ဒဏ္ဍာရီစာအုပ်
Vol. 7 Ch. 94
လုယန်၏ ကျွမ်းကျင်သည့်စွပ်စွဲချက်ကြောင့် မုန်ကျင်းကျိုး နှာခေါင်းရှုံ့လိုက်သည်။
“ငါကြောင့် လန့်ပြေးတယ်ဆိုတာ ဘာစကားလဲကွ။ သူပြောတာ မင်းမကြားဘူးလား။ နောင်တစ်ချိန်မှာ မင်းက မသေမျိုးတွေနဲ့ ဇာတ်လမ်းရှုပ်လာမှာတဲ့။ မင်းက လူသားတွေနဲ့ နတ်ဘုရားတွေအပေါ် ရက်စက်တာမျိုး လုပ်မိလို့ မသေမျိုးတွေဒေါသထွက်ပြီး မင်းကိုအတူနှိပ်ကွပ်ကြတာ ဖြစ်မှာပေါ့”
လုယန် လက်ယမ်းပြသည်။
“မဖြစ်နိုင်ဘူး.။ ငါ့လုပ်ရပ်တွေကို ငါအမြဲတမ်း သတိထားတယ်။ ဒီလိုတရားလွန်တဲ့ကိစ္စမျိုး ဘယ်တော့မှလုပ်မိမှာမဟုတ်ဘူး။ လော်ပို ပါးစပ်ထဲတွေ့ရာလျှောက်ပြောတာပဲဖြစ်မယ်”
သူတို့နှစ်ယောက် အချင်းချင်း အပြစ်တင်နေကြသည်။ ကိုယ့်အမှားဟု ဘယ်သူမှဝန်မခံ။
နှစ်ယောက်လုံး၏အမှားဖြစ်နိုင်သည်ဟု အရိုးရိုင်း ပြောလိုက်ချင်သည်။ သို့သော် မပြောဖြစ်တော့။
ရက်အတော်ကြာအတော်နေပြီးနောက် လုယန်နှင့်မုန်ကျင်းကျိုးတို့ ပြောဆိုဆက်ဆံပုံနှင့် လန်ထင်တဖြေးဖြေး အသားကျလာသည်။ သူတို့ငြင်းခုန်နေသည့်စကားများကို မကြားသလိုသာ နေလိုက်သည်။
“ဟိုရှေ့မှာကြည့်လိုက်။ အဲဒါ ရွှေစီးပွားနယ်မြေပဲ။ ကျွန်မ ရှင်တို့ကို ခေါ်သွားပေးမယ်”
ရွှေစီးပွားနယ်မြေ၏ဝင်ပေါက်တွင် ကြေးပြားတစ်ပြားလက်ထဲကိုင်၍ ရပ်နေသည့် ဝဝကစ်ကစ်ဝက်တစ်ကောင်၏ ရုပ်ထုရှိသည်။ သူတို့၏ ဂန္တဝင်လာယ်ကောင်ရုပ်ဖြစ်သည်။
ရွှေစီးပွားနယ်မြေ၏ ဂုဏ်သတင်းကို လုယန် အရင်ကတည်းက ကြားဖူးသည်။ ဝင်ကြည့်ချင်သည်။
နယ်မြေအတွင်းပိုင်းကို ရိုးရိုးရှင်းရှင်း တန်ဆာဆင်ထားသည်။ ပွင့်လင်းမြင်သာသည်။ ရုတ်တရက်ချမ်းသာလာသည့် စီးပွားရေးအဖွဲ့အစည်းများကဲ့သို့ ကြွားဝါသည့်ပုံစံမျိုး လုံးဝမရှိ။
ရွှေစီးပွားနယ်မြေအတွက် ကြွားနေစရာလည်းမလို။ သူတို့နာမည်တစ်ခုတည်းကပင် အချိန်စီးသည်။
အလယ်ပိုင်းတိုက်နယ်၏ နံပတ်တစ်စီးပွားရေးအဖွဲ့အစည်းကို အားလုံးသိကြသည်။
ရွှေစီးပွားနယ်မြေအတွင်း ပစ္စည်းမျိုးစုံခင်းကျင်းထားသဖြင့် အရိုးရိုင်း မျက်စိကျိန်းသွားသည်။ ကျွမ်းကျင်သည့်သမားတော်များ သေချာဖော်စပ်ထားသည့် ဆေးလုံးများရှိသည်။ လက်မှုပညာရှင်တို့ စွမ်းအားကုန်သုံး၍ ဖန်တီးထားသည့် ဝိညာဉ်ရတနာများရှိသည်။ အန္တရာယ်များသည့် နေရာများမှ ထုတ်ယူခဲ့သည့် ရှားပါးပစ္စည်းများ၊ ရိုးရှင်းသည့်အနေအထားမှ ရှုပ်ထွေးသည့်အနေအထားသို့ အဆင့်ဆင့်ပြောင်းလဲနေသည့် မှော်အဆောင်များ မှော်စက်ဝန်းများရှိသည်။
ကပ်ထားသည့်ဈေးနှုန်းများကိုကြည့်၍ ဘာကိုမှမဝယ်နိုင်သည့် ငမွဲတစ်ယောက်လို အရိုးရိုင်းခံစားနေရသည်။
မုန်ကျင်းကျိုးနှင့်လန်ထင်တို့ကတော့ ဈေးနှုန်းများကို အရေးမစိုက်ဘဲ အေးအေးလူလူ လျှောက်ကြည့်နေသည်ကို သူသတိထားမိသည်။ သူနားလည်နိုင်ပါသည်။
သို့သော် လုယန်ကလည်း ငွေလျှံနေသည့်သူဌေးကဲ့သို့ ဈေးနှုန်းများကို အရေးမစိုက်သည့်ဟန်မျိုး ရှိနေသည်။ ထိုအဖြစ်ကို သူနားမလည်နိုင်။
“အကိုလု၊ ဒီကပစ္စည်းတွေက အရမ်းဈေးကြီးတယ်။ ကျုပ်ငွေမတတ်နိုင်ဘူး”
အရိုးရိုင်း တိုးတိုးကပ်ပြောသည်။
ဘာပစ္စည်းမှမဝယ်နိုင်သည်တော့မဟုတ်။ အခြေတည်အဆင့်နှင့်သင့်တော်သည့် တန်ဖိုးကြီးပစ္စည်းများကို မဝယ်နိုင်ခြင်းဖြစ်သည်။
လုယန်က အရိုးရိုင်းကို အံ့ဩဟန်ဖြင့်ကြည့်သည်။
“ဝယ်ဖို့လား။ ဘာလို့ဒီကပစ္စည်းတွေကို ဝယ်မျာလဲ။ ဒီဆေးလုံးတွေ ရတနာတွေကို ကြည့်စမ်းပါ။ အဆင့်မြင့်ပြီး တန်ဖိုးကြီးသယောင်ရှိပေမယ့် အပေါ်ယံဟန်ပြသက်သက်ပါပဲ။ တကယ့်လက်တွေ့ကျရင် ငါတို့ဂိုဏ်းကထုတ်တဲ့ပစ္စည်းတွေနဲ့ ဘယ်ယှဉ်လို့ရမှာလဲ”
အရိုးရိုင်း ခေါင်းငြိမ့်သည်။ လုယန်စကားမှန်သည်။ သူတို့ဂိုဏ်းမှ ဂျုံမုန့်ချောင်းကြော်များက ဈေးချိုသည်။ အရသာကောင်းသည်။ တစ်လကျော်ပြီဖြစ်သော်လည်း မုန်ကျင်းကျိုးကို လုယန်ပေးထားသည့် မုန်ချောင်းတစ်ပိုင်းက ယခုထိမကုန်သေး။
“ပြီးတော့ ငွေမရှိရင်လည်း ငွေနည်းနည်းရှာလိုက်လို့ ရတာပဲလေ။ ငါတို့အဆင့်အတန်းနဲ့ တစ်ခုခုရောင်းပြီး ငွေကိုအလွယ်လေးရှာနိုင်ပါတယ်။ စောင့်ကြည့်ပါ၊ ဘယ်လိုရှာရသလဲဆိုတာ ငါမင်းကိုပြမယ်”
ထိုသို့ပြောပြီး အနီးတွင်ရှိနေသည့် စားပွဲထိုးတစ်ယောက်ထံ လုယန် လျှောက်သွားသည်။
“တစ်ဆိတ်လောက်ဗျာ။ ခင်ဗျားတို့ ကျင့်စဉ်ပညာတွေ ဝယ်သလား”
စားပွဲထိုးက ယဉ်ယဉ်ကျေးကျေးပြန်ဖြေသည်။
“ဟုတ်ကဲ့၊ ဝယ်ပါတယ်ခင်ဗျ။ ဒါပေမယ့် ကျုပ်တို့ဆီမှာမရှိတဲ့ ပညာရပ်မျိုးပဲ ဝယ်ပါတယ်။ ကျင့်စဉ်တစ်ခုခု ရောင်းချင်လို့လား”
လုယန် ခေါင်းငြိမ့်သည်။
“အသွင်းပြောင်းမှော်ပညာကျင့်စဉ်တစ်ခု ကျုပ်မှာရှိတယ်။ တိုက်ခိုက်ရင်းနဲ့ အသွင်ပြောင်းလို့ရတယ်။ ကျုပ်တို့မိသားစုရဲ့ လျှို့ဝှက်ပညာပါ”
စားပွဲထိုး အံ့အားသင့်သွားသည်။ သူ့လုပ်သက်ဆယ်နှစ်အတွင်း ထိုအသွင်ပြောင်းပညာမျိုး တစ်ခါမှမကြားဖူး။
“ကျုပ်နောက်ကလိုက်ခဲ့ပါ။ ဒီနေ့ လေလံပွဲတစ်ခု ရှိတယ်။ သခင်ယန်ရွှမ်လန်လည်း ဒီမှာရှိတယ်။ ခင်ဗျားရဲ့ အသွင်ပြောင်းပညာရဲ့တန်ဖိုးကို သူ့ဆီ အကဲဖြတ်ခိုင်းကြတာပေါ”
သူတို့လေးယောက်ကို အခန်းတစ်ခုသို့ ခေါ်သွားသည်။ မျက်မှန်နှင့်သက်ကြီးပိုင်းတစ်ယောက် စာအုပ်ဖတ်နေသည်။ ရင့်ကျက်သည့်သူအသွင်က အတွေအကြုံ ဗဟုသုတ ကြွယ်ဝဟန်ရှိသည်။ ယန်ရွှမ်လန်ဆိုသူဖြစ်မည်။
စားပွဲထိုးက စကားတစ်ချို့ တီးတိုးကပ်ပြောလိုက်သည်။
“ဪ..အဲလိုကျင့်စဉ်ပညာမျိုး ရှိတယ်ပေါ့။ ငါနားလည်ပြီ။ မင်းသွားလို့ရပြီ”
“ဟုတ်ကဲ့”
စားပွဲထိုး အခန်းထဲမှ ထွက်သွားသည်။
“ခင်ဗျားတို့လေးယောက်မှာ တိုက်ခိုက်ရင်း အသွင်ပြောင်းလို့ရတဲ့ ကျင့်စဉ်ပညာမျိုးရှိတယ်ပေါ့”
“ဟုတ်ပါတယ်”
လုယန်က “လုမိသားစုအရိပ်တုလက်သီးကျင့်စဉ်”စာအုပ်ကို ထုတ်ပြသည်။
ယန်ရွှမ်လန် ခဏအသံတိတ်သွားသည်။
“ကျုပ်မျက်စိမမှားရင်၊ စာလုံးတွေကို လွဲမဖတ်မိဘူးဆိုရင်တော့.... ဒီစာအုပ်ပေါ်မှာ ရေးထားတာက အရိပ်တုလက်သီးလို့ပဲတွေ့ရပါလား”
လုယန် ရှေ့တိုးသွားပြီး စာအုပ်အဖုံးပေါ်မှ အရိပ်တုလက်သီးဆိုသည့်စာလုံးများကို ခြစ်ပစ်သည်။ ထို့နောက် “အသွင်ပြောင်းကျင့်စဉ်”ဟု ရေးလိုက်သည်။
“အခု အသွင်ပြောင်းကျင့်စဉ် ဖြစ်သွားပြီ”
ထိုမျှလွယ်လွယ် နာမည်ပေးသူမျိုးကို ယန်ရွှမ်လန် ပထမဆုံးတွေ့ဖူးခြင်းဖြစ်သည်။ သို့သော် ဤလုပ်ငန်းတွင် သဘာရင့်နေသူဖြစ်၍ လူအမျိုးမျိုး တွေ့ကြုံဖူးသည်။
စာမျက်နှာများကို ဖြေးဖြေးချင်းလှန်ကြည့်သည်။ တစ်လုံးချင်း သေချာဖတ်သည်။ ထို့နောက် ဒေါသတကြီးပြောသည်။
“ဒါကအရိပ်တုလက်သီးပဲမဟုတ်လား”
“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”
လုယန် အမှန်တကယ် အံ့အားသင့်သွားသည်။
“ဒါက တကယ်အသွင်ပြောင်းပညာရပါ။ ကြည့်ပါ၊ ကျုပ်လက်တွေ့သရုပ်ပြပေးမယ်”
အရိပ်တုလက်သီးသိုင်းကို ချက်ချင်းလှုပ်ရှား၍ အရိုးရိုင်းအသွင် မုန်ကျင်းကျိုးအသွင် ထို့နောက် ကျားနတ်ဆိုးအသွင်သို့ ပြောင်းပြသည်။ အသွင်ပြောင်းပုံက အတော်ကောင်းသည်။ အတော်လည်းစွမ်းအားကြီးသယောင်ရှိသည်။
ယန်ရွှမ်လန် အတော်ကြာအောင် မျက်လုံးပြူး၍ စိုက်ကြည့်နေသည်။ သို့သော် လုယန်ဘယ်လိုအသွင်ပြောင်းလိုက်သည်ကို သူနားမလည်။
အရိပ်တုလက်သီးသိုင်းအစစ်ဖြစ်သည်။ လှုပ်ရှားသည့်သိုင်းဟန်ကလည်း စာအုပ်ထဲကအတိုင်း ကွက်တိဖြစ်သည်။ တစ်ခြားမှော်ပညာမျိုး လုံးဝမသုံးခဲ့။
ဘယ်လိုဈေးသတ်မှတ်ရမည်မသိတော့။
မုတ်ဆိတ်ကိုပွတ်၍ သူနားလည်သယောင် ဟန်လုပ်လိုက်သည်။
“ခင်ဗျားရဲ့ ကျင့်စဉ်ပညာက တကယ်စိတ်ဝင်စားစရာကောင်းတာပဲ။ ဒါမျိုးကို ပုံမှန်ကျင့်စဉ်လို အပြင်မှာရောင်းရင် နှမျောစရာကောင်းတယ်။ ဒီအသွင်ပြောင်းပညာကို လေလံတင်ကြည့်ကြမလား။ လေလံပွဲကလည်း မကြာခင်စတော့မှာပါ”
“ကောင်းပြီလေ”
လေလံပွဲကျင်းပသည့်နေရာတွင် အသိအကျွမ်းဟောင်းတစ်ယောက်နှင့် လုယန် ဆုံရသည်။
ကျောက်စရစ်ထွေးထုတ်သည့်ပညာကို ကျွမ်းကျင်ထားသည့် ချီရှုလန်ဖြစ်သည်။
သူရုပ်ဖျက်မထား။ တကယ်ဟိတ်ကြီးဟန်ကြီးနိုင်သည့်စရိုက်မျိုးရှိသည်။ ဟန်ဆောင်ဖုံးကွယ်ရသည့်အလုပ်မျိုးကို သူမကြိုက်။
သူ့ကျင့်စဉ်အဆင့်အရ ယန်ကျန်းကောင်တီတစ်ခုလုံးတွင် ရုပ်ဖျက်စရာလည်းမလို။
ချီရှုလန်ဘေးတွင် ဝတ်ရုံနက်လူတစ်ယောက်ထိုင်နေသည်။ ကြေးစားလူသတ်သမား ရှန်ကျင်းယိဖြစ်မည်ဟု လုယန်ခန့်မှန်းလိုက်သည်။
လုယန်က ချီရှုလန်ဘေးတွင် သွားထိုင်သည်။ လုယန်မျက်နှာမှ ကလေးကလားတို့ဟူးမျက်နှာဖုံးကိုကြည့်၍ ချီရှုလန်က နှာခေါင်းရှုံ့သည်။
ဘာကြောင့်မှန်းတော့မသိ။ ထိုတို့ဟူးမျက်နှာဖုံးနှင့်လူကိုမြင်သည်နှင့် သူ့စိတ်ထဲ အလိုလိုဒေါသထွက်လာသည်။
သန့်သန့်ပြန့်ပြန့်ဝတ်ထားသည့် လေလံပစ်သူ စင်ပေါ်တက်လာသည်။ အတော်ကျွမ်းကျင်ဟန်ရှိသည်။ သူ့အသံက ကျင့်စဉ်စွမ်းအားမသုံးဘဲ ကျယ်လောင်ပီသသည်။ လေလံရုံတစ်ခုလုံး ကြားရသည်။
“အားလုံးပဲ၊ မင်္ဂလာနေ့ခင်းပါခင်ဗျ။ လာရောက်ပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်။ နောက်ထပ်အချိန်မဆိုင်းဘဲ စလိုက်ကြစို့ဗျာ။
ဒီနေ့ ပထမဆုံးလေလံတင်မယ့်ပစ္စည်းကတော့ ကျင့်စဉ်အခြေခံတည်ဆောက်နိုင်တဲ့ ဆေးသုံးလုံးပါ”
လေလံရုံတစ်ခုလုံး ပွက်လောရိုက်သွားသည်။ ထိုမျှတန်ဖိုးကြီးသည့်ပစ္စည်းဖြင့် လေလံစပစ်မည်ဟု ထင်မထားကြ။
လေလံပွဲတက်လာသူအားလုံးက ချီစုစည်းခြင်းအလတ်တန်းဆင့် သို့မဟုတ် ထိပ်ဆုံးအဆင့်များဖြစ်သည်။ ကိုယ်ငွေကြေးအတိုင်းအတာကို ကိုယ်သိကြသည်။ ချီအဆင့်ကျင့်ကြံသူများ လေလံပွဲသို့ မလာကြ။
အခြေတည်အဆင့်များပင် မက်မောကြသည်။ သူတို့မိသားစုတွင် ချီအဆင့်ကျင့်ကြံသူများရှိသည်။
လုယန်ကတော့ မရှိ။
သူစဉ်းစားကြည့်သည်။ သူနှင့်သိသည့်လူများထဲတွင် သူသာကျင့်စဉ်အဆင့်အနိမ့်ဆုံးဖြစ်သည်။
ရှေးဘိုးဘေးများ ကျင့်စဉ်လမ်းသို့ စဝင်ရာတွင် ပြင်ပအကူပစ္စည်းများကို အားမကိုးကြ။ ကိုယ့်အခြေခံကို ကိုယ့်ဘာသာ တည်ဆောက်သည်။ သို့သော် ထိုနည်းလမ်းက အလွန်အန္တရာယ်များသည်။ အခြေတည်အဆင့်သို့ကူးရင်း သေဆုံးသူများ မရေမတွက်နိုင်အောင်ရှိခဲ့သည်။
နောက်ပိုင်းတွင် အခြေခံတည်ဆောက်မှုကို အချိန်တိုတိုနှင့်အကျိုးရှိစေသည့် အခြေတည်ဆောက်မှုဆေးလုံးတီထွင်သူများ ပေါ်လာသည်။ ထိုဆေးလုံးများက အောင်မြင်နှုန်းတိုးတက်စေရုံသာမဟုတ်။ မအောင်မြင်လျှင်လည်း နောက်ဆက်တွဲဆိုးကျိုးမရှိ။ ကျင့်စဉ်အဆင့် လျော့ကျသွားခြင်းမျိုးမရှိ။
လသံလွင်နန်းတော်မှလန်ထင်သည်ပင် အခြေခံတည်ဆောက်စဉ်က ထိုဆေးလုံးမျိုး သောက်ခဲ့သည်။
သိစိတ်အာရုံမှ သူလှမ်းမေးသည်။
“ရှင်အခြေတည်အဆင့်တက်တော့ အခြေတည်ဆေးလုံးတွေ စားခဲ့လား”
လုယန် ခေါင်းခါသည်။
“ငါတို့ဆေးလုံးသောက်တဲ့အယူအဆက အတော်လေးအဆင့်မြင့်တယ်။ အခြေတည်အဆင့်တက်တုန်းက အခြေတည်ဆေးလုံးဖော်တဲ့ ကုန်ကြမ်းတွေကို တိုက်ရိုက်စားတယ်။ ငါတို့ခန္ဓာကိုယ်ကို ဆေးမီးဖိုလိုသဘောထားပြီး ကုန်ကြမ်းတွေကို သန့်စင်တယ်။ ဆေးအာနိသင်တွေ သွေးကြောထဲကို အပြည့်အဝစိမ့်ဝင်သွားအောင်လုပ်တာ။...ပြန်လေ့လာကြည့်တော့ ဒီနည်းလမ်းဟာ ဆေးအာနိသင်ကို အကောင်းဆုံးစုပ်ယူနိုင်တယ်ဆိုတာ သိရတယ်။..ဆေးအိုးတောင်ထိပ်ရဲ့ သတ္တမအကြီးအကဲဟာ ဒီအချက်ကို အတည်ပြုဖို့အတွက် သူငယ်ငယ်တုန်းက အခြေခံတည်ဆောက်တာကို အကြိမ်တစ်ရာလုပ်ခဲ့တယ်တဲ့။ ဒါကြောင့် ဒီနည်းလမ်းက အပြည့်အဝယုံကြည်ရပါတယ်။...အဲဒီတုန်းက သတ္တမအကြီးကဲက “အားအကောင်းဆုံးအခြေတည်အဆင့်”လို့လည်း နာမည်ရခဲ့တယ်။ သူ့အခြေခံက ခိုင်မာလွန်းလို့ နောက်ပိုင်း ရွှေသန္ဓေတည်ဆောက်တော့ သူများနဲ့မတူတဲ့ဝေဒနာကို ခံစားရတယ်။ သည်းခြေမှာ ကျောက်တွေတည်နေသလိုပဲတဲ့”
လန်ထင် -“...”
သူတို့စကားပြောနေစဉ် အခြေတည်ဆေးသုံးလုံး လေလံရောင်းထွက်သွားသည်။
“နောက်ထပ်လေလံတင်မယ့်ပစ္စည်းကတော့ အသွင်ပြောင်းပညာရပ်တစ်ခုဖြစ်ပါတယ်”
လေလံပစ်သူက လုယန်ပေးလိုက်သည့်စာအုပ်ကို ထုတ်ပြလိုက်သည်။
လုယန် အံ့ဩသွားဟန်ဖြင့် ချီရှုလုံကြားနိုင်ရုံ ခပ်တိုးတိုးအော်လိုက်သည်။
“ဒါ..ဒဏ္ဌာရီထဲက စာအုပ်များလား။ ဒီထဲမှာ..”
စာအုပ်ကိုစိတ်မဝင်စားခဲ့သည့် ချီရှုလုံ ဆတ်ခနဲခေါင်းထောင်လာသည်။
***********************************************************