ပေါက်တတ်ကရများပြောလာသည်
Vol. 7 Ch. 101
ထန်ယွမ်ရှန်း။ အမျိုးသား။ ၁၀၂ နှစ်။ နတ်ဝိညာဉ်အဆင့်။
ထာဝရဂိုဏ်း၏ လက်ရှိဂိုဏ်းအုပ်ရာထူးကို ယူထားသူဖြစ်သည်။
သခင်ချူးက စောစောလာရန် သတင်းပို့သဖြင့် သူစောစောလာခဲ့သည်။ ယန်ကျင်းနှင့် တောင်တန်းတစ်ခုသာချားသည့် ချင်ဟွေ့ကောင်တီသို့ စရောက်သည်။
“ဒီတောင်ကိုကျော်ရင် ရှောင်ချူးပြောတဲ့နေရာကို ရောက်မှာပဲ”
“ဟာ..ဒါက ဘာစွမ်းအင်ရောင်လဲဟ”
ထန်ယွမ်ရှန်း ထူးဆန်းသည့် စွမ်းအင်ရောင်လှုပ်ရှားမှုကို အာရုံခံမိသည်။
အာရုံအတိုင်း လိုက်သွားပြီးနောက် တည်းခိုခန်းမှ မြင်းဇောင်းတစ်ခုကိုတွေ့သည်။ မြင်းဇောင်းထဲတွင် နဖူး၌နဂါးကြေးခွံများပါသည့် မြင်းအိုတစ်ကောင် အညိုရောင်မြင်းမတစ်ကောင်နှင့် လည်ချင်းယှက်နေသည်ကို တွေ့ရသည်။ အတော်ချစ်ခင်ရင်းနှီးနေကြဟန်ရှိသည်။
မြင်းဇောင်းထိန်းကောင်လေးက အကောင်းစားမြင်းစာတစ်ထုပ်ယူလာပြီး မြင်းစာခေါင်းထဲထည့်သည်။ သို့သော် မြင်းအိုက ထိုအစာကို ရွံရှာဟန်ဖြင် တစ်ချက်သာလှမ်းကြည့်သည်။ လုံးဝမစား။
မြင်းအို၏အမူအရာကိုကြည့်၍ ကောင်လေးက မကြားတစ်ကြားရေရွတ်သည်။
“မြင်းဖြူထွက်သွားတာ မကြာသေးဘူး။ နောက်ထပ်အသစ်တစ်ယောက်ရတာ မြန်လှချည်လား”
မြင်းအိုက လူစကားနားလည်ဟန်ဖြင့် သူ့ကိုစိုက်ကြည့်သည်။ နယ်ခြားသားရဲကို ထပ်မစော်ကားရဲတော့သဖြင့် ကောင်လေး ချက်ချင်းထွက်ပြေးသည်။
မြင်းအိုပိုင်ရှင် ကြိုဝယ်ပေးထားခဲ့သည့် အဆင့်မြင့်မြင်းစာ ကုန်သွားသည်မှာ အတော်ကြာပြီဖြစ်သည်။ မြင်းပိုင်ရှင်ကို အရိပ်အရောင်မမြင်ရသေး။ တစ်ခုခု ဖြစ်နေသည် သို့မဟုတ် သေသွားသည်ဟု တည်းခိုခန်းပိုင်ရှင်က သုံးသပ်သည်။ မြင်းပိုင်ရှင်က စုန့်တောင်တန်းပေါ် တက်သါားသောကြောင့်ဖြစ်သည်။
အဆင့်မြင့်မြင်းစာမရှိတော့သဖြင့် မြင်းထိန်းကောင်လေးကို တစ်ခြားမြင်းစာများသာ ကျွေးခိုင်းရသည်။ မြင်းပိုင်ရှင်ပေါ်မလာလျှင် အစာဖိုးကာမိစေရန် ထိုမြင်းကို အသုံးချဖို့ ရည်ရွယ်ထားသည်။ သို့သော် မြင်းအိုက သူတို့အစာကို အနံ့ပင်မခံ။ လုံးဝမစား။ ယခု တစ်လကြာပြီဖြစ်သည်။
တည်းခိုခန်းပိုင်ရှင် ကြက်သီးထလာသည်။ ဤမြင်းအိုသည် သာမန်မျိုးစပ်သားရဲမဟုတ်။ အစားရှောင့်သည့်အဆင့်သို့ ရောက်နေသည့် အဆင့်မြင့်နတ်ဆိုးသားရဲဖြစ်ကြောင်း သူနားလည်လာသည်။
မျိုးစပ်သားရဲဆိုသည်မှာ နတ်ဆိုးသားရဲနှင့် သားရဲအရိုင်းကြားမှ မျိုးစိပ်တစ်ခုဖြစ်သည်။ နတ်ဆိုးသားရဲသွေးဆက်ရှိသည်။ သို့သော် သွေးဆက်က မသန့်စင်။ သွေးဆက်စွမ်းအား နှိုးဆွနိုင်စွမ်းမရှိ။ အကြေးခွံ၊ အမွှေး၊ ဦးချို စသည့် ဗီဇသွင်ပြင်တစ်ချို့တော့ရှိသည်။ ခန္ဓာကိုယ်က သားရဲအရိုင်းများထက် သန်မာသည်။ သို့သော် အတိုင်းအတာတစ်ခုထိသာဖြစ်သည်။
ထိုမြင်းအိုကိုတွေ့သဖြင့် ထန်ယွမ်ရှန်း ပျော်ရွှင်သွားသည်။ သွေးဆက်သန့်စင်သည်မသန့်စင်သည် သေချာမသိသော်လည်း ရှားပါးမြင်းနဂါးဖြစ်သည်။
“အရှေ့ပင်လယ်ပိုင်းကိုသာ ငါသွားမလည်ဖြစ်ခဲ့ရင် ဒီမြင်းကို ငါခွဲခြားသိမှာမဟုတ်ဘူး”
ထန်ယွမ်ရှန်း အတော်စိတ်လှုပ်ရှားနေသည်။ မမျှော်လင့်ဘဲ ကံထူးခြင်းဖြစ်သည်။
မြင်းနဂါးများသည် အလွန်တရာရှားပါးသည်။ လူသူအရောက်အပေါက်နည်းသည့် ကောင်တီတစ်ခုတွင် တွေ့သည်မှာ မြင်းပိုင်ရှင်က သူ့တန်ဖိုးကို မသိ၍သာဖြစ်မည်။ မြင်းနဂါးသွေးဆက် မနိုးထသေး၍ ယခုလို စုတ်ပြတ်သည့်နေရာသို့ ရောက်နေခြင်းဖြစ်မည်။
“နတ်ဝိညာဉ်အဆင့်ကို ရောက်ပြီးပေမယ့် ငါ့မှာစီးစရာသားရဲ မရှိခဲ့ဘူး။ ငါ့ယုံကြည်ကိုးကွယ်မှုကြောင့် ထာဝအရှင်က ငါ့ကိုလက်ဆောင်ပေးလိုက်တာဖြစ်မယ်”
ထာဝရအရှင်ကို ခဏဆုတောင်းပူဇော်ပြီးနောက် ထန်ယွမ်ရှန်း မြင်းစောင်းထဲသို့ ခုန်ဝင်လိုက်သည်။
မြင်းအိုက သူ့ကိုလှည့်ကြည့်သည်။ သို့သော် အရေးမစိုက်ဘဲ မြင်းမနှင့် ဆက်၍ပလူးပလဲလုပ်နေသည်။
“သနားစရာကောင်းတဲ့မြင်းနဂါး။ ကိုယ့်မြင့်မြတ်မှုကိုမသိဘဲ သေမျိုးမြင်းမတစ်ကောင်နဲ့ ချစ်ကျွမ်းဝင်နေတယ်။ ငါနဲ့လိုက်ခဲ့ပါ၊ မင်းဘယ်လောက်စွမ်းအားကြီးသလဲဆိုတာ ငါသက်သေပြပေးမယ်”
ထန်ယွမ်ရှန်း မြင်းကိုခေါ်သွားရန် လက်ကိုဆန့်တန်းလိုက်သည်။ မြင်းအိုက နောင်ပြန်စုံကန်လိုက်သည်။ ထန်ယွမ်ရှန်း လက်ကျိုးသွားသည်။ ရင်ဘတ်ထဲတွင် တင်းကျပ်လာပြီး သွေးတစ်ပွက်အန်ထွက်လာသည်။ သူ့စွမ်းအင်ရောင် ချက်ချင်းအားနည်းသွားသည်။
မြင်းအိုကို ထိတ်လန့်စွာ သူကြည့်လိုက်သည်။ စိတ်လှုပ်ရှားမှုကို အဆုံးစမဲ့အကြောက်တရားများ အစားထိုးဝင်လာပြီး လှည့်ထွက်ပြေးသည်။
သေမျိုးလောကထဲတွင် အဆင့်မြင့်စွမ်းအားရှင်တစ်ယောက် လှည့်ပတ်သွားလာနေခြင်းဖြစ်မည်။ ထို့ကြောင့်သာ မြင်းနဂါးကို သာမန်မြင်းတစ်ကောင်လို မြင်းဇောင်းထဲ ထည့်ထားခြင်းဖြစ်မည်။
ခုနက သူ့လုပ်ရပ်များကို ထိုစွမ်းအားရှင်မသိအောင် ဖုံးကွယ်ထားနိုင်မည်မဟုတ်။ သူအမြန်ထွက်ပြေးသည်။ သူ့မသိမိုက်မဲမှုအတွက် ထိုစွမ်းအားရှင် ခွင့်လွှတ်ပေးပါစေဟု ဆုတောင်းနေသည်။
မြင်းအိုက ဝင့်ကြွားသည့်လေသံဖြင့် တစ်ချက်ဟီလိုက်သည်။ မြင်းမကို သူ့အစွမ်း ကြွားလုံးထုတ်နေသည်။
ထန်ယွမ်ရှန်း အတော်ကြာအောင်ပြေးပြီးနောက် ဘယ်သူမှလိုက်မလာကြောင်း သတိထားမိသည်။ ထိုစွမ်းအားရှင်က သူ့လုပ်ရပ်ကို အရေးစိုက်ပုံမပေါ်။
“ဝေါ့”
နောက်ထပ်သွေးတစ်ပွက် အန်ထုတ်ပြီးနောက် လုံခြုံသည့်နေရာတစ်ခုရှာ၍ ကျင့်ကြံမှု စလုပ်သည်။ ဒဏ်ရာသက်သာစေရန် ဆေးလုံးများစားသည်။
ခွာချက်နှစ်ချက်ကြောင့် သူ့အသက်ဓာတ် အပြင်းအထန်ထိခိုက်သွားသည်။
သူမျက်လုံးပြန်ဖွင့်ချိန်တွင် တောင်တန်းတစ်ဘက်မှ ကျယ်လောင်သည့်အသံတစ်ခု ကြားလိုက်ရသည်။ ကြီးမားသည့်အရာတစ်ခု ပြုတ်ကျသည့်အသံမျိုးဖြစ်သည်။
“ညရောက်နေပြီလား”
မှောင်မည်းနေသည့်ကောင်းကင်ကိုကြည့်၍ သူအံ့ဩသွားသည်။ သူ့ဒဏ်ရာကုစားဖို့ တစ်နေ့လုံး အချိန်ကုန်သွားသည်။
နည်းနည်းသက်သာလာပြီး အသက်အန္တရာယ်မရှိတော့သဖြင့် စုန့်တောင်တန်းကိုဖြတ်၍ အသံကြားသည့်နရာသို့ သွားသည်။ သခင်ချူးကို လုယန်က ဓားဖြင့်အသေထိုးသတ်လိုက်သည်ကို မြင်ရသည်။
“ရှောင်ချူးပြောတဲ့ အံ့ဩစရာဆိုတာ ဒါလား”
ထိုအံ့ဩစရာက ကောင်းသလား ဆိုးသလား ခွဲခြားဖို့ခက်လှသည်။ သူအတော်လေး အံ့ဩနေသည်။
ဤနေရာသို့မလာမီ ထာဝရဂိုဏ်း အထက်ပုဂ္ဂိုလ်များက လုယန်၊ မုန်ကျင်းကျိုးနှင့် အရိုးရိုင်းတို့၏ ပုံတူများကိုပြ၍ သေချာစောင့်ကြည့်ဖို့ သူ့ကို ညွှန်ကြားလိုက်သည်။
ယခု သူသေချာစောင့်ကြည့်ရတော့မည်။
“ခင်ဗျားဘယ်သူလဲ”
လုယန် ဓားကိုအသင့်ကိုင်ထားပြီး ထန်ယွမ်ရှန်းကို လှမ်းကြည့်သည်။
ထန်ယွမ်ရှင်း လုယန်ကို အပြုံးမဟုတ်သည့်အပြုံးဖြင့် ကြည့်နေသည်။
“လုယန်၊ မင်းကငါ့ကို ဓားနဲ့ချိန်ရဲတယ်ပေါ့။ ငါက ထာဝရဂိုဏ်းရဲ့ ဂိုဏ်းအုပ် ထန်ယွမ်ရှန်းပါ”
သူ့သရုပ်မှန်ကိုသိသည်နှင့် လုယန်က လန်ထင်ကို အမြန်ထွက်သွားရန် အချက်ပေးလိုက်သည်။ လန်ထင်ရှိနေလျှင် အခြေအနေကို ရှင်းပြရခက်မည်။
“ဪ၊ ဂိုဏ်းအုပ်ထန်လား”
လုယန် ပို၍ယဉ်ကျေးလာသည်။ သို့သော် သံသယမကင်းသေး။ ထန်ယွမ်ရှန်အစစ်ဟု အပြည့်အဝမယုံကြည်သေး။
ထန်ယွမ်ရှန်းက ဆက်ရှင်းပြမနေတော့ဘဲ လုယန်ကိုမေးသည်။
“မင်းဘာလို့ လီရှို့ယီကို သတ်လိုက်တာလဲ”
လီရှို့ယီသည် ကောင်တီနယ်စား သို့မဟုတ် သခင်ချူး၏ နာမည်ရင်းဖြစ်သည်။ ထန်ယွမ်ရှန်းက သူ့ကို ရှောင်ချူးဟုသာခေါ်သည်။
လုယန်အလေးအနက်မျက်နှာဖြင့် ပြန်ဖြေသည်။
“ထာဝရဂိုဏ်းသားဆိုတဲ့ သူ့သရုပ်မှန် ပေါ်လာတော့မှာမို့ပါ”
“ဪ”
လုယန်ကို ထန်ယွမ်ရှန်း စိတ်ဝင်တစားကြည့်နေသည်။ ဆက်ရှင်းပြမည့်စကားကို စောင့်နေသည်။
ထိုစဉ် ရုတ်တရက် တောင်ခြေမှ ဆူဆူညံညံအသံများ ပေါ်လာသည်။ လှေပျံကျသည့်ကိစ္စစုံစမ်းရန် ဖန်ချင်းယွမ်တို့လူစု ရောက်လာခြင်းဖြစ်သည်။ လူကယ်တင်ဖို့ သမားတော်များလည်း ပါလာသည်။
“ဒီနေရာက အရင်ထွက်သွားကြတာပေါ့”
အားနည်းနေသည့်အချိန်တွင် အရာရှိများနှင့် ထန်ယွမ်ရှန်း ရင်မဆိုင်ချင်။ အင်္ကျီလက်ကိုဝှေ့ယမ်း၍ လုယန်တို့သုံးယောက်ကို ခေါ်ထုတ်သွားသည်။
ယန်ကျန်းကောင်တီတွင် စိတ်အချရဆုံးနေရာဖြစ်သည့် ယန်ကျန်းဂိုဏ်းခွဲသို့ ခေါ်သွားသည်။
“ကဲ၊ ပြောစမ်းပါဦး။ လီရှိုယီသရုပ်မှန်က ဘယ်လိုပေါ်သွးတာလဲ။ သူက လှုပ်ရှားတဲ့နေရာမှာ အတော်သေသပ်တဲ့လူပါ”
အသက်စုပ်ယူမှော်စက်ဝန်းအကြောင်း လုယန် အားလုံးရှင်းပြသည်။
“သခင်ချုး...အဲ...နယ်စားလီရဲ့အစီအစဉ်က အတော်ကောင်းပါတယ်။ အရင်ဆုံး ယိကျန်ဟုန်ကို ဓားစားခံလုပ်တယ်။ ပြီးတော့ မှော်စက်ဝန်းကို တိတ်တဆိတ် အစီအစဉ်ချတယ်။ နောက်ပိုင်းမှာ အလံငယ်တွေကို ဖျက်ဆီးလိုက်တာနဲ့ ခြေရာလက်ရာ ကျန်မှာမဟုတ်ပါဘူး”
ထန်ယွမ်ရှန်း ခေါင်းငြိမ့်သည်။ လီရှိုယီသည် အမြဲတမ်း သတိထားသည်။ မှော်စက်ဝန်းအသုံးချမည့်အစီအစဉ်ကလည်း ဟာကွက်မရှိ။
“ဒါပေမယ့် ထင်မထားတဲ့ကိစ္စတစ်ခု ဖြစ်သွားတယ်။ ကျုပ်တို့သုံးယောက်က ဒီမှာ အသားကင်ဆိုင်တစ်ဆိုင် ဖွင့်ထားတယ်။ နယ်မြေသတင်းတွေ စုဆောင်းဖို့ အကောင်းဆုံးနေရာပါ။ အဲဒီမှာ လသံလွင်မသေမျိုးနန်းတော်က တပည့်တစ်ယောက် ဖြတ်သွားတာကို ကျုပ်တို့သတိထားမိတယ်။ သူကမှော်စက်ဝန်းပညာကျွမ်းကျင်ပုံပဲ။ အလံငယ်တွေပေါ်မှာ အသက်စုပ်ယူမှော်အဆောင်တွေရှိနေတာကို သူသိသွားတယ်။
မသေမျိုးဂိုဏ်းကြီးငါးဂိုဏ်းကတပည့်တွေကို သွားထိလို့မရဘူးလေ။ နယ်စားလီရဲ့ကိစ္စကြောင့် ထာဝရဂိုဏ်းတစ်ခုလုံး ဒုက္ခရောက်သွားနိုင်တယ်။ ကျုပ်တို့က သူ့ကို ရှောင်ပုန်းနေဖို့ အကြံပေးပါတယ်။ ဒါပမယ့် သူက မှော်စက်ဝန်းနဲ့ နတ်ဝိညာဉ်အဆင့်တက်ဖို့ အရေးကြီးတဲ့အချိန်ရောက်နေလို့ လုံးဝမရှောင်ပုန်းနိုင်ဘူးတဲ့။ ဒါကြောင့် ရွေးစရာမရှိတော့လို့ ရှားနိုင်ငံအရာရှိတွေ သူ့ကိုမဖမ်းမိခင် နောင်ရေးရှင်းအောင် သူ့ကိုသုတ်သင်လိုက်တာပါ။
ခုနကရောက်လာတဲ့အရာရှိတွေကို ဂိုဏ်းအုပ်ထန်လည်း သတိထားမိတယ်မဟုတ်လား။ သူတို့ခေါင်းဆောင်က အရာရှိချုပ် ဖန်ချင်းယွမ်ပါ။ မှော်စက်ဝန်းကိုတားဆီးပြီး နယ်စားလီကိုဖမ်းကို လူတွေအများကြီး သူခေါ်လာတာလေ”
ထန်ယွမ်ရှန်း ခေါင်းငြိမ့်သည်။ လုယန်တို့လုပ်ရပ်မှန်သည်ဟု သူယုံကြည်သည်။ ယန်ကျန်းတွင် လသံလွင်နန်းတော်တပည့်တစ်ယောက် ရှိနေသည့်ကိစ္စကို စုံစမ်းကြည့်လျှင် သိနိုင်သည်။ လီရှုံ့ယီကလည်း နတ်ဝိညာဉ်အဆင့်သို့ တကယ်တက်ချင်နေသည်။
ပုံမှန်အားဖြင့် ဂိုဏ်းခွဲသခင်များသည် နတ်ဝိညာဉ်အဆင့်များဖြစ်သည်။ ယန်ကျန်းက ကောင်တီငယ်လေးဖြစ်၍ ဂိုဏ်းခွဲသခင်က ရွှေသန္ဓေအဆင့်သာရှိသည်။ ပို၍ဖွံ့ဖြိုးတိုးတက်သည့်နယ်မြေတစ်ခုကို လီရှို့ယီ ဂိုဏ်းသခင်ရာထူးဖြင့် ပြောင်းရွှေ့ချင်သည်။ ထို့ကြောင့် ယခုချိန်တွင် နတ်ဝိညာဉ်အဆင့်သို့ မဖြစ်မနေတက်ရမည်။
အစိုးရပိုင်းရာထူးအတွက်လည်း ထိုနည်းတူပင်ဖြစ်သည်။ လုံလောက်သည့်ကျင့်စဉ်အဆင့်မရှိလျှင် ရာထူးတိုးကိစ္စက အခက်အခဲများစွာကြုံရမည်။
လုယန်၏ဇာတ်လမ်းကိုနားထောင်ရင်း အရိုးရိုင်း အတော်အံ့အားသင့်နေသည်။ သူတို့မူလအစီအစဉ်က သခင်ချူးကို သတ်ဖြတ်ပြီးလျှင် ထန်ယွမ်ရှန်းနှင့်တွေ့ဆုံဖို့ မပါဝင်။ လူသတ်သည့် အကြောင်းပြချက်ကိုလည်း ကြိုတင်မစဉ်းစားခဲ့ကြ။ လုယန်က လံကြုတ်ဇာတ်လမ်းကို လက်တမ်းဖန်တီးလိုက်ခြင်းဖြစ်သည်။
မုန်ကျင်းကျိုးက လုယန်ကို မသိမသာ လက်မထောင်ပြသည်။ လုယန်၏အကြောင်းပြချက်က သူစိတ်ကူးထားသည်နှင့် သိပ်မကွာလှ။
**************************************************