ဗေဒင်ဟောပါပြီ
Vol. 7 Ch. 93
ဗေဒင်ဆရာက လုယန်နှင့် သက်တူရွယ်တူလောက်ရှိသည့် ကျင့်ကြံသူဖြစ်သည်။ လုယန်အကြည့်ကို ရိပ်မိသဖြင့် ညည်းသံပါပါရှင်းပြသည်။
“မတတ်နိုင်ဘူးလေ။ ဒီနေ့ခေတ်လူတွေက ဗေဒင်ပညာကို မယုံကြတော့ဘူး။ “ငါ့ကံကြမ္မာကို ငါထိန်းချုပ်တာ။ ကောင်းကင်ကထိန်းချုပ်တာမဟုတ်ဘူး” ဆိုတာမျိုးတွေ ပြောကြတယ်။ ရပ်တည်ရတာမလွယ်ဘူး။ တစ်ချို့လူတွေက ရှစ်မြှောင့်တြိဂံနဲ့ ဗေဒင်ဟောစေချင်တယ်။ ဒါကြောင့် ရှစ်မြှောင့်တြိဂံတံဆိပ် ကျုပ်ပြင်ထားတယ်။ တစ်ချို့က လောင်းကစားနဲ့ ကံစမ်းချင်တယ်။ ဒါကြောင့် အံစာတုံးပြင်ထားတယ်။ တစ်ချို့က စကားလုံးဗေဒင်ကို ယုံကြည်တယ်။ ဒါကြောင့် စက္ကူနဲ့စုတ်တံပြင်ထားတယ်။ တစ်ချို့က ကြေးပြားမြှောက်ပြီးဗေဒင်ဟောတာ အမှန်ဆုံးလို့ ယုံကြည်ကြတယ်။ ဒါကြောင့် ကြေးပြားကိုးပြား ပြင်ထားတယ်။...ပြီးတော့ ဒီသလင်းလုံး။ ဒါက သိပ်မကြာခင်ကမှ အရှေ့ပင်လယ်ပိုင်းမှာ ပေါ်လာတဲ့ နည်းလမ်းတစ်ခုပါ။ အဲဒီကလူတွေက ဗေဒင်ဟောဖို့ သလင်းလုံးတွေသုံးရတာကို ကြိုက်တယ်။ ဒါကြောင့် အရှေ့ပင်လယ်ကိုတောင်သွားပြီး ကျုပ်သင်ထားတာ။ ပြီးတော့ ဒီသလင်းလုံးမျက်နှာပြင်က ဗေဒင်ဟောလို့လည်းရသလို ပုံရိပ်မှတ်တမ်းလေးတွေလည်း ပြလို့ရတယ်။ နည်းလမ်းနှစ်မျိုးနဲ့ ငွေရှာလို့ရတာပေါ့။
ဘယ်လိုလဲ။ ဒီပစ္စည်းတွေထဲကတစ်ခုခုရွေးပြီး စမ်းကြည့်ချင်လား။ မမှန်ရင် ငွေမယူပါဘူး”
ဗေဒင်ဆရာက စိတ်အားထက်သန်စွာ ပရိုမိုးရှင်းလုပ်သည်။
လုယန်နှင့် မုန်ကျင်းကျိုးတို့ ဗေဒင်ဆရာကို သံသယမျက်လုံးဖြင့် ကြည့်နေသည်။ သတိထားနေကြသည်။ ထိုဗေဒင်ဆရာသည် သာမန်မဟုတ်ဟု လုယန်ခံစားရသည်။ တစ်ခုခုကို ထိုးဖောက်မြင်နိုင်သလိုရှိနေသည်။
ဗေဒင်ဟောသည်ကို ပထမဆုံးတွေ့ဖူးသည့် အရိုးရိုင်းက အတော်စိတ်ဝင်စားသွားသည်။
“ကျုပ်ရဲ့ကံကြမ္မာကို ဟောပေးလို့ရမလား”
ဗေဒင်ဆရာ တွန့်ပြုံးပြုံးလိုက်သည်။
“ရတာပေါ့။ ဘယ်နည်းလမ်းသုံးချင်သလဲ။ ဘာအကြောင်း သိချင်သလဲ”
အရိုးရိုင်း ခဏစဉ်းစားသည်။ သူသည် ကွန်ဖြူးရှပ်လမ်းစဉ်သမားဖြစ်သည်။
“စကားလုံးဗေဒင်ကြည့်မယ်။ ကျုပ် စာလုံးတစ်လုံးရေးပြမယ်။ နောင်တစ်ချိန် ကျုပ်ဟာ မဟာစာပေပညာရှင်ဖြစ်လာနိုင်သလား ကြည့်ပေးပါ”
“ကြွပါ”
ဗေဒင်ဆရာက စက္ကူနှင့်စုတ်တံကို ကျင်လည်စွာ ပြင်ဆင်ပေး၍ အရိုးရိုင်းကို ဖိတ်ခေါ်သည်။
အရိုးရိုင်း စာတစ်လုံး သွက်လက်စွာရေးလိုက်သည်။
ဗေဒင်ဆရာက ထိုစာလုံးကိုထောက်ကြည့်ပြီး အတော်ကြာအောင် ငိုင်နေသည်။
“ခင်ဗျားစာလုံးက...”
“ဘာဖြစ်လို့လဲ”
အရိုးရိုင်း စိတ်ပူလာသည်။
“ခင်ဗျားရေးတဲ့စာလုံးက အရမ်းကြည့်ရဆိုးတာပဲ။ ဒါဘာစာလုံးလဲ”
“ကွန်ဖြူးရှပ်ပါ”
“...”
ဗေဒင်ဆရာ အမူအရာတည်ငြိမ်အောင်ထိန်း၍ သုံးသပ်ပြသည်။
“ကွန်ဖြူးရှပ်လမ်းစဉ်သမားတစ်ယောက်ဟာ နူးညံ့တယ်။ စာပေပညာရှင်တွေအတွက် သတ်မှတ်ထားတဲ့ စာလုံးပဲ။ “လူ” နဲ့ “လိုအပ်ချက်”ဆိုတဲ့ စုတ်ချက်နှစ်ခုပေါင်းထားတယ်။
ခင်ဗျားက ခန္ဓာကိုယ်ထွားကြိုင်းတယ်။ ဖျက်ဆီးလို့မရတဲ့ပုံမျိုးရှိတယ်။ ဒါပေမယ့် ခင်ဗျားနှလုံးသားက နူးညံ့တည်။ မပြတ်သားဘူး။ တစ်ခြားလူတွေကြောင့် အလွယ်တကူ စိတ်ယိုင်တယ်။ တွေ့သမျှသင်ယူတတ်တဲ့ပုံစံမျိုး ဖြစ်လာတယ်။
အထက်မှာ “မိုး”၊ အောက်မှာ “ယှဉ်တွဲခြင်း” စုတ်ချက်တွေပါတဲ့ “လိုအပ်ချက်”ဆိုတဲ့ စာလုံးကိုကြည့်ပါ။ ကောင်းကင်အထက်က တိမ်တိုက်တွေဟာ လိုအပ်တဲ့အခါ မိုးရွာပေးတယ် ဆိုတဲ့စကားလိုပေါ့။ အနာဂတ်မှာ ခင်ဗျားကိုလိုအပ်တဲ့လူတွေ ရှိလာမယ့်သဘောပဲ။
“လူ”ဆိုတဲ့ စာလုံးက သူ့ဘာသာသီးခြားရှိနေတယ်။ ခင်ဗျားဟာ နာမည်ကျော် ကွန်ဖြူးရှပ်ကျင့်ကြံသူ ဖြစ်လာရုံမကဘူး။ တစ်ခြားကွန်ဖြူးရှပ်ကျင့်ကြံသူတွေနဲ့မတူတဲ့ ပုံစံသစ်မျိုး ဖြစ်လာလိမ့်မယ်”
အဆင့်မြင့်ကွန်ဖြူးရှပ်ကျင့်ကြံသူဖြစ်လာမည်ဟု ကြားသဖြင့် အရိုးရိုင်း အတော်ပျော်သွားသည်။
အကြီးအကဲလေးယောက်လက်အောက်မှ တပည့်များထဲတွင် သူသည်အညံ့ဆုံးဖြစ်သည်။ အကြီးအကဲများက စိတ်မဆိုးဘဲ သူ့ကိုအများနှင့်တန်းတူ သင်ပေးသည်။ သူဉာဏ်အလင်းမရသေး၍သာဖြစ်သည်ဟု ပြောကြသည်။ ဉာဏ်အလင်းရသည်နှင့် ကွန်ဖြူးရှပ်လမ်းစဉ်ကို ချက်ချင်းရောက်ပြီး အကန့်အသတ်မရှိ တိုးတက်လာလိမ့်မည်ဟု ဆိုကြသည်။
သို့သော် အရိုးရိုင်းက သူ့ကိုယ်သူ ယုံကြည်ချက်မရှိခဲ့။ ယခု ဗေဒဆရာဟောပြောသုံးသပ်ချက်ကြောင့် သူ့ယုံကြည်မှုများ ပြန်ရလာသည်။
သူတိုးတက်နိုင်ခြေ များစွာရှိသေးသည်။
“ဒါနဲ့စကားမစပ်၊ ထပ်ပြောချင်တာတစ်ခုရှိတယ်”
“ဘာများလဲ”
“ခင်ဗျားအိမ်ပြန်ရောက်ရင် အရေးအသား ထပ်လေ့လေ့ကျင့်ပါ”
“ဪ”
“လက်ရေးမိတ္တူစာအုပ် လိုချင်လား။ ကျုပ်ဆီမှာ တစ်အုပ်ရှိပါတယ်။ မဟာစာပေပညာရှင်ဖြစ်လာမယ့် ခင်ဗျားရဲ့အနာဂတ်အတွက် ဒီတစ်အုပ်တော့ ဝယ်သင့်တယ်”
ဗေဒင်ဆရာစကား ကြောင်းကျိုးဆီလျော်သည်ဟုယူဆ၍ အရိုးရိုင်း စာအုပ်ကိုဝယ်လိုက်သည်။
အရိုးရိုင်းအတွက် ဗေဒင်ဆရာ၏ဟောပြောချက်က စိတ်ဝင်စားစရာကောင်းသဖြင့် လန်ထင်လည်း စမ်းကြည့်ချင်လာသည်။ သူဝင်ထိုင်လိုက်သည်။
“ကျွန်မ နောင်တစ်ချိန်မှာ မှော်စက်ဝန်းပညာ ဒါမှမဟုတ် မှော်အဆောင်ပညာမှာ အောင်မြင်မှုရမလား သိချင်ပါတယ်။ သလင်းလုံးကို သုံးမယ်”
မှော်စက်ဝန်းပညာကို သူစလေ့လာသည်မှာမကြာသေး။ မှော်အဆောင်ပညာထက် မှော်စက်ဝန်းပညာကို ပို၍စိတ်ဝင်စားကြောင်း သူ့ကိုယ်သူ သတိထားမိသည်။
ဦးတည်ချက်ပြောင်းသင့်မပြောင်းသင့် သူစဉ်းစားနေသည်။
ဗေဒင်ဆရာက သလင်းလုံးကို လန်ထင်ရှေ့တွင် မ,ထားပြီး လက်နှစ်ဘက်ဖြင့် ရှေ့ပြန်နောက်ပြန်ပွတ်လျက် ရေရွတ်လိုက်သည်။
“ကောင်းကင်ဝိညာဉ်၊ မြေဝိညာဉ်၊ သလင်းလုံးပေါ်မှာ သင်တို့ရဲ့စွမ်းအားကိုပြပါ”
သလင်းလုံးထဲတွင်ပေါ်လာသည့်အဖြေကို ကြည့်ပြီးနောက် ဗေဒင်ဆရာ မင်သက်မိသွားသည်။
“အဲ..နောင်တစ်ချိန်မှာ မင်းက မှော်အဆောင်တွေထဲကို မှော်စက်ဝန်းတွေထည့်သွင်းပြီ မှော်စက်ဝန်းနဲ့မှော်အဆောင်တွေကို တစ်ခုတည်းဖြစ်အောင် ပေါင်းစပ်မယ့်လူပဲ”
ဗေဒင်ဆရာက လန်ထင်ကို ထူးဆန်းသည့်အကြည့်ဖြင့်ကြည့်သည်။ သမရိုးကျမဟုတ်သည့် ထိုနည်းလမ်းကို ပြန်စဉ်းစားနေသည်။ ဤမိန်းမလှ၏အတွေးအခေါ်က သာမန်အတွေးလမ်းကြောင်းမှ ဘာကြောင့်ထိုမျှကွဲထွက်နေသည်မသိ။
လန်ထင် စဉ်းစားကြည့်သည်။ ဗေဒင်ဆရာပြောသည်စကားက မဖြစ်နိုင်သည်တော့မဟုတ်။ ထို့ကြောင့် ဟောပြောခ ရက်ရက်ရောရော ပေးလိုက်သည်။
နောက်ထပ်အလှည့်ရောက်လာသူက မုန်ကျင်းကျိုးဖြစ်သည်။
“ခင်ဗျားက ကောင်းကင်ပဟေဠိဂိုဏ်းရဲ့တပည့်တော့ မဟုတ်လောက်ပါဘူးနော်”
မုန်ကျင်းကျိုး မျက်ခုံးတစ်ဘက်ပင့်၍မေးသည်။
ကောင်းကင်ပဟေဠိဂိုဏ်းကို အလယ်ပိုင်းတိုက်နယ်၏ အစောဆုံးဗေဒင်ဂိုဏ်းအဖြစ် သိကြသည်။ ရှေးဟောင်းမဟာခေတ် (မဟာကပ်) ပြန်ပေါ်လာမည်ဟု ထိုဂိုဏ်းက ဟောကိန်းထုတ်ခဲ့သည်။
ကံအကျိုးအကြောင်းဆက်စပ်မှုကို တန်ဖိုးထားသည်။ သူတို့ရှေ့တွင် လူတစ်ယောက်၏သရုပ်မှန်ကို ဖုံးကွယ်သည့် သာမန်နည်းလမ်းများက အလုပ်မဖြစ်။ ထိုဂိုဏ်းသားတစ်ယောက် တစ်ချက်ကြည့်ရုံဖြင့် လူတစ်ယောက်၏နောက်ခံဇစ်မြစ်ကို ဖော်ထုတ်နိုင်သည်။
ဤဗေဒင်ဆရာသည်လည်း သူတို့အဖွဲ့ကို တာအိုလမ်းစဉ်ဂိုဏ်းနှင့်လသံလွင်နန်းတော်မှလူများဖြစ်ကြောင်း သိကောင်းသိနေနိုင်သည်။
“ဟားဟား၊ အကိုလူမှားနေပြီထင်တယ်။ ကျူပ်က ခရီးသွားသေမျိုးတစ်ယောက်ပါ။ ဘယ်လိုလုပ် ကောင်းကင်ပဟေဠိဂိုဏ်းတပည့် ဖြစ်နိုင်မှာလဲ”
မုန်ကျင်းကျိုး ခဏငြိမ်သွားသည်။ ထို့နောက် ကျောက်စိမ်းတံဆိပ်ထဲမှ သွေးသစ္စာစာလိပ်တစ်ခု ထုတ်လိုက်သည်။
“လွန်ခဲ့တဲ့နှစ်သုံးရာက ကောင်းကင်ပဟေဠိဂိုဏ်းရဲ့ မဟာအကြီးအကဲဟာ ကျုပ်တို့မုန်မိသားစုကနေ ထိပ်တန်းအဆင့်ဝိညာဉ်ကျောက်တွေအများကြီး ချေးယူပြီး သူ့လှိုဏ်ဂူထဲမှာ ပုန်းနေတယ်။ တံခါးပိတ်ကျင့်ကြံနေတာလို့ ကြေညာတယ်။
ကျုပ်မိသားစုက ခင်ဗျားတို့ဂိုဏ်းကို အကြွေးသွားတောင်းတော့ ခင်ဗျားတို့ဂိုဏ်းချုပ်က သွေးကတိစာချုပ်တစ်ခု လုပ်ပေးတယ်။ အကြွေးပြန်ဆပ်မယ်လို့ ကတိပေးတယ်။ မုန်မိသားစုရဲ့ ဘယ်တိုက်ရိုက်မျိုးဆက်မဆို ကောင်းကင်ပဟေဠိဂိုဏ်းသားတစ်ယောက်ကိုတွေ့တာနဲ့ စာချုပ်အတိုင်း အကြွေးတောင်းနိုင်တယ်တဲ့။ ဒီသွေးကတိစာချုပ်ရဲ့စွမ်းအားကို ခင်ဗျားစမ်းကြည့်ချင်လား”
မုန်မိသားစုသည် လောက၏ကြွေးရှင်ဆိုသည်စကားက အမှန်ဖြစ်ပုံရသည်။
ဗေဒင်ဆရာလော်ပို ချက်ချင်းဒူးထောက်ပြီး မုန်ကျင်းကျိုး၏ခြေသလုံးကိုဖက်၍ ငိုယိုတောင်းပန်သည်။
“ငဲ့ညှာပေးပါ အကိုကြီးမုန်။ ဒါမှ နောင်တစ်ချိန် ကျုပ်တို့ထပ်ဆုံနိုင်မှာပါ။ ကျုပ်တို့ ကောင်းကင်ပဟေဠိဂိုဏ်းက အရမ်းဆင်းရဲလို့ တပည့်တွေကိုတောင် ကျွေးမွေးမထားနိုင်ပါဘူး။ ကျုပ်တို့ကို ကိုယ့်ဘာသာဝမ်းစာရှာဖို့ တောင်အောက်ကို ဆင်းခိုင်းခဲ့တာပါ။ ကျုပ်လော်ပိုမှာသာ ငွေရှိရင် ဒီမှာလာပြီး လူတွေကိုလိမ်နေရတဲ့ဘဝမျိုး ဘယ်လိုလို့ရောက်လာမှာလဲ။ ဒီဆိုင်အတွက် အကောက်ခွံကြေးတောင် ကျုပ်မပေးရသေးဘူး။ ပေးစရာလည်းမရှိဘူး။ ကျုပ်ဝတ်ထားတဲ့ ဝတ်စုံကိုကြည့်ပါ။ ပြုပြင်ဖာထေးပြီးဝတ်ခဲ့ရတာ နှစ်အတော်ကြာပါပြီ။ ဝတ်စုံသစ်ဝယ်ဖို့ ငွေမတတ်နိုင်လို့ပါ”
မုန်ကျင်းကျိုး မျက်လုံးထောင့်ကပ်၍ ကြည့်လိုက်သည်။ ဗေဒင်ဆရာ၏ဝတ်စုံက အဆင့်အတန်းမြင့်ပြီး တန်ဖိုးကြီးကြောင်း သိသာနေသည်။
“ခင်ဗျားကို အကြွေးဆပ်ခိုင်းဖို့ ရည်ရွယ်မထားပါဘူး။ ထပါ ထပါ”
မုန်ကျင်းကျိုး ခြေထောက်ကို အတင်းဆွဲခွာသည်။
“ကျုပ်တို့နှစ်ယောက်ကို ဗေဒင်အလကားဟောပေးပါ။ ဒါဆိုခင်ဗျားကို ထပ်ပြီးဒုက္ခမပေးတော့ဘူး။ ဒါပေမယ့် လိမ်မယ်တော့မကြံနဲ့နော်”
“ဟားဟားဟား၊ ဒါကတော့ လွယ်ပါတယ်”
“ကဲ ကျုပ်ကံကြမ္မာကို ဟောပေးပါ။ နောင်တစ်ချိန် ဘယ်လိုအောင်မြင်မှုမျိုး ရလာမှာလဲ”
လုယန် လက်နှစ်ဘက်ကို လော်ပိုရှေ့သို့ ဖြန့်ပြလိုက်သည်။ လက္ခဏာဗေဒင်ကြည့်ခိုင်းခြင်းဖြစ်သည်။
လော်ပို ယုံကြည်ချက်အပြည့်ဖြင့် ရယ်မောနေသည်။ သူ့ပညာသူယုံသည်။
“ဒါက သာမန်မေးခွန်းပါပဲ။ ကျုပ်ကြည့်ပေးပါ့မယ်”
သို့သော် ထို့နောက်တွင် လော်ပို မျက်လုံးပြူးသွားသည်။ မယုံကြည်နိုင်ဟန်ဖြင့် ချက်ချင်းထရပ်၍ နံရံနှင့်ကျော ကပ်မိသည်အထိ နောက်သို့ခြေလှမ်းဆုတ်သွားသည်။
“ခင်ဗျား...ခင်ဗျားရဲ့ကံကြမ္မာက... ရှုပ်ထွေးနေတယ်။ နောင်တစ်ချိန်မှာ ခင်ဗျားက မသေမျိုးတွေနဲ့ ရှုပ်ထွေးတဲ့ပတ်သက်မှုမျိုး ရှိလာလိမ့်မယ်”
မသေမျိုးများနှင့် ကံကြမ္မာချင်း ရစ်ပတ်နှောင်ဖွဲ့နေသော်လည်း လုယန်က ဘာမှသက်ရောက်မှုမရှိသလို လွတ်လပ်စွာ လှုပ်ရှားသွားလာနိုင်သည်ကို လော်ပို သတိထားမိသည်။
သို့သော် ထိုအဖြစ်က သိပ်မဆိုးသေး။
ကြောက်စရာအကောင်းဆုံးရှေ့ဖြစ်ကံကြမ္မာကို လော်ပို ကြိုမြင်သည်။ လုယန်သည် ကျင့်ကြံသူလောက၏ အဓိကအန္တရာယ်ကောင်ဖြစ်လာမည်။ တာအိုလမ်းစဉ်ဂိုဏ်း၏ဓလေ့စရိုက်များကို ကျင့်ကြံသူလောကတစ်ခုလုံးသို့ ဖြန့်လိမ့်မည်။
တာအိုလမ်းစဉ်ဂိုဏ်း၏ဓလေ့စရိုက်များက အတော်ဆိုးဝါးလှသည်။ ကျင့်ကြံသူလောကတစ်ခုလုံး သူတို့လိုလိုက်လုပ်လျှင် ဘယ်သူမှ ကောင်းကောင်းနေနိုင်ကြမည်မထင်။
ထိုလူမျိုးနှင့် ပတ်သက်မိ၍မဖြစ်။
လော်ပို စိတ်ထဲတွင်ကျိတ်၍ နောင်တရမိသည်။ ထိုလေးယောက်ကို လူချမ်းသာ ငနုံငအများဟု ထင်ခဲ့သည်။ ငွေခြူနိုင်မည်ထင်ခဲ့သည်။ လုယန်လို မထိသင့်သည့်အန္တရာယ်ကောင်နှင့် ကြုံရမည်ဟုထင်မထား။
မဟုတ်သေး။ ရှေ့ဖြစ်ကံကြမ္မာအရ ဆိုးဝါးသည့်အကျင့်စရိုက်များကိုဖြန့်သူသည် လုယန်တစ်ယောက်တည်းမဟုတ်။ နောက်တစ်ယောက်လည်းပါသည်။
အကြွေးရှင်ကြီးမုန်ကျင်းကျိုးကို လော်ပိုလှမ်းကြည့်သည်။
ထွက်ပြေးမှဖြစ်မည်။
နောက်ထပ်စကားတစ်လုံးမှ မပြောတော့ဘဲ ထွက်ပြေးသည့်မှော်စွမ်းအင်တစ်မျိုး ထုတ်သုံးလိုက်သည်။ သူ့ဗေဒင်စားပွဲကိုပင် မသိမ်းအားတော့။
“ငါ...ငါ...ငါဒီနေ့ မင်းတို့ကို မမြင်ခဲ့ဘူးလို့ပဲ သဘောထားမယ်”
နောက်တစ်ကြိမ်ထပ်ကြည့်မိလျှင် ဤနေရာတွင် သူ့ဘဝအဆုံးသတ်သွားမည်ကို ကြောက်သည်။
လူလေးယောက် မင်သက်မိနေချိန် လော်ပို ပျောက်ကွယ်သွားသည်။
လုယန်က မုန်ကျင်းကျိုးကို မာန်မဲလိုက်သည်။
“မင်းအကြွေးတောင်းလို့ သူလန့်ပြီးထွက်ပြေးသွားတာ ဖြစ်မယ်ကွ”
******************************************************