လျန်နိုင်ငံအပြောင်းအလဲ
Vol. 17 Ch. 331
လျူလင်းလုံနှင့် ကျန်းရန်ယီတို့၏ မျက်နှာမှာ သိသိသာသာပင် ပြင်းထန်လေးနက်လျက် ရှိခြင်း ကြောင့် သူတို့နှစ်ဦး မရှိခင်အတွင်း အရေးကြီးကိစ္စတစ်ခု ဖြစ်သွားမှန်း ကျန်းချန်ရွှမ် ရိပ်မိလိုက် သည်။
“ရန်ယီနဲ့ အကြီးအကဲလျူ တစ်ခုခုဖြစ်လာလို့လား”
ကျန်းရန်ယီတို့နှစ်ဦးလည်း တစ်ဦးမျက်နှာ တစ်ဦးကြည့်ပြီးနောက် ကျန်းရန်ယီက စတင်ပြောဆို လိုက်သည်။
“စီနီယာဦးလေးတို့ မရှိတုန်း လျန်နိုင်ငံမှာ ပြဿနာတစ်ခုဖြစ်သွားတယ်”
“အသေးစိတ်ပြောပြပါဦး”
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့လည်း စိတ်ဝင်စားသွားကြသည်။ ကျန်းရန်ယီသည် တော်ရုံကိစ္စ လောက်ကို အလေးအနက်မထားသည့် စရိုက်ပိုင်ရှင်ဖြစ်သည့်အတွက် ယခုပြဿနာသည် သူတို့ မျှော်လင့်ထားသည်ထက် ကြီးကျယ်နေမှာ သေချာသည်။ ကျန်းရန်ယီက ခေါင်းညိတ်လိုက်ပြီး
“စီနီယာဦးလေးတို့ ခရီးထွက်သွားပြီး မကြာခင်မှာပဲ ဆန်းမင်စီရင်စုမှာ ရောဂါကပ်တစ်ခုဖြစ်သွား တယ်”
“ရောဂါကပ် ဟုတ်လား”
“ဟုတ်ပါတယ်၊ ဒီရောဂါက အသက်သေစေနိုင်တဲ့အထိ ပြင်းထန်ပါတယ်။ ရောဂါကူးစက်ခံရသူရဲ့ ခန္ဓာကိုယ်မှာ ပြည်အနာတွေ တည်လာပြီး သုံးရက်အတွင်း သေဆုံးကုန်ပါတယ်။ ဒီရောဂါက အစ ပိုင်းမှာ သေမျိုးလူသားတွေမှာပဲ ဖြစ်ပွားနေတာ၊ ဒါပေမဲ့ နောက်ပိုင်း ချီသန့်စင်ခြင်း ကနဦးနဲ့ အ လယ်အလတ် ကျင့်ကြံသူတွေပါ ကူးစက်ကုန်တယ်။ အခုဆို ချီသန့်စင်ခြင်း နှောင်းပိုင်းအဆင့်နဲ့ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတွေပါ စတင်ကူးစက်နေပါပြီ”
“ဘာ”
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ အကြီးအကျယ် တုန်လှုပ်သွားကြတော့သည်။ ကျန်းရန်ယီက ရော ဂါကပ်အကြောင်း စကားအစပျိုးနေချိန်တွင် တစ်စုံတစ်ရာ စိုးရိမ်ခြင်းမရှိခဲ့ပါ။ သူတို့အားလုံး မှီ တင်းနေထိုင်ရာ ဤလောကသည် သာမညောင်ည သက်ရှိလောကမဟုတ်ဘဲ ကျင့်ကြံခြင်းအုတ် မြစ် အခိုင်အမာရှိသည့် ကျင့်ကြံရေးကမ္ဘာဖြစ်သည်။ ကျင့်ကြံသူများအတွက် ရောဂါကပ်ဘေးဆို သည်မှာ မှုလောက်စရာ အန္တရာယ်မျိုးမဟုတ်ပါ။ သို့သော် ယခုကျန်းရန်ယီ တင်ပြနေသည်ကို နား ထောင်နေရင်း ဤအရေးသည် လျှော့တွက်၍မရသည့် အလွန်အန္တရာယ်များသော အခင်းအကျင်း ဖြစ်ကြောင်း ကျန်းချန်ရွှမ် ရိပ်မိလာသည်။ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများကိုပါ ကူးစက်နိုင်သည့် ဤရောဂါသည် သာမန်သွေးရိုးသားရိုး ရောဂါတစ်ခု မဟုတ်မှန်း ကျိန်းသေနေ သည်။
ကျန်းရန်ယီ၏ အပြောအရ ရောဂါကူးစက်နှုန်းသည် အလွန်လျင်မြန်ပြီး မူလပထမက သာမန်သေ မျိုးလူသားများကိုသာ ကူးစက်နိုင်ရာမှ ယခု အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများအ ထိ ကူးစက်လာသည့် ရောဂါအသွင်ပြောင်းလဲပုံမှာ ကြောက်ခမန်းလိလိ မြန်ဆန်နေသည်။ သည် နှုန်းအတိုင်း ဆက်သွားနေလျှင် မကြာမီ အခြေခံတည်ဆောက်ခြင်း အလယ်အဆင့်နှင့် နှောင်း ပိုင်းအဆင့် ကျင့်ကြံသူများအထိ ပျံ့နှံ့လာတော့မည်မှာ သေချာပါသည်။
“လက်ရှိအခြေအနေ ဘယ်လိုရှိလဲ၊ ကျုပ်သိသလောက် ဆန်းမင်မှာ ကျီဖုအဆင့် အင်အားစုနှစ်ခု ရှိတယ်မလား၊ ရေပုံရိပ်ယောင်ဂိုဏ်းနဲ့ လီမိသားစုတို့လေ၊ သူတို့မှာ ဒီရောဂါကို ကုသဖို့ နည်းလမ်း ရှိနေပြီလား”
ကျန်းချန်ရွှမ်၏ အမေးကို ကျန်းရန်ယီနှင့် လျူလင်းလုံတို့က သက်ပြင်းချလျက် ခေါင်းခါပြသည်။
လျူလင်းလုံက ဆိုသည်။
“ကျွန်မကြားတာတော့ သူတို့နှစ်ဖွဲ့လက်တွဲပြီး ရောဂါကို နှိမ်နင်းဖို့ အစွမ်းကုန် ကြိုးစားခဲ့ပေမဲ့ အကြောင်းမထူးဘူးတဲ့။ ကျောက်စိမ်းရေဓားစင်မြင့်က ကျင့်ကြံသူအများစုကလည်း တိုက်ခိုက် ရေးနည်းစနစ်တွေကိုပဲ အထူးပြုလေ့လာထားကြတော့ ဒီရောဂါကပ်ကို ဘယ်လိုနှိမ်နင်းရမလဲ မသိဖြစ်နေကြတယ်။ လောလောဆယ်မှာ ဆန်းမင်စီရင်စုကို အစီအရင်သုံးပြီး ချိတ်ပိတ်ထားကြ တယ်။ ဒါပေမဲ့ မနေ့ကကြားတာက ဆန်းမင်နဲ့ အနီးဆုံး မေပယ်ရွက်ပြာ စီရင်စုမှာလည်း ကူးစက် ခံရသူအချို့ တွေ့နေရပြီတဲ့။ ကောင်းကင်ယွဲ့ဂိုဏ်းက ဝိညာဉ်သမားတော်တွေကိုပဲ ကျွန်မတို့ မျှော်လင့်ရတော့မယ်ထင်တယ်”
လျူလင်းလုံ ရည်ညွန်းသည့် ဝိညာဉ်သမားတော်ဆိုသည်မှာ ကျင့်ကြံခြင်းလောကရှိ အလုပ်အကိုင် များအနက် တစ်ခုဖြစ်ပြီး အဂ္ဂိရတ်ပညာရှင်များနှင့် အနည်းငယ်ဆင်တူကြသည်။ သို့သော် ဝင်ငွေ နှင့် ဂုဏ်သိက္ခာအရ အဂ္ဂိရတ်ပညာရှင်အလုပ်သည် ဝိညာဉ်သမားတော်များထက် ပိုမိုမြင့်မားသည့် အတွက် ဆေးပညာပါရမီရှိသူများသည် သမားတော်အလုပ်ထက် အဂ္ဂိရတ်ပညာရပ်များကိုသာ လေ့လာလိုက်စားလေ့ရှိကြသည်။ တစ်ချိန်တည်းတွင် ဝိညာဉ်သမားတော်ဖြစ်ရန် လေ့လာရသည့် ပညာရပ်များသည် အဂ္ဂိရတ်ပညာနည်းတူ ခက်ခဲခြင်းကြောင့် ဝိညာဉ်ဆေးပညာကို လေ့လာသူ အရေအတွက်မှာ နည်းပါးလှသည့်အတွက် ထိုဆေးပညာရပ်တွင် ကျွမ်းကျင်သူမှာ ပို၍ပင် နည်း ပါးသေးသည်။
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် ဤအရေးမှာ နှယ်နှယ်ရရ မဟုတ်ကြောင်း သဘောပေါက်မိ ကြသည်။ သည်ပြဿနာကို မကိုင်တွယ်နိုင်လျှင် နိုင်ငံလုံးဆိုင်ရာ ကပ်ဘေးကြီးတစ်ခုအထိ ဖြစ် လာပြီး သေမျိုးလူသား သန်းပေါင်းများစွာနှင့် ကျီဖုအဆင့်အောက် ကျင့်ကြံသူများစွာ သေဆုံးရ နိုင်ချေရှိသည်။ ထိုအတိုင်း အမှန်တကယ် ဖြစ်လာပါက လျန်နိုင်ငံ၏ ကျင့်ကြံမှုအုတ်မြစ်လည်း အ မြစ်မှ ဖြိုလှဲခံရသလို ဖြစ်သွားပြီး ရွှေအမြုတေအဆင့် အင်အားစုများဖြစ်သည့် ကျန်းမိသားစု၊ ကျောက်စိမ်းရေဓားစင်မြင့်နှင့် ကောင်းကင်ယွဲ့ဂိုဏ်းများအထိ ဆိုးကျိုးသက်ရောက်လာပါလိမ့် မည်။ ကျင့်ကြံခြင်းမိသားစုများ၊ ဂိုဏ်းများအားလုံးသည် သေမျိုးလူသားများနှင့် အဆင့်နိမ့်ကျင့် ကြံသူများအပေါ်တွင် အခြေပြုတည်ဆောက်ထားကြသည် မဟုတ်ပါလား။
အဆိုပါ အခြေခံအုတ်မြစ်ပြိုလဲလျှင် ထိုဂိုဏ်းများတွင် ပါရမီရှင် မည်မျှအထိ ပေါများပါစေ၊ ဂိုဏ်း တစ်ခုလုံး ပျက်သုဉ်းသည်အထိ ဆင့်ကဲပြိုလဲသွားနိုင်သည်။ ထိုရောဂါကပ်သည် ကျန်းမိသားစုနှင့် ချီအန်းစီရင်စုကို ကူးစက်ခြင်းမရှိသေး၍ သူတို့အတွက် ပြင်ဆင်ချိန်ရသည်က အဆိုးထဲမှ အ ကောင်းဟု သတ်မှတ်ရမည်ဖြစ်သည်။ ကျန်းရန်ယီနှင့် လျူလင်းလုံတို့ကလည်း လိုအပ်သည့် ပြင် ဆင်မှုများကို ဆောင်ရွက်ထားကြောင်း တင်ပြသည်။ ချီအန်းစီရင်စုကို အဝင်အထွက်ပြုသည့် ကျင့်ကြံသူအားလုံးကို လေ့လာစောင့်ကြည့်နေသည်ဟု ဆိုသည်။ အထူးသဖြင့် ဆန်းမင်နှင့် မေ ပယ်ရွက်ပြာစီရင်စုမှ လာသူများကို ဝင်ခွင့်ပိတ်ထားကြောင်း၊ ဤတာဝန်ကို ဦးဆောင်ရယူထားသူ မှာ ကျန်းရန်တောက်ဖြစ်ပြီး သူနှင့်အတူ အခြားသောမိသားစုများမှ ကျီဖုအဆင့် ကျင့်ကြံသူများ လည်း ကူညီပေးနေကြောင်းသိရသည်။
ထို့နောက် ကျန်းချန်ရွှမ်က ခေတ္တမျှ စဉ်းစားလိုက်ပြီး ကျန်းရန်ယီတို့နှစ်ဦးအား
“ခင်ဗျားတို့ ပြင်ဆင်ထားတာတွေကို အားရတယ်။ ဒီအတိုင်း ဆက်လက်ထိန်းချုပ်ထားပါ။ ကျုပ် ကတော့ စင်မြင့်ကိုသွားပြီး ဒီအခြေအနေတွေကို တင်ပြဆွေးနွေးကြည့်မယ်”
ထို့နောက် ကျန်းချန်ရွှမ်က ရှန်းရူယန်ဖက်ကို လှည့်ပြီး
“ရူယန်က ဒီမှာပဲနေခဲ့ပါ။ တစ်ခုခုဖြစ်လာရင် အခြေအနေအရပ်ရပ်ကို စီမံကြီးကြပ်နေခဲ့ပါ”
***