← Chapters

အားလပ်ရက်ရှည်

Vol. 7 Ch. 96

အားလပ်ရက်ရှည်

Vol. 7 Ch. 96

“ပြီးတော့ ဂိုဏ်းအုပ်ဆီကနေ ငါသတင်းရတယ်။ နွေဦးကောက်သစ်စားပွဲတော်အကြောင်း သူကြားဖူးနေတာကြာပြီ။ ပွဲတော်ရက်အတွက်အတွင်း ယန်ကျန်းကောင်တီကို စောစောလာခဲ့မယ်တဲ့။ မင်းပြင်ဆင်ထားပါ။ ဂိုဏ်းအုပ်ရှေ့မှာ အမှားအယွင်းမဖြစ်စေနဲ့”

အစက နွေဦးပွဲတော်ပြီးမှလာမည်ဟု ဂိုဏ်းအုပ်က ပြောခဲ့သည်။

“ဟုတ်ကဲ့ပါ”

လုယန် ဂိုဏ်းစခန်းမှထွက်လာချိန်တွင် ဝမ်ဟဲနှင့် တစ်ခြားဂိုဏ်းထိန်းများ သူ့ဆီလာကြသည်။ ခေါင်းငြိမ့်နှုတ်ဆက်ကြသည်။ ဂိုဏ်းထိန်းသစ်လုယန်သည် သခင်ခင်ချူး အလေးပေးခံရသူဖြစ်သည်။ သူတို့ သွားရန်စ၍မဖြစ်။

ဝမ်ဟဲတို့သည် ဤဂိုဏ်းခွဲတွင် နှစ်ဆယ်ချီအလုပ်လုပ်လာသူဖြစ်၍ တစ်ချို့ကိစ္စများကို သိသည်။ သခင်ချူးက လုယန်တို့သုံးယောက်ကို ဂိုဏ်းထိန်းအဖြစ် တိုက်ရိုက်ခန့်လိုက်သည်မှာ ဂိုဏ်းဝင်သစ်ရွေးပွဲတွင် ထူးခြားစွာစွမ်းဆောင်နိုင်ခဲ့၍ဖြစ်မည်ဟု ရိပ်စားမိသည်။ အထူးသဖြင့်လုယန်သည် သူတို့ထဲတွင် စွမ်းဆောင်ရည်အကောင်းဆုံးဖြစ်လိမ့်မည်။

“ဂိုဏ်းသခင်ဟာ သူ့အတွက်အကျိုးမရှိရင် ဘယ်တော့မှစောစောထလေ့မရှိဘူး။ လုယန် အောင်မြင်လာမယ်ဆိုတာသိလို့ ကြိုတင်ရင်းနှီးမှုယူပြီး သူ့အနာဂတ်တိုးတက်ဖို့ စီစဉ်နေတာဖြစ်မယ်”

ဝမ်ဟဲ တီးတိုးကပ်ပြောသည်။

စီးပွားရေးပိုကောင်းသည့်နေရာသို့ ဂိုဏ်းသခင်အဖြစ် သခင်ချူး ရာထူးတိုးပြောင်းရွှေ့ချင်နေမှန်း သူတို့သိသည်။ ထို့ကြောင့် ရောက်လာမည့် ဂိုဏ်းအုပ်ကို အတော်တန်ဖိုးထားသည်။

“ငါတို့ကို ခေါ်လိုက်တာလည်း ဂိုဏ်းအုပ်နဲ့ပတ်သက်တဲ့ကိစ္စဖြစ်လောက်တယ်”

“ဒါနဲ့...ဂိုဏ်းသခင်က ရာထူးတိုးဖို့ သတ်မှတ်ချက်မမီသေးဘူးမဟုတ်လား။ နတ်ဝိညာဉ်အဆင့်ကို သူရောက်ပြီလား။ ရာထူးတိုးဖို့က ထာဝရအရှင်ကို ယုံကြည်နေရုံနဲ့မရဘူး။ ကျင့်စဉ်စွမ်းအားနဲ့လည်း သက်ဆိုင်တယ်မဟုတ်လား”

“ဘယ်သူသိနိုင်မှာလဲကွာ။ ရောက်ချင်လည်းရောက်နေမှာပေါ့။ ငါတို့ကို မပြောပြတာပဲရှိမယ်။ သူလုပ်တာတွေ ငါတို့ကို ဘယ်တော့မှရှင်းပြတာမဟုတ်ဘူး။ နောက်ကွယ်မှာ ဘယ်လိုရည်ရွယ်ချက်ရှိမှန်း ငါတို့မသိနိုင်ဘူး”

သခင်ချူး၏အမူအကျင့်သည်လည်း နတ်ဆိုးဂိုဏ်းတစ်ခုလုံး၏ အမူအကျင့်လိုပင်ဖြစ်သည်။ ဘယ်သူ့ကိုမှမယုံကြည်။ လုယန်ကိုယုံကြည်သယောင်ထင်ရသော်လည်း တကယ်တမ်းတော့ မယုံကြည်ပါ။ လုယန်နှင့်သူ့ဆက်ဆံရေးကို ဘယ်တော့မှထုတ်မပြော။

သခင်ချူးအကြောင်းလည်း လုယန်သိပ်မသိ။

..................

နွေဦးကောက်သစ်စားပွဲတော်ရက် ရောက်လာသည်။ အသားကင်ဆိုင်၏ဖောက်သည်အရေအတွက် အမြင့်ဆုံးသို့ရောက်လာသည်။ နယ်ခြားကုန်သည်များက ဆိုင်၏စီးပွားရေးအလားအလာကိုမြင်သဖြင့် လုယန်ကို ဆိုင်ခွဲများဖွင့်ရန် ပြောကြသည်။ လုယန်က အသားကင်နည်းစိုက်၍ သူတို့က အရင်းအနှီးစိုက်မည်ဟု ပြောသည်။

သို့သော် လုယန်က အားလုံးကို အပြတ်ငြင်းပယ်သည်။

တစ်ချို့ကျင့်ကြံသူများက အသားကင်စားပြီး ငွေမရှင်းဘဲ ထွက်သွားချင်သည်။ သို့သော် ဆိုင်နံရံမှ ဂုဏ်ပြုစာတန်းများကိုကြည့်၍ လက်တွေ့မကျသည့် သူတို့စိတ်ကူးကို စွန့်လွှတ်ပြီး ရိုးရိုးသားသားငွေရှင်းကြသည်။

အော်တိုအသားကင်မှော်စက်ဝန်းကြောင့် ဆာလောင်နေသည့်သရဲကျွန်များ အသားတုတ်ထိုးချိန် ပိုရလာသည်။ ထို့ကြောင့် ခါတိုင်းထက်ဖောက်သည်တိုးလာသော်လည်း ဆိုင်ကို ချောချောမွေ့မွေ့လည်ပတ်နိုင်သည်။

“အသားကင်ဆိုင်ကို ထပ်သွားရအောင်...ဟုတ်တယ်၊ ဒီဆိုင်ပဲ။ ဒီဆိုင်ရဲ့အသားကင်က အတော်အရသာကောင်းတယ်လို့ ငါ့အဒေါကပြောတယ်။ ယန်ကျန်းကိုရောက်ရင် စားဖြစ်အောင်စားတဲ့”

“ဟိုမှာကြည့်လိုက်၊ အခု အသားကင်ဆိုင်က အရောင်းမြှင့်နေတာပဲ။ ဒီဆိုင်မှာစားရင် ဟိုရှေ့လမ်းက တို့ဟူးဆိုင်မှာ ဆယ်ရာနှုန်း လျှော့ဈေးရမယ်တဲ့။ ငွေတစ်တုံးဖိုးနဲ့အထက် အသားကင်စားရင် ကံစမ်းမဲတစ်ကြိမ်လှည့်ခွင့်ရတယ်။ ကံစမ်းခွင့်ကို အကန့်အသတ်မရှိ စုစည်းနိုင်တယ်။ ဆုကြေးတွေက အကန့်အသတ်ရှိတယ်။ အရင်ပေါက်ရင် အရင်ယူပဲ”

“သွားစမ်းကြည့်ရအောင်”

လူနှစ်ယောက် သဘောတူညီချက်ယူပြီး ဆိုင်ရှေ့တွင် သွား၍တန်းစီသည်။ အသားကင်စားဖို့ ဘယ်လောက်ကြာအောင် စောင့်ရမည်တော့မသိ။

ဆိုင်တံခါးဝတွင် မုန်ကျင်းကျိုးက ကံစမ်းမဲလှည့်သည့်စက်ဝိုင်းနှင့် အလုပ်များနေသည်။ လူလည်း အတ်ောစည်သည်။

ကြီးမားသည့် ကံစမ်းမဲစက်ဝိုင်းတွင် “နောက်တစ်ကြိမ်ကစားပါ” “တတိယဆု” “ဒုတိယဆု” ပထမဆု” အထူးဆု” ဟူသည့် အကွက်များပါသည်။

“ဒီဖောက်သည်အတွက် ဂုဏ်ယူပါတယ်ဗျာ။ ဒုတိယဆု မဲပေါက်သွားပါပြီ။ လေးဆယ်ရာနှုန်းလျှော့ဈေးရပါမယ်။ လက်ခုပ်တီးပေးကြပါဦးခင်ဗျာ”

မုန်ကျင်းကျိုး စိတ်အားထက်သန်စွာ လက်ခုပ်တီးနေသည်။ မဲပေါက်သူထက်ပင် ပျော်နေသယောင်ရှိသည်။

“ပထမဆု...ပထမဆုကံထူးရှင်တစ်ယောက် ပေါက်လာပါပြီ။ ဒီဖောက်သည်စားသမျှအားလုံး အခမဲ့ပါခင်ဗျာ...”

“အထူးဆု...အထူးဆုကံထူးရှင် ပေါ်လာပါပြီခင်ဗှာ”

ထိုကံထူးရှင် အထူးဆုပေါက်သည်ကို သူ့ကိုယ်သူ မယုံနိုင်အောင် ဖြစ်နေသည်။

“အထူးဆုက ဘာလဲဗျ”

မုန်ကျင်းကျိုးက သူ့လက်ကို ရင်းရင်းနှီးနှီးကိုင်၍ ပြောသည်။

“ဂုဏ်ယူပါတယ်။ ခင်ဗျား ကျုပ်တို့ဆိုင်မှာ စားပွဲထိုးလုပ်ခွင့်ရသွားပါပြီ။ ပုံမှန်ဆိုရင် ဒီဆိုင်မှာ စားပွဲထိုးရတဲ့အတွေ့အကြုံကို လိုချင်လို့ လူတွေက ငွေပေးပြီးဝယ်ရတာပါ။ ဒါပေမယ့် ခင်ဗျားက ကံကောင်းတယ်။ တစ်ပြားမှကုန်စရာမလိုဘဲ ဒီအတွေ့အကြုံကို ခံစားနိုင်ပါပြီ။

ဆိုင်နောက်ဖေးမှာ မီးခိုးတွေမွှန်ပြီး နေရခက်တဲ့အတွက် ကျုပ်တို့ရဲ့ ကျွမ်းကျင်ဝန်ထမ်းတွေက အသားကင်တွေကို နောက်ဖေးခန်းတံခါးဝအထိ ယူလာပေးမှာပါ။ ခင်ဗျားက အဲဒါကို သွားယူပြီး ချပေးရုံပါပဲ”

မုန်ကျင်းကျိုးဟန်ပန်ကက စေ့စေ့စပ်စပ်စဉ်းစားထားသည့် ပုံစံမျိုးဖြစ်သည်။

“...ဒါ ဒါကို ပထမဆုနဲ့ လဲလို့မရဘူးလား”

“မရပါဘူးဗျ”

ဖောက်သည်က အထူးဆုကို ငြင်းနေသည်။

ယခုထိ အထူးဆုရှင်များကို ဆုကြေးခံစားဖို့ တစ်ယောက်မှ မုန်ကျင်းကျိုး မဖျောင်းဖျနိုင်သေး။ သို့သော် လူများကိုလှည့်စားရသည့် အရသာကို သူကျေနပ်သည်။

အကင်ဆိုင်ထဲတွင် လုယန်က ဗန်းတစ်ခုကိုင်၍ ခေါက်တုံ့ခေါက်ပြန် အလုပ်များနေသည်။ ခြေထောက်များက ပေါ့ပါးသည်။ ကိုယ်အောက်ပိုင်း အလွန်တည်ငြိမ်သည်။ ဗန်းကို မြင့်မြင့်မြှောက်ကိုင်ထားသည်။ အသားကင်များ လုံးဝမလှုပ်။ ဖောက်သည်များနှင့်လည်း မတိုက်မိ။ သူ့ကျွမ်းကျင်မှု၏ သက်သေပင်ဖြစ်သည်။

တစ်လကျော် စားပွဲထိုးပြီးနောက် သူလမ်းလျှောက်သည့်ကျွမ်းကျင်မှုက များစွာတိုးတက်လာသည်။

“မာကုန်းချောင်၊ ချီကျွေ့ပု...အရသာဘယ်လိုနေလဲဗျ”

လုယန် ဖောက်သည်နှစ်ယောက်ကို ပြုံး၍နှုတ်ဆက်သည်။ ထိုနှစ်ယောက် ဤဆိုင်တွင် မကြာခဏ လာစားသောက်သည့် နယ်ခံအရာရှိနှစ်ယောက်ဖြစ်သည်။

“ခါတိုင်းလိုပဲ စားကောင်းပါတယ်။ ဆိုင်ရှင်လု၊ ခင်းဗျားအရည်အချင်းတွေ ဒီမှာသုံးနေတာ နှမျောစရာကောင်းတယ်။ ဒီထက်စည်ကားတဲ့ ကောင်တီတစ်ခုခုမှာ ဆိုင်ဖွင့်ပါ။ သေချာပေါက် ငွေပိုရမှာ”

“လုပ်ပြန်ပြီ။ အဓိပ္ပါယ်မရှိတာတွေ မပြောစမ်းပါနဲ့။ ဆိုင်ရှင်လုက ဆိုင်ခွဲတောင်မဖွင့်ဘူးဆိုတာ မင်းမကြားဘူးလား။ ဒီဆိုင်ကို ဝါသနာအရဖွင့်တာကွ။ ငွေရှာဖို့မဟုတ်ဘူး”

လုယန် ယဉ်ကျေးမှုအရ ပြုံးပြလိုက်သည်။

“နွေဦးကောက်သစ်စားပွဲမှာ ပျော်ကြပါစေဗျာ”

နှစ်ယောက်လုံး မူးနေကြဟန်ရှိသည်။ မျက်နှာများ နီရဲလျက် ယိမ်းယိုင်နေသည်။ မကောင်းချောင်က မကျေမနပ် ရေရွတ်သည်။

“နွေဦးကောက်သစ်စားပွဲအကြောင်းပြောတိုင်း ငါဒေါသထွက်တယ်ကွာ။ တကယ်ဆို နားရက်ခုနစ်ရက် အားလပ်ရက်ရှည် ရရမှာ။ ဘယ်ကောင်က စိတ်ရူးပေါက်ပြီး ပွဲတော်ကို သုံးရက်တည်း ချုံ့လိုက်တယ်မသိဘူး။ သုံးရက်နဲ့ ဘာလုပ်လို့ရမှာလဲ။ “အသေးစားအားလပ်ရက်ရှည်”လို့‌တောင် ခေါ်လိုက်သေးတယ်။ စဉ်းစားကြည့်ကွာ။ အဲဒါ အဓိပ္ပါယ်ရှိလား။ “အားလပ်ရက်ရှည်”ရှေ့မှာ “အသေးစား”ထည့်ပြောရင် အားလပ်ရက်ရှည်ရယ်လို့ သတ်မှတ်နိုင်သေးလို့လား။ ဒီစကားလုံးသတ်မှတ်တဲ့ကောင်လည်း အသေးစားအသက်ရှည်ပါစေလို့ ငါဆုတောင်းပါတယ်”

ချီကျွေ့ပုက မာကုန်းချောင်ပါးစပ်ကို အမြန်ပိတ်လိုက်သည်။

“အရမ်းစွတ်ပြောမနေနဲ့။ မင်းက နောက်ကျမှရောက်လာလို့မသိတာ။ ဒါကနယ်စားလီရဲ့ စိတ်ကူးကွ”

မာကုန်းချောင် နှာခေါင်းရှုံ့သည်။

“ဪ သူလား။ ဘာမှသာ သိပ်မစွမ်းဆောင်နိုင်တာ။ စိတ်ကူးစိတ်သန်းတွေက များပါ့ကွာ”

ချီကျွေ့ပု လေသံကိုပိုနှိမ့်လိုက်သည်။

“တိုးတိုးပြောပါကွ။ အခုချိန်က နယ်စားလီကို ဝေဖန်နေရမယ့်အချိန်မဟုတ်ဘူး။ ပြီးခဲ့တဲ့ရက်ပိုင်းက ကောင်တီထဲမှာ ရက်စက်တဲ့ နတ်ဆိုးကျင့်ကြံသူသုံးယောက်ကို နယ်စားလီ နည်းလမ်းရှာပြီး ဖမ်းခဲ့တယ်လို့ပြောတယ်။ ဒါသူ့အတွက် မဟာအောင်မြင်မှုပဲ။ သူရာထူးတိုးတော့မှာ။ အရာရှိချုပ်ဖန်ချင်းယွမ်က သူ့နေရာကို ရောက်လာမှာ”

မာကုန်းချောင် နှာခေါင်းရှုံ့ပြန်သည်။ နယ်စားလီကို လုံးဝအထင်မကြီး။ သို့သော် နယ်စားလီကလည်း သူ့လိုပ,မွှားကောင်ကို အရေးစိုက်မည်မဟုတ်မှန်း သိသည်။

“ပြီးခဲ့သုံးလေးရက်က လုပ်ဖော်ကိုင်ဖက်တစ်ယောက် ငါ့ရှေ့မှာ ညည်းပြတယ်။ နယ်စားလီက အမိန့်တွေ ကြုံရာကျဘမ်း ထုတ်နေတယ်တဲ့။ နယ်စားရုံးကလူတွေကို မနက်စောစော အချိန်ပိုဆင်းပြီး အလံတွေ နေရာတိုင်းမှာ သွားစိုက်ခိုင်းတယ်။ အမှားအယွင်း လုံးဝအဖြစ်မခံဘူးတဲ့။ အဲဒီ့အလုပ်ကိုလည်း သူကိုယ်တိုင်တောင် ကြီးကြပ်တယ်ဆိုပဲ။ အလုပ်ကြိုးစားသလို ဟန်ဆောင်တာပေါ့လေ။ သူ့လို ရွှေသန္ဓေအဆင့်က အိပ်ဖို့မလိုပေမယ့် တစ်ခြားလူတွေအတွက် လိုတယ်လေ။ ရုံတော်ကအလုပ်သမားအတော်များများ အလုပ်လုပ်ရင်း အိပ်ပျော်ကုန်တယ်တဲ့”

လုယန် သူတို့နှစ်ယောက်အတွက် ဝိုင်ငှဲ့ပေးသည်။

“ကျုပ်တစ်ခြားလုပ်စရာလေးတွေ သွားလုပ်လိုက်ဦးမယ်”

“သွားပါ ဆိုင်ရှင်လု၊ ကျုပ်တို့ကို အရေးမစိုက်ပါနဲ့”

နွေဦးကောက်သစ်စားပွဲ ပထမညတွင် လူလေးယောက်နှင့် သရဲကျွန်နှစ်ယောက် လဲပြိုလုမတတ် ခြေကုန်လက်ပန်းကျခဲ့သည်။

အိပ်ယာမဝင်မီ အရိုးရိုင်း အတွေးတစ်ခုဝင်လာသည်။

“သရဲတွေက အိပ်ဖို့မလိုလောက်ဘူးထင်တယ်။ သူတို့ကို ညဘက်ရော အလုပ်လုပ်ခိုင်းရင်ကောင်းမလား”

*********************************************************

All Chapters