← Chapters

ထာဝရဂိုဏ်းတွင် လမ်မှန်ဂိုဏ်းသူလျိုမရှိနိုင်

Vol. 7 Ch. 95

ထာဝရဂိုဏ်းတွင် လမ်မှန်ဂိုဏ်းသူလျိုမရှိနိုင်

Vol. 7 Ch. 95

ပရိတ်သတ်ဆီမှ သက်ပြင်းချသံ ပေါ်လာသည်။ အသွင်ပြောင်းပညာသည် လေ့ကျင့်ရန်ခက်သော်လည်း သာမန်ကျင့်စဉ်သာဖြစ်သည်။ လေလံတင်ရလောက်အောင် တန်ဖိုးမရှိ။

သက်ပြင်းမချသူဟူ၍ လုယန်နှင့်ချီရှုလုံလို လူအနည်းငယ်သာရှိသည်။

လေလံပစ်သူက ဆက်ပြောသည်။

“ဒီစာအုပ်ဟာ သာမန်အသွင်ပြောင်းကျင့်စဉ်မဟုတ်ပါဘူး။ တိုက်ခိုက်ရင်းနဲ့ အသွင်ပြောင်းလို့လည်း ရတယ်။ တိုက်ပွဲအသုံးချရင် မျှော်လင့်မထားတဲ့ အကျိုးကျေးဇူးမျိုး ရှိလိမ့်မယ်လို့ ကျုပ်ယုံကြည်ပါတယ်”

ထိုသို့ပြောပြီးမှ ပရိတ်သတ်များ နည်းနည်းစိတ်ဝင်စားလာသည်။ သို့သော် နည်းနည်းသာဖြစ်သည်။ အသွင်ပြောင်းပညာကို တိုက်ခိုက်ဖို့ ဘယ်သူသုံးမည်နည်း။

လေလံပစ်သူက သတိပေးသည်။

“ဒီပညာဟာ လေ့ကျင့်ဖို့ အရမ်းခက်တယ်ဆိုတာတော့ သိထားသင့်ပါတယ်။ သခင်ယန်ရွှမ်လန်က ပြောတယ်။ ဒီစာအုပ်က သာမန်ထင်ရပေမယ့် ထင်သလောက်လုံးဝမရိုးရှင်းပါဘူးတဲ့”

လုယန်က ချီရှုလုံ ကြားနိုင်ရုံလောက် ထပ်ပြောသည်။

“ဟုတ်တယ်၊ ဒီစာအုပ်ဟာ ဒဏ္ဌာရီမှတ်တမ်းမှာ ဖော်ပြထားတာနဲ့ အရမ်းတူနေတာပဲ”

ဘေးတွင်ထိုင်နေသည့်မုန်ကျင်းကျိုးက သူ့ကို တိုးတိုးကပ်ပြောသည်။

“ပါးစပ်ပိတ်ထားစမ်းပါကွာ။ ဒီလိုစကားမျိုးကို မင်းမို့ပြောထွက်တယ်။ မင်းကိုယ်မင်း အမွှမ်းတင်တတ်တဲ့အကျင့် ဘယ်တော့မှပျောက်မှာလဲ”

လုယန်လန့်သွားပြီး ချက်ချင်းပါးစပ်ပိတ်လိုက်သည်။ စင်ပေါ်မှ အသွင်ပြောင်းကျင့်စဉ်ကို စိုက်ကြည့်နေသည်။

လုယန်အမူအရာကို ချီရှုလုံက မသိမသာအကဲခတ်သည်။ သူ့စိတ်ထဲမှ ခန့်မှန်းချက်ကို အတိုင်းအတာတစ်ခုအထိ အတည်ပြုလိုက်သည်။

“ကြမ်းခင်းဈေး ဝိညာဉ်ကျောက် တစ်ရာပါ”

ထိုဈေးနှုန်းက အသွင်ပြောင်းကျင့်စဉ်တစ်ခု၏ သာမန်နှုန်းထားထက် များစွာနိမ့်သည်။ အရိပ်တုလက်သီးပညာအတွက် ဘယ်လိုဈေးဖြတ်ရမည်ကို ရွှေစီးပွားနယ်မြေပင် သေချာသိပုံမပေါ်။

“တစ်ရာ့တစ်ဆယ်”

တစ်ယောက်က ချက်ချင်း ဈေးစပေးသည်။ ကိုယ်စိတ်ဝင်စားသည့်အရာတစ်ခုအတွက် ဝိညာဉ်ကျောက်နည်းနည်းလောက်တော့ သုံးသင့်သည်ဟု ယူဆသည်။

“တစ်ရာ့နှစ်ဆယ်”

ချီရှုလုံ ဈေးပြိုင်ပေးသည်။

“တစ်ရာ့ရှစ်ဆယ်”

“နှစ်ရာ”

အရိပ်တုလက်သီးဈေးနှုန်းက ထောင်တက်လာသည်။

“ရှစ်ရာ”

လုယန် အော်လိုက်သည်။

မုန်ကျင်းကျိုး လုယန်လက်ကို အမြန်ဆွဲသည်။

“မင်းဘာလို့ ဒီလောက်အမြင့်ကြီး ဈေးပေးတာလဲ။ အားလုံးရိပ်မိသွားစေချင်လို့လား”

“ငါ..အင်း..ငါက တစ်ခြားလူဝယ်သွားမှာကို မလိုချင်လို့ပါ”

ဝိညာဉ်ကျောက်ရှစ်ရာသည် သိပ်မများပါ။ သို့သော် အခြေတည်ကျင့်ကြံသူအတွက် မများခြင်းဖြစ်သည်။ ချီစုစည်းခြင်းအဆင့်ကျင့်ကြံသူများ ဝိညာဉ်ကျောက်တုံးရှစ်ရာကို အလွယ်တကူ ဆွဲထုတ်နိုင်မည်မဟုတ်။

“တစ်ထောင်”

လုယန်ဘေးမှ အော်သံထွက်လာသည်။ လုယန် ချီရှုလုံကို အံ့ဩသည့်အမူအရာဖြင့် လှည့်ကြည့်သည်။ ဘာကြောင့် ဤအသွင်ပြောင်းပညာအတွက် တစ်ခြားတစ်ယောက်က သူနှင့်ဈေးပြိုင်နေသည်ကို နားမလည်သည့်မျက်နှာမျိုးဖြစ်သည်။

ထူးခြားသယောင်ထင်ရသည့် မှော်ပညာတစ်ခုသာဖြစ်သည်။

ထိုလူလည်း တစ်ခုခုကို ရိပ်စားမိ၍လားမသိ။

သို့သော် ဘယ်လိုရိပ်မိနိုင်မည်နည်း။

အစောပိုင်းက သူရေရွတ်လိုက်သည့်စကားကို ကြားသွား၍ဖြစ်မည်။

ချီရှုလုံကို သူတိုးတိုးကပ်ပြောသည်။

“မိတ်ဆွေ၊ ဒီမှော်ပညာက အချိန်အကြာကြီးပျောက်ဆုံးနေတဲ့ ကျုပ်တို့မိသားစုရဲ့မှော်ပညာရပ် ဖြစ်မယ်ထင်တယ်။ ကျုပ်ကို ဦးစားပေးနိုင်မလား။ လေလံပွဲပြီးရင် ခင်ဗျားကို ရက်ရက်ရောရော ကျေးဇူးတုံ့ပြန်ပါ့မယ်”

ချီရှုလုံ လှောင်ပြုံးပြုံးသည်။ ပျောက်ဆုံးနေသည့်မှော်ပညာ။ ဘယ်သူယုံမည်နည်း။ ထိုမှော်ပညာထဲတွင် ဖုံးကွယ်ထားသည့် ရှေးဟောင်းလျှို့ဝှက်ချက်များ ရှိရမည်။

ဘေးတွင်ထိုင်နေသည့် ရှန်ကျင်းယိက ချီရှုလုံကို ဖျောင်းဖျရန်ပြင်သည်။ သို့သော် ချီရှုလုံအမူအရာ ဆုံးဖြတ်ချက်ချထားပြီးဖြစ်ဟန်ရှိသဖြင့် ဘာမှထပ်မပြောတော့။

စကားဖြင့်ပြေလည်အောင် ပြော၍မရသဖြင့် လုယန် ဈေးထပ်တင်လိုက်သည်။

“ဝိညာဉ်ကျောက် ထောင့်နှစ်ရာ”

“နှစ်ထောင်”

ချီရှုလုံ မျက်တောင်ပင်မခတ်။ မဝံ့မရဲဈေးတင်နေသည့်လုယန်သည် အခြေတည်အဆင့်မဟုတ်နိုင်ဟု သူယူဆသည်။

လုယန် ရှိသမျှအကုန်ပုံအောသည်။

“နှစ်ထောင့်သုံးရာ”

“သုံးထောင်”

ချီရှုလုံက အမူအရာမပျက်သေး။

လုယန် မုန်ကျင်းကျိုးထံမှ ငွေချေးသည်။

“ငါ့ကို ဝိညာဉ်ကျောက်တစ်ထောင်ချေးပါ။ နောက်နှစ်ကျရင် သေချာပေါက်ပြန်ဆပ်ပါ့မယ်”

“ရပါတယ်”

မုန်ကျင်းကျိုးက တုံ့ဆိုင်းခြင်းမရှိ။

“ဝိညာဉ်ကျောက်သုံးထောင်”

“လေးထောင်”

လုယန် ငွေထပ်ချေးသည်။ သို့သော် လူချမ်းသာချီရှုလုံကို သူအသာစီးမရ။

နောက်ဆုံးတွင် အံ့မခန်းဈေးနှုန်း ဝိညာဉ်ကျောက်တုံးရှစ်ထောင်ဖြင့် အသွင်ပြောင်းပညာကို ချီရှုလုံ လေလံအောင်သွားသည်။ လုယန်က “မျက်ရည်စက်လက်”ဖြင့် အသားတင်အမြတ် ဝိညာဉ်ကျောက်ရှစ်ထောင် ရလိုက်သည်။ နှစ်ဘက်လုံးအဆင်ပြေသည်။ အားလုံးပျော်ရွှင်ရသည်။

လေလံပွဲပြီးသွားပြီးနောက် လုယန်တို့အဖွဲ့ ထွက်သွားရန်ပြင်သည်။ ဈေးတန်းမှထွက်ပြီး လူပြတ်သည့်တောင်ခြေသို့ ရောက်လာသည်နှင့် သူတို့ကို ချီရှုလုံနှင့်ရှန်ကျင်းယိက လမ်းပိတ်ထားသည်။

“မင်းဘာလုပ်ချင်လို့လဲ”

ချီရှုလုံ အေးစက်စက်ပြုံးသည်။

“ဘာလုပ်ချင်လဲတဲ့လား။ ကောင်လေး၊ အရူးကွက်လာမနင်းနဲ့။ ဘယ်သူမှ ငါ့ကိုလှည့်စားလို့မရဘူး”

လုမိသားစုအသွင်ပြောင်းကျင့်စဉ်စာအုပ်ကို သူထုတ်သည်။ အခြေတည်အဆင့်စွမ်းအင်ရောင်ကို ထုတ်လွှတ်လိုက်သည်။

“ငါ့ကိုပြောစမ်း၊ ဒီစာအုပ်ထဲမှာ ဖုံးကွယ်ထားတဲ့ ရှေးဟောင်းလျှို့ဝှက်ချက်က ဘာလဲ။ မင်းပြောပြရင် မင်းတို့အသက်ကို ငါချမ်းသာပေးမယ်။ လိမ်လို့ကတော့ ငါ့ကိုရက်စက်တယ်မပြောနဲ့”

ထိုလေးယောက်ကို ချီရှုလုံ ချမ်းသာပေးဖို့ စိတ်ကူးမရှိပါ။ ရှေးဟောင်းလျှို့ဝှက်ချက်အကြောင်း သိသူနည်းလေ ပိုကောင်းလေဖြစ်သည်။ ထို့အပြင် လန်ထင်က အတော်လှသည်။ ထိုမိန်းကလေးကိုမသတ်မီ ‌ပျော်ပါးဖို့ ရည်ရွယ်ထားသည်။

ဝိညာဉ်ကျောက်တုံး ထောင်ဂဏန်းလောက်ပင် မထုတ်နိုင်သည့် ထိုလေးယောက်သည် ချီစုစည်းခြင်းအဆင့်များသာဖြစ်မည်ဟု သူအခိုင်အမာ ယုံကြည်ထားသည်။

ချီအဆင့်များသည် သူ့လိုလူကို ခုခံနိုင်စရာအကြောင်းမရှိ။

လုယန် သက်ပြင်းချလိုက်သည်။ သခင်ချူးက နွေဦးပွဲတော်အတွင်း ပြဿနာရှာဖို့ အရိပ်အမြွက်ပြောခဲ့သည်။ ယနေ့လိုအခြေအနေကို ကြိုခန့်မှန်းမိ၍ ချီရှုလုံနှင့်ရှန်ကျင်းယိကိုသတ်ရန် အကြံပြုခဲ့ဟန်တူသည်။

သခင်ချူး၏ ကြိုတင်တွက်ချက်နိုင်စွမ်းက တကယ်လက်ဖျားခါလောက်သည်။

လုယန် မျက်နှာဖုံးချွတ်၍ မျက်နှာအစစ်ကို ပြလိုက်သည်။

“ချီရှုလုံ၊ ငါတို့တစ်ယောက်နဲ့တစ်ယောက် အဲလောက်တင်းမာနေဖို့မလိုပါဘူးကွာ”

ထိုသို့ပြောရင်း မှတ်တမ်းမှော်စက်လုံးကို မမြင်အောင်ထုတ်လိုက်သည်။

“လုယန်၊ သေသင့်တဲ့ကောင်”

ချီရှုလုံ ဒေါသထွက်လာသည်။ လုယန်သူ့ကိုလှည့်စားနေမှန်း ချက်ချင်းနားလည်သွားသည်။

လေလံပွဲသည် သူ့အတွက် ထောင်ချောက်ဆင်ခဲ့ခြင်းဖြစ်သည်။

“ငါတို့ကြားထဲမှာ နားလည်မှုလွဲနေတာတစ်ချို့ ရှိပါလိမ့်မယ်။ တစ်ယောက်ယောက်က ငါတို့နောက်ကွယ်ကနေ အကွက်ချကြံစည်နေတာသေချာတယ်။ ဒီလိုလုပ်ပါလား။ သခင်ချုးဆီသွားပြီး ဖြေရှင်းကြမယ်လေ။ မင်းငါ့ကိုမယုံဘူးဆိုရင်တောင် သခင်ချူးကိုတော့ ယုံကြည်တယ်မဟုတ်လား”

သခင်ချူးအကြောင့်ပြောလိုက်မှ ချီရှုလုံ ပို၍ဒေါသထွက်လာသည်။

“မင်းက သခင်ချူးကို ဆွဲထည့်ရဲသေးတယ်‌ပေါ့။ မင်းသတ္တိတွေ ဘယ်ရလာတာလဲကွ။ သခင်ချူးက လှည့်စားခံလိုက်ရလို့ မင်းကို ဂိုဏ်းထိန်းရာထူးပေးတာပဲ ဖြစ်ရမယ်။ တစ်ခြားလူကို ယုတ်မာတယ်မပြောနဲ့။ လူယုတ်မာက မင်းပဲ”

“ငါက ဘာယုတ်မာလို့လဲ။ အဓိပ္ပါယ်မရှိတာတွေ မပြောနဲ့ကွ”

ချီရှုလုံ လှောင်ပြုံးပြုံးလိုက်သည်။

“မင်းလုပ်ခဲ့တဲ့ “လမ်းမှန်လုပ်ရပ်”တွေကို ငါမသိဘူးထင်နေလား။ သခင်ချူးရှေ့မှာတော့ မင်းက လူကောင်းလိုသရုပ်ဆောင်တယ်။ ဒါပေမယ့် ဂိုဏ်းကိုဝင်လာကတည်းက မင်းလုပ်ခဲ့တာတွေအားလုံးက ငါတို့ကို ဒုက္ခပေးဖို့ပဲ။ မင်းဟာ လမ်းမှန်ဂိုဏ်းသူလျိုလိုပဲ ငါမြင်တယ်”

သို့သော် ချီရှုလုံ ဒေါသထွက်၍သာ ထိုသို့ပြောခြင်းဖြစ်သည်။ လုယန်ကို လမ်းမှန်ဂိုဏ်းသူလျှိုဟု သူတကယ်ယူဆလျှင် အစကတည်း လုယန်ကိုတိတ်တဆိတ်စောင့်ကြည့်၍ သက်သေရှာဖွေပြီးဖြစ်မည်။

လုယန် လေးပင်စွာ သက်ပြင်းချလိုက်သည်။ ပုံရိပ်ဖမ်းမှော်စက်လုံးကို သိမ်း၍ သုံးပေရှည်သည် အစိမ်းရောင်ဓားကို စိတ်မပါ့တပါထုတ်သည်။

“ဒါဆိုရင်တော့ တိုက်ခိုက်ဖို့ပဲ ရှိတော့မယ်ထင်တယ်”

ချီရှုလုံနှင့်ရှန်ကျင်းယိက မခိုးမခန့်ပြုံး၍ သူတို့လက်နက်များဆွဲထုတ်လိုက်သည်။

မုန်ကျင်းကျိုး၊ အရိုးရိုင်းနှင့် လန်ထင်တို့လည်း အသင့်ပြင်သည်။

တိုက်ပွဲစသည်။

….....

ချီရှုလုံနှင့်ရှန်ကျင်းယိ သေသွားသည့်သတင်းကို လုယန် သခင်ချူးဆီယူလာသည်။

ထိုနှစ်ယောက် ဘယ်လောက်စွမ်းအားကြီးသည်ဖြစ်စေ မသေမျိုးဂိုဏ်းတပည့်လေးယောက်ကို မယှဉ်နိုင်ပါ။ တစ်ဘက်သတ်အနိုင်ယူခဲ့သည့် တိုက်ပွဲဖြစ်သည်။ သူတို့သေဆုံးပုံက မသတီစရာကောင်းလွန်းသဖြင့် လန်ထင်ပင် စားချင်သောက်ချင်စိတ် ပျောက်သွားသည်။

လုယန် ပုံရိပ်ဖမ်း မှတ်တမ်းမှော်စက်လုံးကိုထုတ်၍ သခင်ချူးကို ရှင်းပြသည်။

“ချီရှုလုံ ဘယ်လိုလူလဲ သခင်သိပါတယ်။ နည်းနည်းသဘောထားကွဲလွဲတာနဲ့ သတ်ချင်ဖြတ်ချင်တယ်။ ကျုပ်သူ့ကို အနိုင်ကျင့်ပါတယ်ဆိုပြီး သခင့်ဆီကို သူမဟုတ်မမှန်လာတိုင်မှာစိုးလို့ ကြိုတင်ပြီးမှတ်တမ်းယူထားပါတယ်။ အခု သခင်ဆီကို သူမလာနိုင်လောက်တော့ပါဘူး။ ဒီပုံရိပ်ဖမ်းမှော်စက်လုံးက ချို့ယွင်းချက်နည်းနည်းရှိပါတယ်။ မှတ်တမ်းက ပြတ်တောင်းပြတ်‌တောင်းဖြစ်နေတယ်။ ဒါပေမယ့် အဲဒီတုန်းကဖြစ်ခဲ့တဲ့အခြေအနေကိုတော့ အကြမ်းဖျင်းနားလည်နိုင်မှာပါ။ သခင်စစ်ဆေးကြည့်ပါဦး”

သခင်ချူး ကျောက်စိမ်းထိုင်ခုံတွင်ထိုင်ရင်း မှော်စက်လုံးကိုကောက်ကိုင်၍ အဖြစ်အပျက်ကိုကြည့်သည်။

“ချီရှုလုံ၊ ငါတို့ တစ်ယောက်နဲ့တစ်ယောက် အဲလောက်တင်းမာနေဖို့ မလိုပါဘူး”

လုယန် ချီရှုလုံနှင့် ပြေလည်အောင်ကြိုးစားသည်။

“ငါတို့ကြားမှာ နားလည်မှုလွဲနေတာတစ်ချို့ ရှိမှာပါ။ တစ်ယောက်ယောက်က နောက်ကွယ်ကနေ အကွက်ချစီစဉ်နေတာ သေချာတယ်။ ဒီလိုလုပ်ပါလား။ သခင်ချူးဆီသွားပြီး ဖြေရှင်းကြမယ်လေ။ ငါ့ကိုမယုံရင်တောင် သခင်ချူးကိုတော့ မင်းယုံကြည်တယ်မဟုတ်လား”

“သခင်ချူး........မင်းသတ္တိတွေ ဘယ်ကရလာတာလဲ”

“သခင်ချူး.....မင်းကိုဂိုဏ်းထိန်းခန့်......လူယုတ်မာ....”

“...ဘာယုတ်မာလို့လဲ။ အဓိပ္ပါယ်မရှိတာတွေမပြောနဲ့”

လုယန် ပြန်ငြင်းသည်။

“...လုပ်ခဲ့တဲ့....လမ်းမှန်လုပ်ရပ်တွေ...ငါမသိဘူးထင်နေလား....သခင်ချူး.....လုကောင်းလိုသရုပ်ဆောင်တယ်...ဂိုဏ်းဝင်ကတည်းက...လုပ်ခဲ့သမျှအားလုံးက....ငါတို့ကို ဒုက္ခပေးဖို့ပဲ...လမ်းမှန်ဂိုဏ်းသူလျှိုလို့ပဲ ငါမြင်တယ်”

မှတ်တမ်းက ထိုနေရာတွင်ဆုံးသွားသည်။ သခင်ချူး၏အံကြိတ်သံ ပေါ်လာသည်။

လုယန်က မဟုတ်မခံလေသံဖြင့် ပြောသည်။

“သခင် ကျုပ်အပေါ် စေတနာထားခဲ့တယ်။ ကျုပ်တို့နတ်ဆိုးလမ်းစဉ်မှာလည်း ကိုယ်ပိုင်ဂုဏ်သိက္ခာနဲ့ကျေးဇူးတရားရှိပါတယ်။ သခင့်ကို ချီရှုလုံ မဟုတ်မမှန်စွပ်စွဲနေတာကို မြင်တာတောင် ရှန်ကျင်းယိကလည်း သူ့ကိုမတားဘူး။ ကျုပ်ဒေါသထွက်သွားတယ်။ ဒီဒေါသကြောင့် မုန်ကျင်းကျိုးတို့နဲ့အတူ သူတို့နှစ်ယောက်ကို သတ်လိုက်တာပါ။ တိုက်ခိုက်နေတဲ့အချိန်ကျတော့ မှတ်တမ်းယူဖို့ အဆင်မပြေဘူး။ ဒါကြောင့် မှော်ဖန်လုံးကို သိမ်းထားလိုက်တယ်”

မှန်သည်။ သူတို့တိုက်ခိုက်ပုံကို သခင်ချုးအား မြင်ခွင့်မပေးနိုင်။

“ကောင်းတယ်ကွာ။ ဒီအရိုင်းအစိုင်းနှစ်ကောင် သေတာပဲအေးတယ်”

သခင်ချူး အားပါးတရ ချီးကျူးသည်။ သူ့လေသံက ချီရှုလုံကို ဒေါသထွက်နေမှန်း သိသာသည်။

ချီရှုလုံ သူ့ကိုမကျေနပ်ကြောင်း သခင်ချူးသိသည်။ ချီရှုလုံ၏ပါရမီကိုစဉ်းစား၍ ဂိုဏ်းထိန်းအဖြစ် သူခေါ်ထားခဲ့သည်။ သူ့ရှေ့တွင် ချီရှုလုံ သစ္စာဆိုသည်။ လုယန်ထက်သာအောင်လုပ်မည်ဟု ကြွေးကြော်ခဲ့သည်။

ယခု ကြည့်ရသည်မှာ ချီရှုလုံ သူ့အပေါ် အခဲမကျေသေးပုံမပေါ်။ သူ့ကိုပင် လမ်းမှန်ဂိုဏ်းသူလျှိုဟု ရူးရူးနှမ်းနှမ်း စွပ်စွဲနေသည်။

ထာဝရဂိုဏ်းတွင် လမ်းမှန်ဂိုဏ်းသူလျှို ဘယ်လိုလုပ် ရှိနိုင်မည်နည်း။

“လုယန်၊ မင်းက ငါတို့ဂိုဏ်းရဲ့ အန္တရာယ်ကြီးနှစ်ခုကို ရှင်းပေးလိုက်တာပဲ။ ကောင်းတယ်ကွာ။ ဂိုဏ်းအုပ်ရောက်လာရင် ငါသေချာပေါက် မင်းအတွက် စကားကောင်းပြောပေးမယ်”

************************************************************

All Chapters