← Chapters

နေကွယ်လျှင် လထွက်မည်

Vol. 7 Ch. 91

နေကွယ်လျှင် လထွက်မည်

Vol. 7 Ch. 91

လန်ထင်ဝိညာဉ်စုမှော်စက်ဝန်း မတည်ဆောက်မီက သူတို့သုံးယောက် သီးခြားကျင့်ကြံခဲ့သည်။ အခြေတည်အဆင့်ကျင့်စဉ်စွမ်းအားကို ခိုင်မာတိုးတက်အောင် အဆက်မပြတ်ကြိုးစားသည်။ ဒုတိယထပ်တွင် ဝိညာဉ်စုမှော်စက်ဝန်း တည်ထောင်ပြီး‌နောက် လေးယောက်အတူ ကျင့်ကြံသည်။ အားသည့်အချိန်တွင် ကျင့်စဉ်လမ်းအသိအမြင်များ ဖလှယ်သည်။ အကျိုးကျေးဇူးများစွာရကြသည်။

ဥပမာ အရိုးရိုင်းသည် “သူတော်စင်အဆိုအမိန့်”များ ရွတ်ဆိုနေချိန်တွင် “မြင်းထိုင်” မလေ့ကျင့်ကြောင်း လုယန်သိခဲ့ရသည်။ သူတော်စင်များကို မလေးစားရာရောက်သည်ဟု ယူဆသောကြောင့်ဖြစ်သည်။ သို့သော် အရိုးရိုင်းသည် “မြင်းထိုင်”လေ့ကျင့်နေချိန်တွင် သူတော်စင်အဆိုအမိန့်များကို ရွတ်ဖတ်လေ့ရှိသည်။

(**”မြင်းထိုင်”(horse stance)သည် သိုင်းကိုယ်ဟန်တစ်မျိုးဖြစ်သည်)

ဥပမာ မုန်ကျင်းကျိုးသည် နေ့ခင်းပိုင်းတွင် သူ့စိတ်စွမ်းအားလေ့ကျင့်ရန် ဆောင်ကြာမြိုင်များသို့ မကြာခဏသွား၍ တစ်ခြားကိစ္စများမလုပ်ဘဲ သီးချင်းနား‌ထောင်ကြောင်း အရိုးရိုင်း သိရသည်။ အတော်လေးစားစရာကောင်းလှသည်။

ဥပမာ လုယန်သည် သွားကြားထဲအစာညပ်နေချိန်တွင် နွားမွှေးကို ဓားစွမ်းအင်ပို့လွှတ်၍ သွားကြားထိုးလေ့ရှိကြောင်း မုန်ကျင်းကျိုး သိခဲ့ရသည်။

ဥပမာ တစ်ချိန်က ကြယ်ကမ္ဘာများမှ သန့်စင်ခဲ့ပြီး အလယ်ပိုင်းတိုက်နယ်အဖြစ် ဖန်တီးခဲ့ကြောင်း လန်ထင်သိရသည်။

“တကယ်အဲလိုပဲပေါ့”

လန်ထင်အံ့ဩနေသည်။ ထိုလျှို့ဝှက်ချက်ကို သိလိုက်ရသဖြင့် သူ့စိတ်ထဲမှ ဒွိဟတစ်ချို့ ရှင်းလင်းသွားသည်။

“ဘာတွေနားရှုပ်စရာရှိလို့လဲ”

လုယန်ကမေးသည်။

လန်ထင် ခဏစဉ်းစားနေသည်။ ထိုကိစ္စသည် သူဆွေးနွေးသင့်သည့်အရာဟု မထင်မိ။

“လသံလွင်မသေမျိုးနန်းတော်ဆိုတဲ့နာမည်ဟာ အဓိပ္ပါယ်နှစ်ခုရှိနေတာ ရှင်တို့အားလုံးသတိထားမိမှာပါ။ တစ်ခုက ဂိုဏ်းထဲမှာ သံလွင်ပင်တွေပြည့်နေလို့။ နောက်တစ်ခုက လ,ဟာ ထူးခြားတဲ့အရေးပါမှုတစ်ချို့ရှိတယ်လို့ ဂိုဏ်းက ယုံကြည်ထားကြလို့ပဲ”

လသံလွင်နန်းတော်သည် လ,နှင့် ပိုနီးကပ်စေရန် နှင်းဖုံးတောင်ထိပ်တွင် တည်ဆောက်ထားသည်။ လ,ကို အလေးထားကြသည့်သဘောဖြစ်သည်။

“လသံလွင်နန်းတော်ကိုကျွန်မဝင်တော့ ကျွန်မဆရာကိုမေးကြည့်တယ်။ ဘာလို့ လ,က အရေးပါတာလဲ။ နေကရောဘယ်လိုလဲ။ တစ်ခြားကြယ်တွေကရော ဘယ်လိုလဲ။ ခုနစ်စဉ်ကြယ်လို ကြယ်တွေဆီကနေ စွမ်းအင်တွေ ဆွဲယူလို့မရဘူးလားလို့ပေါ့။

ဆရာကပြောတယ်။ နေနဲ့လဟာ အစကတည်းက တစ်ခုတည်းပဲတဲ့။ တစ်ခြားကြယ်တွေအကြောင်းတော့ သူဘာမှမပြောဘူး။ ပြုံးရုံပဲ ပြုံးနေတယ်။

ဒါပေမယ့် ဆရာက သူနားမလည်တာတဲ့အကြောင်းတွေ မေးခံရရင်လည်း အဲလိုပဲ ပြုံးနေတတ်တယ်။ ဒါကြောင့် ကျွန်မဆက်မမေးတော့ဘူး။

အခု ရှင်တို့ပြောတာနားထောင်ကြည့်တော့ ဆရာလည်း ကြယ်တွေနဲ့ပတ်သက်တဲ့ အမှန်တရားကို သိထားလောက်တယ်ထင်တယ်”

လုယန် မျက်မှောင်ကျုံ့သွားသည်။

“လနဲ့နေက တစ်ခုတည်းတဲ့လား”

လန်ထင် ခေါင်းငြိမ့်သည်။

“အစက ကျွန်မလည်း အဲဒါဘာကိုပြောချင်မှန်း နားမလည်ဘူး။ နောက်ပိုင်းတော့ အတန်းတစ်ခုပြီးတဲ့အချိန် ဂိုဏ်းက အမနှစ်ယောက်ပြောနေတာကြားတယ်။ နေလုံး ငြိမ်းသွားရင် လ,ဖြစ်လာတယ်တဲ့”

“နေငြိမ်းရင် လဖြစ်တယ်...”

လုယန် အံ့အားသင့်သွားသည်။ သူတစ်ခါမှ ထိုစကားကိုမကြားဖူး။

ကြယ်တာရာတို့သည် ပုံရိပ်ယောင်လား။ နေနှင့်လသည် တစ်ခုတည်းလား။ ဖြစ်တည်မှုတစ်ခုတည်း၏ မျက်နှာပြင်နှစ်ဘက်လား။ သူမသိတော့။

နေသည် နေ့ခင်းဘက်တွင် လောင်ကျွမ်း၍ ညဘက်ရောက်လျှင် ငြိမ်းအေးသွားပြီး လ,အဖြစ်ပြောင်းသွားခြင်း ဖြစ်လေမလားမသိ။

နေစွမ်းအင်သည် ကြောက်စရာကောင်းသည်။ သက်ရှိအားလုံး၏ စွမ်းအင်ရင်းမြစ်ဟု ပြောကြသည်။ ယနေ့ထိ နေကိုအသုံးပြု၍ လူသားများ ကျင်ကြံကြသည်။ သို့မဟုတ် ဆင်ခြင်သုံးသပ်ကြသည်။

အကယ်င နေသည် လ,ဖြစ်ခဲ့လျှင် ငြိမ်းသွားသည့် နေစွမ်းအင်အားလုံး ဘယ်ရောက်သွားသနည်း။ အလွန်တရာကြီးမားသည့် စွမ်းအင်ပမာဏမျိုးဖြစ်လိမ့်မည်။

ညဘက်တွင် နေက ထိုစွမ်းအားကို ပြန်ရုတ်သိမ်း၍ အတွင်းပိုင်းတွင် ဖုံးကွယ်ထားပြီး လအဖြစ်အသွင်ပြောင်းသွားခြင်းလား။

“ဒါဆိုဘာလို့ အမည်မသိ‌ရှေးစွမ်းအားရှင်က နေကို ကြယ်တွေနဲ့အတူ မသန့်စင်ခဲ့တာလဲ”

လုယန် ခပ်တိုးတိုးရေရွတ်သည်။

နေမရှိလျှင် လောကကြီး မှုန်မှိုင်းသွားမည်။ မရေမတွက်နိုင်သည့် ဖြစ်တည်မှုများ နွမ်းခြောက်သေဆုံးမည်။ သခင်ချူးစကားအရ အမည်မသိစွမ်းအားရှင်သည် လူ့အသက်ကို လုံးဝတန်ဖိုးမထား။ ထိုသို့ဆိုလျှင် နေကိုလည်း အထူးတလည် ထောက်ထားငဲ့ညှာ၍ အလွတ်ပေးခဲ့မည်မဟုတ်။

“နေမင်းဂိုဏ်းအကြောင်းသိလား”

မုန်ကျင်းကျိုးက ရုတ်တရက်မေးသည်။

“အဓိကနတ်ဆိုးလေးဂိုဏ်းထဲက နေမင်းဂိုဏ်းကို ပြောတာလား”

လုယန် နည်းနည်းတော့ ကြားဖူးသည်။

“ဟုတ်တယ်။ နေမင်းဂိုဏ်းက နေကိုကိုးကွယ်တယ်။ နေဟာ မှော်ဆန်တဲ့စွမ်းအားတွေ ပိုင်ဆိုင်တယ်လို့ ယုံကြည်ကြတယ်။ နေကိုအသက်ပြန်သွင်းနိုင်ရင် အရာအားလုံး ပျက်စီးသွားလိမ့်မယ်လို့ ပြောကြတယ်။ ဒါကြောင့် နေအသက်မဝင်ခင်မှာ ကိုယ့်ကိုယ်ကိုဖျက်ဆီးပြီး ကောင်းကင်ဘုံတစ်ခုကိုသွားဖို့ စိတ်နှစ်ထားကြတယ်”

မုန်ကျင်းကျိုး ဆက်ပြောသည်။

“မင်းတို့လသံလွင်ဂိုဏ်းကို စော်ကားတာတော့မဟုတ်ဘူး။ ဒါပေမယ့် နေနဲ့လက တစ်ခုတည်းဆိုရင် နေမင်းဂိုဏ်းနဲ့ မင်းတို့ဂိုဏ်းအမြင်က တစ်ချို့နေရာတွေမှာ ထပ်တူကျနေတယ်။ နှစ်ဂိုဏ်းလုံးက နေနဲ့လရဲ့ အရေးပါမှုနဲ့ ကြောက်စရာစွမ်းအားကို အသိအမှတ်ပြုတယ်လေ”

လန်ထင် ခေါင်းခါသည်။ မုန်ကျင်းကျိုးစကားကို စော်ကားသည်ဟု မခံစားရ။ ထိုအမြင်မျိုး ဂိုဏ်းတွင်းမှာလည်း ရှိသည်။ ပို၍ပင် အစွန်းရောက်သေးသည်။

မုန်ကျင်းကျိုး ခန့်မှန်းချက်တစ်ခုပြောသည်။

“အဲဒီ့အမည်မသိရှေးစွမ်းအားရှင်က နေထဲမှာပုန်းနေတာ ဖြစ်နိုင်တယ်။ နေက ရှေးခေတ်ကတည်းက ကောင်းကင်မှာ ရှိနေတာလေ။ ဘယ်သူမှမယှဉ်နိုင်ဘူး။ အဲဒါက ငါတို့မတွေးမိတဲ့နေရာတစ်ခုပဲ”

လုယန်က နောက်ထပ်ခန့်မှန်းချက်တစ်ခု ပြောသည်။

“ဒါမှမဟုတ် အမည်မဲ့စွမ်းအားရှင်တောင် ရင်ဆိုင်ဖို့လက်တွန့်တဲ့ ကြီးမားတဲ့ စွမ်းအားတစ်မျိုး နေထဲမှာ ရှိနေလို့ဖြစ်မယ်”

ဘယ်လိုသုံးသပ်သည်ဖြစ်စေ နေနှင့်လသည် ထင်ရသလောက်ငြိမ်းချမ်းသည့် ဖြစ်တည်မှုများမဟုတ်နိုင်။

“ထားလိုက်ပါတော့ကွာ။ နွေဦးကောက်သစ်စားပွဲက ကြုံရခဲတယ်။ အပြင်ထွက်ပြီး သွားပျော်ရအောင်”

မုန်ကျင်းကျိုး အတွေးများခေါင်းထဲမှထုတ်ပြီး အားလုံးကို အပန်းဖြေဖို့ လှုံ့ဆော်သည်။

ထိုအတွေးများနှင့် ဤနေရာတွင်ထိုင်နေမည့်အစား အိမ်ပြန်ပြီး မိသားစုအကြီးအကဲများကို မေးသည်ကမှ ပိုကောင်းဦးမည်။

ထိုအကြီးအကဲများသည် သေချာပေါက် သူ့ထက်ပိုသိလိမ့်မည်။ ဥပမာဆိုရင်လျှင် သူတို့နှုတ်မှထုတ်မပြောသော်လည်း သူ့ကို တစ်ကိုယ်တော်ဝိညာဉ်မြစ်ဖြစ်ကြောင်း သိကြသည်။ တာအိုလမ်းစဉ်ဂိုဏ်းသို့သွားလျှင် ဝိညာဉ်မြစ်အမျိုးအစားကို သိရမည်ဟုပြောခဲ့သည်။

ကောက်သစ်စားပွဲတော်နီးကပ်လာသည်နှင့် ပွဲတော်လေထုက ပိုသိပ်သည်းလာသည်။ ဖောက်သည်များကို ဆွဲဆောင်ရန် ဆိုင်ပေါင်းစုံက လှုပ်ရှားမှုမျိုးစုံ လုပ်ကြသည်။ အသားကင်ဆိုင်လည်း ကြိုတင်ပြင်ဆင်သည့်အဆင့်သို့ ရောက်နေသည်။ အသားကင်ဝယ်သူများကို တို့ဟူမျက်နှာဖုံးများပေးသည်။ ကလေးများ အတော်နှစ်ခြိုက်ကြသည်။

လမ်းများပေါ်တွင် ရောင်စုံအလံများ တန်ဆာဆင်ထားသည်။ အစိုးရရုံးတော်က စီစဉ်သည့် ယန်ကျန်းကောင်တီရိုးရာဓလေ့ဖြစ်သည်။ နွေဦးအရောင်ကို တုပ၍ ရာသီကို ကြိုဆိုခြင်းဖြစ်သည်။

သာမန်လူတို့၏ဘဝ အနှောက်အယှက်မဖြစ်အောင် အလံများကို အမြန်နေရာချရန် နယ်စားလီက အထူးတလည်ညွှန်ကြားခဲ့သည်ဟု ဆိုသည်။ ထိုကိစ္စအတွက် လူအင်အားများစွာ သုံးခဲ့သည်။

အမှန်တော့ ထိုအမြန်နှုန်းဖြင့် အလံနေရာချလျှင် လူသားတို့ဘဝကို မထိခိုက်နိုင်ပါ။ ပြည်သူများရှေ့တွင် ဟန်‌ဆောင်ပန်ဆောင်လုပ်ခြင်းသာဖြစ်မည်။

“ဒီအလံတွေ ထောင်ထားတော့ ပွဲတော်တစ်ခုနဲ့ ပိုတူလာသလိုပဲ”

မုန်ကျင်းကျိုး ရယ်မောနေသည်။ အသားကင်ဆိုင်တံခါးပင် အနီရောင်အလံတစ်ခု ထောင်ထားသည်။

“လာကြည့်ပါ၊ လာကြည့်ပါ။ နေ့တိုင်းမတွေ့နိုင်တဲ့ ရှားပါးစာအုပ်တွေနော်”

သွားများဝါထိန်နေသည့် အဘိုးအိုတစ်ယောက် လမ်းဘေးတွင် စာအုပ်ရောင်းနေသည်။ သူတို့လူစု စိတ်ဝင်စားသွားကြသည်။

“ဘာစာအုပ်တွေရောင်းနေတာလဲ”

“လျှို့ဝှက်သိုင်းပညာတွေ၊ ရှားပါးကျင့်စဉ်တွေ။ မင်းတို့လိုချင်တာ အားလုံးရှိတယ်”

အဘိုးအိုက ပြုံး၍ပြောသည်။

မုန်ကျင်းကျိုး စာအုပ်တစ်အုပ်ကို ကောက်ကိုင်၍ လှန်ကြည့်သည်။ သူ့မျက်လုံးများ အရောင်လက်သွားသည်။ လျှို့ဝှက်သိုင်းကျမ်းတစ်ခုဖြစ်သည်။

“လုယန်၊ ဒီမှာကြည့်။ ဒီစာအုပ်က မင်းနဲ့ကွက်တိပဲ။ မင်းသာ ဒါကိုလေ့ကျင့်ရင် အမြင့်ဆုံးအဆင့်ရောက်မယ်လို့ ငါအာမခံတယ်”

လုယန် လှမ်းကြည့်သည်။

ဖားပြုပ်သိုင်း။

“သွားစမ်းပါကွာ”

မကြာမီ လုယန်လည်း လျှို့ဝှက်သိုင်းကျမ်းတစ်ခုတွေ့သည်။

“ဒီသိုင်းပညာက မင်းအတွက် တကယ်အံဝင်ဂွင်ကျပဲကွ။ မင်းသာဒါကိုလေ့ကျင့်ရင် နောင်တစ်ချိန် သိုင်းမသေမျိုးဖြစ်လာနိုင်တယ်”

မုန်ကျင်းကျိုး လှမ်းကြည့်သည်။

နေကြာသိုင်း။

သူတို့နှစ်ယောက် အချင်းချင်းကြည့်၍ ရယ်မောနေသည်။ အချင်းချင်း စေတနာပရဗွနှင့် သိုင်းကျမ်းများ ဝယ်ပေးကြသည်။

အရိုးရိုင်းက နေကြာသိုင်း၏ ပထမစာမျက်နှာကို ဖတ်ကြည့်သည်။

“ဤသိုင်းပညာကိုလေ့ကျင့်ရန် ပထမဦးစွာ သင်းကွပ်ရမည်”

သူအတွေးနက်သွားသည်။ ထိုသိုင်းကျမ်းကို မိန်းမများ လေ့ကျင့်၍မရသည့်သဘောဖြစ်မည်ဟု သူယူဆသည်။

လန်ထင်က လုယန်နှင့်မုန်ကျင်းကျိုးတို့ စနောက်နေသည်ကို အရေးမစိုက်။ ဝတ္ထုတွဲတစ်ခုကို စိတ်ဝင်တစားဖတ်နေသည်။

ဝတ္ထုက ကိုယ့်ကိုယ်ကို ပြုပြင်၍ အချစ်စစ်ရှာဖွေသည့် ပြန့်တန်ဆာတစ်ယောက်အကြောင်းဖြစ်သည်။ သူ့ဘဝကို စာပေသမားတစ်ယောက်ထံ နှင်းအပ်ထားသည်။ သို့သော် စာပေသမားက စိတ်ဓာတ်ပျော့ညံ့၍ တစ်ကိုယ်ကောင်းဆန်သည်။ ထိုပြည့်တန်ဆာကို အမှန်တကယ်ချစ်သော်လည်း ဇနီးမယားအဖြစ် လက်ထပ်ရမည်ကို ရှက်သည်။ မိတ်ဆွေများ၏ လွှမ်းမိုးမှုကြောင့် နောက်ဆုံးတွင် ပြည့်တန်ဆာမအပေါ် သစ္စာဖောက်ခဲ့သည်။ ပြည့်တန်ဆာမလေးက ရေထဲခုန်ချ၍ ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားသည်။

လန်ထင် ဇာတ်လမ်းထဲ ဈာန်ဝင်သွားသဖြင့် မျက်ရည်များကျလာသည်။ ပြည်တန်ဆာမလေးအတွက် အတော်ကိုယ်ချင်းစာမိသည်။

ဇာတ်လမ်းထဲ ဈာန်ဝင်နေသည့်သူ့ကို လုယန် သတိထားမိသဖြင့် လည်ဆန့်၍ လှမ်းကြည့်သည်။ ဇာတ်လမ်းက အတော်အသက်ဝင်၍ ထိမိသည်။

ထို့ကြောင့် စာအုပ်နာမည်ကို ခါးကိုင်း၍ ကြည့်လိုက်သည်။

“ခန်းဆောင်နီအိပ်မက်”

လုယန် - “...”

စာအုပ်နာမည်က အတော်ထူးဆန်းသည့် ခံစားချက်မျိုး ပေးနေသည်။

(**တရုတ်စာပေ၏ ကန္တဝင်စာအုပ်လေးအုပ်တွင် တစ်အုပ်အပါအဝင်ဖြစ်သည်။ ဆရာကြီးမြသန်းတင့်၏ မြန်မာဘာသာပြန်ရှိသည်ထင်ပါသည်။)

********************************************

All Chapters