အခန်း (၃၂၈)
Vol. 17 Ch. 328
“သူသာအခုဒီမှာရှိနေရင် သူတို့နှစ်ယောက်ကို တားနိုင်မှာပဲ၊ သူတို့စုံတွဲက ရွှေအမြုတေအဆင့်ကို ရောက်ခါစပဲရှိသေးတာ။ ဟယ်ယွင်က စတုတ္ထအဆင့် ဝါရင့် ရွှေအမြုတေကျင့်ကြံသူပဲ၊ သူတို့နှစ် ယောက် ပေါင်းတိုက်ရင်တောင် ဟယ်ယွင်ကို ယှဉ်နိုင်မှာမဟုတ်ဘူး”
ကျိုးဟောင်ဖေး၏ အကြံမှာ ယထာဘူတကျသလို ရှိသော်လည်း ပြဿနာမှာ ခိုင်မာသည့် အ ကျိုးအမြတ်တစ်စုံတစ်ရာ မရဘဲ ဟယ်ယွင်လိုလူမျိုးသည် အဆင့်တူနယ်ပယ်တူ ကျင့်ကြံသူနှစ်ဦး နှင့် တိုက်ခိုက်မည်မဟုတ် ဆိုသည့်အချက်ဖြစ်သည်။ ကျိုးရိလုံက လမင်းကြည့်တစ်ဂိုဏ်းလုံးကို သူ့လက်အောက်ထဲ ခိုဝင်မည်ဟု ကတိပေးမှသာ ဟယ်ယွင်က ကူညီပေးပါလိမ့်မည်။ ထိုအခါတွင် လမင်းကြည့်ဂိုဏ်းဝင်များအားလုံး လွတ်လပ်ခွင့် ဆုံးရှုံးရမည်မှာ မလွဲပါ။ တစ်ဖက်တွင်လည်း ထိုနည်းလမ်းကို မရွေးချယ်ပါက ဟွမ်းလင်းအယ်ကို ကျန်းချန်ရွှမ်တို့၏ လက်ထဲ ထည့်ပေးလိုက် ရပါလိမ့်မည်။ ဟွမ်းလင်းအယ်ကို ထိန်းချုပ်ရန် အခွင့်အရေးမရှိတော့လျှင် ဟွမ်းဝမ်ယု ပြန်ရောက် လာသည့်အခါ သူတို့သားအဖနှစ်ဦးလုံး အကျပ်ရိုက်မှာ သေချာနေပြန်သည်။
နောက်တစ်ချက်မှာ ပိုင်ယွင်ဂိုဏ်း၏ နောက်ထပ် ရွှေအမြုတေအဆင့် အဓိပတိအကြီးအကဲတစ် ဦးဖြစ်သူ မန်လန်ကျူးသည် လတ်တလောတွင် သားရဲကပ်ဘေးအတွင်းက ရရှိခဲ့သည့် အတွင်း ဒဏ်ရာများကို ဂူပိတ်ကျင့်ကြံလျက် ရှိနေခြင်းဖြစ်သည်။ ဟယ်ယွင်လက်အောက်ကို ခိုလှုံမည့်အ ရေးကို အချိန်ဆွဲလိုက်လျှင် မကြာမီ ကျင့်ကြံမှုပြီးဆုံးပြီး ဂူပြင်ထွက်လာတော့မည့် မန်လန်ကျူး သည် ထိုအဖြစ်ကို အချိန်မီသိရှိသွားလိမ့်မည်။ မန်လန်ကျူးသည် ဟွမ်းဝမ်ယု၏ မိတ်ဆွေရင်းဖြစ် သောကြောင့် ထိုကိစ္စကို အစွမ်းကုန်တားဆီးမှာ သေချာသလို ကျန်းချန်ရွှမ်တို့နည်းတူ ဟွမ်းလင်း အယ်ကို လာရောက်ခေါ်ဆောင်သွားမှာ မလွဲပါ။
ကျိုးရိလုံသည် အကြိမ်ကြိမ်အဖန်ဖန် စဉ်းစားပြီးနောက် ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်လိုက်ပါ တော့သည်။ ဟယ်ယွင်လက်အောက် ခိုလှုံရန်မှာလွဲ၍ သူ့အတွက် ရွေးချယ်စရာ မရှိတော့ပါ။ ကျိုး ရိလုံတစ်ယောက် တစ်ကိုယ်တည်း ရေရွတ်လိုက်မိသည်။
“ဟွမ်းဝမ်ယု မင်းဒီကိစ္စအတွက် ငါ့ကိုအပြစ်မတင်နဲ့။ ငါစီမံတာကို အသာတကြည် လက်မခံတဲ့ မင်းရဲ့သမီးကိုပဲ အပြစ်တင်လိုက်စမ်း၊ မင်းသမီးသာ လိမ္မာရင် ငါဒီလိုလုပ်စရာမလိုဘူး”
ကျိုးရိလုံသည် ဆက်သွယ်ရေးကျောက်စိမ်းပြားကို ထုတ်ယူပြီး ဟယ်ယွင်ကို ဆက်သွယ်လိုက် တော့သည်။ ထိုအချိန်တွင် အပြင်တွင် စောင့်လျက်ရှိနေသော ကျန်းချန်ရွှမ်တို့လည်း အစီအရင် မျက်နှာပြင်ကြားတွင် ကွက်လပ်တစ်ခုပေါ်လာပြီး ကျိုးရိလုံသည် ကျီဖုအဆင့် ကျင့်ကြံသူနှစ်ဦး ကို ဦးဆောင်ပြီး အစီအရင်အပြင်သို့ လျှောက်လာသည်ကို တွေ့ရသည်။ ကျန်းချန်ရွှမ်တို့နှစ်ဦးကို မြင်သောအခါ ဦးညွတ်လိုက်ရင်း
“နှုတ်ဆက်ပါတယ် ရွှေအမြုတေအဆင့် စီနီယာတို့”
ကျန်းချန်ရွှမ်အနေနှင့် ထိုလူ၏ မကောင်းသတင်းများကို ကြားသိပြီးဖြစ်၍ မျက်နှာသာပေးရန် စိတ်ကူးမရှိဘဲ အသံခပ်ပြတ်ပြတ်နှင့် မေးလိုက်သည်။
“ခင်ဗျားက ကျိုးရိလုံမဟုတ်လား၊ အခုက ဘာသဘောလဲ။ ကျုပ်ရေးတဲ့စာကို မဖတ်တာလား၊ ကျုပ်တို့ကို ဂရုမစိုက်တဲ့သဘောလား”
ကျန်းချန်ရွှမ်ပေးပို့လိုက်သည့် စာထဲတွင် ဟွမ်းလင်းအယ်ကို တစ်ခါတည်း ခေါ်ဆောင်သွားမည် ဖြစ်၍ ထည့်ပေးလိုက်ရန် မှာကြားထားသည်။ သို့သော် ဟွမ်းလင်းအယ်မပါဘဲ ကျိုးရိလုံနှင့် နှစ် ဦးသာ ရောက်လာခြင်းဖြစ်သည်။ ထိုစဉ် ကျိုးရိလုံအပေါ်သို့ ကြောက်မက်ဖွယ် ဝိညာဉ်ဖိအားတစ် ရပ် ကျရောက်လာတော့သည်။ ကျိုးရိလုံသည် တောင်ကြီးတစ်လုံးဖြင့် အဖိခံရသလို ခံစားလိုက်ရ ပြီး အသက်ကိုပင် ခဲယဉ်းစွာရှုနေရသည်။ သူ့နဖူးတွင် ချွေးစေးများ ပြန်နေသလို နောက်လိုက်ဖြစ် သည့် ကျင့်ကြံသူနှစ်ဦးသည်လည်း ကိုယ်စီတုန်လှုပ်နေမိကြသည်။
“တာအိုရောင်းရင်းတို့ ကိုယ့်ထက်အားနည်းတဲ့သူကို အနိုင်ကျင့်ဖို့ မသင့်ဘူးလားလို့”
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့၏ နားထဲတွင် ရုတ်တရက် အသံတစ်ခုကြားလိုက်ရပြီးနောက် သူ တို့နှစ်ဦး ရှေ့မှောက်သို့ လူတစ်ဦးရောက်လာသည်။ ထိုလူသည် အသက်ငါးဆယ်ကျော် ရှိမည်ဟု ထင်မှတ်ရပြီး တာအိုဝတ်ရုံကို ဆင်မြန်းကာ ဦးခေါင်းထက်တွင် တာအိုဆံထုံးကို ထုံးထားသည်။ သူ၏ မျက်လုံးများမှာ မတုန်မလှုပ်ဟန်ဖြင့် အေးစက်စက်နိုင်လှသည်။ ထိုသူ ရုတ်တရက် ရောက် လာခြင်းကြောင့် ကျန်းချန်ရွှမ်တို့နှစ်ဦး အံ့အားသင့်မိသွားသည်။ ကျိုးရိလုံလိုလူမျိုး၏ နောက်တွင် ရွှေအမြုတေကျင့်ကြံသူတစ်ဦး ရှိနေလိမ့်မည်ဟု မထင်ထားခဲ့ကြပါ။ မကြာမီ ရှန်းရူယန်က ထိုလူ ကိုမှတ်မိသွားသည်။ ပိုင်ယွင်ဂိုဏ်းမှ ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ဦးဖြစ်သူ သူတော်စင် ဟယ်ယွင်ဆိုသူဖြစ်သည်။
မန်လန်ကျူးတစ်ယောက် ရွှေအမြုတေအဆင့်ကို မရောက်သေးခင်ကာလက ဟယ်ယွင်သည် သူ မကို စနစ်တကျ ဖိနှိပ်ရန် ကြိုးပမ်းခဲ့သည်ဟု ဆိုကြသည်။ ထို့အတွက် မန်လန်ကျူးနှင့် ဟယ်ယွင် တို့မှာ တစ်ဦးကိုတစ်ဦး မုန်းတီးနေသလို ပိုင်ယွင်ဂိုဏ်းသည်လည်း နှစ်ခြမ်းကွဲလျက်ရှိနေသည်။ ပထမတစ်ဖွဲ့မှာ ဟယ်ယွင်ခေါင်းဆောင်သည့် မိသားစုဂိုဏ်းဖြစ်ပြီး ကျန်တစ်ဖွဲ့သည် မန်လန်ကျူး ဦးဆောင်သည့် ဆရာ-တပည့်ဂိုဏ်းဖြစ်သည်။ ကျိုးရိလုံတို့လူစုလည်း ဟယ်ယွင်ကိုမြင်မှ သက် ပြင်းချနိုင်တော့သည်။ ထို့နောက် ဟယ်ယွင်ကို ဝမ်းသာအားရ ဦးညွတ်အရိုအသေ ပေးလိုက်ကြ သည်။
“နှုတ်ဆက်ပါတယ် စီနီယာဟယ်ယွင်”
“အေး”
ဟယ်ယွင်က ကျန်းချန်ရွှမ်တို့နှစ်ဦးကို စိုက်ကြည့်ရင်း
“တာအိုရောင်းရင်းတို့ သူတို့ကို အခက်တွေ့အောင် မလုပ်ပါနဲ့လား”
ကျန်းချန်ရွှမ်က တစ်စုံတစ်ရာ တုံ့ပြန်ခြင်းမပြုဘဲ ကျိုးရိလုံကိုသာ စူးစူးရဲရဲ ကြည့်လိုက်ပြီး အေး စက်စွာပြောလိုက်သည်။
“ခင်ဗျားမှာ နောက်ခံကောင်းကောင်း ရှိတယ်ဆိုပြီး ကျုပ်စကားကို အရေးမထားတာပေါ့၊ ခင်ဗျား သိထားဖို့က ခင်ဗျားနောက်မှာ ဘယ်သူရှိရှိ၊ ကျုပ်အနေနဲ့ ခင်ဗျားကို တစ်ခုခုလုပ်ဖို့ ဝန်လေးနေ မှာ မဟုတ်ဘူး”
“အတင့်ရဲလှချည်လား”
ကျန်းချန်ရွှမ်၏ အပြောအဆိုကြောင့် ဟယ်ယွင်တစ်ယောက် ဒေါပွသွားပြီး လူသတ်လိုသည့် မျက် လုံးများဖြင့် သူတို့နှစ်ဦးကို တစ်လှည့်စီ ကြည့်နေသည်။
“ရွှေအမြုတေအဆင့်ကို အခုမှတက်နိုင်ရုံနဲ့ မင်းတို့ကိုမင်းတို့ ကန်းနန်ဒေသမှာ ပြိုင်ဘက်ကင်းလို့ ထင်နေတာလား”
တစ်ချိန်တည်းတွင် ဟယ်ယွင်သည် ရွှေအမြုတေ အလယ်အဆင့် ကျင့်ကြံသူတစ်ဦး၏ အော်ရာ ကို လွှင့်ထုတ်လိုက်ရာ ကောင်းကင်ထက်တွင် တိမ်မည်းများစုဝေးလာပြီး လေများ တဟူးဟူး တိုက်ခတ်လာတော့သည်။ ထိုအခါ ရှန်းရူယန်က
“တာအိုမိတ်ဆွေဟယ်ယွင်၊ ကျွန်မမှတ်မိသလောက် ရှင်နဲ့ လမင်းကြည့်ဂိုဏ်းကြားမှာ အဆက်အ စပ်မရှိဘူးပဲ၊ အခုမှ ရုတ်တရက်ကြီး လမင်းကြည့်ဂိုဏ်းကို ကာကွယ်နေတာ၊ အတိအကျ ပြောရ ရင် ကျိုးရိလုံကို ကာကွယ်နေတာက အကျိုးအမြတ်တစ်ခုခု ပြန်ရဖို့အတွက်များလား။ ကျိုးရိလုံ က ရှင့်ကိုတစ်ခုခု ပြန်ပေးမယ်လို့ ကတိပေးထားလို့သာ ကျွန်မတို့လို နယ်ပယ်တူအချင်းချင်းနဲ့ ရန်သူဖြစ်ဖို့ ဝန်မလေးနေတာပေါ့”
“အဓိပ္ပာယ်မရှိတာ”
ရှန်းရူယန်၏ စကားကြောင့် ဟယ်ယွင် အကြီးအကျယ် ပေါက်ကွဲသွားသည်။ ထိုတုံ့ပြန်မှုကပင် ရှန်းရူယန်၏ စွပ်စွဲချက် မှန်ကန်နေကြောင်း သက်သေထူလိုက်သည့်နှယ် ရှိနေသလို ဟယ်ယွင် ကိုယ်တိုင်လည်း သူ့အနေနှင့် ဤနေရာတွင် ရှိမနေသင့်မှန်း သဘောပေါက်ပြီးဖြစ်၍ အချိန်ကုန်ခံ ပြီး ငြင်းခုံခြင်းမပြုရန် ဆုံးဖြတ်လိုက်သည်။ အပြောထက် အလုပ်က အရာတွင်သည် မဟုတ်ပါ လား။ သူသည် မြင်းမြီးကျာပွတ်တစ်ခုကို ဆင့်ခေါ်လိုက်ပြီး လေတွင်မြှောက်လျက် အားကုန်ဝှေ့ ယမ်းလိုက်ရာ မရေမတွက်နို်ငသော ငွေရောင်ကြိုးမျှင်များ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ထံ ပြေး ဝင်လာတော့သည်။ ငွေကြိုးမျှင်တစ်ခုချင်းစီတွင် ရွှေအမြုတေ အလယ်အဆင့် ကျင့်ကြံသူတစ်ဦး ၏ ဓမ္မစွမ်းအင်များ သွတ်သွင်းထားသည့်အတွက် ကနဦးအဆင့် ကျင့်ကြံသူများ မဆိုထားနှင့် အ လယ်အလတ်အဆင့် ရွှေအမြုတေကျင့်ကြံသူများပင် ပေါ့ဆဝံ့မည်မဟုတ်ပါ။
သို့ရာတွင် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့၏ ရွှေအမြုတေများမှာ နတ်ဘုရားအဆင့်နှင့် အထွတ်အ ထိပ်အဆင့်များ ဖြစ်နေ၍ ဟယ်ယွင်၏ ငွေကြိုးမျှင်များကို တုန်လှုပ်ခြင်းမရှိ တည်ငြိမ်စွာ ကြည့် နေလိုက်ကြသည်။ ထို့နောက် ကျန်းချန်ရွှမ်၏ အဆင့် ၄ ရွှေဗလာနယ်ဓားသည် လေထုကိုဖြတ်ပြီး အလင်းတန်းတစ်ချက် ပြိုးပြက်သွားသည်။ ထိုဓားအလင်းတန်းသည် ငွေရောင်အမျှင်များ ကြား ထဲတွင် ရှေ့နောက် လွန်းထိုးရွေ့လျားသွားသည်။ ကျန်းချန်ရွှမ်၏ လက်ထဲသို့ ဓားပြန်ရောက်လာ သည့်အခါ ငွေရောင်အမျှင်များအားလုံး တစ်စစီ ကျိုးပဲ့လျက် မြေပေါ်ကို ပြုတ်ကျကုန်ကြသည်။
***