အံ့ဩစရာ
Vol. 7 Ch. 100
လှေပျံကသည့်နေရာမှ လေထုထဲတွင် ဖုန်မှုန့်များပြည့်နေသည်။ သခင်ချူး၏မျက်နှာဖုံး ကြေမွသွားသည်။ နယ်စားလီ၏ မျက်နှာအစစ်ပေါ်လာသည်။ ရုပ်ဖျက်ထားသည့်အသွင်ကိုလည်း သူဆက်ထိန်းမထားနိုင်တော့။
သူ့ဘယ်လက်က သွေးထွက်၍ တွဲလောင်းကျနေသည်။ သုံးမရတော့သည်မှာ သေချာသည်။
မုန်ကျင်းကျိုး မြေပေါ်သို့ဆင်းလာသည်။ ထိုရလာဒ်ကို သူမကျေနပ်။
“နောက်ထပ် လှေပျံတစ်စီးလောက်သာ ဝယ်နိုင်ခဲ့ရင် ပိုကောင်းမယ်ကွာ”
သခင်ချူး အသက်ကိုပြင်းပြင်းရှူ၍ အော်ဆဲရန်ပြင်လိုက်သည်။ သို့သော် ချောင်းတဟွတ်ဟွတ်ဆိုးပြီး မျက်လုံးထောင့်သို့ သွေးများစုဝေးလာသည်။
“ဒီမီးခိုးတွေက အဆိပ်ရှိနေတာပဲ”
သူချက်ချင်း အသက်အောင့်ထားလိုက်သည်။ စိတ်ထဲတွင် ဒေါသများ အလိပ်လိုက်ထွက်နေသည်။ မွေးရာပါနတ်ဆိုးနှင့်ကောင်းကင်ဆင်းနတ်ဆိုးတို့၏ ပူးပေါင်းလှုပ်ရှားမှု ပီသလွန်းသည်။ ပထမဆုံး ဝိညာဉ်ချုပ်မှော်စက်ဝန်းဖြင့် သူ့ကိုထောင်ချောက်ဆင်သည်။ လှေပျံဖြင့် တိုက်ခိုက်သည်။ လှေပျံတွင် ဖောက်ခွဲရေးပစ္စည်းများ ထည့်ထားသည်။ ပေါက်ကွဲပြီးနောက် ထွက်လာသည့်မီးခိုးမှာပင် အဆိပ်ပါသေးသည်။
တကယ်တတ်နိုင်သည့် လူငယ်တစ်ယောက်ဖြစ်သည်။ လှည့်ကွက်များ တစ်ခုပြီးတစ်ခုသုံးကြသည်။
အစက လုယန်ကို လမ်းမှန်ဂိုဏ်းသူလျှိုဖြစ်မည်ဟု သံသယဝင်ခဲ့သည်။ ထို့ကြောင့် တစ်ခြားလူများဒုက္ခရောက်မည့် အသက်စုမှော်စက်ဝန်းကို ဖျက်ဆီးခြင်းဖြစ်မည်။ ဂိုဏ်းချုပ်ကြီး အကဲဖြတ်မှားခဲ့ခြင်းဖြစ်မည်။
သို့သော်ယခု တခမ်းတနားစီစဉ်ထားသည့် တိုက်ခိုက်ပုံအရ လူယန်ပါးစပ်မှ လမ်းမှန်ဂိုဏ်းသူလျှိုပါဟု ကိုယ်တိုင်ပြောလျှင်ပင် သူယုံမည်မဟုတ်တော့။
လှေပျံပြုတ်ကျမှုကြောင့် ဝိညာဉ်ချုပ်မှော်စက်ဝန်း ပျက်စီးသွားသည်။ သခင်ချူး ဝိညာဉ်စွမ်းအား ပြန်သုံးခွင့်ရလာသည်။ သို့သော် ခန္ဓာကိုယ်ထဲစိမ့်ဝင်လာသည့်အဆိပ်ကို ဖိနှိပ်ဖို့ သူ့စွမ်းအားတစ်ချို့ကို ခွဲသုံးထားရသည်။
သာမန်အခြေအနေဆိုလျှင် အချိန်ခဏအတွင်း ထိုအဆိပ်ကို သူစွန့်ထုတ်နိုင်သည်။ သို့သော် လုယန်တို့နှစ်ယောက်ကို သူ့ကို အချိန်ခဏပင်မပေး။
မုန်ကျင်းကျိုး တစ်ကိုယ်လုံး ကြေးဝါရောင်သန်းလာသည်။ တောင်ပေါ်မှဆင်းလာသည့် ကျားတစ်ကောင်လို အော်ဟစ်ကြုံးဝါးလိုက်သည်။
“ကောင်းကင်တုန်လက်သီးခြောက်ကွက်”
တတိယအကြီးအကဲထံမှ သူသင်ထားသည့် လျှို့ဝှက်ကျင့်စဉ်ဖြစ်သည်။ အခြေခံလောက်သာ လေ့လာရသေးသည်။
သူ့သွေးနှင့်စွမ်းအင်များ ရုန်းကြွလှုပ်ရှားလာသည်။ လက်သီးနှစ်ဘက်ကို ပြင်းထန်သည့်ပေါက်ကွဲအားဖြင့် ဆက်တိုက်လှုပ်ရှားသည်။ သခင်ချူးမျက်နှာဆီ မိုးကြိုးပစ်သလို တိုက်ခိုက်သည်။
ဒဏ်ရာရထားသော်လည်း ရွှေသန္ဓေနောက်ဆုံးအဆင့်ဖြစ်သည့် သခင်ချူးက သူ့လက်သီးချက်များကို လက်တစ်ဘက်တည်းဖြင့် ခုခံကာကွယ်သည်။
လုယန်က လုပ်ကြံရေးသမားကဲ့သို့ ချင်ဖုန်းဓားကိုင်၍ သခင်ချူးနောက်ဘက်တွင် အသံတိတ်ပေါ်လာသည်။ သခင်ချုးက လျှပ်စီးအမြန်နှုန်းဖြင့် နောက်ပြန်ကန်ထုတ်လိုက်သည်။ လုယန် နောက်တစ်ကြိမ် လွင့်ထွက်သွားပြန်သည်။
အရိုးရိုင်းက လုယန်ကို ဆီးဖမ်းပြီး တစ်ပတ်လွှဲယမ်း၍ တိုက်ပွဲထဲသို့ ပြန်ပစ်လွှင့်လိုက်သည်။
လုယန် လေထုကိုထိုးခွဲ၍ ချင်ဖုန်းဓားကို သခင်ချူးလည်ပင်းဆီသို့ ထိုးချိန်သည်။
သခင်ချူးက မုန်ကျင်းကျိုးကို လက်ဝါးဖြင့်ရိုက်ထုတ်သည်။ ထို့နောက် ခန္ဓာကိုယ်ကို နောက်ပြန်လှည့်ပြီး ဒူနှင့်တံတောင်ဖြင့် ချင်ဖုန်းဓားကို ညှပ်ဖမ်းသည်။
အရိုးရိုင်း ရှေးခေတ်အရိုင်းသွေးဆက်အနည်းငယ် လည်ပတ်လိုက်သည်။ သူ့ခန္ဓာကိုယ် ကြီးထွားလာသည်။ ကြွက်သားနှင့်အကြောများ ဖောင်းကားလာသည်။ ဆင်ရိုင်းတစ်ကောင်ကဲ့သို့ ပြင်းထန်သည့်အရှိန်ဖြင့် တရကြမ်းပြေးဝင်လာသည်။
သခင်ချူး လှောင်ပြုံးပြုံးသည်။ သူ့လိုရွှေသန္ဓေနောက်ဆုံးအဆင့်ကို ထိုလူသုံးယောက် ဘယ်လိုအနိုင်ယူနိုင်မည်နည်း။
အရိုးရိုင်းက သခင်ချူးနှင့် တိုက်မိခါနီးတွင် လက်ဝါးတစ်ဘက်ကို ဖျတ်ခနဲလှုပ်ရှားလိုက်သည်။ ချွန်ထက်သည့် ဝါးတုတ်များ သခင်ချူး၏မျက်လုံးဆီ ပြေးဝင်သွားသည်။
သခင်ချူးမျက်လုံးမှိတ်၍ ခေါင်းကိုလှည့်ပြီ ဝါးတုတ်များကိုရှောင်သည်။
ထိုစဉ် သူ့နောက်ဘက်မှ ဝါးတုတ်တစ်ု လွင့်ပျံလာပြန်သည်။ လေတိုးသံကြားသဖြင့် သခင်ချူး သူ့ရွှေသန္ဓေကို အသက်သွင်းသည်။ ရွှေရောင်အလင်းလွှာတစ်ခု သူ့ကိုယ်ပေါ်တွင်ပေါ်လာပြီး အလစ်တိုက်ခိုက်သည့် ဝါးတုတ်များကို ကာကွယ်ပေးသည်။
သူနောက်လှည့်ကြည့်သည်။ ဝါးတုတ်များကို လူတစ်ယောက်က ပစ်လွှတ်ခြင်းမဟုတ်။ မှော်စက်ဝန်းတစ်ခုက အော်တိုပစ်လွှတ်ခဲ့ခြင်းဖြစ်သည်။
လန်ထင် အစွမ်းကုန် အရှိန်မြှင့်ထားသည့် အော်တိုအသားကင်မှော်စက်ဝန်းဖြစ်သည်။
လုယန်ကို လန်ထင်က နောက်ကွယ်မှ ကူညီနေသဖြင့် သခင်ချူး စိတ်ဖိအားရုပ်ဖိအား နှစ်မျိုးလုံးခံစားလာရသည်။
“မင်းတို့အားလုံး သေရမယ်ကွ”
သခင်ချူး မှော်လက်စွပ်ထဲမှ တောက်ပသည့်အနီရောင်အလံတစ်ခုထုတ်လိုက်သည်။ သွေးထဲတွင်နှစ်ထားသည့်အလံဖြစ်သည်။ မကောင်းသည့်စွမ်းအင်ရောင်များ ထိုးထွက်နေသည်။ အလံပေါ်လာသည်နှင့် ပတ်ဝန်းကျင်အပူချိန် ထိုးကျသွားသည်။ လုယန်တို့အဖွဲ့ သရဲညည်းသံများ မသဲမကွဲကြားနေရသည်။
“ခင်ဗျား ကောင်းတဲ့လက်နက်လေးတွေသုံးလို့မရဘူးလား။ ဘာလို့ မသတီစရာပစ္စည်းတွေပဲ အမြဲတမ်းထုတ်နေတာလဲ”
လုယန် သွေးတစ်ချို့ ထွေးထုတ်လိုက်သည်။ သူ့ဓားရိပ်က နဂါးတစ်ကောင်လို လူးလွန့်လှုပ်ရှားနေသည်။ နည်းလမ်းတစ်ခုသုံး၍ မြေအောက်သို့ အမြန်ဝင်သွားသည်။ သခင်ချူး၏အောက်တည့်တည့်မှ ရုတ်တရက် ပေါ်လာသည်။
သခင်ချူး နောက်ဆုတ်လိုက်သည်။ ဓားနှင့်အလံ ရင်ဆိုင်တွေ့ပြီး သတ္တုရိုက်ခတ်သံတစ်ခု ပေါ်လာသည်။ လုယန်က ဓားကို နှေးလိုက်မြန်လိုက် ကစားနေသည်။ အလွန်တရာပေါ့ပါးသည်။
“ကောင်းကင်တုန်လက်သီးခြောက်ကွက်” ပြန်ပေါ်လာသည်။ မုန်ကျင်းကျိုး ဝင်ကူသည်။ လက်သီးချက်များက လျှပ်စီးလိုကျလာသည်။ အလံတိုင်အပေါ် လက်သီးလေးငါးချက်ထိပြီး သခင်ချူး အခြေယိုင်လုနီးပါးဖြစ်သွားသည်။
ကြီးမားသည့် သစ်ပင်များ ကောင်းကင်မှကျလာသည်။ အရိုးရိုင်းက အော်ဟစ်ကြုံးဝါးလျက် သစ်ပင်လုံးတစ်ခုဖြင့် သခင်ချူးကို ရိုက်ချသည်။
“မီးနဂါးမှောင်အဆောင်”
တောအုပ်ထဲမှ ပေါ့ပါးညင်သာသည့်အော်ဟစ်သံတစ်ခု ပေါ်လာသည်။ လန်ထင် သွေးကိုမင်အဖြစ်သုံးပြီး မှော်အဆောင်တစ်ခု အမြန်ရေးဆွဲလိုက်သည်။
အစွယ်နှင့်ခြေသည်းများ ငေါထွက်နေသည့် မီးနဂါးတစ်ကောင် လေထုကို မီးလောင်တိုက်သွင်းသည်။ အနီရောင်အလံကြောင့် ဖြစ်လာသည့် ခြောက်ခြားစရာလထုနှင့် ရောယှက်သွားသည်။
“နောက်တစ်ယောက်ရှိသေးတာပဲ”
သခင်ချူး အံတင်းတင်းကြိတ်လိုက်သည်။ ထိုသစ္စာဖောက်လုယန်က တကယ်သေချာပြင်ဆင်ထားသည်။
“လှိုင်းကိုတည်ငြိမ်အောင်ထိန်းမယ်”
သခင်ချူး အော်ဟစ်ကြုံးဝါးပြီး အလံတိုင်ကို တင်းတင်းဆုပ်ကိုင်၍ မြေပြင်ကို ရိုက်လိုက်သည်။ အသံလှိုင်းနှင့်လေလှိုင်း ဘေးပတ်လည်သို့ လိမ့်ထွက်သွားသည်။ တိုက်ခိုက်သူသုံးယောက် လွင့်ထွက်သွားပြီး မီးနဂါးလည်း ပျက်စီးသွားသည်။
သခင်ချူး ဒေါသအကြီးအကျယ်ထွက်၍ မျက်လုံးများနီရဲနေသည်။ လှေပျံ၏ထိချက်သာ မခံခဲ့ရလျှင်၊ ပြင်းထန်သည့်အဆိပ်ကို ထိန်းချုပ်ဖို့ ဝိညာဉ်စွမ်းအားကိုသာခွဲသုံးမထားရလျှင် ထိုမျှအခြေအနေဆိုးမည်မဟုတ်။
လေပေါ်သို့ခုန်တက်ပြီး အလံတိုင်ကို မြေပေါ်တွင်လဲကျနေသည့် အရိုးရိုင်းဆီ ပစ်လွှတ်လိုက်သည်။ အရိုးရိုင်း ရှောင်ရန်ကြိုးစားသည်။ သို့သော် နောက်ကျသွားသည်။ ခန္ဓာကိုယ်တစ်ခြမ်းသာ လှုပ်ရှားလိုက်နိုင်သည်။ အလံတိုင်က သူ့ပုခုံးသားကို ဖောက်ထွက်သွားသည်။
သူ့သွားကြားမှ သွေးများထွက်လာသည်။ သို့သော် လုံးဝအော်ညည်းခြင်းမရှိ။
ရှေးခေတ်အရိုင်းမျိုးနွယ်တို့သည် နာကျင်မှုနှင့် သေခြင်းတရားကို မကြောက်။
သခင်ချူး ရပ်မနေဘဲ အရိုးရိုင်း၏ဦးခေါင်းကို ခြေထောက်ဖြင့် ကြိတ်ချေရန် ကြိုးစားသည်။ မုန်ကျင်းကျိုးက ထိုအခွင့်အရေးကို အသုံးချ၍ မှော်လက်နက်တစ်ခုပစ်လွှတ်ပြီး ဒေါသတကြီးအော်ဟစ်လိုက်သည်။ သခင်ချူး အခြေပျက်ပြီး လေထဲတွင် လွင့်ပျံသွားသည်။ အလံတိုင်ဖြင့် မြေပြင်သို့ ထိုးစိုက်ခံထားရသည့်အရိုးရိုင်း အန္တရာယ်မှ လွတ်မြောက်သွားသည်။
မုန်ကျင်းကျိုးထံတွင် ရတနာများစွာရှိသည်။ သို့သော် ထိုရတနာများက အဆင့်မြင့်လွန်းသည်။ အသက်သွင်း၍ အသုံးချနိုင်ဖို့မလွယ်။
သခင်ချူး ကျောက်ဆောင်တစ်ခု ကန်ထုတ်လိုက်သည်။ အလံကိုဆွဲထုတ်နေသည့် မုန်ကျင်းကျိုးဆီ လွင့်ပျံလာပြီး ခြေထောက်ကို ဖြတ်တိုက်သွားသည်။
ချင်ဖုန်းဓားက သခင်ချူးရှေ့တည့်တည့်တွင်ပေါ်လာပြီး အလံတိုင်ကို ရိုက်ထုတ်လိုက်သည်။ လုယန်နှင့်သခင်ချူး နောက်တစ်ကြိမ် ရင်ဆိုင်တိုက်ခိုက်ကြသည်။
မှော်ပညာကျွမ်းကျင်မှုကို လုယန် လက်တွေ့သရုပ်ပြသည်။ သခင်ချုး၏တိုက်ခိုက်မှု ထိခါနီးတိုင်း သူခန္ဓာကိုယ် ပို၍ပို၍သေးငယ်သွားသည်။ သခင်ချူး အကြီးအကျယ် ဒေါသထွက်သည်။
မုန်ကျင်းကျိုးနှင့်အရိုးရိုင်းတို့ ပြန်ပူးပေါင်း၍ နောက်တစ်ကြိမ်တိုက်ခိုက်ကြသည်။ လန်ထင်ကလ လက်နှစ်ဘက်မှမှော်အဆောင်များကို တစ်ပြိုင်တည်းပစ်လွှတ်သည်။ ရေနဂါးနှင့်မီးနဂါး လူးလွန့်ယှက်လိမ်ပြီး သခင်ချူးဆီ တိုးဝင်လာသည်။
သခင်ချူး ထိုသို့အရှက်ခွဲခံနေရသည်ကို သည်းမခံနိုင်တော့။ အလံတိုင်ကို မြေကြီးထဲသို့ ထိုးစိုက်လိုက်သည်။ အလံက ပင်လယ်လှိုင်းများကဲ့သို့ တဖျတ်ဖျတ်လှုပ်ခါနေသည်။ အလံထဲမှ သရဲညည်းသံ ဝံပုလွေအူသံများ ထွက်လာပြီး အားလုံး၏စိတ်အာရုံကို နှောက်ယှက်သည်။
“သရဲကပ်ဆိုး”
သရဲညည်းသံများက ထူးဆန်းသည့် မှော်စွမ်းအင်တစ်မျိုးပါသည်။ လုယန်တို့လေးယောက် နေရာတွင် မလှုပ်မယှက်ဖြစ်သွားသည်။ သရဲများသူတို့ခန္ဓာကိုယ်ကို ရစ်ပတ်ထားသလို ခံစားရသည်။ လုံးဝမလှုပ်ရှားနိုင်ကြ။
မုန်ကျင်းကျိုး စိတ်ပူနေသည်။ ထိုအဖြစ်သည် အာရုံထင်မှားမှုဖြစ်ကြောင်း အားလုံးကိုလှမ်းအော်ပြောချင်သည်။ သို့သော် သူမလှုပ်နိုင်။ စကားလည်မပြောနိုင်။
သခင်ချူး အေးစက်စက်ရယ်မောလိုက်သည်။ သူ့နောက်ဆုံးဝှက်ဖဲကို စိတ်မပါ့တပါ ထုတ်သုံးလိုက်သည်။ သူ့စွမ်းရည်များက ဈေးပေါ်သလိုဖြစ်နေသည်။ လုယန်တို့လေးယောက်က အတင်းဖိနှိပ်သဖြင့် သူ့ဝှက်ဖဲကို ဝှက်မထားနိုင်တော့။ သူ့သိက္ခာပြန်ဆယ်ရန် အားလုံးကိုသတ်ဖို့ ဆုံးဖြတ်လိုက်သည်။
“ချိုးဖျက်စမ်း”
ချန်ဖုန်းဓားက လျှပ်စီးလို ကောင်းကင်မှကျလာသည်။ ဘာမှမတုံ့ပြန်နိုင်မီ သူ့ဦးခေါင်းကို ထိုးဖောက်သွားသည်။
သခင်ချူး လုယန်ကို မယုံကြည်နိုင်ဟန်ဖြင့် ကြည့်နေသည်။ လုယန်၏မျက်လုံးများ ကြည်လင်နေပြီး နှုတ်ခမ်းထောင့်တွင် လှောင်ပြုံးရိပ်သန်းနေသည်။ ပုံရိပ်ယောင်က သူ့အပေါ် လုံးဝသက်ရောက်မှုမရှိ။
“မင်း...မင်းဘာလို့ လှုပ်ရှားနိုင်တာလဲ....မဖြစ်နိုင်ဘူး”
သခင်ချူး နောက်ပြန်လဲကျသွားသည်။ ဒွရခုနစ်ပေါက်မှ သွေးများယိုစီးကျလာသည်။
သူ့ကျင့်စဉ်စွမ်းအင်ဗဟိုချက်(ဒန်ထန်)ကို လုယန် နောက်ထပ် ဓားတစ်ချက်ထိုးသည်။ ရွှေသန္ဓေကိုဖျက်ဆီး၍ အသေသတ်လိုက်သည်။ သေသည့်လူကို ရှင်းပြနေဖို့ သူစိတ်မဝင်စား။ ယွမ်ကျိ၏လမ်းညွှန်မှုဖြင့် သူဖန်တီးခဲ့သည့် “နှလုံးနှင့်သဘာဝဉာဏ်အလင်းကျင်စဉ်”ကို သုံးခဲ့ခြင်းဖြစ်သည်။ ထိုကျင့်စဉ်သည် လူတစ်ယောက်၏ စိတ်နှလုံးအစစ်ကို ထိန်းပေးပြီး အရာအားလုံး၏သန္ဓေကို ခွဲခြားနိုင်စွမ်းရှိသည်။
ကျင့်စဉ်အဆင့်နိမ်းသေးသဖြင့် အရာဝတ္ထုတို့၏ သန္ဓေကို သူမခွဲခြားနိုင်သေး။ သို့သော် အဆင့်မြင့်ကျင့်ကြံသူတို့ လှည့်စားသည့် ပုံရိပ်ယောင်များ အိပ်မက်များထဲ မကျအောင်တော့ သူထိန်းထားနိုင်သည်။
........
ထာဝရဂိုဏ်းမှဂိုဏ်းအုပ် တာဝန်အမျိုးမျိုးကြောင့် နောက်ကျနေသည်။ အိမ်နီးချင်းကောင်တီမှ လာခဲ့ခြင်းဖြစ်သည်။ စုန့်တောင်တန်းကိုကျော်၍ တိုက်ပွဲနယ်မြေအစွန်သို့ရောက်ချိန်တွင် လုယန်က သခင်ချူးကို ဓားဖြင့်အသေထိုးသတ်လိုက်သည်ကို သူမြင်ရသည်။
သခင်ချူးပြောခဲ့သည့်စကားများကို သူပြန်သတိရလာသည်။
“ကျုပ်ခင်ဗျားကို “အံ့ဩစရာ”တစ်ခု ပြစရာရှိတယ်။ ...ဂိုဏ်းဝင်သစ်လုယန်ဟာ တကယ့်ရှားပါးပါရမီရှင်ပဲ။ နွေဦးပွဲတော်ရက်အတွင်းမှာ ထင်ရှားလာလောက်တယ်”
“ရှောင်ချူးပြောတဲ့ “အံ့ဩစရာ”ဆိုတာ ဒါကိုပြောတာလား”
နှစ်ရာချီ ဖြတ်သန်းခဲ့သည့်တိုင် ထို”အံ့ဩစရာ”မျိုး သူတစ်ခါမှမကြုံဖူးခဲ့။
**************************************************