← Chapters

ဝမ်ယန်တော်ဝင်သားတော်.....

Vol. 11 Ch. 175

ဝမ်ယန်တော်ဝင်သားတော်.....

Vol. 11 Ch. 175

" အသက်တစ်ရာအောက် ဆဋ္ဌမအလွှာ၊ ဒီလိုအရည်အချင်းမျိုးက မယုံကြည်နိုင်စရာကောင်းလွန်းတယ်။ " အကိုဆယ့်နှစ်က သက်ပြင်းချလိုက်သည်။

" ငါတို့ ညီငယ်လေး ဆဋ္ဌမအလွှာကို ရောက်ရင် ချီခွန်ပင်မကြယ်ကို လူကိုယ်တိုင် လာလိမ့်မယ်။ အဲ့အချိန်ကျရင် ငါတို့သူ့ကို သေချာကြိုဆိုရမယ်။ " နောက်ထပ်တစ်ယောက်က ပြောလိုက်သည်။

" အမှန်ပဲ။ " အကိုဆယ့်နှစ်က ခေါင်းငြိမ့်လိုက်သည်။

" စတုတ္ထအလွှာက ကောင်လေးတစ်ယောက်က မျက်စိတစ်မှိတ်အတွင်း ဒီလောက်ထိ ပြောင်းလဲသွားတယ်။ "

အနီရောင်နန်းတော်ကြီးထဲတွင် ချီခွန်ကြယ်သခင်နှင့် အဖြူရောင်ဝတ်ရုံနှင့်လူတို့က စစ်တုရင် ကစားနေကြသည်။

" ချီခွန် မင်းက တပည့်ကောင်းကို ရထားတာပဲ။ " အဖြူရောင်ဝတ်ရုံနှင့်လူက မှတ်ချက်ပေးလိုက်သည်။

" ဟဲဟဲ..." ချီခွန်ကြယ်သခင်က ပြုံးလိုက်သည်။

" မင်းရဲ့ တပည့်က ငါ့ရဲ့ တပည့်လေးက်ု အနိုင်ယူခဲ့တယ်။ " အဖြူရောင်ဝတ်ရုံနှင့်လူက စစ်တုရင်တစ်ကွက်ကို ရွေ့ပြီး ပြောလိုက်သည်။

သူက အဖြူရောင်ဝတ်ရုံနှင့်လူ၏ တပည့်ကို သိလေသည်။ ထိုလူ၏ တပည့်မှာ လွန်ခဲ့သော ရာစုနှစ်ကတည်းက ပဉ္စမအလွှာ အထွတ်အထိပ်တွင် ရှိနေပြီး ဆဋ္ဌမအလွှာနှင့် ခြေတစ်လှမ်းသာ လိုတော့လေသည်။ စိတ်ဝိညာဉ်ပေါင်းစည်းခြင်းကလည်း ၉၀ ရာခိုင်နှုန်း ပြီးမြောက်နေပြီဖြစ်သည်။

" ဟန်ဆောင်နေတုန်းလား။ " အဖြူရောင်ဝတ်ရုံနှင့်လူက ချီခွန်ကြယ်သခင်ကို ကြည့်လိုက်သည်။

" အို့...." ချီခွန်ကြယ်သခင်က စိတ်ဝင်စားသွားပြီး သူ၏ စိတ်အသိနှင့် ရှာဖွေလိုက်သောအခါ လင်းယွမ်က ဆင့်ကဲပြောင်းလဲသူများအား စိန်ခေါ်နေသည်ကို တွေ့လိုက်ရသည်။

" ငါတပည့်က မင်းရဲ့ တပည့်ကို ရိုက်လိုက်တာလား။ " ချီခွန်ကြယ်သခင်က စိတ်ရှုပ်သွား၏။

" အင်း..." ချီခွန်ကြယ်သခင်က အပြင်တွင် တည်ငြိမ်နေသော်လည်း စိတ်ထဲတွင် သံသယများရှိနေသည်။

သူက သူ၏ စိတ်အသိအမျှင်ကို ခွဲထုတ်ပြီး လင်းယွမ်၏ ပြိုင်ပွဲကို ကြည့်လိုက်သည်။

" ဒါက..." ချီခွန်ကြယ်သခင်၏ အမူအရာက ပြောင်းလဲသွားပြီး အနည်းငယ် အံ့ဩသော အမူအရာ ပေါ်လာသည်။

ချီခွန်ကြယ်သခင်၏ စိတ်အသိက စွမ်းအားကောင်းပြီး လင်းယွမ်၏ ပြိုင်ပွဲအားလုံးကို ကြည့်ရှုနိုင်ခဲ့သည်။

" ငါ့တပည့်က..." ချီခွန်ကြယ်သခင်က အံ့ဩမှုများ ပြည့်နှက်သွား၏။ " သူက စိတ်ဝိညာဉ်ပေါင်းစည်းခြင်းကို စတင်နေပြီလား။ "

သူ၏ တပည့် ၁၂ ယောက်အပါအဝင် အခြားသူများမှာ လင်းယွမ်၏ တိုးတက်မှုက ချီခွန်ကြယ်သခင်၏ လမ်းညွှန်မှုကြောင့်ဟု ထင်နေကြသည်။ သို့သော် သူက လင်းယွမ်အား လမ်းညွှန်မှုမပေးခဲ့သည်ကို သူသာသိလေသည်။

လင်းယွမ်က ပဉ္စမအလွှာသို့ ရောက်သွားသောအခါ လင်းယွမ်အတွက် ပြင်ဆင်ထားသော လေ့ကျင့်ရေးအစီအစဉ်ကို ဖျက်သိမ်းခဲ့ရသည်။

သူက လင်းယွမ်ကို အဆင့်မတက်မီ နိယာမများကို ခံစားနိုင်ရန် နိယာမသလင်ကျောက်ကို ပေးခဲ့ခြင်း ဖြစ်သည်။ သို့သော် ယခု လင်းယွမ်က ပဉ္စမအလွှာ အထွတ်အထိပ်ကို ရောက်သွားပြီး စိတ်ဝိညာဉ်ပေါင်းစည်းခြင်းကို စတင်ပြီးပြီဖြစ်သည်။

" ၈၀ ရာခိုင်နှုန်း မဟုတ်သေးဘူး။ အနည်းဆုံး ၉၀ ရာခိုင်နှုန်း ၉၅ ရာခိုင်နှုန်းပဲ။ " ချီခွန်ကြယ်သခင်က VR ကမ္ဘာကိုဖြတ်ပြီး လင်းယွမ်ကို ကြည့်ရှုနေသော်လည်း သူက လင်းယွမ်၏ အဆင့်ကို ခန့်မှန်းနိုင်လေသည်။

လင်းယွမ်၏ ပြိုင်ပွဲများကို ကြည့်ရှုပြီးနောက် စိတ်ဝိညာဉ်ပေါင်းစည်းမှုမှာ အနည်းဆုံး ၉၅ ရာခိုင်နှုန်းသို့ ရောက်နေလောက်ပြီဖြစ်သည်။

" ဟားဟား ငါ့တပည့်ကို မင်းတပည့်က ဘယ်လိုလုပ်ယှဉ်နိုင်မှာလဲ။ ဘာလဲ သူက ငိုပြီး မင်းဆီကို လာတိုင်နေတာလား ဟားဟားဟား...." ချီခွန်ကြယ်သခင်က ချက်ချင်း ရယ်မောလိုက်သည်။

သူက လင်းယွမ်ကို နောက်တစ်ကြိမ် လျှော့တွက်မိမှန်း နားလည်လိုက်သည်။ ၎င်းက ရှားပါးသော အခွင့်အရေးဖြစ်သောကြောင့် သူ၏ မိတ်ဆွေကို လှောင်ပြောလိုက်သည်။

" ငါက မင်းပြောင်းလဲသွားပြီလို့ထင်နေတာ..." အဖြူရောင်ဝတ်ရုံနှင့်လူက ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။ သူကလည်း သူ၏ တပည့်နှင့် လင်းယွမ်တို့၏ ပြိုင်ပွဲကို ကြည့်ရှုခဲ့လေသည်။ ချီခွန်ကြယ်သခင်၏ တပည့်က အမှန်ပင် စွမ်းအားကောင်းလှသည်။

" မင်းက ဒီလိုထူးချွန်တဲ့ တပည့်ကို ဘယ်နေရာများရှာတွေ့လာတာလဲ။ " အဖြူရောင်ဝတ်ရုံနှင့်လူက မေးလိုက်သည်။

ချီခွန်မျိုးနွယ်၏ ရှစ်စန်းတောင်ထိပ်သခင်ကို ချီခွန်ကြယ်သခင်က စကြာဝဠာထဲတွင် ခရီးသွားစဉ်က ရှာတွေ့ခဲ့ခြင်း ဖြစ်သည်ဟု ပြောလေသည်။

" အဲ့ဒါလား။ အဲ့ဒါက လျို့ဝှက်ချက်ပဲ။ " ချီခွန်ကြယ်သခင်က ပြုံးလိုက်သည်။ " ငါတပည့် ဆဋ္ဌမအလွှာကို ရောက်ရင် မင်းသိလိမ့်မယ်။ "

" မင်း မြေခွေးအိုကြီး ငါနဲ့ ပဟေဠိလာဝှက်နေတယ်။ " အဖြူရောင်ဝတ်ရုံနှင့်လူက ဆက်မမေးတော့ပေ။

လွန်ခဲ့သော နှစ်ပေါင်းများစွာက ချီခွန်ကြယ်သခင်၏ တပည့်အသစ်မှာ မျိုးနွယ်ခြားများ၏ လုပ်ကြံသတ်ဖြတ်ခြင်းအား ခံခဲ့ရသည်ကို သူလည်း သိလေသည်။

VR ကမ္ဘာ၏ ပြိုင်ပွဲဧရိယာတွင် လင်းယွမ်၏ နေ့စဉ်စိန်ခေါ်မှု အချိန်နီးလာတိုင်း ပရိတ်သတ်များစွာက ပြိုင်ပွဲများကို ကြည့်ရှုရန် ရောလာကြသည်။ လင်းယွမ်က ချီခွန်မျိုးနွယ်၏ တောင်ထိပ်သခင်တစ်ယောက် ဖြစ်ရုံသာမက သူ၏ တိုက်ပွဲများတွင် ပြင်းထန်သော ခွန်အားကို ပြသခဲ့ပြီး ပရိတ်သတ်များစွာကို ဆွဲဆောင်နိုင်ခဲ့သည်။

ထိုပရိတ်သတ်များက ချီခွန်ကြယ်နယ်မြေမှသာမက လူသားမျိုးနွယ်၏ အခြားကြယ်နယ်မြေများမှ လူများလည်း ပါဝင်လေသည်။ ထို့ကြောင့် ထိုပရိတ်သတ်များက ချီခွန်မျိုးနွယ်၏ တောင်ထိပ်သခင်ထက် လင်းယွမ်၏ တိုက်ခိုက်သော ပုံစံနှင့် ခွန်အားကို ပို၍ သဘောကျကြခြင်းဖြစ်သည်။

သီးသန့်အခန်းတစ်ခန်းတွင် ဟေးယုမျိုးနွယ်၏ သတ္တမအလွှာ ဆင့်ကဲပြောင်းလဲသူ ဟေးယုမိုက ထိုင်နေသည်။ သူ၏ ဘေးတွင် သူနှင့်ရင်းနှီသော အခြားသူများလည်း ရှိနေသည်။

" မင်းတို့ဘယ်လိုထင်လဲ။ ချီခွန်ကြယ်နယ်မြေရဲ့ ရှစ်စန်းတောင်ထိပ်သခင်ရဲ့ ခွန်အားက မဆိုးဘူးမဟုတ်လား။ " ဟေးယုမိုက ပြောလိုက်သည်။

" အမှန်ပဲ။ ချီခွန်ကြယ်သခင်က တပည့်တွေကို သင်ကြားရာမှာ ကျွမ်းကျင်တယ်လို့ ကြားခဲ့ရတယ်။ အခုကြည့်ရတာ သူက အဲ့ဒီဂုဏ်သတင်းနဲ့ တကယ်ထိုက်တန်တဲ့ပုံပဲ။ " ဟေးယုမို၏ ညာဘက်တွင် ထိုင်နေသော လူက ခေါင်းငြိမ့်လိုက်သည်။

" ပြိုင်ပွဲတိုင်းမှာ ရှစ်စန်းတောင်ထိပ်သခင်ရဲ့ ခွန်အားက နည်းနည်း တိုးလာတာ မင်းသတိထားမိလား။ သူက ဆဋ္ဌမအလွှာကို တက်ဖို့ သူနဲ့ အဆင့်တူတဲ့ ဆင့်ကဲပြောင်းလဲသူတွေကို အသုံးချနေတာပဲ။ " ဘယ်လက်မှလူက ပြောလိုက်သည်။

" လူတွေ ဒီလောက်အများကြီး ဘာလို့လာကြတာပဲ။ ရှစ်စန်းတောင်ထိပ်သခင်ရဲ့ ပြိုင်ပွဲက ဆဋ္ဌမအလွှာ ပြိုင်ပွဲတွေထက်တောင် နာမည်ကြီးနေတယ်။ " ဟေးယုမိုက ခနရပ်ပြီး ဆက်ပြောလိုက်သည်။

" သမိုင်းမှာ တိုက်ပွဲတွေကို အသုံးပြုပြီး အဆင့်တက်ဖို့ ကြိုးစားတဲ့လူတွေ အများကြီးရှိတယ်။ ရှစ်စန်းတောင်ထိပ်သခင်ရဲ့ အလားအလာကလည်း တွက်ချက်လို့မရဘူး။ "

" အမှန်ပဲ။ ဒါပေမယ့် အနာဂတ်ကို ဘယ်သူက သေချာသိနိုင်မှာလဲ။ " သူတို့က တစ်ယောက်နှင့်တစ်ယောက် ကြည့်လိုက်ကြသည်။

အလားအလာနှင့် ခွန်အားက မတူပေ။ သူတို့က ရှစ်စန်းတောင်ထိပ်သခင်၏ အလားအလာကို ခန့်မှန်းနိုင်လျှင် မျိုးနွယ်ခြားများကလည်း တွက်ချက်နိုင်ပေလိမ့်မည်။

" ထိပ်တန်း ရှေးဖြစ်ဟောသူတွေတောင် အနာဂတ်ကို အတိအကျမသိနိုင်ဘူး။ " ဟေးယုမိုက ပြိုင်ပွဲကို ကြည့်ပြီး တွေးလိုက်သည်။

လင်းယွမ်က သူ၏ မိဘများနှင့် ညစာအတူစားနေသည်။ သူ၏ ခွန်အားနှင့် ထိုကဲ့သို့ အစားအသောက်များ စားသုံးရန် မလိုတော့ဘဲ ဆာလောင်ခြင်းကို စွမ်းအားများ စုပ်ယူရုံဖြင့် ချေဖျက်နိုင်လေသည်။ သို့သော် ညစာစားရသည့် ရည်ရွယ်ချက်မှာ သူ၏ မိဘများနှင့် စကားစမြည်ပြောဆိုရန်သာ ဖြစ်သည်။

" သမီး ဗိုက်ပြည့်ပြီ။ " လင်းယိက ပန်ကန်ကို ချပြီး အခန်းအပြင်သို့ ထွက်ရန် ပြင်လိုက်သည်။

" နေဦး " လုချုံးက မျက်မှောင်ကြုတ်နေသည်။ " သမီး ညစာကို ဘာလို့မြန်မြန်စားရတာလဲ။ ဘာလုပ်စရာရှိလို့လဲ။ "

" သမီးက ရှစ်စန်းတောင်ထိပ်သခင်ရဲ့ ပြိုင်ပွဲကို ကြည့်ချက်လို့ပါ။ " လင်းယိက ပြောလိုက်သည်။

သူမက အဆင့်မသတ်မှတ်ရသေးသော ဆင့်ကဲပြောင်းလဲသူတစ်ယောက်သာ ဖြစ်သော်လည်း VR ကမ္ဘာမှ ပြိုင်ပွဲများကို ကြည့်ရှုနိုင်လေသည်။

မကြာသေးမီက ချီခွန်ကြယ်နယ်မြေ ပြိုင်ပွဲဧရိယာတွင် အကျော်ကြားဆုံး ဖြစ်ရပ်မှာ ချီခွန်မျိုးနွယ်၏ ရှစ်စန်းတောင်ထိပ်သခင်က ဆင့်ကဲပြောင်းလဲသူအမျိူးမျိုးကို စိန်ခေါ်ခဲ့ခြင်း ဖြစ်သည်။

" ရှစ်စန်းတောင်ထိပ်သခင်..." လုချုံးက အလေးမထားဘဲ ခေါင်းငြိမ့်လိုက်သည်။

သူမကလည်း ချီခွန်ကြယ်နယ်မြေ၏ ဂူဏ်ယူစရာကောင်းသော ရှစ်စန်းတောင်ထိပ်သခင်အကြောင်းကို ကြားဖူးလေသည်။

" အကို ညီမလေးနဲ့ ရှစ်စန်းတောင်ထိပ်သခင်ရဲ့ ပြိုင်ပွဲကို လိုက်ကြည့်ပါလို့ ပြောနေတာ။ သူက အရမ်းစွမ်းအားကောင်းတယ်။ အကို အသိအမြင်အချို့ရမှာ သေချာတယ်။ " လင်းယိက လင်းယွမ်ကို ကြည့်ပြီး ပြောလိုက်သည်။

သူမက ရှစ်စန်းတောင်ထိပ်သခင်၏ အမာခံပရိတ်သတ်တစ်ယောက်ဖြစ်သော်လည်း သူမ၏ အကိုကတော့ တောင်ထိပ်သခင်ကို သိပ်စိတ်ဝင်စားပုံမရပေ။

လင်းယွမ်က နှစ်တစ်သောင်းအတွင်း ထွက်ပေါ်လာခဲ့သော ကန်လန်ကြယ်၏ ပါရမီရှင်တစ်ယောက်ဖြစ်သော်လည်း မည်သူနှင့် နှိုင်းယှဉ်သည်အပေါ် မူတည်လေသည်။ သာမန်ဆင့်ကဲပြောင်းလဲသူများနှင့် ယှဉ်လျှင် လင်းယွမ်က သံသယဝင်စရာမလိုအောင် ပါရမီရှင်ဖြစ်သည်။

သို့သော် ရှစ်စန်းတောင်ထိပ်သခင်နှင့် ယှဉ်လျှင်တော့ လင်းယွမ်က လုံးဝသာမန်သာဖြစ်သည်။ လင်းယွမ်က စိတ်မဝင်စားသော်လည်း လင်းယိက ကြိုးစားနေဆဲ ဖြစ်သည်။

သူမက ရှစ်စန်းတောင်ထိပ်သခင်၏ ပြိုင်ပွဲများကို ကြည့်ရှုရန် လင်းယွမ်ကို မကြာခန ဖိတ်ခေါ်ခဲ့သည်။ သို့သော် ပြိုင်ပွဲစခါနီးတိုင်း လင်းယွမ်က အကြောင်းပြချက်အမျိုးမျိုးပေးပြီး ထွက်သွားတတ်သည်။

" ငါ မိတ်ဆွေတစ်ယောက်နဲ့ တွေ့စရာရှိတယ်။ မင်းသွားကြည့်ချေ။ " လင်းယွမ်က အကြောင်းပြချက် တစ်ခု ပေးလိုက်သည်။

" ကောင်းပြီလေ။ " လင်းယိက စိတ်လှုပ်ရှားစွာဖြင့် ထွက်သွားသည်။

VR ကမ္ဘာ၏ ပြိုင်ပွဲဧရိယာတွင် လင်းယွမ်က ပေါ်လာသည်။

ရုတ်တရက် ကြောက်စရာကောင်းသော အားပေးသံများ ထွက်ပေါ်လာသည်။

" လူတွေ ဘာလို့ဒီလောက်များနေတာလဲ။ " လင်းယွမ်က အံ့ဩသွား၏။ သူ၏ ယခင်ပြိုင်ပွဲများတွင် ပရိတ်သတ်များ ရှိသော်လည်း ယခုထက်တော့ နည်းလေသည်။

" အဲ့ဒါ ငါ့ရဲ့ ပြိုင်ဘက်ကြောင့်လား။ " လင်းယွမ်က အကြောင်းရင်းကို ခန့်မှန်းလိုက်သည်။

" ဝမ်ယန်မျိုးနွယ် တော်ဝင်သားတော်..." လင်းယွမ်က ပြိုင်ဘက်၏ အချက်အလက်များကို ကြည့်လိုက်သည်။

ဝမ်ယန်မျိုးနွယ်က ဝမ်ယန်ကြယ်နယ်မြေ၏ အကြွင်းမဲ့ အုပ်ချုပ်သူများ ဖြစ်ပြီး သူတို့၏ အင်အားက ချီခွန်မျိုးနွယ်ထက်ပင် အနည်းငယ် သာလွန်လေသည်။ ဝမ်ယန်မျိုးနွယ်၏ တော်ဝင်သားတော်ဖြစ်သကဲ့သို့ သူ၏ အဆင့်အတန်းက လင်းယွမ်အောက် နိမ့်ကျခြင်းမရှိပေ။

ဝမ်ယန်မျိုးနွယ်၏ တော်ဝင်သားတော်က အထူးခန္ဓာကိုယ်ကို ပိုင်ဆိုင်ပြီး အရင်းအမြစ်များစွာ ရှိရုံသာမက ဝမ်ယန်ကြယ်သခင်၏ လမ်းညွှန်မှုကိုလည်း ရရှိလေသည်။

ပြိုင်ပွဲစတင်သည်နှင့် လင်းယွမ်က ကုန်မြေတစ်ခုပေါ်သို့ ရောက်သွားသည်။ ဝတ်ရုံရှည်တစ်ခုကို ဝတ်ဆင်ထားသော လူတစ်ယောက်က သူနှင့် ဆန့်ကျင်ဘက်တွင် ပေါ်လာသည်။

" ချီခွန်မျိုးနွယ်ရဲ့ ရှစ်စန်းတောင်ထိပ်သခင် ဆဋ္ဌမအလွှာကို မရောက်ခင် ငါက ချီခွန်မျိုးနွယ်က ဆင့်ကဲပြောင်းလဲသူတစ်ယောက်နဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ မမျှော်လင့်ထားဘူး။ " ဝမ်ယန်တော်ဝင်သားတော်က နူးညံ့စွာ ပြုံးလိုက်သည်။

ဝမ်ယန်မျိုးနွယ်က မီးနိယာမကို ကျွမ်းကျင်သော မျိုးနွယ်တစ်ခုဖြစ်ပြီး ချီခွန်မျိုးနွယ်က မီးနိယာမကို သင်ယူကြသော်လည်း လေဟာနယ်နိယာမကို ပိုအလေးပေးကြသည်။

ကြယ်ပင်လယ်ခွန်က လေဟာနယ်သက်ရှိတစ်မျိုးဖြစ်ပြီး ချီခွန်ကြယ်သခင်က မီးနှင့် လေဟာနယ်ကို ကျွမ်းကျင်လေသည်။

" ငါလည်း အတူတူပဲ။ " လင်းယွမ်၏ အမူအရာက လေးနက်နေသည်။ သူက မတိုက်ခိုက်ရသေးသော်လည်း ဝမ်ယန်တော်ဝင်သားတော်ဆီမှ ယခင်က မကြုံတွေ့ဖူးသော ဖိအားတစ်မျိုးကို ခံစားနေရသည်။

" ကောင်းပြီလေ စကြတာပေါ့။ "

စကားဆုံးသည်နှင့် ကြောက်စရာကောင်းသော အော်ရာနှစ်ခုက ထိပ်တိုက်ရင်ဆိုင်မိသွားသည်။

All Chapters