယ်။ အဲဒီအချိန်ကျရင် ငါတို့အသက်တွေတောင် အာမ ခံချက်မရှိဘူးကွ”
“သူတို့က ဘာလုပ်နိုင်မှာမလို့လဲ”
ကျိုးဟောင်ဖေးက ဖခင်ဖြစ်သူ၏ စကားကို လက်ခံချင်ပုံမရ၊ ကျိုးရိလုံက ခေါင်းညိတ်လျက်
“မင်းက ရွှေအမြုတေအဆင့်တွေနဲ့မှ မဆက်ဆံဖူးတာ၊ အဖေကတော့ ဟွမ်းဝမ်ယုနဲ့ နှစ်အကြာ ကြီး ဆက်ဆံဖူးတော့ သူတို့အကြောင်း ကောင်းကောင်းသိတယ်။ ငါတို့လိုလူစားမျိုးတွေကို လက် ဖျစ်တစ်ချက် တီးရုံနဲ့ ဒီလောကကနေ ဖျောက်ပစ်နိုင်တဲ့လူမျိုးတွေ။ ဒါကြောင့် မင်းပြောတဲ့ကိစ္စ ကို ခဏရွှေ့ရအောင်”
“စောင့်ရဦးမှာလား”
ကျိုးဟောင်ဖေးတစ်ယောက် သိသိသာသာပင် စိတ်ပျက်သွားသည်။ အတိတ်တွင် သူလိုချင်သည့် အရာမှန်သမျှကို ဖခင်က ဖြည့်ဆည်းခဲ့ပေးသည်သာ ဖြစ်သော်လည်း ယခုတစ်ခါတွင်တော့…..
ထို့နောက် ကျိုးဟောင်ဖေးက ငေးငိုင်နေရင်းမှ အတွေးတစ်ချက်ရလိုက်ပြီး မျက်လုံးများ အရောင် လက်သွားတော့သည်။
“အဖေ ပိုင်ယွင်ဂိုဏ်းရဲ့ သူတော်စင်ဟယ်ယွင်က ကျွန်တော်တို့ကို သူ့လက်အောက်ဝင်ဖို့ ပြောနေ တာမလား၊ ဒီအခွင့်အရေးကို အသုံးချပြီး သူနဲ့ပေါင်းလိုက်ရင်ရော”
***