← Chapters

လှေနံဓားထစ်

Vol. 7 Ch. 97

လှေနံဓားထစ်

Vol. 7 Ch. 97

လန်ထင်သည် အစက ညဘက်အိပ်ချိန်ကို ကျင့်ကြံမှုနှင့် အစားထိုးနေကျဖြစ်သည်။ သို့သော် အသားကင်ဆိုင်သို့ ရောက်ပြီးကတည်း ညဘက်အိပ်စက်တတ်လာသည်။

သူတို့လေးယောက် နိုးလာချိန်တွင် လန်းဆန်းအားပြည့်နေသလို ခံစားရသည်။ လန်ထင် ဖန်တီထားသည့် မှော်စက်ဝန်းကြောင့်လည်းပါသည်။

“အပြင်ထွက်ပြီး သွားပျော်ရအောင်။ ငါအားမရသေးဘူး”

အတက်ကြွဆုံးဖြစ်သည့် မုန်ကျင်းကျိုးက လုယန်ကို အိပ်ယာထဲမှ ဝက်တစ်ကောင်လို ဒရွတ်တိုက်ဆွဲသည်။

လုယန် သူ့ကိုပိတ်ကန်လိုက်ပြီး စိတ်မပါ့တပါ ထလာသည်။

အစောဆုံးအိပ်ယာထသည့် အရိုးရိုင်းက ဈေးသို့စောစောသွား၍ ဟင်းချက်စရာဝယ်သည်။ ဖက်ထုပ်စွပ်ပြုတ်တစ်အိုးတည်သည်။ ကြက်ဥလေးလုံးနှင့် နှမ်းဆီအနည်းငယ်ထည့်သည်။ ဆိုင်ခန်းတစ်ခုလုံး မွှေးကြိုင်သွားသည်။

အချဉ်ရည်ကြိုက်သည့်လုယန်က သူ့စွပ်ပြုတ်ခွဲထဲသို့ အချဉ်ရည်တစ်ဇွန်းထည့်သည်။ ဗိုက်ပြည့်အောင်စားပြီးနောက် တက်ကြွရွှင်လန်းစွာ အပြင်ထွက်ကြသည်။

အိမ်မှ စောစောထွက်လာခြင်းဖြစ်သ်ောလည်း လမ်းပေါ်တွင် တစ်ခြားနည်မှလာလည်သူများ ပြည့်နေသည်။ တည်းခိုခန်းအားလုံး လူပြည့်ကုန်သဖြင့် အတော်များများက အိမ်လုံးချင်းငှား၍ နေကြရသည်ဟုဆိုသည်။

လူအားလုံးမျက်နှာတွင် အပြုံးများပြည့်နေသည်။ ကလေးများက လုယန်လို တို့ဟူးမျက်နှာဖုံးဝတ်၍ မီးပန်းစကြာများကိုင်၍ ခုန်ပေါက်ကစားနေသည်။ လူကွဲသွားမည်စိုးသဖြင့် မိဘများက သူတို့လက်ကို တင်းတင်းဆုပ်ကိုင်ထားသည်။

“ဘုံကျောင်းဈေးပွဲတော်လို စည်ကားတာပဲ”

“မင်းတို့ကြားပြီးပြီလား။ တိုက်နယ်တောင်ပိုင်းက သတ္တဝါကြီးတစ်ကောင်ကို ခေါ်လာတဲ့လူရှိတယ်တဲ့။ အခုသူ မြစ်ဘေးမှာလို့ပြောတယ်။ သွားကြည့်ရအောင်”

တစ်ယောက်က စိတ်လှုပ်ရှားနေသည့်လေသံဖြင့် သူ့အဖော်များကိုပြောသည်။

ထိုလူစကားကြောင့် မုန်ကျင်းကျိုးတို့လည်း စိတ်ဝင်စားသွားကြသည်။ ထိုသတ္တဝါကြီးကိုကြည့်ရန် မြစ်ဘေးသို့သွားကြသည်။

ရောက်ဖူးပြီးသား ကျောက်တံတားသို့ ရောက်လာသည်။ တံတားပေါ်ရပ်လိုက်ကြသည်။ တံတားဘေးနှစ်ဘက်တွင် အလံငယ်များပြည့်နေသည်။

“သတ္တဝါကြီး”ကိုမြင်သည်နှင့် မုန်ကျင်းကျိုး နည်းနည်းစိတ်ပျက်သွားသည်။

“ဘာကောင်လည်းမှတ်တယ်။ လက်စသတ်တော့ ဆင်ပဲ”

ယင်ချွန်းမြစ်ဘေးမှ ဤနေရာသည် နှစ်တိုင်း ခရီးသည်များလာလေ့ရှိသည့်နေရာဖြစ်သည်။ ယခု တောင်ပိုင်းမှ ဆင်တစ်ကောင်ခေါ်လာသဖြင့် ကြည့်ရှုသူပိုများနေသည်။

လုယန်လည်း ဆင်ကိုမြင်ဖူးပါသည်။ မုန်ကျင်းကျိုးနှင့်လန်ထင်က မျိုးရိုးမြင့်မိသားစုဝင်များဖြစ်၍ ကလေးဘဝတည်းက လုယန်မကြားဖူးသည့် ရှားပါးထူးဆန်းသည့်အရာများကိုပင် မြင်ဖူးကြသည်။ အရိုးရိုင်းက တောနက်ထဲတွင် နေခဲ့သူဖြစ်သည်။ ဆင်များကို အမဲလိုက်ဖူးသည်။

သာမန်လူများက သူတို့လို့အတွေ့အကြုံမရှိသဖြင့် ကြီးမားသည့်ဆင်သတ္တဝါကို အတော်စိတ်ဝင်စားနေကြသည်။

“ဒါ နတ်ဆိုးသားရဲမဟုတ်လား။ ကြီးလိုက်တာကွာ။ နှာခေါင်းနဲ့အစွယ်တွေကလည်း အရှည်ကြီးပဲ”

အခြေတည်အဆင့် ဆင်ပိုင်ရှင်က ရှင်းပြသည်။

“ဟုတ်ပါတယ်။ ဒါက နတ်ဆိုးသားရဲပါ။ နတ်ဆိုးသားရဲတွေရဲ့ ကျင့်စည်အဆင့်ကို ခန့်မှန်းရခက်တယ်။ အကြမ်းဖျင်းပြောရရင် သူက ချီကျင်ကြံမှုဆဋ္ဌမအဆင့်လောက်ရှိပါတယ်။ ဒါပေမယ့် အရွယ်အစားဆိုတာက နတ်ဆိုးသားရဲဖြစ်တာနဲ့ မဆိုင်ဘူး။ ဒီလိုသတ္တဝါမျိုးတွေကို ဆင်လို့ခေါ်တယ်။ အရွယ်ရောက်လာရင် ဒီလောက်ထိ ကြီးတယ်”

လာကြည့်သူများက ဆက်မေးသည်။

“ဒီကောင်ကြီး အလေးချိန်ဘယ်လောက်ရှိမလဲ”

ဆင်ပိုင်ရှင် ရယ်လိုက်သည်။ ဘယ်သူသိမည်နည်း။ ထိုမျှကြီးမားသည့်အကောင်ကို ချိန်တွယ်စရာပစ္စည်းမရှိ။

လူတစ်ယောက်က အကြံပြုသည်။

“ကျုပ်တို့အခု မြစ်ဘေးကိုရောက်နေတာပဲလေ။ ဒီဆင်ကို လှေကြီးတစ်စင်းပေါ်တင်ပြီး လှေမြုပ်တဲ့ရေမှတ်ကို မှတ်သားမယ်။ ပြီးရင် လှေထဲကို ကျောက်တုံးတွေဖြည့်မယ်။ ဆင်တင်တုန်းကမြုပ်တဲ့နေရာအထိ ရောက်ရင် ကျောက်တုံးတွေကိုပြန်ချပြီး ချိန်ကြည့်မယ်လေ။ ဒါဆို ဒီဆင်ရဲ့အလေးချိန်ကို သိမှာပဲ”

ဆင်ပိုင်ရှင်လည်း သူ့သတ္တဝါ၏ အလေးချိန်ကို သိချင်နေသဖြင့် ဝမ်းမြောက်ဝမ်းသာ လက်ခံလိုက်သည်။

ပိုင်ရှင်က အမိန့်ပေး၍ ဆင်ကို လှေပေါ်သု့ မောင်းတင်သည်။ အလေးချိန်စီးလွန်းသဖြင့် ရေတိမ်ပိုင်းတွင် လှေဝမ်းက ကြမ်းပြင်နှင့်ထိနေသည်။ ထို့ကြောင့် မြစ်လယ်သို့ လှော်ခတ်သွားရသည်။ ထို့နောက် ဓားကိုထုတ်၍ လှေနံတွင် ရေမှတ်ကို မှတ်သားသည်။

ကမ်းစပ်သို့ပြန်လှော်ရန် ပြင်နေချိန်တွင် ဆင်က အမှတ်မထင်မော့ကြည့်သည်။ အရိုးရိုင်းကိုမြင်သွားပြီးနောက် အကြီးအကျယ် ထိတ်လန့်သွားသည်။

နတ်ဆိုးသားရဲတို့သည် စွမ်းအင်ရောင်အာရုံခံရာတွင် အထက်မြက်ဆုံးဖြစ်သည်။ ရှေးဟောင်းအရိုင်းမျိုးနွယ်တို့သည် တောနက်ထဲတွင် ဆင်ကိုအမဲလိုက်လေ့ရှိသည်။ ပြင်းထန်သည့်သတ်ဖြတ်စွမ်းအင်ရောင်က သူတို့သွေးထဲတွင် စီးဆင်းနေသည်။ ဤဆင်က ထိုအဖြစ်ကို နားမလည်သော်လည်း အရိုးရိုင်းအနားတွင်ရှိနေချိန်၌ အလိုလိုကြောက်လန့်လာသည်။ သွေးဆက်မှ အရင်းတည်လာသည့် ဖိအားတစ်မျိုးဖြစ်သည်။

ကြောက်လန့်နေသည့်ဆင်က ရေထဲသို့ ဝုန်းခနဲပြုတ်ကျပြီး နစ်မြုပ်သွားသည်။

ကမ်းခြေမှလူများ အော်ဟစ်ကြသည်။ ဆင်ကို အမြန်ကယ်ရန် ပိုင်ရှင်ကို လှမ်းပြောသည်။ သို့သော် ပိုင်ရှင်က တည်တည်ငြိမ်ငြိမ်ဖြင့် ဆင်ကျသွားသည့်နေရာကို အမှတ်အသားလုပ်သည်။

“ဆင်ကျသွားတာ ဒီနေရာပဲ”

ကမ်းခြေမှလူများ နားမလည်နိုင်အောင်ဖြစ်သွားသည်။ ပိုင်ရှင်က ဆက်ရှင်းမပြ။ ကမ်းခြေသို့ ပြန်လာသည်။ ထို့နောက် အမှတ်အသားဆီ လက်ညှိုးထိုးပြသည်။

“ကျုပ်ဆင် ကျသွားတာ အဲဒီ့နေရာပဲ။ သူအဲဒီ့နေရာမှာပဲ ရှိပါတယ်”

အားလုံး ဝိုင်းရယ်ကြသည်။ ဆင်ပိုင်ရှင် စနောက်နေသည်ဟု ထင်ကြသည်။ သို့သော် မြစ်ရေပြင်လှုပ်ရှားလာပြီး ဝဲကတော့တ်စခုဖြစ်လာသည်။ ဆင်က တကယ်ပြန်ပေါ်လာသည်။ ကြီးမားသည့်နားရွက်များကို တဖျတ်ဖျတ်ခတ်၍ အမှတ်အသားရှိသည့်နေရာအောက်မှ ပျံတက်လာသည်။

ထိုဆင်သည် တောင်ပိုင်းမှ ရှားပါးမျိုးစိတ် “ဆင်ပျံ”ဖြစ်သည်။

ထိုမြင်ကွင်းကိုကြည့်၍ အရိုးရိုင်း မျက်မှောင်ကျုံ့သွားသည်။ ထို့နောက် ချက်ချင်းနားလည်လာသည်။ လက်ဝါးကို လက်သီးဖြင့်ရိုက်၍ပြောသည်။

“မှတ်မိပြီ။ ဆင်ကျရာ လှေမှာမှတ်ဆိုတဲ့စကားပုံက ဒါကိုပြောတာပဲ”

ထိုဆိုရိုးကို ယခုမှ သူလေးလေးနက်နက်နားလည်သည်။

လုယန် - “...”

ကွန်ဖြူးရှပ်စာပေသင်တန်းတွင် သူဘာတွေသင်လာသည်မသိ။

(**မူရင်းဆိုရိုးစကားက “ဓားကျရာ လှေမှာမှတ်” ဖြစ်သည်။ လှေစီးရင်း ဓားကျသွားသည်။ ကျသည့်နေရာကို လှေပေါ်တွင် အမှတ်အသားလုပ်သည်။ သို့သော်လှေက ရွေ့နေသဖြင့် ကျသည့်နေရာနှင့် တဖြေးဖြေးဝေးသွားသည်။ မြန်မာစကားပုံ “လှေနံဓားထစ်”နှင့် သဘောချင်းတူမည်ဟု ယူဆသဖြင့် ဤအပိုင်း၏ ခေါင်းစည်းကို နာမည်တပ်လိုက်ပါသည်)

မုန်ကျင်းကျိုး ရယ်လိုက်သည်။

“တံတားအောက်မှာ ပထမဆုံးအသက်စုပ်ယူမှော်အဆောင် တွေ့တဲ့အချိန်ကို ငါမှတ်မိနေသေးတယ်။ ဒီလိုမှော်အဆောင်မျိုးရှိမှန်းသိလိုက်တော့ ငါတို့အရမ်းအံ့ဩတုန်လှုပ်သွားတယ်လေ။ ဒီလူအကြောင်း ငါတို့သွားတိုင်ခဲ့တာ ကံကောင်းသွားတယ်”

လုယန်က သူ့စကားအတိုင်းလိုက်ပြီး ပြန်စနောက်ရန်ပြင်နေစဉ် သူ့ရှေ့မှ အလံငယ်တစ်ခုကို ရုတ်တရက် သတိထားလိုက်မိသည်။ တစ်စုံတစ်ခုကို မှတ်မိလာဟန်ဖြင့် သူ့အပြုံးများ ပျောက်ကွယ်သွားသည်။ အလံကိုနှုတ်ယူလိုက်ပြီး မျက်မှောင်ကျုံ့လျက် နေရောင်တွင် သေချာစစ်ဆေးနေသည်။

နေရောင်အောက်မှ အလံငယ်အသွင်ကိုကြည့်၍ သူ့ကျောရိုးထဲမှ စိမ့်တက်လာသည်။

“ဘာဖြစ်တာလဲ”

သူ့အမူအရာကိုကြည့်၍ မုန်ကျင်းကျိုး လှမ်းမေးသည်။

လုယန်က အလံပေါ်မှ ခပ်မှိန်မှိန်အမှတ်အသားကို လက်ညှိုးထိုးပြသည်။

“ဒီအမှတ်အသားတွေကိုကြည့်စမ်း။ ဘာနဲ့တူသလဲ”

“အသက်စုပ်ယူမှော်အဆောင်လား”

လန်ထင်က ထိုအဆောင်နှင့်ရင်းနှီးသူဖြစ်၍ အရင်ဆုံး သတိထားမိသည်။

မုန်ကျင်းကျိုး မျက်လုံးပြူးသွားသည်။ အလံပေါ်မှ အမှတ်အသားပုံစံက အတော်မှိန်သည်။ နေရောင်တွင်ထောင်၍မကြည့်လျှင် မမြင်နိုင်။ မြင်လျှင်ပင် ခရီးသွားများက နွေဦးကောက်သစ်စားပွဲတော်၏ ရိုးရာ််အမှတ်အသားတစ်ခုဟုသာ ထင်ကြမည်။ အသက်စုပ်ယူမှော်အဆောင်ဖြစ်မှန်း လူဘယ်လောက်များများ သိနိုင်မည်နည်း။

“အဲလောက်စိတ်ပူစရာမလိုဘူး။ အသက်စုပ်ယူမှော်စက်ဝန်းက မပြည့်စုံသေးတာလည်း ဖြစ်နိုင်တယ်”

မုန်ကျင်းကျိုး ကိုယ့်ကိုယ်ကို ဖြေတွေးတွေး၍ပြောသည်။

လုယန်က တည်ငြိမ်စွာသုံးသပ်သည်။

“မဖြစ်နိုင်ဘူး။ အလံက တစ်ခုနှစ်ခုတည်းမှမဟုတ်တာ။ ယန်ကျန်းကောင်တီတစ်ခုလုံး ဒီအလံမျိုးတွေ ပြည့်နေတာလေ”

သာမန်အလံများကြားတွင် မှော်အဆော်ပါသည့်အလံများကို ရောထားခြင်းဖြစ်သည်။ ဘယ်သူတွေးမိမည်နည်း။

လုယန် ဆက်ပြောသည်။

“ဒီတော့ တစ်နည်းပြောရရင် အသက်စုပ်ယူမှော်စက်ဝန်းက ပြည့်စုံနေပြီ။ အားလုံးရဲ့မျက်စိရှေ့မှာ ပေါ်တင်ပြထားတာ။ ဒါပေမယ့် ဘယ်သူမှ သတိမထားမိဘူး”

“ဒါဆိုဘာလို့ မှော်စက်ဝန်းကို အသက်မသွင်းသေးတာလဲ”

မှော်စက်ဝန်းအသက်သွင်းရန် လိုအပ်သည့်အခြေအနေများကို မုန်ကျင်းကျိုး ပြန်သုံးသပ်သည်။ မှော်အဆောင်များကို နေရာချရသည့်အပြင် သွေးစတေးမှုလည်းလိုသည်။

အသက်စုပ်ယူမှော်စက်ဝန်းကို တည်ဆောက်ရဲသူသည် လူတစ်ချို့ကို လွယ်လွယ်သတ်ပစ်နိုင်စွမ်းရှိသည်။ သူဘာကို စောင့်နေသနည်း။

လုယန်က အေးစက်စက်လေသံဖြင့်

“သူက လူများလာအောင် စောင့်နေတာ။ အခု နွေဦးကောက်သစ်စားပွဲတော်တွင်းမှာရှိတဲ့ လူအရေအတွက်က မလုံလောက်သေးဘူး။ ယန်ကျန်းကို လာနေတဲ့လူတွေ အများကြီးရှိသေးတယ်”

အသက်စုပ်ယူမှော်စက်ဝန်းဖြင့် သေမျိုးတို့၏သက်တမ်းကိုဆွဲယူ၍ ကိုယ့်ကျင့်စဉ်စွမ်းအားကို မြှင့်တင်နိုင်သည်။ စုပ်ယူသည့်အရေအတွက်များလေ ကျင့်စဉ်စွမ်းအားတိုးလေဖြစ်မည်။

မုန်ကျင်းကျိုးလည် ရိပ်စားမိလာသည်။

“ရိုးရာအတိုင်းဆိုရင် နွေဦးပွဲတော်ဒုတိယညက လူအစည်ဆုံးပဲ။ လမ်း‌ပေါ်ထွက်ပြီး သီချင်းဆိုတယ်။ မြစ်ဘေးမှာစုပြီး စားကြသောက်ကြတယ်။ အဆိုပြိုင်ပွဲတွေ ကျင်းပတယ်”

ယနေ့သည် နွေဦးကောက်သစ်စားပွဲတော်၏ ဒုတိယနေ့ဖြစ်သည်။

**************************************************

All Chapters