လျန်နိုင်ငံသို့အပြန်
Vol. 17 Ch. 329
“ဘာ”
ဟယ်ယွင်တစ်ယောက် တုန်လှုပ်သွားသည်။ သူ၏ တိုက်ခိုက်မှုကို ကျန်းချန်ရွှမ်က အလွယ်ပင်ခုခံ ပြသွားသည်လေ။ ကျန်းချန်ရွှမ်ကလည်း တစ်ဖက်ရန်သူကို ညှာတာခြင်းမပြုတော့ဘဲ အစွမ်းကုန် တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်သည်။ လက်ကို အသာဝှေ့ယမ်းလိုက်ရာ ရွှေအမြုတေဓားသည် ရုတ် တရက် နေရာမှ ပျောက်ကွယ်သွားတော့သည်။ အလွန်ကြီးမားသော အန္တရာယ်တစ်ခု ချဉ်းကပ် လာသည်ကို ဟယ်ယွင်ခံစားမိပြီး မျက်လုံးကိုကစားကာ ရွှေအမြုတေဓားကို ရှာဖွေနေမိသလို တစ်ချိန်တည်းတွင် သူ၏ ကြာပွတ်ကို အဆက်မပြတ် လှုပ်ယမ်းနေရာ အရေအတွက် များပြားလှ သည့် ငွေရောင်ကြိုးမျှင်များ အခွေလိုက်ထွက်ပေါ်လာသည်။ မျက်စိတစ်မှိတ်အတွင်း၌ အဆိုပါ ကြိုးမျှင်များသည် ငွေရောင်စက်လုံးကြီး အဖြစ်သို့ ပြောင်းလဲသွားပြီး ဟယ်ယွင်၏ ရှေ့တွင် နေရာ ယူကာကွယ်ပေးလိုက်သည်။
ထိုအချိန်တွင် မရေမတွက်နိုင်သော ကိုယ်ပျောက်ဓားအလင်းတန်းများသည် ငွေရောင်စက်လုံးထံ အရှိန်ဖြင့် တိုးဝင်ကုန်ကြသည်။ ဓားအလင်းတန်းများ၏ အဟုန်ကြောင့် ငွေစက်လုံးသည် သိသိ သာသာပင် တုန်ခါနေပြီး ခေတ္တအကြာ၌ စက်လုံး၏ အချင်းသည် တစ်မီတာဝက်အထိ လျော့ကျ သွားတော့သည်။ ဟယ်ယွင်သည် အံကိုတင်းတင်းကြိတ်ပြီး နောက်ထပ် ဓမ္မရတနာတစ်ခုကို ဆင့် ခေါ်လိုက်ပြန်သည်။ ထိုရတနာသည် အုတ်ခဲပုံအသွင်ရှိပြီး ကာကွယ်ရေးလက်နက်တစ်မျိုး ဖြစ် သည်။ ကျန်းချန်ရွှမ်၏ ရွှေဗလာနယ်ဓားနှင့် အုတ်ခဲပုံဓမ္မရတနာတို့ ပြင်းထန်စွာ ထိခတ်မိပြီး မီးစ မီးပွားများ လွင့်စင်ကုန်ကြသည်။ ကျန်းချန်ရွှမ်၏ မျက်လုံးအစုံမှာ ကျဉ်းမြောင်းသွားပြီး ကိုယ် တွင်းရှိ နတ်ဘုရားအဆင့် ရွှေအမြုတေလည်း တုန်ခါစပြုလာသည်။
ထိုအခါ အလွန်အားကောင်းသော ဓမ္မစွမ်းအင်တစ်မျိုးသည် တောင်ပေါ်မှ ဆီးနှင်းထု ပြိုဆင်းသ လို ရွှေဗလာနယ်ဓားထံ အရှိန်အဟုန်ဖြင့် စီးဝင်လာပြီး ရွှေဗလာနယ်ဓား၏ စစ်မှန်သောအသွင် ပေါ်ပေါက်လာတော့သည်။ ဓားသွားတစ်ခုလုံး ပေရာကျော်အထိ ရုတ်တရက် ရှည်ထွက်သွားပြီး ဟယ်ယွင်၏ အုတ်ခဲပုံဓမ္မရတနာကို အားကုန်ပိုင်းဖြတ်လိုက်သည်။
ဘုန်း…
ဓမ္မရတနာနှစ်ခု ပြင်းထန်စွာ တိုးတိုက်မှုကြောင့် အောက်မြေပြင်သည် မီတာနှစ်ဆယ်ကျော်အထိ နိမ့်ဆင်းသွားသည်။ ဟယ်ယွင်လည်း နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရပြီး ကျန်းချန် ရွှမ်ကို အံ့အားသင့်စွာ ပြူးပြူးပြဲပြဲ ကြည့်နေမိသည်။ ရွှေအမြုတေ ဒုတိယအဆင့်သာရှိသူ တစ်ဦး သည် ဤမျှ အားကောင်းလှသော ဓမ္မစွမ်းအင်မျိုးကို ထုတ်ဖော်နိုင်ပါသလား။ ကျန်းချန်ရွှမ်၏ တိုက်ခိုက်မှုသည် ဟယ်ယွင်လို ရွှေအမြုတေ စတုတ္ထအဆင့် ကျင့်ကြံသူတစ်ဦးကိုပင် ခုခံနိုင်စွမ်း မဲ့သွားသည်အထိ ပြင်းထန်လွန်းလှသည်။ ထို့ပြင် ကျန်းချန်ရွှမ်၏ ဇနီးဖြစ်သူ ရှန်းရူယန်မှာ တစ်စုံ တစ်ရာ လှုပ်ရှားခြင်း မပြုရသေးသည့် အချက်ကိုလည်း ထည့်သွင်းစဉ်းစားဖို့ လိုနေသေးသည်။ ရှန်းရူယန်သာ ဝင်ရောက်တိုက်ခိုက်ပါက သူ့အတွက် အခြေအနေမကောင်းလှကြောင်း ဟယ်ယွင် စဉ်းစားမိသည်။
ကျိုးရိလုံတို့သားအဖအတွက် ဤမျှအထိ ရင်းနှီးဖို့ ထိုက်တန်ပါ၏လော။ အကယ်၍ ဟယ်ယွင် အနေနှင့် ကျန်းချန်ရွှမ်တို့ကို အလွယ်တကူ အနိုင်ပိုင်းလိုက်နိုင်ပါက ပြန်လည်ရရှိမည့် အကျိုးအ မြတ်ကြောင့် ထိုက်တန်သည်ဟု ဆိုနိုင်သော်လည်း လက်ရှိအခင်းအကျင်းအရ သူ့ဖက်က အရေး နိမ့်ရန် ရာခိုင်နှုန်းများနေသည်။ ထို့ကြောင့် ဟယ်ယွင်သည် ဤအရေးတွင် ပါဝင်လိုခြင်း မရှိတော့ ဘဲ လက်ရှောင်လိုက်ရန် ဆုံးဖြတ်လိုက်သည်။ ကြာပွတ်ကို ပြန်သိမ်းလိုက်ပြီးနောက် စကားတစ် စုံတစ်ရာ မဆိုတော့ဘဲ နောက်ပြန်လှည့်ကာ ပျောက်ကွယ်သွားတော့သည်။ ထိုမြင်ကွင်းကြောင့် ကျိုးရိလုံနှင့် ကျီဖုအဆင့် ကျင့်ကြံသူနှစ်ဦး မျက်နှာအကြီးအကျယ် ပျက်ကုန်ကြသည်။
ဟယ်ယွင်လို ဝါရင့်ရွှေအမြုတေကျင့်ကြံသူသည် ကျန်းချန်ရွှမ်လို တက်သစ်စ ရွှေအမြုတေကျင့် ကြံသူတစ်ဦးကို လွယ်လင့်တကူ အရှုံးပေးသွားသည်ကို မယုံနိုင်ဖြစ်ကုန်ကြသည်။ တစ်ချိန်တည်း တွင် သူတို့သုံးဦးအတွက် အခြေအနေမဟန်မှန်း ရိပ်မိလိုက်၍ တောင်ကာအစီအရင်အတွင်းသို့ တစ်ချိုးတည်း ပြေးဝင်လိုက်ကြသည်။ သို့သော် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်က အလွတ်မပေးဘဲ သူတို့သုံးဦး၏ ပြေးလမ်းအလယ်တွင် ပိတ်ဆို့လိုက်သည်။ ထိုအခါ ကျိုးရိလုံ၏ မျက်နှာမှာ သွေးမ ရှိတော့သည့်ပမာ ဖြူဆုတ်သွားပြီး အသနားခံလိုက်သည်။
“စီနီယာ… ချမ်းသာပေး”
သူ့စကားမဆုံးခင်မှာပင် ကျန်းချန်ရွှမ်၏ ဓားပျံသည် သူ၏ ခန္ဓာကိုယ်ကြီးကို နှစ်ပိုင်းတိတိ ပိုင်း ဖြတ်ပစ်လိုက်သည်။ နောက်လိုက်နှစ်ဦးမှာ ထိုမြင်ကွင်းကြောင့် အပြင်းအထန်ကြောက်ရွံ့သွားပြီး ဒူးထောက်လိုက်ကြသည်။
“စီနီယာ ကျုပ်တို့ကို အသက်ချမ်းသာပေးပါ”
ကျန်းချန်ရွှမ်က ထိုကျီဖုအဆင့် ကျင့်ကြံသူနှစ်ဦးကို စိုက်ကြည့်လိုက်ပြီး
“နှစ်ခါမပြောချင်ဘူး၊ လမ်းပြပေးစမ်း”
“ဟုတ်ကဲ့”
ကျီဖုကျင့်ကြံသူနှစ်ဦးလည်း အသက်ဘေးမှ လက်မတင်လေး လွတ်သွားသောကြောင့် ဝမ်းသာ အားရဖြင့် ကျန်းချန်ရွှမ်တို့ကို ရှေ့မှလမ်းပြခေါ်ဆောင်သွားတော့သည်။ ထိုအချိန်တွင် ကျိုးရိလုံ၏ သားဖြစ်သူ ကျိုးဟောင်ဖေး ရောက်ရှိလာသည်။ ကျီဖုကျင့်ကြံသူနှစ်ဦးသည် သူစိမ်းနှစ်ဦးကို ကျိုး နွံရိုသေစွာ ခေါ်ဆောင်လာသည့် မြင်ကွင်းနှင့် ထိုလူစုတွင် ဖခင်ဖြစ်သူကို မတွေ့ရခြင်းကြောင့် အ ခြေအနေအရပ်ရပ်ကို လျင်မြန်စွာ ရိပ်စားမိလိုက်သည်။ သို့သော် တစ်စုံတစ်ရာ မလှုပ်ရှားနိုင်ခင် မှာပင် ကျီဖုကျင့်ကြံသူနှစ်ဦးက သူ့ကိုလျင်မြန်စွာ ဖမ်းချုပ်လိုက်တော့သည်။
“စီနီယာတို့ သူက ကျိုးရိလုံရဲ့ တစ်ဦးတည်းသောသားပါ။ ဂိုဏ်းသခင်ကြီး မရှိတာကို အခွင့်ယူပြီး သခင်မလေးဟွမ်းကို မတော်မတရားကြံဖို့ အကြိမ်ပေါင်းမနည်း ကြိုးစားဖူးပါတယ်။ ကျွန်တော် တို့နှစ်ယောက် အချိန်မီတားခဲ့လို့ မဖြစ်သင့်တာတွေ မဖြစ်ခဲ့တာပါ”
သူတို့ပြောသည်မှာ မမှားပါ။ ကျိုးရိလုံ ဂိုဏ်းကို တာဝန်ယူအုပ်ချုပ်နေချိန်တွင် သူ့အမိန့်ကို နာခံ ခဲ့သည်မှာ မှန်သော်လည်း ဟွမ်းလင်းအယ်ကိုမူ နေ့ညမပြတ် စောင့်ကြပ်ပေးပြီး ကျိုးဟိုင်ဖေး တစ်ယောက် တရားလက်လွတ် မပြုမူနိုင်ရန် သူတို့နှစ်ဦးအနေနှင့် တတ်စွမ်းသလောက် ကြိုးစား ခဲ့ကြပါသည်။
***