စီနီယာအကိုကြီး၏ နည်းလမ်း....
Vol. 11 Ch. 169
" ဖိအားပေးတာလား။ " ဟေးယုအိုက မျက်မှောင်ကြုတ်သွား၏။ " ငါတို့က မဟာမိတ်ရဲ့ စည်းမျဉ်းနဲ့ ဥပဒေတွေကို ချိုးဖောက်လို့တော့ မရဘူး။ "
မဟာမိတ်၏ စည်းမျဉ်းနှင့် ဥပဒေများကို ချိုးဖောက်ခြင်း၏ အကျိုးက ကြီးမားပြီး သူ ဟေးယုအိုပင် နှစ်ခါပြန်စဉ်းစားရပေလိမ့်မည်။ မျိုးနွယ်ခေါင်းဆောင်နေရာနှင့် ယှဉ်လျှင် လင်းယွမ်အတွက် ထိုကဲ့သို့ လုပ်ရန် မထိုက်တန်ပေ။
" အမှန်ပဲ။ " ဖေးကျောက်က ခေါင်းငြိမ့်လိုက်သည်။ သူက စည်းမျဉ်းနှင့် ဥပဒေများကို ချိုးဖောက်ရန် တစ်ခါမှ မစဉ်းစားခဲ့ပေ။
" လင်းယွမ်က သခင်လေးရဲ့ လက်အောက်ကို မဝင်ချင်တာက သူ့ရဲ့ မွေးရပ်မြေ ကန်လန်ကြယ်က ထွက်မသွားချင်လို့ဖြစ်မယ်။ " ဖေးကျောက်က ပြောလိုက်သည်။
ဆင့်ကဲပြောင်းလဲသူများအတွက် မွေးရပ်မြေက ထူးခြားသော နေရာတစ်ခုပင် ဖြစ်သည်။ စွမ်းအားကြီးသော ဆင့်ကဲပြောင်းလဲသူများပင် အခြားအဆင့်မြင့်ဂြိုလ်များတွင် နေထိုင်ခဲ့ကြသော်လည်း သူတို့၏ ရင်ထဲတွင် မွေးရပ်မြေတစ်ခုသာရှိသည်။
" ဆက်ပြော..." ဟေးယုအိုက ဖေးကျောက်ကို ကြည့်လိုက်သည်။
" အဲ့ဒါကြောင့် ကျွန်တော်တို့ ကန်လန်ကြယ်က စလို့ရတယ်။ " ဖေးကျောက်က ခနရပ်ပြီး ဆက်ပြောလိုက်သည်။ " ကျွန်တော်မှတ်မိသလောက်ဆို ဟေးယုမျိုးနွယ်က ကန်လန်ကြယ်မှာ ကုန်သွယ်မှုနည်းနည်းရှိတယ် မဟုတ်လား။ "
ချီခွန်ကြယ်နယ်မြေ၏ အင်အားစုငါးခုမှ တစ်ခုအနေဖြင့် ဟေးယုမျိုးနွယ်က ကြယ်နယ်မြေ၏ ဂြိုလ်အများစုတွင် စီးပွားရေးကုန်သွယ်မှုများ ရှိလေသည်။
" မင်းဆိုလိုတာက...." ဟေးယုအို၏ မျက်လုံးများက တောက်ပသွား၏။
" သခင်လေးရဲ့ အဆင့်အတန်းနဲ့ဆို ကန်လန်ကြယ်နဲ့ ကုန်သွယ်မှုကို ဖြတ်တောက်ပစ်ဖို့ လွယ်ကူပါလိမ့်မယ်။ အဲ့အချိန်ရောက်တော့ ကန်လန်ကြယ်နဲ့ ကုန်သွယ်မှုဖြတ်တောက်တာ လင်းယွမ်ရဲ့ မှားယွင်းတဲ့ ဆုံးဖြတ်ချက်ကြောင့်လို့ သခင်လေးက ပြောလိုက်ရုံပဲ။ " ဖေးကျောက်က ပြုံးလိုက်သည်။
" မမျှော်လင့်ထားတာသာ မဖြစ်ခဲ့ရင် လင်းယွမ်က ကန်လန်ကြယ်က နိုင်ငံသားတွေရဲ့ ပြစ်တင်ရှုံ့ချခြင်းကို ခံရလိမ့်မယ်။ နောက်ဆုံး ဂြိုလ်တစ်ခုလုံးရဲ့ အပြစ်သားတောင် ဖြစ်လာနိုင်တယ်။ ဒါဆို သူက သခင်လေးရဲ့ စွမ်းအားနဲ့ အဆင့်အတန်းကို နားလည်ပြီး သူ့ဘာသာသူ လာပြီး အညံ့ခံလိမ့်မယ်။ "
" အံ့ဩစရာပဲ..." ဟေးယုအိုက ပြုံးလိုက်သည်။
ကန်လန်ကြယ်နှင့် ကုန်သွယ်မှုကို ဖြတ်တောက်ခြင်းက ဥပဒေများကို ဆန့်ကျင်ခြင်းမရှိဘဲ လူသားမျိုးနွယ်များက လွတ်လပ်စွာ ကုန်သွယ်နိုင်လေသည်။ သူတို့က ကုန်သွယ်မှုမလုပ်ချင်လျှင် နတ်ဘုရားသုံးပါးကလည်း အတင်းအကျပ် လုပ်မည်မဟုတ်ပေ။
" အဲ့ဒီနည်းလမ်းက သခင်လေးရဲ့ အဆက်အသွယ်အချို့ ပြတ်တောက်သွားပြီး ကန်လန်ကြယ်နဲ့ ကုန်သွယ်မှု ဖြတ်တောက်တာက နှစ်ဖက်လုံး ထိခိုက်မယ့် နည်းလမ်းတစ်ခုပဲ။ " ဖေးကျောက်က လေးနက်စွာ သတိပေးလိုက်သည်။
ဟေးယုအိုက မျိုးနွယ်၏ စမ်းသပ်မှုကို ခံယူနေဆဲ ဖြစ်ပြီး အခွင့်အာဏာနှင့် အရင်းအမြစ်များက အကန့်အသတ် ရှိလေသည်။
" ကိစ္စမရှိဘူး။ " ဟေးယုအိုက သူ၏ ခေါင်းကို ခါလိုက်သည်။
ကန်လန်ကြယ်နှင့် ကုန်သွယ်မှုကို ဖြတ်တောက်ခြင်းက ဆုံးရှုံးမှု အနည်းငယ်သာ ဖြစ်သည်။ ဟေးယုအိုအတွက် သေးငယ်သော ကိစ္စလေးတစ်ခုသာ ဖြစ်၏။
" မင်းသွားလို့ရပြီ။ " ဟေးယုအိုက ဖေးကျောက်ကို ပြောလိုက်သည်။
" ဟုတ်ကဲ့ " ဖေးကျောက်က နေရာမှ ပျောက်ကွယ်သွားသည်။
ပလ္လပေါ်တွင် ဟေးယုအိုက ခနစဉ်းစားပြီးနောက် လူတစ်ယောက်နှင့် ဆက်သွယ်လိုက်သည်။
ခနကြာသောအခါ ဟေးယုအို၏ ရှေ့တွင် အလင်းမျက်နှာပြင်တစ်ခု ပေါ်လာသည်။ ကုတ်အင်္ကျီ ဝတ်ထားသော လူတစ်ယောက်က ဟေးယုအိုကို ကြည့်လိုက်သည်။
" ရှောင်အို ဘာလိုလို့လဲ။ " ကုတ်အင်္ကျီနှင့်လူက သာမန်အတိုင်း ပြောလိုက်သည်။
" ဦးလေးနှစ် " ဟေးယုအိုက ပလ္လပေါ်မှ ထပြီး အရိုအသေပေးလိုက်သည်။ " ဦးလေးနှစ် ကျွန်တော် ကန်လန်ကြယ်နဲ့ ကျွန်တော်တို့မျိုးနွယ်ကြားက ကုန်သွယ်မှုအားလုံးကို ဖြတ်တောက်ချင်တယ်။ " ဟေးယုအိုက သူ၏ ရည်ရွယ်ချက်ကို တိုက်ရိုက်ပြောလိုက်သည်။
" ကန်လန်ကြယ် " ကုတ်အင်္ကျီနှင့်လူက ထိုဂြိုလ်၏ အချက်အလက်များကို ရှာဖွေပြီး မျက်မှောင်ကြုတ်သွား၏။ " အဲ့ဒါက အလယ်အဆင့်အသက်ဂြိုလ်လေးပဲ။ မင်းကို ဘယ်လိုဆန့်ကျင်ခဲ့လို့လဲ ရှောင်အို..."
ကုတ်အင်္ကျီနှင့်လူက ဟေးယုမျိုးနွယ်၏ အကြီးအကဲတစ်ယောက်ဖြစ်ပြီး လီမင်ကြယ်စနစ်၏ ကုန်သွယ်မှုအားလုံးကို ထိန်းချုပ်ထားသည်။ သူ၏ စကားတစ်ခွန်းက ကန်လန်ကြယ်နှင့် ကုန်သွယ်မှုကို ဖြတ်တောက်ပစ်နိုင်လေသည်။
" ကျွန်တော်က ကြယ်နယ်မြေအဆင့် ပြိုင်ပွဲအတွက် ကန်လန်ကြယ်က ပါရမီရှင်တစ်ယောက်ကို ဖိတ်ခေါ်ခဲ့ပေမယ့် သူက ငြင်းခဲ့တယ်။ " ဟေးယုအိုက ပြောလိုက်သည်။
" အဲ့ဒါကြောင့်လား။ " ကုတ်အင်္ကျီဝတ်ထားသော လူက မျက်ခုံးများ ပင့်သွား၏။
လူတစ်ယောက်ကို ဖိတ်ခေါ်ခြင်း ကျရှုံးသောကြောင့် ဟေးယုမျိုးနွယ်၏ စွမ်းအားကို အသုံးပြုရလျှင် ကုတ်အင်္ကျီနှင့်လူက ဟေးယုအိုကို စိတ်ပျက်ရပေလိမ့်မည်။
" ဦးလေးနှစ် အဲ့ဒီလူက ကျွန်တော့်အတွက် အရမ်းအရေးကြီးတယ်။ " ဟေးယုအိုက စီပွားရေးအဖွဲ့၏ ရွေးချယ်မှုအကြောင်းကို ပြောပြလိုက်သည်။
" ဒါဆို အဲ့ဒါ စီးပွားရေးအဖွဲ့က ရွေးချယ်ပေးထားတဲ့ ပါရမီရှင်တစ်ယောက်ပေါ့။ " ကုတ်အင်္ကျီနှင့်လူ၏ အမူအရာက လေးနက်သွား၏။
နှစ်ပေါင်းများစွာအတွင်း ဟေးယုမျိုးနွယ်၏ စီးပွားရေးအဖွဲ့က အကျိုးဆောင်မှုများစွာ ရှိခဲ့သည်။ မျိုးနွယ်တစ်ခုလုံးကို ချီခွန်ကြယ်မယ်မြေသို့ ရွေ့ပြောင်းရန် ဟေးယုမိုကို အကြံပေးခဲ့သူကလည်း စီးပွားရေးအဖွဲ့မှ အကြီးအကဲ ဖြစ်သည်။
" ငါ ကန်လန်ကြယ်နဲ့ကုန်သွယ်မှုကို ဖြတ်တောက်လိုက်မယ်။ ရှောင်အို မင်းရဲ့ စွမ်းဆောင်မှုတွေကို မျိုးနွယ်က မြင်အောင် ပြရလိမ့်မယ်။ " စကားပြောပြီးနောက် ကုတ်အင်္ကျီနှင့်လူက ဆက်သွယ်မှုကို ရပ်တန့်လိုက်သည်။
" မစ္စတာလင်းက ဟေးယုအိုရဲ့ ဖိတ်ခေါ်မှုကို ငြင်းပယ်ခဲ့လို့ သူတို့က ကန်လန်ကြယ်နဲ့ ကုန်သွယ်မှုကို ဖြတ်တောက်လိုက်တယ်။ " အိမ်ထဲတွက် ဟိုမင်က ရှင်းပြလိုက်သည်။
" ငါ အဲ့လိုထင်ပြီးသားပါ။ " လင်းယွမ်က ခေါင်းငြိမ့်လိုက်သည်။
သူ၏ မိဘများနှင့် ညီမလေးက ကန်လန်ကြယ်၏ ဂြိုလ်ကာကွယ်ရေးစနစ်အောက်တွင် ရှိနေပြီး ဉာဏ်ပညာနတ်ဘုရားက စောင့်ကြည့်နေလေသည်။ ဟေးယုအိုက လင်းယွမ်ကို ခြိမ်းခြောက်ရန် နည်းလမ်းမရှိပေ။
ဟေးယုမျိုးနွယ်၏ အရှိန်အဝါနှင့် ကန်လန်ကြယ်၏ ကုန်သွယ်မှုကို ဖြတ်တောက်ပြီး လင်းယွမ်ကို ဖိအားပေးရုံသာ ရှိသည်။
" ငါက ကန်လန်ကြယ်က ထွက်မသွားချင်လို့ သူဖိတ်ခေါ်တာကို လက်မခံတာလို့ သူက ထင်နေတာပဲ။ " လင်းယွမ်က တွေးလိုက်သည်။
" သူတို့က ကန်လန်ကြယ်နဲ့ ကုန်သွယ်မှုကို ဖြတ်တောက်လိုက်ရင်တောင် မစ္စတာလင်းက ကန်လန်ကြယ်က နိုင်ငံသားအချို့ရဲ့ အပြစ်တင်တာကိုပဲ ခံရလိမ့်မယ်။ မစ္စတာလင်းက အဲ့ဒါကို စိတ်ထဲမထားရင် ဘာပြဿနာမှ မရှိဘူး။ " ဟိုမင်က လင်းယွမ်ကို ကြည့်လိုက်သည်။
" ငါ အဲ့ဒါကို စိတ်ထဲမထားဘူး။ " လင်းယွမ်က သူ၏ ခေါင်းကို ခါလိုက်သည်။
စတုတ္ထဆင်းသက်ခြင်းတွင် ရှဟိုယွမ်က နယ်မြေငါးခုတွင် အဆိုးဆုံး နတ်ဆိုးအရှင် ဖြစ်ခဲ့သော်လည်း လင်းယွမ်က ၎င်းကို ဂရုမစိုက်ဘဲ သူ၏ လမ်းကိုသာ ဆက်လျှောက်ခဲ့သည်။
" အခု သတိထားရမှာ ဟေးယုအိုက ကန်လန်ကြယ်နဲ့ ကုန်သွယ်မှုကို ဖြတ်တောက်တာ မစ္စတာလင်းကို ထိခိုက်မှုမရှိဘူးဆိုရင် နောက်ထပ် လှုပ်ရှားမှုတွေ ပြုလုပ်လာမှာကိုပဲ။ " ခေါင်းဆောင် ဟိုမင်၏ မျက်နှာပေါ်တွင် စိုးရိမ်သော အမူအရာပေါ်လာသည်။
" ကိစ္စမရှိဘူး။ " လင်းယွမ်၏ အမူအရာက တည်ငြိမ်နေသည်။
သူက စီနီယာအကိုကြီးနှင့်တွေ့ပြီး ဟေးယုအို၏ အကြောင်းကို ပြောပြခဲ့သည်။ သူ၏ စီနီယာအကိုကြီးကလည်း ဘာမှမဖြစ်ရန် အာမခံခဲ့လေသည်။
" အကိုကြီးက ဟေးယုအိုကို သတိပေးဖို့ ဘယ်လိုနည်းလမ်းကို အသုံးပြုမလဲ ငါသိချင်မိတယ်။ " လင်းယွမ်က တွေးလိုက်သည်။
ကန်လန်ကြယ်၏ အာကာသသင်္ဘောဆင်းသက်သော နေရာတွင် ဦးခေါင်းပြောင်နှင့် ထွားကျိုင်းသော လူတစ်ယောက် ထွက်ပေါ်လာသည်။
" ဝိုး ဒါက ကန်လန်ကြယ်လား။ ငါ့ရဲ့ ညီငယ်လေး မွေးဖွားလာတဲ့ နေရာပေါ့။ " ဦးခေါင်းပြောင်နှင့်လူက မျက်လုံးများမှိတ်ပြီး အသက်ပြင်းပြင်းရှုလိုက်သည်။ သူက လင်းယွမ်အကူအညီတောင်းခဲ့သော စီနီယာအကိုကြီးပင် ဖြစ်သည်။
" ငါ့ရဲ့ ညီငယ်လေးက ဟေးယုအိုရဲ့ အနှောက်အယှက်မရှိဘဲ ကန်လန်ကြယ်ပေါ်မှာ အေးအေးဆေးဆေး ကျင့်ကြံချင်ရင် ငါ့အတွက် အကောင်းဆုံးနည်းလမ်းက ကန်လန်ကြယ်ပေါ်မှာ ကိုယ်တိုင်ထိုင်နေတာပဲ။ "
" ကန်လန်ကြယ်မှာ ငါရှိရင် ဟေးယုမိုကိုယ်တိုင်တောင် လာနှောက်ယှက်ရဲမှာမဟုတ်ဘူး။ " အာကာသသင်္ဘောဆင်းသက်သောနေရာမှ ထွက်လာပြီးနောက် စီနီယာအကိုကြီးက နေထိုင်ရန် နေရာတစ်ခု ရှာဖွေလိုက်သည်။
သူ၏ ခွန်အားနှင့် စိတ်အသိက ကန်လန်ကြယ်တစ်ခုလုံးကို လွှမ်းခြုံနိုင်ပြီး ဂြိုလ်ကာကွယ်ရေးစနစ်ပင် သူ့ကို သတိထားမိမည်မဟုတ်ပေ။
" ငါအခုသန့်စင်ထားတဲ့ ဒီကိုယ်ပွားက အပြင်ကမ္ဘာမှာ ဘယ်သူမှမသိသေးဘူး။ ငါ့ရဲ့ မူလခန္ဓာကိုယ်က ချီခွန်ပင်မကြယ်မှာ ရှိလို့ အဲ့ဒီရှေးဖြစ်ဟောခြင်း ဆင့်ကဲပြောင်းလဲသူတွေကလည်း အရေးပါတဲ့အချက်အလက်တွေကို တွက်ချက်နိုင်မှာမဟုတ်ဘူး။ " စီနီယာအကိုကြီးက ကန်လန်ကြယ်၏ ဗဟိုကုန်းမြေသို့ ကြည့်လိုက်သည်။
သူက ဗဟိုကုန်းမြေကို သေချာအာရုံမစိုက်သောကြောင့် လင်းယွမ်က ၎င်းကို ရှာတွေ့နိုင်မည်မဟုတ်ပေ။
" ဆယ်စုနှစ်အနည်းငယ်ပါပဲ။ ညီငယ်လေးက ငါ့ကို ကျေးဇူးတင်နေရင် အဲ့ဒါက ထိုက်တန်တယ်။ "
ယခုအချိန်တွင် သူက ဟေးယုအိုကို ဆက်၍ လှုပ်ရှားစေချင်သေးသည်။ ထိုမှ သူ၏ ခရီးစဉ်က အချည်းနှီးဖြစ်တော့မည် မဟုတ်ပေ။
" ဟေးယုအို မင်းအကောင်းဆုံး ကြိုးစားဖို့လိုတယ်။ ငါသတ်ဖို့ ဆဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲသူအဖွဲ့တစ်ဖွဲ့လောက် လွှတ်ရင် ပိုကောင်းတယ်။ "
" ဒါဆို ငါက ရှေ့ထွက်ပြီး ငါ့ရဲ့ ညီငယ်လေးကို အန္တရာယ်ထဲက ကယ်ထုတ်နိုင်လိမ့်မယ်။ အဲ့အချိန်ကျရင် သူက ပိုပြီး စိတ်လှုပ်ရှားသွားလိမ့်မယ် ဟီးဟီးဟီး...."
စီနီယာအကိုကြီးက ကုလားထိုင်ပေါ်တွင် ပျင်းရိစွာထိုင်နေပြီး သူ၏ အတွေးကို သဘောကျသွား၏။ သူ၏ အဆင့်အတန်းအရ ဟေးယုမျိုးနွယ်ကို တိုက်ရိုက် သတိပေးနိုင်လေသည်။
သို့သော် ထိုသို့ပြုလုပ်ခြင်းဖြင့် ကန်လန်ကြယ်တွင် နောက်ထပ် နှစ်အနည်းငယ် ကျင့်ကြံချင်သော သူ၏ ညီငယ်လေး၏ တောင်းဆိုမှုကို လိုက်လျောပေးနိုင်မည်မဟုတ်ပေ။
ချီခွန်မျိုးနွယ်မှ တောင်ထိပ်သခင်၏ သတိပေးမှုက ကြယ်နယ်မြေမှ အင်အားစုများနှင့် အနီးရှိ ကြယ်နယ်မြေများ၏ အာရုံစိုက်မှုကို ခံရပေလိမ့်မည်။
ဥပမာ ချီခွန်မျိုးနွယ်၏ တောင်ထိပ်သခင်က ဟေးယုမျိုးနွယ်ကို ဘာကြောင့်သတိပေးခဲ့တာလဲ။ ၎င်းက ဟေးယုမို၏ သား ဟေးယုအိုဖြစ်၏။ နောက်ထပ်မေးခွန်းမှာ ဟေးယုမို၏ သားက ဘာလုပ်ခဲ့လို့လဲ။ ထိုဟေးယုအိုက ဟေးယုမျိုးနွယ်၏ အရှိန်အဝါကို အသုံးပြုပြီး ကန်လန်ကြယ်မှ လင်းယွမ်ဟုခေါ်သော ပါရမီရှင် ဆင့်ကဲပြောင်းလဲသူကို ဖိအားပေးခဲ့သောကြောင့်ပင် ဖြစ်သည်။
အလယ်အဆင့် အသက်ဂြိုလ်မှ ဆင့်ကဲပြောင်းလဲသူလေးကြောင့် ချီခွန်မျိုးနွယ်က ဘာကြောင့်လှုပ်ရှားခဲ့တာလဲ။ နောက်ဆုံးတွင် ချီခွန်မျိုးနွယ်၏ ၁၃ယောက်မြောက် တောင်ထိပ်သခင်ဟူသော လင်းယွမ်၏ အဆင့်အတန်းက ထွက်ပေါ်သွားပေလိမ့်မည်။
၎င်းက ဖြစ်နိုင်ချေတစ်ခု ဖြစ်လျှင်တောင် လျို့ဝှက်သော ၁၃ယောက်မြောက် တောင်ထိပ်သခင်နှင့် ပက်သက်သောကြောင့် မျိုးနွယ်ခြားများက ၎င်းကို လျစ်လျူရှုထားမည်မဟုတ်ပေ။ သူတို့က မှားယွင်းနေလျှင်တောင် ၁၃ယောက်မြောက်တောင်ထိပ်သခင်ဟု သံသယဝင်သောကြောင့် လုပ်ကြံသတ်ဖြတ်ကြပေလိမ့်မည်။
သူက ဟေးယုမိုနှင့် ဟေးယုမျိုးနွယ်ကို လျို့ဝှက်စွာ သတိပေးနိုင်လေသည်။