← Chapters

ဖန်ချင်း၏ အကူအညီ....

Vol. 11 Ch. 171

ဖန်ချင်း၏ အကူအညီ....

Vol. 11 Ch. 171

" မစ္စတာလင်းက ဆန္ဒမရှိရင် ငါက သူ့ကို အတင်းအကျပ်လုပ်ရမှာလား။ တခြားနည်းလမ်းပြော။ " စုန်ဝူယန်က သူ၏ ခေါင်းကို ခါလိုက်သည်။ ထိုနည်းလမ်းက အရိုးရှင်းဆုံးဖြစ်သလို အခက်ခဲဆုံးလည်း ဖြစ်သည်။

လင်းယွမ်က စတုတ္ထအလွှာ ဆင့်ကဲပြောင်းလဲသူတစ်ယောက်ဖြစ်ပြီး ပြိုင်ပွဲတွင် အနိုင်ရရှိခဲ့သော ပါရမီရှင် တစ်ယောက်လည်း ဖြစ်သည်။ သူက ဖိအားပေးသောကြောင့် လင်းယွမ်က အခြားဂြိုလ်သို့ ပြောင်းရွေ့သွားလျှင် ကန်လန်ကြယ်က နှစ်ခါရှုံးရပေလိမ့်မည်။

ယခု ကန်လန်ကြယ်က ဟေးယုမျိုးနွယ်၏ ပစ်ပယ်ခြင်းခံထားရပြီး အခြားအင်အားစုတစ်ခုနှင့် ပူးပေါင်းရန်လည်း ပေးဆပ်မှုများ ပြုလုပ်ရန် လိုအပ်လေသည်။

လင်းယွမ်က ထိုင်ပြီး အဆောက်အဦး၏ အပြင်ဘက်သို့ ကြည့်နေသည်။ သူက အခြားသူများ၏ အမြင်ကို ဂရုမစိုက်သော်လည်း သူ၏ မိဘများနှင့် လင်းယိတို့က အွန်လိုင်းပေါ်မှ လင်းယွမ်ကို ပစ်မှတ်ထားသော မှတ်ချက်များကို ကြည့်ပြီး စိတ်ပျက်နေကြသည်။ လင်းယွမ်က စတုတ္ထအလွှာ ဆင့်ကဲပြောင်းလဲသူတစ်ယောက်ဖြစ်လျှင်တောင် လင်းယွမ်က ပြိုင်ပွဲတွင် ပထမရသူဖြစ်လျှင်တောင် သူတို့က အင်တာနက်ပေါ်တွင် လင်းယွမ်ကို ပြစ်တင်ရှုံ့ချနိုင်လေသည်။

လင်းယွမ်၏ ခွန်အားနှင့် အဆင့်အတန်းကြောင့် လူများက အင်တာနက်ပေါ်တွင်သာ ကျိန်ဆဲဝံ့ကြသည်။ အပြင်တွင် လင်းယွမ်ကို ဆန့်ကျင်ရန် အနည်းဆုံး ပဉ္စမအလွှာ ဆင့်ကဲပြောင်းလဲသူတစ်ယောက် ဖြစ်ရန်တော့ လိုအပ်လေသည်။

" ခနစောင့်လိုက်ပါ။ " လင်းယွမ်က မျက်လုံးများ မှိတ်လိုက်သည်။ သူ ဆဋ္ဌမအလွှာသို့ ရောက်သည်နှင့် အရာအားလုံး ပြီးဆုံးပြီဖြစ်သည်။

လင်းယွမ်က ဆက်လက်ကျင့်ကြံခါနီးတွင် AI လက်ထောက်၏ အသံ ထွက်ပေါ်လာသည်။

" သခင် လူတစ်ယောက်က သခင်ကို လာရှာနေတယ်။ "

" ဘယ်သူလဲ။ " လင်းယွမ်က မျက်ခုံးများပင့်သွား၏။

" ဖန်ချင်းပါ။ "

VR ကမ္ဘာ၏ ကိုယ်ပိုင်နေရာတွင် လင်းယွမ်က ပေါ်လာပြီး သူက တွေ့ဆုံမှုကို လက်ခံလိုက်သည်။

ခနကြာသောအခါ ဖန်ချင်းက သူ၏ ရှေ့တွင် ပေါ်လာသည်။ သို့သော် သူ၏ ခန္ဓာကိုယ် အပြည့်အဝ မပေါ်လာမီ ကျိန်ဆဲသံများက လေထဲတွင် ပြည့်နှက်သွားသည်။

" အဲ့ဒီ ခွေးကောင် ဟေးယုအို သူက ငါမရှိတုန်း ကန်လန်ကြယ်ကို ဖိနှိပ်ရဲတယ်ပေါ့။ သူ့ကို ဘယ်သူက သတ္တိတွေ ပေးလိုက်တာလဲ။ "

ဖန်ချင်းက ဟေးယုအိုကို ဆက်တိုက်ကျိန်ဆဲနေသည်။ သူက လင်းယွမ်ကို သူ၏ လက်အောက်သို့ ဝင်စေရန် သူ့မိသားစု၏ စွမ်းအားဖြင့် ကန်လန်ကြယ်တစ်ခုလုံးကို ဖိအားပေးခဲ့လေသည်။

ဖန်ချင်း၏ အမြင်တွင် ၎င်းက သိက္ခာမရှိသော လုပ်ရပ်တစ်ခုဖြစ်ပြီး ဟေးယုမျိုးနွယ်၏ အရှက်ရစရာလည်း ဖြစ်သည်။

" လင်းယွမ် စိတ်ချပါ။ ငါ ဒီကိစ္စကို သိပြီးသွားပြီ။ "

ကြယ်ခုနှစ်လုံးလှိုဏ်ဂူ စမ်းသပ်မှုပြီးသောအခါ ဖန်ချင်းက အာကာသယာဉ်နှင့် ချီခွန်ပင်မကြယ်သို့ လိုက်သွားခဲ့ရသည်။ ထိုအချိန်တွင် သူက လုပ်စရာများသောကြောင့် လင်းယွမ်နှင့် ဆက်သွယ်ရန် အခွင့်အရေးမရှိခဲ့ပေ။ ချီခွန်မျိုးနွယ်သို့ ဝင်ရောက်ခြင်းက အေးအေးဆေးဆေး နေနိုင်ပြီဟု မဆိုလိုပေ။ ချီခွန်မျိုးနွယ်၏ အဖွဲ့ဝင်တစ်ဦးအနေဖြင့် ဖန်ချင်းက ပြိုင်ပွဲများစွာကို ပါဝင်ခဲ့ရပြီး အားလပ်ချိန် နည်းပါးခဲ့သည်။

" ငါက ဟေးယုအိုရဲ့လက်အောက်ကို ဝင်ဖို့တော့ စိတ်မဝင်စားဘူး။ " လင်းယွမ်က သူ၏ ခေါင်းကို ခါပြီး ပြောလိုက်သည်။

" ငါသိတယ်။ " ဖန်ချင်းက ခေါင်းငြိမ့်လိုက်သည်။ " အဲ့ဒီကိစ္စကို ငါ့တာဝန်ထားလိုက်။ "

ဖန်ချင်းက ယုံကြည်မှုရှိစွာ ပြောလိုက်သည်။ ယခု သူက ချီခွန်မျိုးနွယ်၏ အဖွဲ့ဝင်တစ်ယောက်ဖြစ်၏။ ချီခွန်မျိုးနွယ်က ချီခွန်ကြယ်နယ်မြေတွင် ပြိုင်ဘက်ကင်သသော တည်ရှိမှုဖြစ်သည်။ ချီခွန်မျိုးနွယ်နှင့် ပက်သက်သော ဆင့်ကဲပြောင်းလဲသူတိုင်း မြင့်မားသော အဆင့်အတန်းရှိလေသည်။

" အရင်ဆုံး ငါတို့က သံတမန်ရေးရာက စရမယ်။ ပြီးမှ လိုအပ်ရင် ခွန်အားသုံးရလိမ့်မယ်။ ဟေးယုအိုနဲ့စကားပြောတာပေါ့။ " ဖန်ချင်းက တည်ငြိမ်စွာ ပြောလိုက်သည်။ ကန်လန်ကြယ်အား ပစ်မှတ်ထားခြင်းကို ရပ်တန့်ရန် ဟေးယုအိုကို ဖျောင်းဖျနိုင်လျှင် ကိစ္စအားလုံး ပြီးသွားပြီဖြစ်သည်။

ဟေးယုအိုက ဆန္ဒမရှိလျှင် ဖန်ချင်းက ထိုကိစ္စကို ဖြေရှင်းရန် အခြားနည်းလမ်းများရှိလေသည်။

" ကျေးဇူးတင်ပါတယ်။ " လင်းယွမ်က ပြောလိုက်သည်။ ဟေးယုမျိုးနွယ်နှင့် ရင်ဆိုင်ရချိန်တွင် လင်းယွမ်က ဝှက်ဖဲများရှိသောကြောင့် စိုးရိမ်ခြင်းမရှိပေ။

ဖန်ချင်းက ကန်လန်ကြယ်မှ လူအများ၏ ဖိအားပေးခြင်းကို ခံနေရသော်လည်း သူ၏ ဘက်တွင် ရပ်နေသောကြောင့် သစ္စာရှိသည်ဟု ယူဆနိုင်လေသည်။

ထို့နောက် လင်းယွမ်၏ ရှေ့တွင် ဖန်ချင်းက ဟေးယုအိုကို ဆက်သွယ်လိုက်သည်။

ခနကြာသောအခါ ဟေးယုအိုက ဖန်ချင်း၏ ရှေ့တွင် ပေါ်လာသည်။

" အကိုဖန်း မတွေ့တာကြာပြီ။ " ဟေးယုအိုက ဖန်ချင်းကို ပြုံး၍ နှုတ်ဆက်လိုက်သည်။

ကြယ်ခုနှစ်လုံးလှိုဏ်ဂူ စမ်းသပ်မှုတွင် ဆင့်ကဲပြောင်းလဲသူ သုံးရာကျော်သာ အောင်မြင်ခဲ့သောကြောင့် ဟေးယုမျိုးနွယ်က ချီခွန်မျိုးနွယ်သို့ ဝင်ရောက်နိုင်သော ထိုလူသုံးရာကို မှတ်မိကြလေသည်။

မကြာသေးမီက ကျင်းပသော ၁၃ယောက်မြောက် တောင်ထိပ်သခင်၏ ဂုဏ်ပြုပွဲတွင်လည်း ဖန်ချင်းနှင့် ချီခွန်မျိုးနွယ်၏ အဖွဲ့ဝင် အသစ်များက ဟေးယုမျိုးနွယ်အပြင် အခြားအင်အားစုများနှင့် မိတ်ဆက်ခဲ့ပြီး ဟေးယုအိုကလည်း ဖန်ချင်းနှင့် စကားအနည်းငယ် ပြောခဲ့လေသည်။

" ဟေးယုအို အဓိပ္ပါယ်မရှိတာတွေကို ကျော်လိုက်ရအောင်။ " ဖန်ချင်းက တိုက်ရိုက်ပြောလိုက်သည်။ " ငါ ဘယ်ကလာလဲဆိုတာ မင်းသိလား။ "

" အကိုဖန် ဘာကိုဆိုလိုတာလဲ။ " ဟေးယုအို၏ မျက်နှာပေါ်မှ အပြုံးက ပျောက်ကွယ်သွားသည်။

သူက ဖန်ချင်းမှာ ကန်လန်ကြယ်မှလာသည်ကို သိလေသည်။ သို့သော် သူက လင်းယွမ်ကိုသာ ပစ်မှတ်ထားခြင်းဖြစ်ပြီး လင်းယွမ်သာ ဦးညွှတ်ခဲ့လျှင် ကန်လန်ပေါ်မှ ဖိအားက ရပ်တန့်သွားပေလိမ့်မည်။ ကန်လန်ကြယ်က အကျိုးအမြတ်အချို့ ဆုံးရှုံးလိုက်ရုံသာ ဖြစ်ပြီး အခြေအနေတစ်ခုလုံးကို ထိခိုက်စေမည်မဟုတ်ပေ။

" လင်းယွမ်က ငါ့ရဲ့ အကောင်းဆုံး သူငယ်ချင်း ညီကိုပဲ။ ကန်လန်ကြယ်က ငါ့ရဲ့ မွေးရပ်မြေပဲ။ မင်းရဲ့ အကြံအစည်တွေကို ရုတ်သိမ်းလိုက်ပါ။ " ဖန်ချင်းက ပြောလိုက်သည်။

" အို.." ဟေးယုအို၏ အမူအရာက မပြောင်းလဲပေ။ " ဘာအကြံအစည်တွေလဲ။ မင်းဘာပြောနေလဲဆိုတာ ငါနားမလည်ဘူး။ "

" ဟန်ဆောင်မနေနဲ့။ " ဖန်ချင်းက ပြောလိုက်သည်။ " မင်းရဲ့ ဖိတ်ခေါ်မှုကို လင်းယွမ်က လက်မခံလို့ ကန်လန်ကြယ်နဲ့ ကုန်သွယ်မှုကို ဖြတ်တောက်ခဲ့တာမဟုတ်လား။ ဒီလိုလှည့်ကွက်လေးတွေကို ငါမမြင်နိုင်ဘူးလို့ မင်းထင်နေတာလား။ "

" အကိုဖန် မင်းနားလည်မှုလွဲနေပြီ။ ကန်လန်ကြယ်နဲ့ ကုန်သွယ်မှုဖြတ်တောက်တာက မျိုးနွယ်က အကြီးအကဲတွေရဲ့ ဆုံးဖြတ်ချက်ပဲ။ သူတို့က ကန်လန်ကြယ်နဲ့ ဆက်ပြီးပူးပေါင်းဖို့ အဆင်မပြေလို့ပဲ။ အဲ့ဒါက ငါနဲ့ဘာဆိုင်လို့လဲ။ " ဟေးယုအိုက ပြတ်ပြတ်သားသား ငြင်းဆိုနေသည်။

မည်သည့်သက်သေမှမရှိပေ။ ဖန်ချင်းက ချီခွန်မျိုးနွယ်မှ သာမန်အဖွဲ့ဝင်တစ်ယောက် ဖြစ်လျှင်တောင် ဟေးယုအိုက သူနှင့် ပဋိပက္ခမဖြစ်လိုပေ။ အဆုံးတွင် ကန်လန်ကြယ်နှင့် ကုန်သွယ်မှုဖြတ်တောက်ခြင်းက တရားဝင်ပြီး ဉာဏ်ပညာနတ်ဘုရားပင် အပြစ်တင်နိုင်မည်မဟုတ်ပေ။

" ဟေးယုအို မင်းက ငါနဲ့ ရန်သူဖြစ်ချင်တာလား။ " ဖန်ချင်းက ဟေးယုအိုကို စိုက်ကြည့်ပြီး တစ်ခွန်းချင်း ပြောလိုက်သည်။

" အကိုဖန် ဘာလို့ရန်သူဖြစ်ရမှာလဲ။ ငါ့မှာ အဲ့လိုစွမ်းအားလည်း မရှိပါဘူး။ " ဟေးယုအိုက သူ၏ ခေါင်းကို ခါလိုက်သည်။

" ကောင်းပြီလေ။ " ဖန်ချင်းက ဆက်သွယ်မှုကို ဖြတ်တောက်လိုက်သည်။

" ဟေးယုအိုက လုံးဝ ဝန်မခံဘူးပဲ။ " ဖန်ချင်းက ရေရွတ်လိုက်သည်။ " လင်းယွမ်ရဲ့ ဆွဲဆောင်မှုက တော်တော်ကြီးတဲ့ပုံပဲ။ ဟေးယုအိုက ဝန်ခံတာထက် ချီခွန်မျိုးနွယ်ကို ဆန့်ကျင်ဖို့ ရွေးချယ်ခဲ့တာပဲ။ "

" ဒါပေမယ့် ပြဿနာကြီးတော့ မဟုတ်ဘူး။ " ဖန်ချင်းက လင်းယွမ်ကို ကြည့်ပြီး ပြောလိုက်သည်။ " လင်းယွမ် ငါ့ဆီက သတင်းကောင်းစောင့်နေ။ "

ထိုသို့ပြောပြီး ဖန်ချင်းက ပျောက်ကွယ်သွားသည်။ လင်းယွမ်က ဖန်ချင်းထွက်သွားသည်ကို ကြည့်ပြီး အတွေးနက်သွားသည်။ သူက ဖန်ချင်းကို လျစ်လျူရှုခဲ့မိသည်။

ချီခွန်မျိုးနွယ်က ဟေးယုမျိုးနွယ်၏ ဖိနှိပ်မှုကို ဖြေရှင်းပေးခဲ့လျှင် အခြားအင်အားစုများကို ဆွဲဆောင်နိုင်ပြီး လင်းယွမ်၏ အဆင့်အတန်းကလည်း ထွက်ပေါ်သွားနိုင်လေသည်။ သို့သော် ဖန်ချင်းက ခြွင်းချက်ဖြစ်သည်။

ဖန်ချင်းက ကန်လန်ကြယ်မှဖြစ်ပြီး လင်းယွမ်နှင့် ပြိုင်ပွဲတွင် ပါဝင်ခဲ့သောကြောင့် ဆက်ဆံရေးကောင်းများ ရှိလေသည်။ ယခု လင်းယွမ်က ပစ်မှတ်ထားခံနေရသောကြောင့် ချီခွန်မျိုးနွယ်သို့ ဝင်ရောက်ခဲ့သော ဖန်ချင်းက ကြားဝင်ဖြေရှင်းပေးလျှင်တောင် သံသယဝင်ခံရမည်မဟုတ်ပေ။

ခမ်းနားသော နန်းတော်ကြီးတွင် ဟေးယုအိုက ပလ္လင်ပေါ်တွင် ထိုင်နေသည်။

" သခင်လေး ဖန်ချင်းကို ဒီလိုလျစ်လျူရှုလိုက်တာက..." ဖေးကျောက်က ဖြစ်စဉ်အားလုံးကို သိပြီး အနည်းငယ် စိုးရိမ်နေသည်။

" မစိုးရိမ်နဲ့။ အဲ့ဒီဖန်ချင်းက ချီခွန်မျိုးနွယ်ရဲ့ သာမန်အဖွဲ့ဝင်လေးတစ်ယောက်ပဲ။ သူက ချီခွန်မျိုးနွယ်တစ်ခုလုံးကို ကိုယ်စားမပြုနိုင်ဘူး။ " ဟေးယုအိုက သူ၏ ခေါင်းကို ခါပြီး ပြောလိုက်သည်။ " ပြီးတော့ ငါက သူနဲ့ ထိပ်တိုက်ရင်ဆိုင်တာမဟုတ်တဲ့အပြင် သက်သေလည်း မရှိဘူး။ သူက ဘာလုပ်နိုင်မှာမလို့လဲ။ "

ချီခွန်မျိုးနွယ်၏ အဓိကအဖွဲ့ဝင်တစ်ယောက်ဖြစ်လျှင် ဟေးယုအိုက နောက်ဆုတ်ပေးမည်ဖြစ်သော်လည်း ချီခွန်မျိုးနွယ်ကို ယခုမှ ဝင်ခဲ့သော အဖွဲ့ဝင်အသစ်လေးအတွက်တော့ မထိုက်တန်သေးပေ။

ဟေးယုအိုက မည်သည့်အန္တရာယ်မှ မရှိဘဲ သူက မျိုးနွယ်ကို ပြန်ပြီး ခေါင်းဆောင်နေရာကို ဆက်ခံခဲ့လျှင် အရာအားလုံး ပြီးဆုံးပြီဖြစ်သည်။

ချီခွန်VR ကမ္ဘာ။ ၎င်းက ယာယီဖန်တီးထားသော ကမ္ဘာလေးဖြစ်သည်။

ဖန်ချင်းက လူသုံးရာကျော်ဖြင့် ကြီးမားသော စားပွဲကြီးပတ်လည်တွင် ထိုင်နေသည်။ ထိုလူသုံးရာကျော်က ဖန်ချင်းနှင့်အတူ ချီခွန်မျိုးနွယ်သို့ ဝင်ရောက်ခဲ့သူများဖြစ်သည်။ သူတို့က ချီခွန်မျိုးနွယ်သို့ အတူတူဝင်ရောက်ခဲ့ကြသောကြောင့် ပုံမှန်အားဖြင့် ရင်းနှီးမှု ရှိကြလေသည်။

" ဖန်ချင်း ငါတို့ကို ခေါ်လိုက်တာ ဘာလို့လဲ။ "

" ငါတို့ရင်းနှီးမှုအရ ပွင့်ပွင့်လင်းလင်း ပြောလို့ရတယ်။ "

စားပွဲဘေးမှ ဆင့်ကဲပြောင်းလဲသူများက ပြောလိုက်သည်။ သို့သော် အများစုက တိတ်ဆိတ်နေကြပြီး ဘာမှဝင်မပြောကြပေ။ သူတို့ကြားတွင် ငွေရောင်ဆံပင်နှင့် ရင်လင်း၊ မျက်လုံးသုံးလုံးမျိုးနွယ်ဝင်နှင့် ထွားကြိုင်းသော လူကြီးတို့လည်း ပါဝင်လေသည်။ သူတို့သုံးယောက်က အနီရောင်သင်္ကေတပိုင်ရှင်များ ဖြစ်ကြသော်လည်း ချီခွန်မျိုးနွယ်တွင် အရေးပါသော နေရာများ မရရှိကြဘဲ အခြားသူများနှင့် တန်းတူသာ ဖြစ်လေသည်။

" အားလုံးပဲ။ " ဖန်ချင်းက လူအုပ်ကြီးကို ကြည့်ပြီး ပြောလိုက်သည်။ " ငါ့ရဲ့မွေးရပ်မြေ ကန်လန်ကြယ်က အခု ဟေးယုမျိုးနွွယ်ရဲ့ ဖိနှိပ်ခြင်း ခံနေရတယ်။ "

" သူတို့က ကန်လန်ကြယ်နဲ့ ကုန်သွယ်မှုကို ရပ်တန့်ပြီး စီးပွားရေးပိတ်ဆို့မှုတွေ လုပ်ခဲ့ကြတယ်။ မင်းတို့ရဲ့ နောက်ကအင်အားစုတွေက ကန်လန်ကြယ်နဲ့ ကုန်သွယ်မှုလုပ်ဖို့ တောင်းဆိုချင်ပါတယ်။ "

ဖန်ချင်းက စိတ်အားထက်သန်စွာ ပြောလိုက်သည်။ ဟေးယုမျိုးနွယ်မှ ကုန်သွယ်မှုဖြတ်တောက်ခြင်းကို ထိန်းချုပ်ရန်အတွက် အရင်ဆုံး အခြားအင်အားစုများနှင့် ကုန်သွယ်မှုလမ်းကြောင်းများ အမြန်တည်ဆောက်နိုင်ရန်ဖြစ်သည်။ ထိုအင်အားစုများကလည်း ဟေးယုမျိုးနွယ်ကို မကြောက်ရန် လိုအပ်လေသည်။ ဤနေရာမှ ဆင့်ကဲပြောင်းလဲသူများက ချီခွန်မျိုးနွယ်မှဖြစ်ပြီး သဘာဝအားဖြင့် ဟေးယုမျိုးနွယ်ကို ကြောက်ရွံ့ခြင်းမရှိကြပေ။

" အခြေအနေက အဲ့လိုပေါ့။ "

" ရွံစရာကောင်းလိုက်တဲ့ ဟေးယုမျိုးနွယ်။ "

" ခွန်အားသုံးပြီး အခြားသူတွေကို အနိုင်ကျင့်တာပဲ။ "

" အကိုဖန်ချင်း ငါမင်းကို သေချာပေါက်ကူညီမယ်။ "

စားပွဲဝိုင်းများ ဆင့်ကဲပြောင်းလဲသူများက တစ်ယောက်ပြီးတစ်ယောက် ပြောလိုက်ကြသည်။ ထိုသို့ ပြောရခြင်းမှာလည်း ဖန်ချင်း၏ မျက်နှာကြောင့်ဖြစ်သည်။ ယခုအချိန်တွင် သူတို့က ကူညီလိုက်ခြင်းဖြင့် ဖန်ချင်းအပေါ် ကျေးဇူးကြွေးတင်သွားပြီး နောက်တစ်ချိန်တွင် ဖန်ချင်းက သူတို့ကို ပြန်လည်ကူညီရပေလိမ့်မည်။

" ကန်လန်ကြယ်..." တတိယမျက်လုံးနှင့်လူက စကားပြောလိုက်သည်။ " ငါသိသလောက်ဆို ဟေးယုအိုက လင်းယွမ်ကို ဖိတ်ခေါ်တာ လင်းယွမ်က ငြင်းလိုက်လို့ ဒီလိုတွေဖြစ်လာတာမဟုတ်လား။ "

" ဖန်ချင်း မင်းခနစောင့်ဖို့ပဲ လိုတယ်။ မကြာခင် လင်းယွမ်က သူ့သာသူ ခေါင်းငုံ့သွားပြီး ကန်လန်ကြယ်ပေါ်က ဖိအားကလည်း ပျောက်ကွယ်သွားလိမ့်မယ်။ မင်းက မင်းရဲ့ သူငယ်ချင်းအတွက် တကယ်ကူညီချင်တာ သေချာရဲ့လား။ "

အခြားသူများကလည်း ဖန်ချင်းကို ကြည့်လိုက်ကြသည်။ ဟေးယုမျိုးနွယ်က အားနည်းသူများအား အနိုင်ကျင့်ခြင်းကို သူတို့ ဂရုမစိုက်ပေ။ အားလုံးက တက်တက်ကြွကြွ ပြောဆိုကြခြင်းမှာ ဖန်ချင်းမျက်နှာတစ်ခုတည်းကြောင့် ဖြစ်သည်။ အဆုံးတွင် ထိုကိစ္စက သူတို့အတွက် ကုန်သွယ်မှုလမ်းကြောင်းလေးတစ်ခုသာ ဖြစ်ပြီး ဘာမှမဟုတ်ပေ။

လူတိုင်း၏ အကြည့်အောက်တွင် ဖန်ချင်းက မျက်ခုံးများပင့်သွား၏။ သူ၏ စိတ်ထဲတွင် မုတ်ဆိတ်ဖြူလူအိုကြီး၏ အသံကို ကြာလိုက်ရသည်။

" ကူညီရမယ် မင်းသေချာပေါက် ကူညီရမယ်။ မင်း အခြေအနေဆိုးသွားရင်တောင် ကူညီရလိမ့်မယ်"

All Chapters