တိုက်ဆိုင်လွန်းသည့်ကံကြမ္မာ
Vol. 7 Ch. 103
မြင်းအိုကံကောင်းသွားသည်။ မြင်းညိုမနှင့် တစ်သက်တာပေါင်းစည်းမည့်ကိစ္စ မလုပ်မီ မုန်ကျင်းကျိုးက မြင်းရောရထားပါ လာခေါ်ပြီး ငွေရှင်းသည်။
“မဟုတ်ဘူး...မဟုတ်ဘူး။ မြင်းဆောင်းမှာထားတာက အဲလောက်ကုန်ကျစရိတ်မများပါဘူး”
မြင်းထိန်းကောင်လေးက ငြင်းသည်။
“အစာအတွက်ကျတော့ရော။ အဲဒီ့အတွက် မင်းငွေမလိုချင်ဘူးလား”
မုန်ကျင်းကျိုး နားမလည်နိုင်အောင်ဖြစ်သွားသည်။ မြင်းအိုအတွက် သူထားခဲ့သည့် အဆင့်မြင့်မြင်းစာ ကုန်သွားသည်မျာ အတော်ကြာခဲ့လောက်ပြီ။ ထိုမြင်း စိတ်ပျက်လက်ပျက်ဖြစ်ပြီး သာမန်မြင်းစာကိုသာ စားနေရမည်ဟု သူထင်သည်။
မြင်းထိန်းကောင်လေးက ခေါင်းခါသည်။
“ခင်ဗျားမြင်းက ဘာမှမစားဘူး”
“ဘယ်လို”
မုန်ကျင်းကျိုး တွေးရခက်သွားသည်။ မြင်းအို၏လည်ဆံမွှေးကိုပွတ်လျက် မေးလိုက်သည်။
“မင်းဥပုသ်စောင့်နေတာလား”
မြင်းအိုက နှာခေါင်းတစ်ချက်သာရှုံ့သည်။ ပြန်မဖြေ။
မြင်းက လူစကားကို ဘယ်လိုလိုပြောနိုင်မည်နည်း။
မုန်ကျင်းကျိုး ခပ်တင်းတင်းခြိမ်းခြောက်လိုက်သည်။
“မင်းမဖြေရင် နောက်ထပ် ဘာမှမကျွေးဘူးနော်”
မြင်းနှင့်လူကြား အတော်ကြာအောင် တင်းမာနေသည်။ မြင်းအိုက ဘာမှမတုံ့ပြန်သဖြင့် မုန်ကျင်းကျိုး လက်လျှော့လိုက်သည်။ တစ်ချို့အချက်များကို သူခန့်မှန်းမိသည်။
သူအိမ်မှထွက်ပြေးလာချိန်က အတော်ချောမွေ့ခဲ့သည်။ သူ့အမပင် သူထွက်ပြေးမည်ကိုသိနေသည်။ ထို့ကြောင့် ကျန်သည့်မိသားစုဝင်များလည်း သိပေလိမ့်မည်။ သို့သော် ဘယ်သူမှသူ့ကိုမတား။ သူဒုက္ခရောက်မည်ကို လုံးဝမစိုးရိမ်ကြ။
သူသည် သူမိဘများ၏ သားအရင်းမဟုတ်အဖြစ်မျိုးမှလွဲလျျင် တစ်ခုတည်းသောဖြစ်နိုင်ခြေက သူအန္တရာယ်မရှိနိုင်ကြောင်း သိနေကြ၍သာဖြစ်ရမည်။
ယခု အဖြေက ရှင်းသွားသည်။ ရထားဆွဲသည့် ဤမြင်းသည် သူဘေးကင်းနေရသည့် အကြောင်းရင်းဖြစ်သည်။
ထိုမြင်းအို ဘယ်လောက်စွမ်းအားကြီးမှန်း သူမသိ။ သို့သော် သူ့ကိုကာကွယ်နိုင်လောက်အောင် စွမ်းအားရှိပေလိမ့်မည်။
“မင်းဒီလောက်စွမ်းအားကြီးနေရင် အမယွမ်ကျိ ရထားပေါ်တက်လာတုန်းက မင်းဘာလို့မတားခဲ့တာလဲကွ”
မုန်ကျင်းကျိုး မကျေမနပ်ပြောလိုက်သည်။
သူမှတ်မိနေသည်။ ယွမ်ကျိုကို ဂိုဏ်းဝင်ခွင့်မြေမည့်လူလို ဘုမသိဘမသိ သူဆက်ဆံခဲ့သည်။ မြင်းရထားပေါ် ခေါ်တင်ခဲ့သည်။ ဂိုဏ်းဝင်ခွင့်စာမေးပွဲအတွက် မူရင်းမွေးခွန်းများရထားကြောင်း ထတ်ပြောခဲ့သည်။
ပြန်တွေးကြည့်လျှင် အတော်ရှက်စရာကောင်းသည်။
ထိုမြင်အိုသာ ယွမ်ကျိကို တားခဲ့လျှင် ထိုသို့အရှက်ကွဲမည်မဟုတ်။
မြင်းအိုက မုန်ကျင်းကျိုးကို အရူးတစ်ယောက်ကဲ့သို့ ကြည့်နေသည်။
....................
ထွက်မသွားမီ လုယန်က အရာရှိဝေကို အသိပေးရသည်။ အရာရှိဝေ မအံ့ဩပါ။
ဘယ်ကျင့်ကြံသူမှ အသားကင်ဆိုင်ကို တစ်သက်လုံးဖွင့်မည်မဟုတ်။ အတွေ့အကြုံသစ်ယူခြင်းသာဖြစ်သည်။ ငြီးငွေ့သွားသည်နှင့် ဆိုင်ပိတ်မည်။
“ဆိုးလိုက်တာ။ ဒီလောက်အရသာရှိတဲ့အသားကင်ကို ကျုပ်တို့နောက်ထပ် စားခွင့်မရတော့ဘူးပေါ့”
အရာရှိဝေက ညည်းညူသည်။
“ခင်ဗျားဆိုင်မှာ လူတစ်ချို့ဖမ်းပြီး အရာရှိချုပ်ရာထူးရအောင်လုပ်မယ်လို့ ကျုပ်စဉ်းစားနေတာ”
နောက်ထပ် နတ်ဆိုးကျင့်ကြံသူသုံးယောက်လောက် ဖမ်းနိုင်လျှင် ရာထူးတိုးနိုင်သည်ဟု သူတွေးမိသည်။
“ခင်ဗျားတို့ထွက်သွားတာလည်း ကောင်းပါတယ်လေ။ ယန်ကျန်းက အခုရက်ပိုင်း မအေးချမ်းလောက်ဘူး”
“ဘာကိုဆိုလိုတာလဲ”
အရှာရှိဝေ လေသံကိုနှိမ့်လိုက်သည်။
“ဒီအကြောင်း တစ်ခြားလူတွေကို မပြောနဲ့နော်”
“ကျုပ်နားလည်ပါတယ်”
“နယ်စားလီကို ခင်ဗျားသိတယ်မဟုတ်လား။ အခု သူက ရာထူးတိုးဖို့အတွက် နတ်ဆိုးကျင့်ကြံသူတွေနဲ့ ပူးပေါင်းခဲ့တယ်လို့ ကောက်လဟာလထွက်နေတယ်။ ဂိုဏ်းမဲ့ကျင့်ကြံသူတွေလား နတ်ဆိုးဂိုဏ်းတစ်ခုလား သေချာမသိသေးဘူး။ ဒါပေမယ့် သူတို့ရဲ့ကျင့်စဉ်အဆင့်က မြင့်လိမ့်မယ်။ မဟုတ်ရင် နယ်စားလီနဲ့ ပူးပေါင်းနိုင်မှာမဟုတ်ဘူး။
နယ်စားလီရဲ့အလောင်းကို စုန့်တောင်တန်းပေါ်မှာတွေ့တယ်။ အရာရှိချုပ်ဖန်က နယ်စားလီနဲ့နတ်ဆိုးဂိုဏ်းဝင်တွေကြားမှာ အကျိုးအမြတ်ပဋိပက္ခတစ်ခုဖြစ်ခဲ့တာလို့ ခန့်မှန်းတယ်။ နယ်စားလီသေပြီး နတ်ဆိုးကျင့်ကြံသူတွေ လွတ်နေတယ်ဆိုတော့ သူတို့ကျင့်စဉ်အဆင့်က နယ်စားလီထက် မြင့်နေတဲ့သဘောပဲ။ နယ်စားလီက နတ်ဝိညာဉ်အဆင့် တက်ခါနီးလူပါ။ ဒီတော့ နတ်ဆိုးကျင့်ကြံသူရဲ့ ကျင့်စဉ်အဆင့် ဘယ်လောက်ရှိမလဲ စဉ်းစားသာကြည့်တော့”
လုယန် လည်ပင်းတစ်ချက်ကျုံ့လိုက်သည်။
“အတော်ကြောက်စရာကောင်းနေပါလား”
“ဒါကြောင့် ခင်ဗျားတို့ထွက်သွားတာ ကောင်းတယ်လို့ ပြောတာပေါ့။ ယန်ကျန်းက ငြိမ်းချမ်းတယ်ထင်ရပေမယ့် နတ်ဆိုးကျင့်ကြံသူတွေ ဘယ်နေရာမှာပုန်းနေသလဲဆိုတာ ဘယ်သူသိနိုင်မှာလဲ။ ခင်ဗျားနဲ့ကျုပ်ရဲ့ဘေးမှာတောင် ရှိနေနိုင်တယ်”
“ဟုတ်တာပေါ့”
လုယန် ခေါင်းငြိမ့်လိုက်သည်။
..................
အရိုးရိုင်း အသားကင်ဆိုင်ကို နှမျောတသစွာ နှုတ်ဆက်ခဲ့ရသည်။ သူ့မျိုးနွယ်၏ အသားကင်ဂုဏ်သရေကို သူဆက်ထိန်းနိုင်မည်မဟုတ်တော့။
သရဲကျွန်နှစ်ယောက်က အတော်အူမြူးနေသည်။ နေ့ရောညပါ အသားကင်စရာမလိုတော့ဖြင့် အောင်ပွဲခံနေကြသည်။
......
ယန်ကျန်းမျှ ထွက်သွားချိန်တွင် ထန်ယွမ်ရှန်းက သူတို့ကိုလာနှုတ်ဆက်သည်။ တာအိုလမ်းစဉ်ဂိုဏ်းသို့ ခိုးဝင်ခြင်းသည် အန္တရာယ်များကြောင်း သတိကြီးကြီးထား၍လုပ်ဆောင်သင့်ကြောင်း သတိပေးသည်။
လုယန်က အခိုင်အမာပြောသည်။
“စိတ်မပူပါနဲ့ ဂိုဏ်းအုပ်၊ ကျုပ်တို့သုံးယောက်ကို ထာဝရဂိုဏ်း စိတ်မပျက်စေရပါဘူး။ တာအိုလမ်းစဉ်ဂိုဏ်းထဲကို ရအောင်ဝင်မယ်။ လျှို့ဝှက်ချက်တွေ ခိုးယူမယ်။ ကျုပ်တို့ထာဝရဂိုဏ်း ထွန်းတောက်လာစေရမယ်”
ရထားပေါ်တက်ကြပြီးနောက် မြင်းအိုက မနှေးလွန်းမမြန်လွန်း စဆွဲသည်။ ပုံမှန်ခြေလှမ်းဖြင့် လျှောက်နေသည်ထင်ရသည်။ သို့သော် ခြေတစ်လှမ်းလှမ်းတိုင်း ခရီးများစွာပေါက်သွားသည်။ မြင့်မားသည့် လေဟာနယ်မှော်စွမ်းအားမျိုး ပါဝင်နေသည်။
မြင်းရထားထဲတွင် သူတို့သုံးယောက် ထာဝရအရှင်အကြောင်း ပြောနေကြသည်။
“ကြည့်ပါဦး၊ ငါတို့နာမည်တွေလည်း မှတ်စုထဲမှာပါတယ်ကွ။ ထာဝရအရှင်လုယန်၊ ထာဝရအရှင် မုန်ကျင်းကျိုး၊ ထာဝရအရှင်အရိုးရိုင်းတဲ့”
နတ်ဆိုးဂိုဏ်းမှတ်စုစာအုပ်ထဲမှ သူတို့နာမည်များကို စိတ်ဝင်တစားကြည့်၍ လုယန် ရယ်မောနေသည်။
“ထာဝရအရှင်ရဲ့နာမည်အစစ်က ဘာဖြစ်မယ်ထင်လား။ မန်ဒလိလား၊ ဆိုကရေးတီးလား”
မုန်ကျင်းကျိုးကို တဟက်ဟက်ရယ်လျက်
“ရှက်စရာကောင်းတဲ့နာမည်မျိုးဖြစ်မှာပေါ့။ ခွေးဥလား ဒါမှမဟုတ် ခွေးကျန်လား။ ပါးစပ်က ထုတ်ပြောရမှာ ရှက်စရာကောင်းလွန်းလို့ ဒီလောက်လျှို့ဝှက်ထားတာဖြစ်မယ်။ ဘွဲ့နာမည်ကိုပဲ သုံးတာလေ”
“ငါတို့အရိုင်းမျိုးနွယ်ကနာမည်လည်း ဖြစ်နိုင်ပါတယ်”
သုံးယောက်လုံး ထာဝရအရှင်ကို လုံးဝကြည်ညိုလေးစားမှုမရှိ။ တစ်လတစ်ကြိမ်သာခေါ်ရမည်ဟူသည့် ထန်ယွမ်ရှန်းစကားကိုလည်း ဂရုမစိုက်။ ပေါက်တတ်ကရနာမည်များကို ခန့်မှန်းနေကြသည်။
“နည်းနည်းထိန်းကြရအောင်။ ထာဝရအရှင်ရဲ့နာမည်အစစ်ကို ခေါ်မိသွားရင် ဘယ်လိုလုပ်မလဲ”
လုယန်က သတိပေးသည်။ ထာဝရဂိုဏ်းသည် မိတ်ဆွေလား ရန်သူလား မကွဲပြားသေး။ ထာဝရအရှင်က လူသားမျိုးနွယ်ကို ကယ်တင်ခဲ့သည်ဆိုသည့်စကားက ထာဝရဂိုဏ်း၏ တစ်ဘက်သတ်အပြောသာဖြစ်သည်။ အပြည့်အဝယုံကြည်၍မရ။
“ဒီလိုလုပ်ကြမယ်လေ။ အခုချိန်ကစလို့ ထာဝရအရှင်ဆိုတာကို ထာဝရနတ်မယ်လို့ သုံးကြမယ်။ အဲလိုဆို တကယ်လို့ သူ့မသေမျိုးနာမည်အစစ်ကို ငါတို့မတော်တဆပြောမိရင်တောင် ထာဝရအရှင် ပြန်အသက်မဝင်နိုင်တော့ဘူးပေါ့”
လုယန်က အကြံပြုသည်။
“မင်းပြောတာ ဟုတ်တယ်။ ငါသဘောတူတယ်”
မုန်ကျင်းကျိုး ခေါင်းငြိမ့်သည်။
လုယန်အတွေးအခေါ်က တကယ်စေ့စပ်သေချာသည်ဟု အရိုးရိုင်းတွေ့မိသည်။
လမ်းပေါ်တွင် အတော်ကြာသွားပြီးနောက် သူတို့ဗိုက်ဆာလာသည်။ မြင်းရထားကို သစ်ပင်အုပ်လေးတစ်ခုအောက်တွင်ရပ်၍ ဗိုက်ဖြည့်ရန်စီစဉ်ကြသည်။
သစ်ပင်ရိပ်ကြောင့် နေအပူဒဏ်သက်သာသွားသည်။ အဝေးဆီမှ ငှက်အော်သံများ မသဲမကွဲထွက်ပေါ်နေသည်။ ပတ်ဝန်းကျင်က အေးချမ်းတိတ်ဆိတ်သည်။ အလိုလိုစိတ်လက်ပေါ့ပါးလာကြသည်။
မုန်ကျင်းကျိုး စားပွဲခင်းတစ်ခု ဖြန့်လိုက်သည်။ လုယန်က အိုးခွက်ပန်းကန်များနှင့် မီးပျိုးမှော်အဆောင်များထုတ်သည်။ အရိုးရိုင်းက သရဲကျွန်နှစ်ယောက်ကို ခေါ်သည်။
နေ့တစ်ဝက်သာ အလုပ်နားရသေးသည်။ အရိုးရိုင်းက သရဲကျွန်နှစ်ယောက်ကို သူတို့လုပ်နေကျ အသားကင်သည့်အလုပ်ကို ပြန်လုပ်ခိုင်းသည်။
မုန်ကျင်းကျိုးက ဟင်းချက်နည်းစာအုပ်နှင့် ပုလင်းတုန်ရွှဲ့စ်ချို့ထုတ်ပြီး သရဲကျွန်များဆီ ထိုးပေးသည်။
“ဒီနေ့ အသားမကင်နဲ့တော့။ အရသာအပြောင်းအလဲလေးဖြစ်အောင် ဒီဟင်းချက်နည်းစာအုပ်ထဲအတိုင်း ချက်ပါ။
လုယန်နှင့် အရိုးရိုင်း လှမ်းကြည့်ကြသည်။ မုန်ကျင်းကျိုး ဘာကြောင့် ဟင်းချက်နည်းစာအုပ် အမြဲဆောင်ထားမှန်းမသိ။
သရဲကျွန်နှစ်ယောက် အခြေခံမှ စရသည်။ အရိုးရှင်းဆုံးဟင်းဖြစ်သည့် ကြက်ဥကြော်ဖြင့်စရန် ဆုံးဖြတ်ကြသည်။
အသက်ရှင်စဉ်က အလုပ်မကြိုးစားခဲ့သမျှ သေပြီးမှ ဇွဲကောင်းလာကြသည်။
လုယန်တို့သုံးယောက် ဥပုသ်ဆေးများသောက်ဖို့ စိတ်ကူးမရှိ။ အရသာရှိသည့်အစားသောက်များ စားခွင့်ရနေလျှင် ထိုဆေးလုံများကို ဘာလို့စားမည်နည်း။
“ထန်ယွမ်ရှန်းက ထာဝရနတ်မယ်ဟာ မင်းတို့အရိုင်းမျိုးနွယ်ကဖြစ်မယ်လို့ ခန့်မှန်းထားတယ်။ အဲလိုဒဏ္ဍာရီမျိုး မင်းတို့မျိုးနွယ်သမိုင်းမှာ ရှိလား”
လုယန် မေးသည်။
အရိုးရိုင်း ခေါင်းခါသည်။
“ရှေးဟောင်းအရိုင်းမျိုးနွယ်တွေဟာ ကောင်းကင်ကိုဆန့်ကျင်ပြီး မသေမျိုးတွေကို တိုက်ခိုက်နိုင်တယ်လို့ အကြီးအကဲတွေပြောတာ ကြားဖူးတယ်။ ဒါပေမယ့် ငါတို့မျိုးနွယ်ကနေ မသေမျိုးတစ်ယောက်မွေးဖွားတယ်လို့တော့ တစ်ခါမှမကြားဖူးဘူး”
“ဟိုရှေးဟောင်းမှတ်တမ်းဆိုတာကလည်း ထူးဆန်းတာပဲ။ ထာဝရအရှင်ရဲ့ ကြီးမြတ်မှုကိုတော့ မှတ်တမ်းတင်တယ်။ ဒါပေမယ့် ထာဝရနတ်မယ်ရဲ့ နာမည်ရင်းကိုကျတော့ ဘာလို့မရေးခဲ့တာလဲ”
မုန်ကျင်းကျိုး ယုတ္တိကျကျသုံးသပ်သည်။
“စဉ်းစားကြည့်ပါ။ ရှေးခေတ်က လူတွေအားလုံးဟာ ပျံလန်နေတဲ့ ဘွဲ့တွေနာမည်တွေရှိကြတယ်။ ထာဝရနတ်မယ်က ရှေ့ထွက်လာပြီး “ငါက မသေမျိုးအရှင်..အဲမဟုတ်ဘူး။ မသေမျိုးနတ်မယ် လီခွေးဥပဲကွ”လို့ ပြောတယ်ဆိုပါစို့။ ဒီစကားနဲ့တင် တိုက်ပွဲအရှိန်အဝါက တစ်ဝက်လောက်ဆုံးရှုံးသွားမှာ။ ထာဝရနတ်မယ်က ဒီလိုရှက်စရာကောင်းတဲ့ သမိုင်းကြောင့်ကို သေချာပေါက်ဖျက်ဆီးချင်ခဲ့မှာပဲလေ”
မုန်ကျင်းကျိုးလည်း ရယ်နေသည်။
“သူ့နာမည်က ချစ်စနိုးခေါ်တဲ့နာမည်ဖြစ်လို့ အရှိန်အဝါနည်းလို့လည်း ဖြစ်နိုင်တာပဲ။ “မသေမျိုးနတ်မယ်ပဲဝါ”ဆိုတာမျိုးပေါ့”
မသေမျိုးနာမည်ပဲဝါဟူသည့် စကားလုံးက ကံကြမ္မာယန္တားခလုတ်ကို သွားထိဟန်တူသည်။ မိုးနှင့်မြေပြင် အပြောင်းအလဲဖြစ်လာသည်။ သူတို့သုံးယောက်၏ဦးခေါင်းအထက် လေထဲတွင် နားမလည်နိုင်သည့်စွမ်းအင်တစ်ခု စုဝေးလာပြီး သဏ္ဌာန်တစ်ခု ပေါ်လာသည်။
အေးအေးလူလူရှိနေခဲ့သည့်မြင်းအို ချက်ချင်း သတိအနေအထားဖြစ်သွားသည်။ မုန်ကျင်းကျိုးရှေ့တွင် ကာရပ်လျက် ကောင်းကင်မှစွမ်းအားကို စိုက်ကြည့်နေသည်။
သုံးယောက်လုံး တံတွေးတစ်ချက်မျိုကြသည်။
ကြီးမားသည့်အရာတစ်ခုခုကို သူတို့ သွားဆွမိလိုက်ပြီထင်သည်။
*******************************************************