← Chapters

ဂိုဏ်းသူလျှိုလုပ်ပါ

Vol. 7 Ch. 102

ဂိုဏ်းသူလျှိုလုပ်ပါ

Vol. 7 Ch. 102

“အခု လီရှို့ယီသေပြီ။ သူ့ရာထူးတိုးကိစ္စကို ထပ်စဉ်းစားစရာမလိုတော့ဘူး။ အစိုးရပိုင်းက သူ့သရုပ်မှန်ပေါ်အခြေခံပြီး ဒီနယ်များ နတ်ဆိုးဂိုဏ်းတစ်ခုရှိနေတာကို သံသယဝင်နိုင်တယ်။ ဒီကလူအားလုံး ခဏကိုယ်ရောင်ဖျောက်နေမှဖြစ်မယ်”

ထန်ယွမ်ရှန်း ချက်ချင်းဆုံးဖြတ်ချက်ချသည်။ အောက်ခြေမှတစ်ဆင့်ချင်းတက်လာသူဖြစ်၍ ဆုံးဖြတ်ချက် မြန်ဆန်သည်။

“မင်းတို့သုံးယောက်ရဲ့ ဂိုဏ်းတံဆိပ်တွေ ထုတ်လိုက်ပါ”

လုယန်တို့သုံးယောက် ဂိုဏ်းထိန်းတံဆိပ်များ ထုတ်ပေးသည်။ ထန်ယွမ်ရှန်းက ထာဝရအရှင်ရုပ်ထုရှေ့သို့သွားပြီး သုံးကြိမ်ဂါရဝပြုသည်။ ထို့နောက် လက်တစ်ဘက်ဝှေ့ယမ်းလိုက်သည်။ ရွှေရောင်အလင်းတစ်ခုထွက်လာသည်။ နှုတ်မှ မသဲမကွဲစကားလုံးတစ်ချို့ ခပ်မြန်မြန်ရွတ်ဆိုနေသည်။

တံဆိပ်များကို လက်ဖြင့်ပွတ်လိုက်သည်။ “ဂိုဏ်းထိန်း”ဟူသည့်စာလုံးက “ဂိုဏ်းသခင်”ဟု ပြောင်းသွားသည်။

ဂိုဏ်းအုပ်တစ်ယောက်ဖြစ်၍ ဂိုဏ်းသခင်များအပါအဝင် ဂိုဏ်းသားများ၏ ရာထူးအတိုးအလျှော့ စီစဉ်ပိုင်ခွင့် သူရထားသည်။

လုယန်တို့ကို ဂိုဏ်းသခင်ရာထူးပေးခြင်းသည် သူ့စိတ်ကူးမဟုတ်။ အထက်က ညွှန်ကြားထားခြင်းဖြစ်သည်။ ဘယ်အထက်ပုဂ္ဂိုလ်မှန်းတော့ သူသေချာမသိ။ ဒုဂိုဏ်းချုပ် သို့မဟုတ် ထိုထက်မြင့်သည့်ပုဂ္ဂိုလ်က ဆုံးဖြတ်ခဲ့သည်ဟု သူကြားထားသည်။ သူက အမိန့်အတိုင်း‌ဆောင်ရွက်ရုံသာဖြစ်သည်။

“ကျုပ်တို့ ဘယ်ကောင်တီမှာ ဂိုဏ်းသခင်လုပ်ရမှာလဲ”

မုန်ကျင်းကျိုးက သူ့စွမ်းဆောင်ရည်ကိုပြရန် စိတ်အားထက်သန်နေပုံရသည်။

ထန်ယွမ်ရှန်း ခေါင်းခါသည်။

“မင်းဘာတွေလျှောက်တွေးနေတာလဲ။ မင်းတို့က အခုမှ အခြေတည်အစောပိုင်းအဆင့်ပဲ ရှိသေးတယ်။ ဂိုဏ်းသခင်အဖြစ် ဘယ်သူက လေးစားမှာလဲ။ ယန်ကျန်းလိုနေရာမျိုးမှာတောင် အဆင်မပြေနိုင်ဘူး။ ယန်ကျန်းကောင်တီကို ဂိုဏ်းသခင်တစ်ယောက် အစားထိုးလွှတ်မှာပါ။ ဒီကိစ္စကို မင်းတို့စိတ်ပူစရာမလိုဘူး”

“ဒါဆို ကျုပ်တို့ရဲ့ ဂိုဏ်းသခင်ရာထူးကဘာလဲ”

“မင်းတို့ကို ဂိုဏ်းသခင်ခန့်တာ ငါ့စိတ်ကူးမဟုတ်ဘူး။ အထက်က ဆုံးဖြတ်တာ။ သူတို့ကမင်းကို ဂိုဏ်းသခင်အဆင့်ကို တိုးပေးတာ။ ရာထူးပဲပေးတာ။ နေရာကိုပေးတာမဟုတ်ဘူး။ ဒီလိုအဆင့်တိုးလာတဲ့အတွက် ဂိုဏ်းသခင်တွေပဲရတဲ့ အခွင့်အရေးအတော်များများ မင်းတို့ရလာမယ်။ အချုပ်အချယ် ပိုနည်းသွားမယ်။ အထက်လူကြီးတွေက မင်းတို့ကို လျှို့ဝှက်တာဝန်တစ်ခု ပေးလိုက်တယ်။ ဒီကိစ္စ ငါတို့လေးယောက်ကလွဲလို တစ်ခြားလူကို ထုတ်မပြောရဘူး”

လုယန်တို့ ခါးမတ်လျက် ညွှန်ကြားချက်ကို စောင့်နေသည်။

“တာအိုဂိုဏ်းကို နည်းလမ်းတစ်ခုရှာပြီး ခိုးဝင်ဖို့ အထက်က မင်းတို့ကို တစ်နှစ်အချိန်ပေးလိုက်တယ်။ ကြားခံဆက်သွယ်ရမဲ့လူက ငါပဲ”

လုယန်တို့ ခဏမင်သက်မိသွားကြသည်။

ထန်ယွမ်ရှန်း လက်ဝှေ့ယမ်းပြသည်။

“ဒီတာဝန်က အတော်လေးခက်ခဲမယ်ဆိုတာ ငါသိပါတယ်။ မသေမျိုးဂိုဏ်းကြီးငါးဂိုဏ်းထဲမှာ စွန်စီးဘုံကျောင်းက လူနည်းလွန်းတယ်။ ဂိုဏ်းထဲကို စိမ့်ဝင်နိုင်ဖို့ အဆင်မပြေဘူး။ တာအိုလမ်းစဉ်ဂိုဏ်းရဲ့ အတွေးအခေါ်က ပရမ်းပတာနိုင်လွန်းတယ်။ ထိုးဖောက်ဝင်ဖို့ခက်တယ်။ ဂိုဏ်းထဲဝင်နိုင်ရင်တောင် သူတို့နဲ့အဆင်ပြေအောင် မနေနိုင်ရင် သရုပ်မှန် ပေါ်သွားမှာပဲ။

မင်းတို့သုံးယောက်က တာအိုလမ်းစဉ်ဂိုဏ်းနဲ့ လိုက်လျောညီထွေလုပ်ဆောင်နိုင်ခြေ မြင့်မားတယ်။ ဂိုဏ်းထဲကို ချောချောမောမော ဝင်နိုင်လောက်တယ်။

မင်းတို့ တာအိုလမ်းစဉ်ဂိုဏ်းတပည့်တွေ ဖြစ်လာဖို့မလိုပါဘူး။ စုံစမ်းထားတဲ့ သတင်းတွေအရ တာအိုလမ်းစဉ်ဂိုဏ်းရဲ့ ဧည့်ခံဝန်ဆောင်မှုလုပ်ငန်းတွေ တိုးပွားလာတယ်တဲ့။ နှစ်တိုင်း လူငှားတွေခေါ်ကြတယ်။ ဒီအအခွင့်အရေးကို အသုံးချပြီး မင်းတို့ တာအိုလမ်းစဉ်ဂိုဏ်းထဲ ဝင်လို့ရနိုင်တယ်။

ဒါပေမယ့် ငါက ဒီတစ်နည်းပဲ ပြောပြတာပါ။ ဂိုဏ်းက ဝင်မစွက်ဘူး။ မင်းတို့ တစ်ခြားနည်းလမ်းတွေ လွတ်လွတ်လပ်လပ်ရှာလို့ရတယ်။ အချိန်ကန့်သတ်ချက်က တစ်နှစ်ပဲ။ တစ်နှစ်အတွင်း ဒီတာဝန်ကို ပြီးအောင်မလုပ်နိုင်ရင် အထက်က မင်းတို့ကို တာဝန်သစ်တစ်ခု ပေးလိမ့်မယ်”

လုယန်တို့၏ ယုံကြည်ချက်အပြည့်ရှိနေသည့်ပုံစံကိုကြည့်၍ ထန်ယွမ်ရှန်း ခေါင်းခါ၍ ရယ်မောနေသည်။ တာအိုလမ်းစဉ်ဂိုဏ်းထဲ ထိုးဖောက်ဝင်ဖို့ ဘယ်လောက်ခက်မှန်း ထိုလူငယ်များမသိကြ။ ကြိုးစားရင်း သေသွားသူများ မရေမတွက်နိုင်အောင် ရှိခဲ့သည်။

မှောင်အဆောင်သုံးခု သူထုတ်ပေးလိုက်သည်။

“တာအိုလမ်းစဉ်ဂိုဏ်းဟာ အန္တရာယ်တွေပြည့်နေတယ်။ ဒါက ထွက်ပြေးမှော်အဆောင်တွေပါ။ မင်းတို့တာဝန် မအောင်မြင်ရင် ဒီအဆောင်တွေသုံးပြီး ချက်ချင်းထွက်ပြေးပါ”

ထိုသုံးယောက်သည် ထာဝရဂိုဏ်း၏ ရှားပါးပါရမီရှင်များဖြစ်သည်။ အထူးသဖြင့် လုယန်နှင့်မုန်ကျင်းကျိုး။ ဂိုဏ်းချုပ်က သူ့တို့အသက်အန္တရာယ်ကို မထိခိုက်စေချင်။

အန္တရာယ်ပြည့်နေသည့် တာအိုလမ်းစဉ်ဂိုဏ်း။

မုန်ကျင်းကျိုး သူ့ဘာသာ တွေးကြည့်နေသည်။ တာအိုလမ်းစဉ်ဂိုဏ်းသို့သွားခြင်းသည် အိမ်ပြန်သလိုသာဖြစ်သည်။ ဘာအန္တရာယ် ရှိနိုင်မည်နည်း။ ရှိလျှင်လည်း ယွမ်ကျိ၏အန္တရာယ်သာရှိမည်။

“နောက်တစ်ခုရှိသေးတယ်။ ထာဝရအရှင်ကို ဘယ်လိုပြန်အသက်သွင်းရမယ်ဆိုတာ ရှောင်ချူးက မင်းတို့ကို ပြောခဲ့ဖူးလား”

လုယန် ခေါင်းခါသည်။

“ပထမအဆင့်က ထာဝရအရှင်ကျေနပ်အောင် လူသတ်ရမယ်ဆိုတာပဲ ပြောတယ်။ ဒုတိယအဆင့်အတွက် ကျုပ်တို့ရာထူးက နိမ့်လွန်းနေလို့ ဂိုဏ်းစည်းမျဉ်းအရ ပြောပြလို့မရဘူးတဲ့”

“အခုမင်းတို့ ဂိုဏ်းသခင်အဆင့် ရောက်နေပြီပဲ။ ထာဝအရှင်အသက်သွင်းတဲ့နည်းကိုသိဖို့ အရည်အချင်းမီပါပြီ။ ဒါကလည်း ဂိုဏ်းသခင်တိုင်းရဲ့ တာဝန်ပါ။ လာပါ၊ ငါမင်းတို့ကို လက်တွေ့လုပ်ပြမယ်”

ထန်ယွမ်ရှန်း ထာဝရအရှင်ရှေ့တွင် ဒူးထောက်၍ လက်နှစ်ဘက်မြှောက်ပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

“အို မသေမျိုးအရှင်၊ စစ်မှန်တဲ့မြောင်မူ၊ သင့်ကိုအယုံကြည်ဆုံးလူများက ရိုးသားစွာ ဆင့်ခေါ်ပါသည်။ သင့်ရဲ့နတ်ခြေတော်ကိုချပြီး လူသားမျိုးနွယ်ကို ကာကွယ်ပေးပါ”

ထိုသို့ပြောပြီး ကြမ်းပြင်ကို နဖူးဖြင့် သုံးကြိမ်ဆောင်သည်။ ထို့နောက် ထရပ်သည်။ ရိုးရာဓလေ့ ပြီးဆုံးသွားသည်။

သုံးယောက်လုံး စဉ်းစားမရအောင်ဖြစ်သွားသည်။

ဒါပဲလား။

အရိုးရိုင်းစိတ်ထဲတွင် ပို၍ပင်တွေးရခက်နေသည်။ ဘာကြောင့်ထာဝရအရှင်နာမည်က အရိုင်းမျိုးနွယ်နာမည်မျိုး ဖြစ်နေသည်မသိ။

ထန်ယွမ်ရှန်းကပြောသည်။

“ထာဝရအရှင်ကို ငါခေါ်တဲ့အတိုင်း မင်းတို့အတိအကျခေါ်ရမယ်။ ဒါပေမယ့် မြောင်မူလို့တော့ မပြောနဲ့တော့”

“ဘာလို့လဲ”

“မြောင်မူက ထာဝရအရှင်ရဲ့ နာမည်အစစ်မဟုတ်လို့ပဲ”

သုံးယောက်လုံး ပို၍ခေါင်းရှုပ်လာသည်။ နာမည်အစစ်မဟုတ်ဘဲ ဘာကြောင့်ပြောနေသနည်း။

ထန်ယွမ်ရှန်း ရှင်းပြသည်။

“ထာဝရအရှင်ကို ပြန်အသက်သွင်းဖို့ သူ့ဘွဲ့နာမည်နဲ့ မသေမျိုးနာမည်ကို ရွတ်ဆိုနိုင်ရမယ်။ ထာဝရအရှင်ကျေနပ်အောင် လူသတ်တယ်ဆိုတဲ့ ပထမအဆင့်က သူစိတ်ကျေနပ်ရင် အမှောင်ထဲကနေ ငါတို့ကို သူ့မသေမျိုးနာမည်ကို လမ်းညွှန်ပြမယ်ဆိုတဲ့သဘောပဲ။

ရှေးဟောင်းမှတ်တမ်းတွေကနေ သူ့ဘွဲ့နာမည်ဟာ ထာဝရအရှင်ဆိုတာ ငါတို့သိရတယ်။ ဒါပေမယ့်မှတ်တမ်းက သူ့မသေမျိုးနာမည်ကို ဖော်ပြမထားဘူး။ ထာဝရအရှင်နတ်ခြေရာချပြီး ငါတို့ကို အရိပ်အမြွက်မပြခင်မှာ ငါတို့ထာဝရဂိုဏ်းက ဆက်ကြိုးစားရုံပဲရှိတာပေါ့။

ထာဝရအရှင်ကို လေးစားတဲ့အနေနဲ့ တစ်လတစ်ကြိမ်ဘဲ သူ့မသေမျိုးနာမည်ကို ခေါ်ကြည့်တယ်”

ထန်ယွမ်ရှန်း ဟောင်းနွမ်းနေသည့် “မဟာရှားအဘိဓာန်”စာအုပ်တစ်အုပ်ထုတ်သည်။

“နာမည်အများစုကို စမ်းကြည့်ပြီးပြီ။ သိပ်မကြာသေးခင်က ထာဝရအရှင်ဟာ အရိုင်းမျိုးနွယ်ကဖြစ်မယ်လို့ ငါတွေးမိခဲ့တယ်။ ဒါကြောင့် အရိုးမျိုးနွယ်နာမည်တွေ စမ်းကြည့်နေတာ”

ရှေးဟောင်းအရိုင်းမျိုးနွယ်များသည် တစ်ချိန်က လူသားမျိုးနွယ်ကို ကာကွယ်သည့် အဓိကအင်အားစုတစ်ခုဖြစ်သည်။ ထာဝရအရှင်၏လမ်းစဉ်နှင့် ကိုက်ညီနေသည်။

ထန်ယွမ်ရှန်း ထူထဲသည့်မှတ်တမ်းစာအုပ်သုံးအုပ် ထုတ်ပေးသည်။ “ခေါ်ကြည့်ပြီးသည့် မသေမျိုးနာမည်များ (၁၂၀ကြိမ်မြောက် တည်းဖြတ်ထုတ်ဝေခြင်း)”ဟု ခေါင်းစဉ်တပ်ထားသည်။

စားရင်းပြုစုထားသည့် မသေမျိုးနာမည်အရေအတွက်ကိုကြည့်ရုံဖြင့် ထာဝရဂိုဏ်းသည် စိတ်ကူးနိုင်သမျှနာမည်တိုင်းကို ခေါ်ကြည့်ပြီးဖြစ်မည်ဟု လုယန်တွေးမိသည်။

“ငါတို့ရွတ်ကြည့်ခဲ့တဲ့ မသေမျိုးနာမည်တွေ မထပ်အောင် ဆယ်စုနှစ်တစ်ခုကြာတိုင်း စာအုပ်ထုတ်တယ်။ ဒါက နောက်ဆုံးပြုစုထားတဲ့ စာအုပ်ပဲ။ မင်းတို့ ဖတ်ကြည့်ပြီး တစ်ကြိမ်ခေါ်ကြည့်ပါ။ စာအုပ်ထားကနာမည်တွေကိုတော့ ထပ်မခေါ်နဲ့”

လုယန် ခေါ်ကြည့်သည်။

“အို မသေမျိုးအရှင်၊ အာခီမီးဒီးစ်၊ သင့်ကိုအယုံကြည်ဆုံးလူများက ရိုးသားစွာ ဆင့်ခေါ်ပါသည်။ သင့်ရဲ့နတ်ခြေတော်ကိုချပြီး လူသားမျိုးနွယ်ကို ကာကွယ်ပေးပါ”

မုန်ကျင်းကျိုး ခေါ်ကြည့်သည်။

“အို မသေမျိုးအရှင်၊ လီကုံးထန်၊ သင့်ကိုအယုံကြည်ဆုံးလူများက ရိုးသားစွာ ဆင့်ခေါ်ပါသည်။ သင့်ရဲ့နတ်ခြေတော်ကိုချပြီး လူသားမျိုးနွယ်ကို ကာကွယ်ပေးပါ”

အရိုးရိုင်း ခေါ်ကြည့်သည်။

“အို မသေမျိုးအရှင်၊ ယဲ့လွီဆာလာဒီ......”

ထာဝရအရှင်အတွက် မခေါ်ရသေးသည့်နာမည်ဟူ၍ သိပ်မကျန်တော့မှန်း သိသာသည်။

သူတို့ခေါ်ပြီးသော်လည်း ထာဝရအရှင်က နတ်ခြေတော်မချ။ အသက်ဝင်မလာသေး။

“အဲဒါပဲ၊ အထက်ကပေးလိုက်တာဝန်ကို ငါပြောပြပြီးပြီ။ ပစ္စည်းတွေထုပ်ပိုးပြီး တာအိုလမ်းစဉ်ဂိုဏ်းကိုဝင်ဖို့ နည်းလမ်းရှာကြတော့”

“ဟုတ်ကဲ့”

အသားကင်ဆိုင်သို့ ပြန်ရောက်ချိန်၌ လန်ထင်က ခန်းမထဲတွင်ထိုင်၍ သူတို့ကိုစောင့်နေသည်။ လုယန်နှင့်လန်ထင်တို့ အဖြစ်အပျက်ကို အကျဉ်းချုပ်ဆွေးနွေးကြသည်။ နောက်ဆက်တွဲအဖြစ်အပျက်များနှင့် ထန်ယွမ်ရှန်းပေးလို့သည့်တာဝန်အကြောင်း လုယန်ပြောပြသည်။ လန်ထင်က သူတို့ကို ထူးဆန်းသည့်အကြည့်ဖြင့် ကြည့်နေသည်။

ထာဝရဂိုဏ်းသည် အနှေးနှင့်အမြန် ပျက်စီးတော့မည်ဟု သူယူဆသည်။

“ရှင်တို့ သွားတော့မှာဆိုတော့ ကျွန်မလည်း မသေမျိုးနန်းတော်ကိုပြန်ပြီး မစ်ရှစ်အကြောင်း သတင်းပို့ရမယ်။ ပြီးခဲ့တဲ့ဆယ်ရက်အတွင်း ပျော်ခဲ့ရပါတယ်။ ရှင်တို့ပေးတဲ့အကူအညီအတွက် ကျေးဇူးပါ။ နတ်ဆိုးဂိုဏ်းထဲ ကျွန်မမဝင်နိုင်ခဲ့ပေမယ့် ဂိုဏ်းခွဲသခင်ကို ရှင်တို့နဲ့အတူ သတ်ခွင့်ရတာကလည်း ထူးခြားတဲ့အောင်ပွဲတစ်ခုပါ။ ကျွန်မ ကျိုးဆောင်မှတ်အတော်များများရမှာပါ”

လန်ထင်က ချိုသာသည့်လေသံဖြင့် ပြောသည်။ သိပ်ခွဲချင်ပုံမပေါ်။

ကံကြမ္မာဟူသည့် စကားလုံးက တကယ်အံ့ဩစရာကောင်းသည်။ အစောပိုင်းက လုယန်သည် မသေမျိုးဂိုဏ်းဝင်ဖြစ်၍ တာဝန်အရ ကျားနတ်ဆိုးကိုသတ်ဖို့ သူကူညီခဲ့သည်။ နတ်ဆိုးဂိုဏ်းသို့ခိုးဝင်ရမည့် မစ်ရှင်ကိုလည်းထမ်းဆောင်နေသည်။ သို့သော် နောက်ဆုံးတွင် မစ်ရှင်ထွက်လာသည့်သူက နတ်ဆိုးဂိုဏ်းကို ဝင်ခွင့်မရ။ နတ်ဆိုးဂိုဏ်းအကြောင်း ဘာမှမသိခဲ့သည့် လုယန်တို့က ဝင်ခွင့်ရသွားသည်။

ယခု ယန်ကျန်းတွင် ထန်ယွမ်ရှန်း ရှိနေသေးသည်။ သူတို့အတူတွဲနေလျှင် ထန်ယွမ်ရှန်း ရိပ်မိသွားနိုင်သည်။ ပြဿနာဖြစ်လာနိုင်သည်။

“ခရီးလမ်းက ရှည်ပါတယ်။ ကံမကုန်ရင် ပြန်ဆုံကြတာပေါ့”

“သွားတော့မယ်”

“ဂရုစိုက်ပါ”

လန်ထင်ကို နှုတ်ဆက်ပြီးနောက် သူတို့သုံးယောက် ပစ္စည်းများစတင်ထုပ်ပိုးသည်။ ထိုစဉ် မုန်ကျင်းကျိုး ရုတ်တရက် သတိရလာသည်။

“ငါ့မြင်း ဘယ်လိုများဖြစ်နေပြီလဲ”

***************************************************

All Chapters