ကောင်းကင်ဘုံရတနာဆေးပြား (၂)
Vol. 17 Ch. 334
အဆင့် ၃ အောက်ရှိ အဆိပ်များကို ဖယ်ရှားပေးနိုင်ရုံမက အဆင့် ၂ ဆေးပြားမှ ဖန်တီးထားသည့် အဆိပ်ဆေးအာနိသင်များကိုလည်း ဖယ်ရှားပေးနိုင်သည်။ အရေးကြီးဆုံးအချက်မှ ဤဆေးပြား သည် သေမျိုးလူသားများကိုပါ ကုသပေးနိုင်စွမ်း ရှိခြင်းဖြစ်သည်။ ကပ်ရောဂါ စတင်ဖြစ်ပွားချိန်မှ အစပြု၍ စင်မြင့်နှင့် ကောင်းကင်ယွဲ့ဂိုဏ်းတို့ လက်တွဲပြီး ရောဂါကုသနိုင်မည့် နည်းလမ်းများကို ရှာဖွေခဲ့သော်လည်း အကြောင်းမထူးခဲ့ပါ။ ယခု ကျန်းချန်ရွှမ် ရောက်လာပြီးနောက် ခဏအတွင်း၌ ပင် ကပ်ရောဂါကို အပြီးနှိမ်နင်းရန် မျှော်လင့်ချက်တစ်ခု ရှိလာခဲ့ပြီဖြစ်သည်။ ကျန်းချန်ရွှမ်၏ အ ဆင့် ၂ အဆိပ်ဖြေဆေးပြား၏ တန်ဖိုးမှာ အတော်များပြားသဖြင့် ကူးစက်ခံရသူအားလုံးကို ကုသ ပေးနိုင်ရန် မလွယ်ကူလှသော်လည်း ဤနည်းလမ်းမှအပ သူတို့အတွက် အခြားနည်းလမ်းမရှိပါ။
“တာအိုမိတ်ဆွေကျန်း ရှင့်ဆေးပြားက သေမျိုးလူသားတွေ အပေါ်မှာ အာနိသင်ပြတဲ့အတွက် ချီ သန့်စင်ခြင်းနဲ့ အခြေခံတည်ဆောက်ခြင်း ကျင့်ကြံသူတွေကိုရော ကုသလို့ရနိုင်မယ်မလား”
ဟွားမန်ရုံ၏ အမေးကို ကျန်းချန်ရွှမ်က ဖြေကြားမည်အပြုတွင် စနစ်ထံမှ အချက်ပေးသံဝင်လာပါ တော့သည်။
ဒင်…
[စနစ်မှ မစ်ရှင်အသစ် ကြေငြာလိုက်သည်။ စနစ်ပိုင်ရှင် ရောဂါကုသမှု အကြိမ်တစ်ရာ ပြုလုပ်ပါ]
စနစ်မှ မစ်ရှင်အသစ် ပေးအပ်လာမှုကြောင့် ကျန်းချန်ရွှမ်တစ်ယောက် ထခုန်မိမတတ် ပျော်ရွှင် သွားမိသည်။ ထိုမစ်ရှင်ကို အပြီးသတ်လုပ်ဆောင်ပြီးချိန်တွင် ကပ်ရောဂါကို အမြစ်ဖြုတ်နိုင်မည့် နည်းလမ်းတစ်ခုခု ရရှိမည်ဟု မျှော်လင့်မိခြင်းကြောင့်ဖြစ်သည်။
“အတပ်တော့ မပြောနိုင်သေးပေမဲ့ ကြိုးစားကြည့်ပါမယ်။ အဆင့် ၂ အဆိပ်ဖြေဆေးပြားနဲ့ အလုပ် မဖြစ်ရင် အဆင့် ၃ ဆေးပြားကိုပါ စမ်းကြည့်မယ်လေ”
သူတို့နှစ်ဦး စကားပြောနေချိန်တွင် ရောဂါကူးစက်ခံထားရသည့် ချီသန့်စင်ခြင်းအဆင့် ကျင့်ကြံသူ အချို့ကို ထပ်မံတွေ့ရှိလိုက်သောကြောင့် ကျန်းချန်ရွှမ်လည်း ရှေးနည်းအတိုင်း အဆင့် ၂ အဆိပ် ဖြေဆေးပြား ဖျော်စပ်ထားသည့်ရေကို တိုက်ကျွေးကုသလိုက်ပြန်သည်။ သည်တစ်ခါတွင် သေမျိုး လူသားနှစ်ဦးကဲ့သို့ ရောဂါအကြွင်းမဲ့ ပျောက်ကင်းသွားခြင်း မရှိသော်လည်း ရောဂါလက္ခဏာတစ် ချို့ သက်သာသွားသည်ကို တွေ့ရသည်။ ထိုအခါ ကျန်းချန်ရွှမ် နားလည်လိုက်သည်က ရေနှင့်ရော စပ်ထားသည့် အဆင့် ၂ ဆေးပြားသည် ချီသန့်စင်ခြင်းအဆင့် ကျင့်ကြံသူများ အပေါ်တွင် အပြည့် အဝ ဆေးစွမ်းပြခြင်း မရှိကြောင်းပင်ဖြစ်သည်။ ထို့ကြောင့် ရေနှင့်ဖျော်စပ်ခြင်း မပြုတော့ဘဲ ဆေး ပြားများကို တိုက်ရိုက်တိုက်ကျွေးလိုက်ရာ ၎င်းတို့ခံစားနေရသော ရောဂါဝေဒနာများသည် ယူပစ် လိုက်သလို ပျောက်ကွယ်သွားကြောင်း တွေ့ရှိလိုက်ရတော့သည်။
အခြေခံတည်ဆောက်ခြင်းအဆင့် ရောဂါကူးစက်ခံရသူများကိုတော့ အဆင့် ၃ ဆေးပြားကသာ ကုသနိုင်စွမ်းရှိကြောင်း ထပ်မံသိရှိလိုက်ရပြန်သည်။ ဘေးတွင်စောင့်ကြည့်နေသော ဟွားမန်ရုံမှာ မူ အတိုင်းမသိ ဝမ်းမြောက်နေသလို တစ်ချိန်တည်းတွင် စိုးရိမ်ကြောင့်ကြနေမိသည်။ နောက်ဆုံး တွင် ကပ်ရောဂါကို နှိမ်နင်းနိုင်မည့် ဆေးဝါးကို တွေ့ရှိခဲ့ပြီဖြစ်၍ ဝမ်းမြောက်မိသော်လည်း အဆို ပါဆေးပြားများ ထုတ်လုပ်ရန်အတွက် လိုအပ်မည့် ကုန်ကြမ်း၊ ရင်းမြစ်ပမာဏမှာ နည်းလှမည် မဟုတ်ဟု တွေးမိ၍ စိတ်ထဲတွင် ကြိတ်၍ သက်ပြင်းချမိခြင်းဖြစ်သည်။ ထိုပမာဏမျိုးမှာ လျန်နိုင် ငံရှိ ရွှေအမြုတေအဆင့် အင်အားစုသုံးရပ်ပင် တတ်နိုင်သည့် ပမာဏမျိုးမဟုတ်ပေ။ အထူးသဖြင့် ကျင်းနိုင်ငံနှင့် စစ်မက်ဖြစ်ပွားတော့မည့် အချိန်ကာလမျိုးဖြစ်နေ၍ ပိုဆိုးနေသည်။
ကပ်ရောဂါကုသရေး တစ်ခုတည်းအတွက် ထိုရင်းမြစ်များ အားလုံးကို အသုံးပြုလိုက်ပါက စစ် မက်ဖြစ်ပွားချိန်တွင် ကျင်းနိုင်ငံပြုသမျှ နုရမည့် အခင်းအကျင်းမျိုး ဖြစ်သွားရန် သေချာလုနီးပါး ရှိ နေသည်။ ကပ်ရောဂါကို နောက်ကွယ်မှ ဖန်တီးကြိုးကိုင်သူသည် ဤကပ်ရောဂါကို ရှေ့ပြေးလက် နက်အဖြစ် အသုံးချ၍ သူတို့လျန်နိုင်ငံကို အင်အားလျော့ပါးသွားအောင် တမင်စီစဉ်ခဲ့လေသလား ဟုပင် ဟွားမန်ရုံ သံသယရှိမိသည်။ ကျန်းချန်ရွှမ်လည်း ဟွားမန်ရုံနည်းတူပင် သံသယရှိမိသည်။ သို့သော် လက်ရှိအချိန်တွင် ကျန်းချန်ရွှမ်အနေနှင့် ကပ်ရောဂါကို နှိမ်နင်းနိုင်ရန် အတွက်သာ အာ ရုံစိုက်လိုက်သည်။ နောက်ဆုံးတွင် ကျန်းချန်ရွှမ်သည် ကူးစက်ခံရသူ တစ်ရာကျော်ကို ကုသပြီးခဲ့ ပြီးဖြစ်သည်။ ထိုအချိန်တွင် စနစ်မှ အချက်ပေးသံကို ကြားလိုက်ရတော့သည်။
[ဂုဏ်ပြုပါသည် စနစ်ပိုင်ရှင်၊ ကုသမှုအကြိမ်တစ်ရာ ဆောင်ရွက်ပြီးပါပြီ။ ဆုလာဘ်အဖြစ် ဝိညာဉ် သမားတော် ပါရမီအမှတ် +၁ နှင့် ကောင်းကင်ဘုံရတနာဆေးပြား ဖော်စပ်နည်းကို ရရှိပါမည်]
ဝိညာဉ်သမားတော် ပါရမီအမှတ်မှာ အထူးအထွေ ရှင်းပြရန်မလိုသော်လည်း ကောင်းကင်ဘုံရတ နာဆေးပြားဆိုသည်မှာ ရောဂါဝေဒနာအားလုံးကို နှိမ်နင်းနိုင်သည့် ဆေးဝါးရတနာတစ်ပါးဖြစ်ပြီး ဓမ္မရတနာတစ်ပါး အဖြစ်ပင် မှတ်ယူလိုက မှတ်ယူနိုင်ပါသည်။ ထိုဆေးပြားကို ဖော်စပ်ရန် ပုံမှန် ဝိညာဉ်ဆေးဝါးများကဲ့သို့ ဆေးဖက်ဝင် သစ်ဥသစ်ဖုများအပြင် ဓမ္မရတနာများကဲ့သို့ ကုန်ကြမ်းပ စ္စည်းများလည်း လိုအပ်ပါသေးသည်။ ထို့ပြင် ကောင်းကင်ဘုံရတနာဆေးပြားသည် စားသုံး၍မရ ဘဲ ဓမ္မစွမ်းအင်ဖြင့် အသက်သွင်းကာ ဆေးရနံ့တစ်မျိုးကို ထုတ်ဖော်ကုသခြင်း နည်းလမ်းဖြင့်သာ အသုံးပြုနိုင်သည်။ ထိုဆေးရနံ့သည် ရောဂါဝေဒနာ၊ ဖျားနာခြင်းအမျိုးမျိုးကို ကုသပေးနိုင်ရုံမက ကူးစက်ကပ်ရောဂါများကိုလည်း အမြစ်ဖြုတ်နိုင်စွမ်း ရှိပါသေးသည်။
ကျန်းချန်ရွှမ်နှင့် ဟွားမန်ရုံတို့လည်း ကူးစက်ခံရသူများကို ဆက်လက်ကုသပေးနေချိန်တွင် ကျန်း ချန်ရွှမ်က ရုတ်တရက်ပြောလိုက်သည်။
“တာအိုမိတ်ဆွေဟွားရေ ဆေးပြားတွေကုန်သွားပြီ”
ဟွားမန်ရုံလည်း အံ့အားသင့်သွားပြီးနောက် နှုတ်သွက်လျှာသွက်ဖြင့် ပြောလိုက်သည်။
“ဒါဆို အဆိပ်ဖြေဆေးပြားကို ဖော်စပ်တဲ့ ဆေးပင်တွေကို ပြောပြပါလား။ စင်မြင့်ကို အကြောင်း ကြားပြီး ပြင်ဆင်ခိုင်းလိုက်မယ်”
သို့သော် ကျန်းချန်ရွှမ်က ခေါင်းခါလိုက်ပြီး
“ကျုပ်တွက်ပြီးသွားပြီ။ ရောဂါကူးစက်ခံရသူက အနည်းဆုံး ဆယ်သန်းကျော်တယ်။ အဆိပ်ဖြေ ဆေးပြားတစ်မျိုးတည်းနဲ့ ဆက်သွားနေတာက ရေရှည်အတွက် အဆင်မပြေဘူး”
“ဒါဆိုဘယ်လိုလုပ်ကြမလဲ”
ကျန်းချန်ရွှမ်၏ ထောက်ပြချက်မှာ အကျိုးအကြောင်း ညီညွတ်သည်ကို ဟွားမန်ရုံ ကောင်းစွာသိရှိ သော်လည်း လတ်တလောတွင် အဆိပ်ဖြေဆေးပြားမှတပါး အခြားနည်းလမ်း မရှိသေးဟု သူမယူ ဆမိသည်။
“ဆေးပြားအသွင်ရှိတဲ့ ဓမ္မရတနာတစ်ပါးကို သွန်းလုပ်ဖို့ ကြံစည်ထားတယ်။ ဒီရတနာနဲ့ဆိုရင် ကပ်ရောဂါကို အမြစ်ဖြတ်ကုသနိုင်လိမ့်မယ်”
“ဘယ်လို….ဆေးပြားပုံ ဓမ္မရတနာ ဟုတ်လား”
အမှန်အတိုင်း ဝန်ခံရလျှင် အဆိုပါ ဓမ္မရတနာမျိုး တည်ရှိကြောင်းကိုပင် ဟွားမန်ရုံ အခုမှ ကြားဖူး ခြင်းဖြစ်သည်။ ကျန်းချန်ရွှမ်က ခေါင်းညိတ်လိုက်ပြီး
“ဟုတ်တယ် ဒါပေမဲ့ ဒီရတနာကို သွန်းလုပ်ဖို့ ကုန်ကျမဲ့ ဆေးပင်ဆေးမြစ်တွေနဲ့ ကုန်ကြမ်းရင်း မြစ်တွေကို ကျုပ်တို့ကျန်းမိသားစုတစ်စုတည်းနဲ့ မတတ်နိုင်တဲ့အတွက် စင်မြင့်နဲ့ ကောင်းကင်ယွဲ့ ဂိုဏ်းတို့ရဲ့ အကူအညီလိုပါလိမ့်မယ်”
ကျန်းချန်ရွှမ်သည် စကားဆုံးလျှင် တစ်ဖက်သို့လှည့်ပြီး လက်သီးဆုပ် ဂါရဝပြုလိုက်သည်။ ကျန်း ချန်ရွှမ် မျက်နှာမူလိုက်သည့် နေရာတွင် အနီရောင်နှင့် အပြာရောင် လူပုံရိပ်နှစ်ခုကို တွေ့လိုက်ရ သည်။ အနီရဲရဲဝတ်ရုံကို ဆင်မြန်းထားသူသည် စင်မြင့်မှ အကြီးအကဲတစ်ဦးဖြစ်သည့် စီးဆင်းမီး လျှံဖြစ်ပြီး အပြာရောင်ဝတ်ရုံပိုင်ရှင်မှာ ကောင်းကင်ယွဲ့ဂိုဏ်းမှ ရေခဲနတ်သမီး ဝမ်ရှုကျွန်းပင်ဖြစ် သည်။ ထိုနှစ်ဦး မပြောမဆို ရောက်ရှိလာခြင်းကြောင့် ဟွားမန်ရုံလည်း ကပျာကယာ အရိုအသေ ပေးလိုက်ရသည်။ ဟွားမန်ရုံ၏ ဂါရဝပြုမှုကို စီးဆင်းမီးလျှံက ပြုံးလျက် အသိအမှတ်ပြုလိုက် သော်လည်း ဝမ်ရှုကျွန်းကမူ ခေါင်းကိုညိတ်သည်ဆိုရုံမျှသာ ညိတ်ပြသည်။ ထိုနှစ်ဦးသည် ကျန်း ချန်ရွှမ်ကို စူးစိုက်ကြည့်ရှုနေကြပြီး စီးဆင်းမီးလျှံက စကားစလိုက်သည်။
“တာအိုမိတ်ဆွေကျန်း ခင်ဗျားသွန်းလုပ်ဖို့ ကြိုးစားနေတဲ့ ဓမ္မရတနာရဲ့ အမည်ကို ပြောပြလို့ရမ လား။ နောက်ပြီး အဲဒီရတနာကို ရရင် ဒီကပ်ရောဂါကြီးကို အမြစ်ပြတ်ကုသနိုင်ဖို့ ယုံကြည်ချက် ဘယ်လောက်ထိရှိလဲ”
ကျန်းချန်ရွှမ်လည်း အမှန်အတိုင်း ပြောပြလိုက်ရန် ဆုံးဖြတ်လိုက်ပြီး
“ဒီဆေးပြားရတနာရဲ့အမည်က ကောင်းကင်ဘုံရတနာဆေးပြားလို့ ခေါ်ပါတယ်။ ဒီရတနာကို အောင်မြင်စွာ သွန်းလုပ်ပြီးစီးခဲ့ရင် ကပ်ရောဂါကို အဆုံးသတ်နိုင်ဖို့ ၈၀ ရာခိုင်နှုန်းသေချာပါတယ်”
အမှန်တွင် ကျန်းချန်ရွှမ်သည် ရှိရင်းစွဲထက် လျှော့ပေါ့ပြောဆိုလိုက်ခြင်းသာဖြစ်သည်။ ကောင်း ကင်ဘုံရတနာဆေးပြားသည် ယခုကပ်ရောဂါကို ရာနှုန်းပြည့် အကြွင်းမဲ့ကုသနိုင်စွမ်း ရှိပါသည်။ သို့သော် ကျန်းချန်ရွှမ်အနေနှင့် လက်ရှိအချိန်တွင် ကြွားဝါရန် မသင့်သေးကြောင်း နားလည်ထား ၍ လျှော့ပေါ့ပြောဆိုလိုက်ခြင်းဖြစ်သည်။ သို့တိုင် ဝမ်ရှုကျွန်းတို့နှစ်ဦးသည် သူ၏ အာမခံစကားကို ကြားသည့်အခါ အထင်ကြီးကုန်ကြတော့သည်။
“ဒီဆေးပြားရတနာက ဒီလောက်ထိ စွမ်းတာပဲလား”
စီးဆင်းမီးလျှံက ဝမ်းသာအားရ ချီးမွမ်းခန်းဖွင့်ပြီးနောက်
“ဒါဖြင့် ကျုပ်တို့စင်မြင့်က တာအိုမိတ်ဆွေကျန်းအတွက် လိုအပ်တာမှန်သမျှ ကူညီပေးမယ်”
ဝမ်ရှုကျွန်းကလည်း ထောက်ခံလိုက်ပြန်သည်။
“ကောင်းကင်ယွဲ့ဂိုဏ်းအစား ကျွန်မပဲဆုံးဖြတ်လိုက်ပါမယ်။ ဒီရတနာသွန်းလုပ်ဖို့ လိုအပ်တာမှန် သမျှကို ကျွန်မတို့ဂိုဏ်းက ကူညီပေးသွားပါမယ်၊ ဘာကုန်ကြမ်းတွေလိုပါသလဲ”
ထိုအခါ ကျန်းချန်ရွှမ်က ကြိုတင်ပြင်ဆင်ထားသော ကျောက်စိမ်းပြားနှစ်ခုကို ဝမ်ရှုကျွန်းတို့နှစ်ဦး လက်ထဲ ထည့်ပေးလိုက်ပြီးနောက်
“ကျုပ်ဆီမှာမရှိတဲ့ ကုန်ကြမ်းပစ္စည်း အမည်တွေကို ဒီစာရင်းနှစ်ခုထဲ ရေးထားပါတယ်။ ခင်ဗျား တို့ဂိုဏ်းမှာ အဲဒီပစ္စည်းတွေရှိမရှိ တစ်ချက်လောက် စစ်ဆေးပေးပါဦး”
စီးဆင်းမီးလျှံနှင့် ဝမ်ရှုကျွန်းလည်း ကျောက်စိမ်းပြားတစ်ခုစီကို နဖူးတွင် ထိကပ်လိုက်ပြီး နတ်ဘု ရားအာရုံ အသုံးပြုစစ်ဆေးလိုက်သည်။ ခဏအကြာတွင် စီးဆင်းမီးလျှံက
“ကျုပ်တို့ကျောက်စိမ်းရေဓားစင်မြင့်မှာ ဝိညာဉ်ယန်ထူးကဲကျောက်စိမ်း၊ ခရမ်းချုံပန်းနဲ့ ကြယ် ကျောက်စိမ်းမြက်တို့ရှိပါတယ်”
ဝမ်ရှုကျွန်းလည်း ပြောသည်။
“ကောင်းကင်ယွဲ့ဂိုဏ်းမှာ သစ်ဖုတစ်ရာ ခရမ်းရောင်နွယ်ရွက်ရှိပါတယ်”
ထိုအခါ စီးဆင်းမီးလျှံက
“ဒါဆို အဆီအနှစ်သစ်သားနဲ့ ရှောင်းယန်ရေစင်မြက်တို့ပဲ မရှိတာပေါ့၊ တခြားကျင့်ကြံသူတွေကို မေးကြည့်ဖို့လိုမယ်ထင်တယ်”
“အဲဒီပစ္စည်းနှစ်ခု ဘယ်မှာရှိလဲ ကျွန်မသိတယ်”
ဟွားမန်ရုံက ရုတ်တရက် ဝင်ပြောလိုက်သည်။
***