← Chapters

ကျင့်ကြံသူတို့ဈေး

Vol. 7 Ch. 92

ကျင့်ကြံသူတို့ဈေး

Vol. 7 Ch. 92

လေးယောက်လုံး ကိုယ်ကြိုက်ရာစာအုပ် ဝယ်ကြသည်။ အရိုးရိုင်းက သမိုင်းရာဇဝင် စိတ်ဝင်စားသဖြင့် “မဟာရှားနိုင်ငံ၏ တရားမဝင်သမိုင်း”စာအုပ်တစ်အုပ် ဝယ်သည်။

ရှားနိုင်ငံအတွင်းသတင်းများကို သိထားသည့် မုန်ကျင်းကျိုးပင် အံ့ဩရသည့် ဇာတ်လမ်းများစွာပါဝင်သည်။

မည်သို့ဆိုစေ လူအားလုံး ကိုယ်ဝယ်သည့်စာအုပ်ကို ကိုယ့်ဘာသာကျေနပ်သည်။

တဖြေးဖြေးလျှောက်လာကြရင်း ဘေးပတ်လည်တွင် သေမျိုးအရေအတွက် လျော့သွားပြီး ကျင့်ကြံသူ ပိုများလာသည်ကို သတိထားမိကြသည်။ ထူးဆန်းသည့် စွမ်းအားတစ်ခုက သေမျိုးနှင့်ကျင့်ကြံသူကြား ပိုင်းခြားနေသလိုရှိသည်။

လန်ထင်တို့အဖွဲ့ စိတ်အာရုံဖြင့် အချင်းချင်းဆက်သွယ်ကြသည်။

“ဒီနားမှာ တွန်းကန်မှော်စက်ဝန်းတစ်ခု ချထားတယ်။ သေမျိုးတွေ ဒီနေရာကန အလိုလို ထွက်သွားမိအောင်လုပ်ထားတာ။ ကျင့်ကြံသူတွေကိုတော့ သက်ရောက်မှုမရှိဘူး”

လန်ထင်ကပြောသည်။

မုန်ကျင်းကျိုး ချက်ချင်းသဘောပေါက်လိုက်သည်။ လမ်းလျှောက်ထွက်ရင်း သူကြားခဲ့သည့် သတင်းများကို ပြန်သတိရလာသည်။

“ဒါက လစဉ်ဈေးပဲ။ နွေဦးကောက်သစ်စားပွဲကြောင့် ဒီလ စောစောဖွင့်ထားတာဖြစ်မယ်”

နွေဦးကောက်သစ်စားပွဲသည် သေမျိုးများရော ကျင့်ကြံသူများကိုပါ ဆွဲဆောင်နိုင်သည်။

ဤနေရာက တရားဝင်ဈေးဖြစ်သည်။ လူသတ်သမားများ ဓားပြများ တွေ့ရလေ့မရှိ။ ကင်းပတ်နေသည့် အရာရှိများကိုပင် မြင်နေရသည်။

သို့သော် ဈေးထဲတွင် မျက်နှာဖုံး သို့မဟုတ် ဝတ်ရုံနက်ဝတ်၍ သရုပ်မှန်ဖုံးကွယ်ထားသည့်လူ အတော်များများရှိသည်။

ထိုဓလေ့က သိပ်မဆန်းလှ။ တစ်ချို့ကျင့်ကြံသူများက သေမျိုးကြားတွင် ရုပ်ဖျက်၍နေကြသည်။ ဤနေရာသို့ ပုံစံအစစ်ဖြင့်လာလျှင် သူတို့နောက်ခံကို ရိပ်မိသွားသည်။

ဥပမာအားဖြင့် လုယန်တို့လေးယောက်ကို ကြည့်နိုင်သည်။

အားလုံးက သရုပ်မှန်ဖုံးကွယ်သည့် နည်းလမ်းကိုယ်စီရှိသည်။ မုန်ကျင်းကျိုးနှင့် အရိုးရိုင်းက ဝတ်ရုံနက်များဝတ်ဖို့ ရွေးချယ်ခဲ့သည်။ ပတ်ဝန်းကျင်နှင့်လည်း အသားကျသလို ခံစားရသည်။ တစ်ခါတစ်ခါ မုန်ကျင်းကျိုးက အေးစက်စက်လေသံဖြင့်ပင် ရယ်နေသေးသည်။

လန်ထင်က သူ့အသွင်ပြောင်းမှော်အဆောင်ကို ဖယ်ရှားထားသည်။ လှပသည့် သူ့ပင်ကိုယ်မျက်နှာ ပေါ်လာသည်။ ယန်ကျန်းကောင်တီတွင် နတ်ဆိုးဂိုဏ်းသဲလွန်စရှာစဉ်ကလည်း သူ့မျက်နှာအစစ်သာ သုံးခဲ့သည်။

လုယန်က မုန်ကျင်းကျိုးနှင့်‌ ဆွေးနွေးသည်။

“ငါအရိပ်တုလက်သီးသုံးပြီး မင်းပုံစံမျိုးပြောင်းလိုက်ရမလား”

မုန်ကျင်းကျိုးက တို့ဟူးမျက်နှာဖုံးတပ်ထားသည့် သူ့မျက်နှာကို ရိုက်လိုက်သည်။

လုယန်မျက်နှာတွင် တို့ဟူးမျက်နှာဖုံးတပ်ထားသည်။

ဈေးထဲတွင် အားကောင်းသည့် ကျင့်ကြံမှုပတ်ဝန်းကျင်မျိုးရှိသည်။ ကြီးမားသည့်မှော်စက်ဝန်းတစ်ခုဖြင့် ဈေးတစ်ခုလုံးကို ဖုံးအုပ်ထားသည်။ အလင်းရောင်မှိန်မှိန် ထွက်ပေါ်နေသည်။ အပြင်လောကနှင့် ဆန့်ကျင်ဘက်ဖြစ်သည်။ အချိန်အတော်ကြာ မတွေ့ဖြစ်သည့် ကျင့်ကြံသူများ လမ်းဘေးအရက်ဆိုင်တွင်ထိုင်၍ အရက်သောက်ရင်း သိပ်မကြာသေးခင်က အတွေ့အကြုံများကို ဆွေးနွေးနေသည်။ တစ်ချို့ ဈေးသည်များထံမှ ကုန်ပစ္စည်းများကို ဈေးဆစ်နေသည်။ မှော်ကျောက်တုံးတစ်ချို့ အပိုထွက်ရန် နှစ်ဘက်လံး ကြိုးစားနေသည်။ ယှဉ်ပြိုင်တိုက်ခိုက်လိုသူများအတွက် အစိုးရက တိုက်ပွဲကွင်းတစ်ကွင်း စီစဉ်ပေးထားသည်။ စိတ်ရှိလက်ရှိ တိုက်ခိုက်နိုင်သည်။

"လာကြည့်ပါနော်၊လာကြည့်ပါ။ မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းလာတဲ့ လျို့ဝှက်နည်းလမ်းနဲ့ ဖော်စပ်ထားတဲ့ မဟာအားဆေးပါ။ တစ်လုံးသောက်လိုက်တာနဲ့ အကန့်အသတ်မရှိစွမ်းအားရမယ်"

လုယန် စိတ်ဝင်စားသွားပြီး အသံလာရာသို့ လှမ်းကြည့်သည်။ ဆေးဆိုင်တစ်ခုဖြစ်သည်။

ထိုဆေးဆိုင်ဖွင့်သူများက ကျင့်ကြံသူများဖြစ်ပုံရသည်။ အော်ဟစ်ကြော်ငြာနေသူက လက်သင်တပည့်လား သမားတော်လားတော့မသိ။

"ဆေးတစ်လုံးအတွက် ဘယ်လောက်လဲ။"

“ဝိညာဉ်ကျောက် ဆယ်တုံးပါ။ သုံးခုဝယ်ရင် တစ်ခုလက်ဆောင်ပါ။ ငါးခုဝယ် နှစ်ခုလက်ဆောင်ပါ။"

ဈေးကမများပါ။ ဆေးလုံးများ လုယန်လို အခြေတည်အဆင့် ကျင်ကြံသူများအတွက်မဟုတ်။ ချီစုစည်းခြင်းအဆင့်များအတွက်ဖြစ်သည်။

အမှတ်တရလက်ဆောင်အဖြစ် ဆေးနှစ်လုံးဝယ်ရန် လုယန်ဆုံးဖြတ်လိုက်သည်။ တာအိုလမ်းစဉ်ဂိုဏ်း၏ အပြင်ဘက်တွင် ဆေးဖေါ်သူကို ပထမဆုံးမြင်ဖူးခြင်းဖြစ်သည်။

"အာနိသင်ကရောဘယ်လိုလဲ"

"ခွန်အားကို ယာယီမြှင့်နိုင်တယ်။ ဒါပေမယ့် စွမ်းအားကုန်သွားရင်တော့ နေ့တစ်ဝက်လောက် အားနည်းနေမယ်"

လုယန် ဆေးတစ်လုံးဝယ်ပြီးနောက် ထွက်သွားရန်ပြင်နေစဉ် အရာရှိဝေ၏လက်ထောက် အရာရှိစွန်း လာနေသည်ကို မြင်လိုက်ရသည်။

“မဟာအားဆေးကို ခင်ဗျားက မဟုတ်မမှန်ကြော်ငြာနေတယ်လို့ ကျုပ်တိုင်ကြားချက်ရထားတယ်”

ဆေးရောင်းသူ အံ့အားသင့်သွားသည်။ မဟုတ်မမှန်ကြော်ငြာခြင်းတဲ့လား။

အရာရှိစွန်းက အလေးအနက်ရှင်းပြသည်။

“ဥပဒေအရ “အကန့်အသတ်မရှိ”ဆိုတဲ့စကားလုံးကိုသုံးပြီး ကြော်ငြာခွင့်မရှိဘူး။ ကျုပ်တို့စုံစမ်းကြည့်တယ်။ ခင်ဗျားရဲ့ မဟာအားဆေးဟာ ချီစုစည်းမှုတတိယအဆင့်အောက်က ကျင့်ကြံသူတွေအတွက်ပဲ သင့်တော်တာကို ကျုပ်တို့တွေ့ရတယ်။ “အကန်အသတ်မရှိစွမ်းအား”ပေးနိုင်တဲ့ အာနိသင်မရှိဘူး။ ဒီတစ်ခါကျုပ် သတိလာပေးတာ။ စကားလုံးကိုမှန်အောင်သုံးပါ”

ဆေးရောင်းသူ ခေါင်းတဆတ်ဆတ်ငြိမ့်သည်။ လုယန်တို့ထွက်လာပြီးနောက် ဆေးဆိုင်မှ အော်သံတစ်ခုလွင့်ပျံလာသည်။

"လာကြည့်ပါနော်၊လာကြည့်ပါ။ မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းလာတဲ့ လျို့ဝှက်နည်းလမ်းနဲ့ ဖော်စပ်ထားတဲ့ မဟာအားဆေးပါ။ တစ်လုံးသောက်လိုက်တာနဲ့ အကန့်အသတ်ရှိတဲ့စွမ်းအားရမယ်"

ဂိုဏ်းမှ အကိုဝူမိန်ဖော်စပ်သည့် ကျွဲရိုင်းဆယ်ကောင်အားဆေးသည် တကယ်ချိုယွင်းချက်မရှိဟု လုယန်ခံစားလိုက်ရသည်။ ဆေးလုံးများ မှားယွင်းကြော်ငြာတတ်သည့် သာမန်ပြဿနာမျိုးကိုပင် လွတ်အောင်ရှောင်နိုင်သည်။

မိသားစုတွင် အဆင့်မြင့်သမားတော်များနှင့် ဆေးလုံးများစွာ မြင်ဖူးခဲ့သည့် မုန်ကျင်းကျိုးက သာမန်ဆေးများကို စိတ်မဝင်စား။

“ဒါကဘာလဲ”

မုန်ကျင်းကျိုး ဆိုင်တစ်ခုမှ ပစ္စည်းလေးတစ်ခုကို ကောက်ကိုင်လိုက်သည်။ သစ်သားတုတ်နှစ်ချောင်းကို “T”ပုံသဏ္ဌာန်ဖြစ်အောင် ကော်ဖြင့်ကပ်ထားသည်။

“ဒါက တရုတ်ရိုးရာမုန့်လုပ်တဲ့ပစ္စည်းလား။ ဈေးထဲမှာ ဒါမျိုးတွေလည်းရောင်းတယ်ပေါ့”

ဆိုင်ရှင်က မုတ်ဆိတ်ထူထူ မျက်နှာတင်းတင်း သက်လတ်ပိုင်းလူဖြစ်သည်။ မျက်လုံးမှိတ်၍ အေးအေးဆေးဆေးထိုင်နေသည်။ မုန်ကျင်းကျိုးစကားသံကြားမှ စိတ်မပါ့တပါ မျက်လုံးဖွင့်ကြည့်သည်။ လက်မှုပညာမဟာပညာကျော်ဂိုက်မျိုးဖြစ်သည်။

“အဲတာ တုတ်ပျံလို့ခေါ်တယ်။ မင်းခေါင်းပေါ်မှာတင်ထားပြီး ဝိညာဉ်စွမ်းအားနဲ့ အသက်သွင်းလိုက်ရင် တုတ်ကလည်လာပြီး မင်းကို ကောင်းကင်ဆီခေါ်သွားလိမ့်မယ်။ ချီစုစည်းခြင်းသတ္တမအဆင့်လောက်ဆို ဒါကိုအသက်သွင်းနိုင်ပါတယ်”

မုန်ကျင်းကျိုး အံ့အားသင့်သွားသည်။ ဤဈေးတွင် ပုန်းနေသည့်နဂါး ဝပ်နေသည့်ကျားများတကယ်ရှိသည်။ ထိုမျှလက်မှုပညာကျွမ်းကျင်သည့် ဆရာမျိုးရှိနေသည်။

ထူးခြားကျင့်စဉ်တစ်ခုခုမရှိလျှင် ရွှေသန္ဓေအဆင့်ရောက်မှသာ လေထဲတွင်ပျံသန်းနိုင်သည်။ ဥပမာ လုယန်ဆိုလျှင်အခြေတည်အဆင့်ဖြစ်၍ သူ့ဓားဖြင့်သာ ပျံသန်းရသည်။ သို့မဟုတ် အရိပ်တုလက်သီးပညာဖြင့် ကြိုးကြာအသွင်ပြောင်းနိုင်သည်။

ပုံမှန်အတိုင်းဖြစ်စေ အထူးနည်းလမ်းသုံးသည်ဖြစ်စေ ပျံသန်းနိုင်ဖို့အတွက် အနိမ့်ဆုံး အခြေတည်အဆင့်ရှိရမည်။

ချီစုစည်းမှုသတ္တမအဆင့်ဖြင့် ပျံသန်းနိုင်သူဟူ၍ မုန်ကျင်းကျိုး လုံးဝမကြားဖူး။ ထိုအဆင့်တွင် ဝိညာဉ်စွမ်းအား နည်းသည်။ ပျံသန်းသည့်ရတနာများကို အသက်သွင်းဖို့ ခက်ခဲသည်။

“မင်းမယုံဘူးဆိုရင် ငါလက်တွေ့ပြပါမယ်”

ဆိုင်ရှင်က ယုံကြည်မှုအပြည့်ဖြင့်ပြောပြီး သစ်သားရုပ်သေးတစ်ခု ထုတ်သည်။ တုတ်ပျံကိုရုပ်သေးတွင်ချည်သည်။ ဝိညာဉ်စွမ်းအင်တစ်ချို့ လက်ချောင်းထိပ်မှ တုတ်ပျံထဲသို့ ပို့လွှတ်လိုက်သည်။

တုတ်ပျံက အသက်ဝင်လာသကဲ့သို့ ဖြေးညှင်းစွာ စတင်လည်ပတ်သည်။ ထို့နောက် အရိပ်လိုဖြစ်လာသည်အထိ အရှိန်မြင့်လာသည်။

တုတ်ပျံက ရုပ်သေးနှင့်အတူ ကောင်းကင်သို့တက်သွားသည်။ ဘာပြဿနာမှရှိပုံမပေါ်။

တစ်ခုတော့ပြောစရာရှိသည်။ တုတ်ပျံလည်နေသလို ဦးခေါင်းတွဲ၍ချည်ထားသည့် သစ်သားရုပ်သေးလည်း မြင့်မားသည့်အရှိန်ဖြင့် လည်ပတ်နေသည်။

ထိုတုတ်ပျံကို လူဦးခေါင်းပေါ်သာ ချည်ထားလျှင် ဦးနှောက်များချာချာလည်သွားပေလိမ့်မည်။

“တွေ့လား။ ငါ့ရုပ်သေးရဲ့အရည်အသွေးက ကောင်းတယ်နော်။ ဒီလောက် အရှိန်နဲ့လည်နေတာတောင် တစ်စစီပြုတ်ထွက်မသွားဘူး။ ကြွားတာတော့မဟုတ်ဘူး။ ဒီရုပ်သေးက အခြေတည်အဆင့်ကျင့်ကြံသူနဲ့တောင် ယှဉ်လို့ရတယ်။ ဈေးလည်းသက်သာပါတယ်။ ဝိညာဉ်ကျောက်တုံးရှစ်ရာတည်းပါ”

“သွားသေလိုက်လေ”

မုန်ကျင်းကျိုး သဘောပေါက်သွားသည်။ ထိုလူက တုတ်ပျံကိုအသုံးချပြီး သစ်သားရုပ်သေးများ ရောင်းနေခြင်းဖြစ်သည်။

ဤဈေးသည် အလိမ်အညာများ တကယ်ပြည့်နေသည်။ လုယန်နှင့် မုန်ကျင်းကျိုးလို ဖြူစင်ရိုးသားသူများ ရှားပါသည်။

အနီးတွင်ရှိနေသည့် ရွှေစီးပွားနယ်မြေသို့သွားလည်ရန် သူတို့လူစု စိတ်ကူးမိကြသည်။ ထိုနေရာက ဈေးထဲမှဆိုင်များထက် ပို၍မှန်ကန်သည်။ ယခုကြုံခဲ့သလို အလိမ်အညာများမရှိ။

“ဧည့်သည်လေးယောက်၊ ခင်ဗျားတို့ရဲ့ ရှေ့ဖြစ်ကံကြမ္မာကို ဟောပေးရမလား”

သူတို့ဘေးမှ စကားသံတစ်ခု ပေါ်လာသည်။ လုယန်လှည့်ကြည့်သည်။ ရှေ့ဖြစ်ဟောဗေဒင်ဆရာတစ်ယောက်ဖြစ်သည်။ သူ့ဘေးတွင် ရှစ်မြှောင့်တြိဂံအလံရှိသည်။ “မိုမြေကိုတွက်ချက်ခြင်းသည် လူသားကံကြမ္မာကို တွက်ချက်မှုလောက်မခက်”ဟု ရေးထားသည်။ ဗေဒင်လာကြည့်သူတော့ တစ်ယောက်မှမရှိ။

လုယန်တို့လေးယောက် လှည့်ကြည့်လာသဖြင့် ရှေ့ဖြစ်ဆရာကထပ်ပြောသည်။

“မမှန်ရင် ငွေပေးစရာမလိုပါဘူး။ စမ်းကြည့်ချင်လား”

သူ့စားပွဲပေါ်မှ ပစ္စည်းများကို လုယန်သတိထားမိသည်။ ရှစ်မြောင့်တြိဂံပြား၊ အံစာတုံး၊ စက္ကူနှင့်စုတ်တံ၊ ကြေးပြားကိုးပြား၊ သလင်းလုံးတစ်ခု။

ဗေဒင်ဟောရန်လိုအပ်သည့် ပစ္စည်းများ အားလုံးချထားသည်။

ယုံကြည်ရမည်လော...

ထို့ပြင် သလင်းလုံးက ဘာကြောင့်ရှိနေသနည်း။

**************************************************

All Chapters