စွမ်းအားအကြီးဆုံးလက်နက်
Vol. 7 Ch. 99
ဖန်ချင်းယွမ် ပျင်းပျင်းရိရှိ သမ်းဝေလိုက်သည်။ နွေဦးပွဲတော် ပျော်ပွဲရွှင်ပွဲများ အသက်ဝင်လာဖို့ နာရီဝက်လောက်လိုသေးသည်။ တောင်သေးသည်။ စောစီးစွာ ကြိုတင်ပြင်ဆင်ခဲ့တသည်။ အရေးပေါ်အစီအစဉ်မျိုးစုံချခဲ့သည်။ ယခုထိ ပွဲတော်က အဖုအထစ်မရှိခဲ့။
နေ့ခင်းပိုင်းက ဆင်ရေတဲ့ကျ၍ ပျံတက်လာသည့်ကိစ္စကိုကြားသည်။ ကောင်တီထဲတွင် ခွင့်ပြုမိန့်မရှိဘဲ ပျံသန်းခွင့်မပြုကြောင်း လူလွှတ်သတိပေးခိုင်းသည်။ အန္တရာယ်များလွန်းသောကြောင့်ဖြစ်သည်။ ထို့အပြင် မှတ်ပုံမတင်ဘဲ မြို့တော်ထဲသို့ နတ်ဆိုးသားရဲခေါ်လာခြင်းကို တားမြစ်ထားသည်။ ထို့ကြောင့် ဆင်ပိုင်ရှင်က ဥပဒေကိုလိုက်နာ၍ တိရစ္ဆာန်မှတ်ပုံတင်ရသည်။
ထိုကဲ့သို့ အသေးအဖွဲကိစ္စများကို ဖန်ချင်းယွမ် တစ်နေကုန် ဖြေရှင်းခဲ့ရသည်။
“ဒီညတော့ ဘာပြဿနာမှရှိမယ်မထင်ပါဘူး။ မီးပုံပွဲလုပ်လို့ တောမီးလောင်တာမျိုး၊ ပြဇာတ်ကြည့်ရင်း ထပြေးရတာမျိုး၊ လမ်းပေါ်မှာ မနာလိုဝန်တိုစိတ်ကြောင့် တိုက်ခိုက်တာမျိုးတွေ မရှိလောက်တော့ပါဘူး...”
အတိတ်ကဖြစ်ခဲ့သည့် မတော်တဆဖြစ်ရပ်များကို စာရင်းပြုစုရင်း ရေရွတ်နေသည်။
“ချင်းယွမ်၊ ငါပြန်တော့မယ်ဟေ့”
နယ်စားလီက သူ့ကိုနှုတ်ဆက်သည်။
“ဂရုစိုက်ပါ နယ်စားမင်း”
နယ်စားလီ၏ ထောက်ခံမှုကြောင့် နယ်စားရာထူးလက်လွှဲယူနိုင်တော့မည်ဟုကြားပြီးနောက် ဖန်ချင်းယွမ် ခါတိုင်းထက်ပို၍ ရိုသေမှုပြသည်။
တကယ်အလုပ်လုပ်သည်ထက် စကားပြောကောင်းသည်က ပို၍ရာထူးတိုးလွယ်ကြောင်း နားလည်လာပြီး နယ်စားလီသည် နာမည်ဂုဏ်သတင်းကို အမြဲဂရုစိုက်ခဲ့သည်။ ရာထူးတိုးဖို့ ကျင့်စဉ်အဆင့် အတိုင်းအတာတစ်ခုထိ ရောက်နေဖို့လိုသည်။ အုပ်ချုပ်ရေးပိုင်းတွင် မပြောဘဲနားလည်ကြသည့် စည်းမျဉ်းဖြစ်သည်။
“ဒီနေ့ နတ်ဝိညာဉ်အဆင့်ကို တက်နိုင်တာနဲ့ နယ်စားနဲ့ဂိုဏ်းခွဲသခင်ဆိုတဲ့ ငါ့အဆင့်အတန်းနှစ်ခုလုံး ပြောင်းလဲလာတော့မယ်”
ထိုသို့တွေးရင်း နယ်စားလီ ခြေလှမ်းကို အရှိန်မြှင့်လိုက်သည်။
လမ်းသွယ်တစ်ခုသို့ သူဝင်သွားသည်။ မျက်နှာပုံစံရုပ်ဖျက်၍ မျက်နှာဖုံးတပ်သည်။ ထိုသို့လုပ်ထားခြင်းဖြင် အကယ်၍ သူ့မျက်နှာဖုံးကို တစ်ယောက်ယောက်က ဆွဲချွတ်လျှင်ပင် သူ့မျက်နှာအစစ်ကို သိနိုင်တော့မည်မဟုတ်။ နယ်စားလီဟု သံသယဝင်တော့မည်မဟုတ်။
တော်ဝင်လမ်းနှင့်နတ်ဆိုးလမ်းစဉ်ကြား လျှောက်လှမ်းနေရသဖြင့် သတိရှိဖို့လိုသည်။
သူ့ပါရမီဖြင့် ရွှေသန္ဓေနောက်ဆုံးအဆင့်ကိုကျော်၍ အဆင့်တက်နိုင်မည်မထင်။ သို့သော် တော်ဝင်လမ်းနှင့် နတ်ဆိုးလမ်းနှစ်ခုလုံး နေရာဝင်ယူထားသဖြင့် သာမန်လူများစိတ်ကူးမယဉ်နိုင်သည့် အထောက်အပံ့များကို သူရသည်။ လက်ရှိအဆင့်ထိ သူရောက်လာသည်။ သိပ်မကြာသေးခင်က အဆင့်တက်လုနီးပါးအခြေအနေသို့ ရောက်ခဲ့သည်။ ပုံမှန်နည်းလမ်းများဖြင့် နတ်ဝိညာဉ်အဆင့်သို့ မရောက်နိုင်မှန်း သူ့ကိုယ်သူသိသည်။ ထို့ကြောင့် ရာထူးအဆင့်နှင့်ကျင့်စဉ်အဆင့် နှစ်ခုလုံးတိုးတက်နိုင်သည့် အသက်စုပ်ယူမှော်စက်ဝန်းအကြောင်း သူစဉ်းစားမိသည်။
“ထူးဆန်းတယ်။ ဂိုဏ်းအုပ်က ဒီနေ့မွန်းတည့်ချိန်မတိုင်မီ ယန်ကျန်းကို ရောက်ရမှာ။ အခုထိ အရိပ်အယောင်မမြင်သေးပါလား”
နယ်စားလီ..မဟုတ်သေး...မျက်နှာဖုံးတပ်ထားသဖြင့် သူသည် သခင်ချူးဖြစ်သည်။ ဂိုဏ်းအုပ် အရောက်နောက်ကျသဖြင့် သူနည်းနည်းအလိုမကျဖြစ်မိသည်။ မွန်းတည့်ချိန်မတိုင်မီ အရောက်လာခဲ့ဖို့ သူသေချာပြောခဲ့သည်။ အံ့ဩစရာတစ်ခုပြမည်ဟု ပြောခဲ့သည်။
“အံ့ဩစရာ”ဆိုသည်က ဂိုဏ်းအုပ်နှင့်အတူ မှော်စက်ဝန်းကို အသက်သွင်း၍ သူတို့ကျင့်စဉ်အဆင့်များကို တစ်ပြိုင်တည်းမြှင့်တင်ဖို့ဖြစ်သည်။
“ပြဿနာတစ်ခုခုကြုံနေလို့များလား။ မှော်စက်ဝန်းအသက်သွင်းဖို့ လူအစည်ကားဆုံးအချိန်ကို ငါတမင်စောင့်ခဲ့တာ။...အင်း...သူမလာရင်လည်း ငါ့တစ်ယောက်တည်း ကျင့်စဉ်အဆင့်မြှင့်ရုံပဲပေါ့”
စုန့်တောင်တန်းက လူသူကင်းမဲ့နေသည်။ သစ်ပင်များက ကြီးချင်တိုင်းကြီးနေသည်။ ခရီးသွားတို့ကြောင့် တောင်ပေါ်လမ်းများက ထင်ရှားနေသည်။ ပွဲတော်သို့လာသူများက စုန့်တောင်တန်းကို စိတ်မဝင်စားကြ။
စွမ်းအင်ရောင်ကိုဖုံးကွယ်၍ စုန့်တောင်တန်းဆီ သူလျှောက်လာသည်။ လမ်းသွားလမ်းလာ နည်းသထက်နည်းလာသည်။ တောင်ခြေသို့ရောက်ချိန်၌ သူ့ဘေးပတ်လည်တွင် လူတစ်ယောက်မှမရှိတော့။
တင်ပျဉ်ခွေထိုင်၍ အသက်ရှူနှုန်း ထိန်းညှိလိုက်သည်။ မှော်စက်ဝန်းအသက်သွင်းရမည့်အချိန်ကို တွက်ချက်၍ ငြိမ်သက်စွာစောင့်နေသည်။
“အသက်စုပ်ယူမှော်စက်ဝန်း၊ အသက်သွင်းမယ်”
လက်နှစ်ဘက်ကို ကောင်းကင်သို့မြှောက်၍ မှော်စက်ဝန်းကို စတင်အသက်သွင်းလိုက်သည်။
အသံတိတ်မှော်စက်ဝန်းစွန်းအက သူ့ကိုဗဟိုထား၍ ဘေးပတ်လည်သို့ ပြန့်ထွက်သွားသည်။ နေရာတစ်ခုသို့ ရောက်ပြီးနောက် ရုတ်တရက် ရပ်တန့်သွားသည်။
“အလံတွေကို ဘယ်သူဖယ်ထုတ်လိုက်တာလဲ”
သူခဏ အာရုံစူးစိုက်မှု လွတ်သွားသည်။ အခြေအနေကို ချက်ချင်းနားလည်လာသည်။
အလံတစ်ခုနှစ်ခုကို ကျဘမ်းဖယ်ထုတ်ခြင်းမဟုတ်။ ထိုလူသည် မှော်စက်ဝန်းအကြောင်း သိနေသည်မှာ သေချာသည်။ မသိလျှင် အလံများကို ထိုမျှတိတိကျကျ ဖယ်ရှားနိုင်မည်မဟုတ်။
“ဘယ်သူလဲ။ အရာရှိတွေထဲကလား။ မဟုတ်ဘူး၊ မဖြစ်နိုင်ဘူး။ အုပ်ချုပ်ရေးပိုင်းထဲမှာ ငါမသိတာ ဘာမှမရှိဘူး။ အမည်မသိခရီးသွားတစ်ယောက်...ဒါမှမဟုတ်.. မှော်စက်ဝန်းကို မြင်ဖူးထားတဲ့ လုယန်လား”
လုယန်၏လုပ်ရပ်များက ထူးဆန်းသည်။ ထိုကိစ္စမျိုးကို လုပ်နိုင်စွမ်းရှိသည်။
သူ့မျက်နှာ အေးစက်တင်းမာလာသည်။ သူ့လမ်းကြောင်းကို ဖြတ်တောက်လိုက်ခြင်းဖြစ်သည်။ သူ့ကိုသတ်သည်ထက်ပင် ပို၍နာကျင်ခံစားရသည်။
“ဪ..ကျုပ်က ခင်ဗျားမျက်လုံးထဲမှာ အဲလိုလူမျိုးလား သခင်ချုး”
လုယန်၏ ပျင်းရိပျင်းတွဲအသံ မလှမ်းမကမ်းမှ ထွက်ပေါ်လာသည်။
“လုယန်”
လုယန်ကိုမြင်သည်နှင့် သခင်ချူး ဒေါသထွက်လာသည်။
“မင်းကိုဂိုဏ်းချုပ်က သဘောကျတယ်ဆိုပြီး ငါမသတ်ရဲဘူမထင်နဲ့။ နတ်ဆိုးကျင့်ကြံသူတွေ မတော်တဆသေသွားကြတာ ဘာမှမဆန်းဘူးကွ။ မင်းဘာလို့ ဒီလိုလုပ်တာလဲ ပြောစမ်းပါ”
ခဏစဉ်းစားပြီးနောက် လုယန် အလေးအနက်လေသံဖြင့် ပြန်ပြောသည်။
“နွေဦးကောက်သစ်စားပွဲတော်အတွင်းမှာ ပြဿနာရှာဖို့ သခင်ချူးပဲ ပြောခဲ့တယ်မဟုတ်လား။ နယ်စားမင်းကို ဖြုတ်ချတဲ့ကိစ္စက အကြီးဆုံးပြဿနာမယ်လို့ ကျုပ်တွေးမိတယ်။ ဒါကြောင့် ဒီလိုဖြစ်လာတာပါ။ နယ်စားနောက်ကို ရက်အတော်ကြာ နောက်ယောင်ခံလိုက်ကြည့်ပြီးတော့ ခင်ဗျားက နယ်စားလီဆိုတာ ကျုပ်တို့သိလာတယ်လေ။
ဒီတော့ အခြေအနေကိုသုံးသပ်ပြီး ကျုပ်တို့နတ်ဆိုးဂိုဏ်းရဲ့ ပုန်ကန်တတ်တဲ့ဓလေ့အတိုင်း ခင်ဗျားကိုဖြုတ်ချဖို့ စဉ်းစားမိတာပါ”
လုယန် ပြုံး၍ပြောသည်။
“သေချင်နေတာပဲ”
သခင်ချူး ဒေါသအိုးပေါက်ကွဲသွားသည်။
“ဘာလို့သေချင်ရမှာလဲ။ ကျုပ်က ထာဝရအသက်ကို လိုချင်သေးတယ်”
“အခြေတည်အဆင့်ကောင်ကများ စကားကြီးစကားကျယ် လာပြောရဲတယ်ပေါ့။ သေလိုက်စမ်း”
သခင်ချူး ကြောက်စရာလက်ဝါးရိပ်တစ်ခု ရိုက်ထုတ်လိုက်သည်။ လက်ဝါးထိသည့်သစ်ပင်များ အမှုန့်ဖြစ်သွားသည်။
လုယန် လက်ဝါးချက်ကိုရှောင်ပြီး နည်းလမ်းတစ်မျိုးသုံး၍ အမြန်ဆုတ်သွားသည်။ သခင်ချူး မြေပြင်ပေါ် ခြေဆောင့်၍ ပြောင်းပြန်လှန်ပစ်သည်။ လုယန် လွင့်ထွက်သွားသည်။
လုယန် လန့်သွားသည်။ ထိုစွမ်းအားသည် သူ့ကို ခြေတစ်ချက်ဖြင့် ကန်ထုတ်နိုင်သည့် ရွှေသန္ဓေနောက်ဆုံးအဆင့်၏ စွမ်းအားဖြစ်သည်။
“အတော်ဒုက္ခပေးတဲ့ကောင်”
သခင်ချူး အော်ဟစ်ကြုံးဝါးပြီး လုယန်ဆီ အမြန်ချဉ်းကပ်လာသည်။ လက်သီးဖြင့်ထိုးရန်ပြင်သည်။ လုယန်က ဓားကိုရှေ့တွင်ကာ၍ သခင်ချူး၏လက်သီးကို ခွဲဖြတ်ရန်အသင့်ပြင်ထားသည်။
သခင်ချူး လက်သီးကို ချက်ချင်းပြန်ရုတ်ပြီး ခြေဖြင့်ကန်သည်။ ထိုသို့တိုက်ခိုက်လာမည်ကို မျှော်လင့်ထားပြီးဖြစ်၍ လုယန်လည်း ခြေကန်ချက်ထုတ်သည်။ ရင်ဆိုင်တွေ့သည့် အားအရှိန်ကိုသုံးပြီး နောက်သို့ခုန်ဆုတ်သွားသည်။
သခင်ချူး နောက်တစ်ကြိမ် တိုက်ခိုက်ရန်ကြိုးစားသည်။ သို့သော် သူ့ဝိညာဉ်စွမ်းအား လုံးဝထုတ်သုံး၍မရတော့။ ပိတ်ဆို့ခံထားရသလို ဖြစ်နေသည်။
“အကျဉ်းထောင်လိုသုံးတဲ့ ဝိညာဉ်ချုပ်မှော်စက်ဝန်းလား။ မင်းက မှော်စက်ဝန်းတွေကိုလည်း နားလည်တယ်ပေါ့”
သခင်ချူး လုယန်ကို ဒေါသဖြင့် စိုက်ကြည့်သည်။ ဝိညာဉ်စွမ်းအားထုတ်မသုံးနိုင်သော်လည်း သူ့ခန္ဓာကိုယ်က လုယန်ဒုက္ခမပေးနိုင်လောက်အောင် သန်မာသည်။
ယာယီဝိညာဉ်ချုပ်မှော်စက်ဝန်းကို လန်ထင်က ဖန်တီးခဲ့သည်။ လုယန်က သခင်ချူးကို မှော်စက်ဝန်းထဲသို့ မျှားခေါ်ခဲ့သည်။
လုယန်က အပြုံးမျက်နှာဖြင့် သခင်ချူးကို လက်ဝှေ့ယမ်းနှုတ်ဆက်နေသည်။
သခင်ချူး ဘေးပတ်လည်ကို ချက်ချင်းလှည့်ကြည့်သည်။ မူမမှန်သည့်အရာ ဘာမှမတွေ့။ ထို့နောက် အပေါ်သို့ ခေါင်းမော့ကြည့်သည်။ လှေပျံတစ်စီး လေထဲတွင်ရှိနေသည်။
ရွှေစီးပွားနယ်မြေမှ မုန်ကျင်းကျိုးဝယ်လာသည့် လှေပျံဖြစ်သည်။
ညအချိန်လည်းဖြစ်သလို စုန့်တောင်တန်း၏အမှောင်ထုလည်း ဖုံးလွှမ်းနေသဖြင့် လှေပျံအရိပ်အောက်ရောက်နေသည်ကို သခင်ချူး သတိမထားမိခဲ့။
ဝိညာဉ်ချုပ်မှော်စက်ဝန်းအထက်တွင် ဝိညာဉ်စွမ်းအင်ကို သုံး၍မရ။ ထို့ကြောင့် လှေပျံ စွမ်းအင်ပြတ်၍ ချက်ချင်းပြုတ်ကျလာသည်။ မုန်ကျင်းကျိုးက ထီးတစ်လက်ဖြင့် ခုန်ဆင်းသွားသည်။
လှေက ကြီးမားလွန်းသည်။ ဝိညာဉ်စွမ်းအားကိုလည်း သခင်ချူး ထုတ်မသုံးနိုင်။ ထို့ကြောင့် အချိန်မီမရှောင်နိုင်တော့။ လုယန်က အခြေအနေကြည့်၍ စိတ်ချရသည့်နေရာအထိ နောက်ဆုတ်သွားသည်။
လှေပျံက ဥက္ကာခဲတစ်ခုလို သခင်ချူးအပေါ် ထိုးကျလာသည်။
“ဘုန်း”
ဖုန်မှုန့်များစွာ လွင့်ပျံတက်လာသည်။ ကျယ်လောင်သည့်အသံအားကြောင့် စုန့်တောင်တန်းတစ်ခုလုံး တုန်ခါသွားသည်။
လှေထဲတွင် ဖောက်ခွဲရေးပစ္စည်းများ ထည့်ထားဟန်တူသည်။ မြေပြင်နှင့်ထိသည်နှင့် နားကွဲမတတ်ပေါက်ကွဲသံများပေါ်လာသည်။ မီးတောက်များ ကောင်ကင်သို့ လိမ့်တက်လာသည်။
လုယန် မုန်ကျင်းကျိုးကို လက်မထောင်ပြသည်။
“ငွေကစကားပြောတာပဲ။ လေပျံကိုချက်ချင်းဝယ်လိုက်တယ်ပေါ့”
မုန်ကျင်းကျိုးကလည်း လမ်မထောင်ပြသည်။
“အဲဒီမှာသာ လှေပျံတစ်စီးမကရှိရင် လေးငါးခုလောက် ငါဝယ်ခဲ့မှာပါ”
ရွှေစီးပွားနယ်မြေမှ ရတနာများတွင် လှေပျံတစ်စီးဖြင့် ဖိချေသည့်စွမ်းအားမျိုးကို ဘယ်အရာမှမယှဉ်နိုင်။
ငြိမ်းချမ်းသည့်အခိုက်အတန့်ကို သာယာခံစားနေသည့်ဖန်ချင်းယွမ် လှေပျံပြုတ်ကျသံကြောင့် လန့်ဖျတ်သွားပြီး နှလုံးထဖောက်လုနီးပါးဖြစ်သွားသည်။
“လာနောက်နေတာလားကွာ”
********************************************************