← Chapters

အရန်အစီအစဉ်

Vol. 7 Ch. 98

အရန်အစီအစဉ်

Vol. 7 Ch. 98

ကျောက်တံတားပေါ်သို့ နောက်ထပ်နောက်ထပ် စုဝေးလာသည့်လူများကိုကြည့်၍ လုယန်အကြံပြုသည်။ သူတို့ အရင်ဆုံး ဤနေရာမှထွက်သွားပြီ လုံခြုံသည့်နေရာတစ်ခု ရှာရမည်။

တိတ်ဆိတ်သည့်တောအုပ်တစ်ခုသို့ သူတို့ရောက်လာသည်။ ယန်ကျန်းကောင်တီမြေပုံတစ်ခုထုတ်သည်။ အစောပိုင်းက သုံးသပ်ထားသည့် အသက်စုပ်ယူမှော်စက်ဝန်း၏ ဆုံမှတ်နေရာများကို မှတ်သားသည်။

“ဒီဆုံမှတ်တွေက အရင်နေရာတွေနဲ့ အတူတူပဲဖြစ်မယ်။ ငါတစ်ခုအတည်ပြုချင်တာရှိတယ် လန်ထင်။ သွေးစတေးဖို့လိုတယ်လို့ မင်းပြောခဲ့တယ်နော်။ အဲဒါ ဆုံမှတ်နေရာတွေမှာ လူသတ်တာမျိုးလား။ ဒါမှမဟုတ် ကျင့်ကြံသူတွေရဲ့ သွေးသန္ဓေစွမ်းအင်ကိုစတေးပြီး မှော်စက်ဝန်းကိုအသက်သွားတာလား”

လုယန် ဘာကိုပြောချင်မှန်း လန်ထင်နားမလည်။

“နှစ်ခုလုံး သုံးလို့ရပါတယ်။ ဒါပေမယ့် ပုံမှန်ဆိုရင်တော့ လူသတ်တဲ့နည်းကိုသုံးတယ်။ သေမျိုးတွေကိုပဲ သတ်ရတာလေ။ ကျင့်ကြံသူတွေရဲ့ သွေးသန္ဓေကို အများကြီးသုံးမယ်ဆိုရင် ကြိုးကိုင်သူရဲ့ ကျင့်ကြံမှုအပေါ် သက်ရောက်လာမယ်။ နောင်တစ်ချိန် ကျင့်စဉ်လမ်းမှာလည်း အဟန့်အတားဖြစ်လာလိမ့်မယ်”

လုယန်က တွေးတွေးဆဆလေသံဖြင့်

“ဒါဆို့ မှော်စက်ဝန်းတည်ဆောက်တဲ့လူက ဒုတိယနည်းကိုပဲ သုံးဖို့များတယ်”

ကျန်သည့်သုံးယောက် နားမလည်နိုင်အောင် ဖြစ်သွားကြသည်။ မှော်စက်ဝန်းတည်ဆောက်သူသည် နတ်ဆိုးကျင့်ကြံသူဖြစ်မည်။ သူ့အတွက် လူသတ်ခြင်းက သွေးသန္ဓေသုံးခြင်းထက် ပိုအဆင်ပြေသည်။

“မှော်အဆောင်တွေကို အလံငယ်တွေထဲမှာ ဖုံးကွယ်ထားနိုင်တဲ့၊ ညတွင်းချင်း အပြီးသတ်နေရာချနိုင်တဲ့စွမ်းဆောင်ရည်မျိုး ဘယ်သူ့မှာ ရှိမယ်ထင်လဲ။ ညအမှောင်ထဲမှာ လူတွေပင်ပန်းနွယ်နယ်လာရင်တောင် ဘယ်သူမှ သံသယဝင်ကြမှာမဟုတ်ဘူးလေ”

“အစိုးရပိုင်းက ဩဇာကြီးတဲ့လူမျိုးပေါ့”

မုန်ကျင်းကျိုး သဘောပေါက်သွားသည်။

လုယန် ခေါင်းငြိမ့်သည်။

“မှန်တယ်။ အတိအကျပြောရရင် နယ်စားလီပဲ”

“ဘာ”

အရိုးရိုင်းနှင့်လန်ထင် အံ့အားသင့်သွားကြသည်။ မုန်ကျင်းကျိုးကတော့ ထိုအဖြစ်မျိုး မျှော်လင့်ထားပြီးဖြစ်၍ သိပ်မအံ့ဩ။ ယန်ကျန်းသို့ စဝင်ကတည်းက သူပြောခဲ့သည်။ အရာရှိများ နတ်ဆိုးလမ်းစဉ်နှင့် ပူးပေါင်းသည့်အဖြစ်မျိုးက သိပ်မဆန်းလှ။

“မနေ့ညက အရာရှိတစ်ယောက်ပြောတာ ငါကြားတယ်။ ဒီအလံငယ်တွေ နေရာချတော့ နယ်စားလီကိုယ်တိုင် ကြီးကြပ်ခဲ့တာတဲ့။ အလံတွေကို အတိအကျနေရာချခိုင်းတာလို့ပြောတယ်။ ဒီလိုအုပ်မျိုးက နယ်စားကိုယ်တိုင်ဝင်ပါဖို့ လိုလို့လား။ ပြည်သူတွေအတွက် စိတ်နှစ်ကိုယ်နှစ် ကြိုးစားလုပ်ပါတယ်ဆိုတဲ့ ဆင်ခြေက သိပ်အဓိပ္ပါယ်မရှိဘူး။ ဒီတော့ နယ်စားက အလံငယ်တွေကိုအသုံးချပြီး ကောင်တီတစ်ခုလုံး ဖုံးအုပ်နိုင်တဲ့ အသက်စုပ်ယူမှော်စက်ဝန်းတည်ဆောက်တာပဲ ဖြစ်ရမယ်”

အရိုးရိုင်း သဘောပေါက်သွားသည်။ လောကကြီးက တကယ်ကောက်ကျစ်သည်ဟု ခံစားရသည်။

“ဒါဆို ယန်ကျန်းကောင်တီမှာ နတ်ဆိုးဂိုဏ်းခွဲက သွင်းထားတဲ့သူလျိုက နယ်စားလီပေါ့။ သူ့ကျင့်စဉ်စွမ်းအားနဲ့ အဆင့်အတန်းအရဆို အကျိူးတူပူးပေါင်းတာမျိုး ဖြစ်လောက်မလား”

လုယန်ခေါင်းခါသည်။

“သူလျှိုလည်းမဟုတ်ဘူး။ ပူးပေါင်းတာလည်းမဟုတ်ဘူး။ သခင်ချူးနဲ့နယ်စားလီဟာ လူတစ်ယောက်တည်းပဲလို ငါယူဆတယ်။ တိုက်ရိုက်သက်သေတော့မရှိဘူး။ ဒါပေမယ့် သံသယဖြစ်စရာကောင်းတဲ့ အချက်နှစ်ချက်ရှိတယ်။

ပထမတစ်ချက်က သခင်ချူး ဂိုဏ်းဝင်တွေကို ဆင့်ခေါ်တဲ့အချိန်ပဲ။ အမြဲတမ်း ညဘက်မှာပဲခေါ်တယ်။ တစ်ခြားဂိုဏ်းထိန်းတွေဆီ ငါစုံစမ်းကြည့်တယ်။ တစ်ခြားဂိုဏ်းခွဲတွေမှာ အဲလိုမဟုတ်ဘူးတဲ့။

ဒုတိယတစ်ချက်က သခင်ချူးရော နယ်စားလီရော တစ်ချိန်းတည်းမှာ ရာထူးတိုးဖို့ ကြိုးစားနေကြတာပဲ”

အရိုးရိုင်း မှင်သက်မိသွားသည်။ လောကကြီးသည် သူထင်ထားသည်ထက် ပိုကောက်ကျစ်သည်။ သခင်ချူးနှင့် နယ်စားလီ လူတစ်ယောက်တည်းဖြစ်လျှင် နှစ်ဖက်ခွ၍ ကစားနေသည့်သဘောဖြစ်သည်။

“ဒါပေမယ့် သီးခြားလူနှစ်ယောက်လည်း ဖြစ်နိုင်ပါတယ်။ ဒါတွေက ငါ့သုံးသပ်ချက်သက်သက်ပါ။ ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် မှော်စက်ဝန်းအသက်သွင်းဖို့ သေမျိုးတွေကိုသတ်တဲ့နည်းလမ်းတော့ လုံးဝသုံးမှာမဟုတ်ဘူး”

အရိုးရိုင်း သူစကားကို နားမလည်သေး။ မုန်ကျင်းကျိုးက ဝင်ရှင်းပြသည်။

“နယ်စားလီက ရာထူးတိုးဖို့ချိန်နေတာ။ ပွဲတော်ရက်အတွင်းမှာ ရက်စက်တဲ့လူသတ်မှုတွေ ဖြစ်သွားရင် ရာထူးတိုးဖို့ မျှော်လင့်ချက်နည်းသွားပြီ။ သူ့မှာအဆက်အသွယ်ကောင်းတွေရှိရင်တောင် အထက်ကလူတွေက သူ့ကို လွယ်လွယ်ရာထူးပေးလို့မရတော့ဘူး။

ပြီးတော့ ကောင်တီနယ်စားအဆင့်အတန်းနဲ့ ကျင့်ကြံသူတွေဆီက သွေးသန္ဓေရဖို့ဆိုတာ မခက်ခဲဘူး။ ထောင်ထဲက ကျင့်ကြံသူနည်းနည်းလောက် ရွေးလိုက်ရုံပဲ”

သို့သော် လန်ထင် ဒွိဟတစ်ချို့ ရှိနေသေးသည်။

“ယိကျန်ဟုန် မှော်စက်ဝန်းတည်ဆောက်တာက တိုက်ဆိုင်မှုလား။ နယ်စားလီနဲ့ ပတ်သက်နေနိုင်လား”

“အများကြီးဆက်စပ်မှုရှိမယ်လို့ထင်တယ်”

သခင်ချူးနှင့်နယ်စားလီတို့ကြားမှ ဆက်နွယ်မှုကို နားလည်ပြီးနောက် လုယန် အမြင်သစ်များစွာ ပေါ်လာသည်။

“နယ်စားလီ အခြေတည်နတ်ဆိုးကျင့်ကြံသူသုံးယောက်ဖမ်းနိုင်တဲ့ နိုင်ငံရေးအရှိန်ဩဇာကို မပြောနဲ့ဦး။ နတ်ဆိုးဂိုဏ်းခွဲမရှိလို့ ကောင်တီငယ်လေးတစ်ခုမှာ အခြေတည်နတ်ဆိုးကျင့်ကြံသူတွေ အများကြီးရှိနေမယ်ဆိုရင်တောင် သူတို့ရဲ့ခေါင်းဆောင်နေရာကို နယ်စားလီက ကောင်းကောင်းထိန်းထားနိုင်တယ်။

အသက်စုပ်ယူမှော်စက်ဝန်းကို အသက်သွင်းပြီးရင် အစပိုင်းမှာမသိသာနိုင်ပေမယ့် အချိန်ကြာလာတာနဲ့အမျှ လူတွေက မူမမှန်တာကို သတိထားမိလာမှာပဲ။ ယိကျန်ဟုန်သာ အရင်မလှုပ်ရှားခဲ့ရင် အစိုးရပိုင်းက တရားခံကို မီးခိုးကြွက်လျှောက် လိုက်ရှာလာမယ်။ ယန်ကျန်ဂိုဏ်းခွဲရော နယ်စားလီရော အန္တရာယ်ရှိလာမယ်လေ။ ဒါကြောင့် နယ်စားလီက ပါးပါးနပ်နပ်နဲ့ ယိကျန်ဟုန်ကို အကွက်ချခဲ့တာ။ ယိကျန်ဟုန်က မှော်စက်ဝန်းကို အရင်တည်ဆောက်လိုက်တယ်။ အဲဒါကို နယ်စားလီက အသက်သွင်းပြီး သေမျိုးတွေရဲ့အသက်ဓာတ်ကို စုပ်ယူမယ်ဆိုရင်တောင် အစိုးရပိုင်းက ယိကျန်ဟုန်ကိုပဲ အာရုံစိုက်ကြမှာ”

အရိုးရိုင်း အံ့အားသင့်သွားသည်။

“ဒါပေမယ့် ယိကျန်ဟုန်က မအောင်မြင်ခဲ့ဘူးလေ”

လုယန် လှောင်ပြုံးပြုံးလိုက်သည်။

“မအောင်မြင်ဘူးဆိုတာက ယိကျန်ဟုန်ရဲ့ တစ်ဘက်သတ်ထွက်ဆိုချက်လေ။ မှော်စက်ဝန်းကို သူအသက်သွင်းပြီးမှ ပြဿနာပေါ်လာတာမျိုး ဖြစ်ဖို့များတယ်။ အသက်ဓာတ်ကိုစုပ်ယူပေမယ့် သူ့ကျင့်စဉ်စွမ်းအားကို မမြှင့်တင်နိုင်တာမျိုးပေါ့။ ဘာပဲပြောပြော ဒါက လူသိပ်မသိတဲ့ မှော်စက်ဝန်းမျိုးပဲ။ ဘာမဆိုဖြစ်သွားနိုင်တယ်”

အရိုးရိုင်း နားမလည်လည်သေး။

“ဒါပေမယ့် ယိကျန်ဟုန်ရဲ့ မိတ်ဆွေနှစ်ယောက်ကလည်း အသက်သွင်းတာမအောင်မြင်ဘူးလို့ အတည်ပြုခဲ့တာပဲ”

“မိတ်ဆွေတဲ့လား။ နတ်ဆိုးကျင့်ကြံသူတွေမှာ မိတ်ဆွေဆိုတာ ရှိလို့လား။ တစ်ယောက်နဲ့တစ်ယောက် အသုံးချကြတာပဲရှိတယ်။ ယိကျန်ဟုန်က သူတို့ကို အမှန်အတိုင်းမပြောခဲ့တာ သဘာဝကျပါတယ်။

..ဒီလို ကွက်တိကျဖြစ်နေတဲ့ တရားခံတစ်ယောက်ရှိရင် ယိကျန်ဟုန်ကလွဲလို့ တစ်ခြားဘယ်သူ့ကို သံသယဝင်နိုင်ဦးမှာလဲ။

ပြီးတော့ ယိကျန်ဟုန်ရဲ့ ရာဇဝတ်မှတ်တမ်းတွေအရ သေချာပေါက်သေဒဏ်ကျမယ်။ မှော်စက်ဝန်းအသက်ဝင်ပြီလို့ အထက်အရာရှိတွေသိတဲ့အချိန်မှာ ယိကျန်ဟုန်က ကွပ်မျက်ခံရပြီးဖြစ်နေလောက်ပြီ။ ယိကျန်ဟုန်ကို လက်ညှိုးထိုးစရာရှိနေမှတော့ နယ်စားလီကို ဘယ်သူသံသယဝင်တော့မှာလဲ”

မုန်ကျင်းကျိုးနှင့်လန်ထင်တို့ ထပ်ကာထပ်ကာ ခေါင်းငြိမ့်၍ လုယန်အမြင်ကို ထောက်ခံကြသည်။

လုယန် ထပ်မေးသည်။

“ပြီးတော့ သွေးစတေးရမယ့် ဆုံမှတ်နေရာက ခုနစ်ခုမဟုတ်လား”

လန်ထင် လုယန်ကို တအံ့တဩကြည့်ပြီး ခေါင်းငြိမ့်ပြသည်။ မှော်စက်ဝန်းအကြောင်း နားမလည်ဟုပြောပြီး လုယန်ဘာကြောင့် ထိုအချက်ကို သိနေသည်မသိ။

“မနေ့က ငါထွက်လာတော့ သခင်ချူးဆင့်ခေါ်ထားတဲ့ ဂိုဏ်းထိန်းခုနစ်ယောက်နဲ့ တွေ့တယ်။ တာဝန်တစ်ခုပေးဖို့ ဖြစ်မယ်ထင်တယ်။ မှော်စက်ဝန်းဆုံချက်နေရာတွေဆီ သွေးသန္ဓေယူသွားပြီး အချိန်ကိုက်စောင့်ခိုင်းဖို့ဖြစ်မယ်ထင်တယ်။..ဒီတော့ မှော်စက်ဝန်းအကြောင်း ငါတို့ကို ထပ်ပြောပြပါဦး”

လန်ထင်မငြင်းပါ။ ယန်ကျန်းကောင်တီမြေပုံပေါ်မှ အမှတ်ခုနစ်ခုကို စက်ဝိုင်းဝိုင်းပြလိုက်သည်။

“ဒီခုနစ်နေရာက မှော်စက်ဝန်းအသက်သွင်းဖို့ အဓိကနေရာတွေပဲ။ ယန်ကျန်းရဲ့ သဘာဝရှုခင်းကောင်းတဲ့နေရာတွေနဲ့ နီးတယ်။ မှော်စက်ဝန်းဗဟိုက...စုန့်တောင်တန်းရဲ့ တောင်ခါးလပ်မှာရှိမယ်”

မှန်သည်။ မှော်စက်ဝန်းကိုအသုံးချ၍ ကျင့်စဉ်အဆင့်တက်ဖို့ လုံခြုံသည့်နေရာတစ်ခု ရွေးချယ်ရမည်။

“မျှော်စက်ဝန်းအသက်မသွင်းနိုင်အောင် မှောင်အဆောင်တစ်ချို့ကို အရင်ဖယ်ထုတ်ကြမယ်။ ဒါပေမယ့် အဲလိုလုပ်တာကို သခင်ချူးရိပ်မိသွားနိုင်တယ်။ သူငါတို့ဆီလိုက်လာတာကိုစောင့်မနေဘဲ သူ့ကို အလစ်အငိုက်ဝင်တိုက်တာက ပိုကောင်းတယ်”

လုယန်ကပြောသည်။

သခင်ချူးနှင့် တိုက်ခိုက်ရမည်ကို လုယန်စိုးရိမ်ခဲ့သည်။ ထို့ကြောင့် သူတို့တိုက်ခိုက်ပုံကို ပုံရိပ်ဖမ်းမှော်စက်လုံးထဲ မှတ်တမ်းမယူခဲ့ခြင်းဖြစ်သည်။

ကျန်သည့်ယောက်လည်း ရင်ထိတ်နေသည်။ အသေအရှင်တိုက်ပွဲတစ်ပွဲ ဖြစ်လိမ့်မည်။ သခင်ချူးလို ရွှေသန္ဓေနောက်ဆုံးအဆင့်ကို ရင်ဆိုင်ဖို့ အလွန်တရာခက်ခဲသည်။

“ဒီကိစ္စ အရာရှိတွေဆီ သတင်းပို့မလား။ ဖန်ချင်းယွမ်ကိုပြောလိုက်ရင်ရော ဘယ်လိုလဲ”

အရိုးရိုင်းက မေးသည်။

လုယန် ခေါင်းခါသည်။

“အလံတွေပေါ်က မှော်စက်ဝန်းအကြောင်း ဖန်ချင်းယန်သိသွားရင် နယ်စားလီကို သူသေချာပေါက် သံသယဝင်မယ်။ နယ်စားလီအဖမ်းခံရရင် ငါတို့က နတ်ဆိုးဂိုဏ်းဝင်တွေဆိုတာလည်း ပေါ်သွားလိမ့်မယ်”

လန်ထင် ဝေခွဲမရဖြစ်နေသည်။

“ကျွန်မတို့လေးယောက်တည်းနဲ့ ရွှေသန္ဓေ‌နောက်ဆုံးအဆင့်ကို ရင်ဆိုင်ရင် အနိုင်ယူဖို့ခက်မယ်ထင်တယ်”

“စိတ်မပူပါနဲ့။ သေချာကြိုတင်ပြင်ဆင်ကြတာပေါ့။ တစ်ခြားဘယ်နည်းလမ်းမှ အလုပ်မဖြစ်တော့ရင်လည်း ငါ့မှာအရန်အစီအစဉ်တစ်ခု ရှိပါသေးတယ်”

“ဘာအစီအစဉ်လဲ”

“ယွမ်ကျိအရိပ်တုလက်သီးပေါ့”

သူ့စကားကြောင့် မုန်ကျင်းကျိုးနှင့်အရိုးရိုင်းတို့ မျက်နှာဖြူရောက်သွားသည်။ လန်ထင်က နားမလည်သေး။

“အဲဒါဘာကိုပြောတာလဲ”

“လုမိသားစုအရိပ်တုလက်သီးသိုင်းရဲ့ အမြင့်ဆုံးပညာပါ”

လုယန် ယုံကြည်ချက်အပြည့်ဖြင့်ပြောသည်။

လန်ထင် ခေါင်းငြိမ့်သည်။ နည်းနည်းတော့ နားလည်သလိုလိုရှိသည်။

**********************************************************

All Chapters