အဖြေ
Vol. 015 Ch. 1405
ချောက်နက်အတွင်းတွင် မှန်နန်းသခင်မသည် ရီဖူရှင်းနှင့် ရှားရှင်းယွန်ကို ခေါ်ဆောင်ကာ ဆင်းသက်သွားနေသည်။ မရေတွက်နိုင်သည့် ကြောက်မက်ဖွယ် တစ္ဆေများက သူမဆီသို့ တစ်ဟုန်ထိုး ပြေးဝင်လာနေကြသည်။
အားကောင်းသည့် ဓားစွမ်းအားနှင့် ရေခဲစွမ်းအားတို့က မှန်နန်းသခင်မ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော်လည်း ကျူးကျော်လာသည့် ထိုမကောင်းဆိုးဝါး ဝိညာဥ်များကို တားဆီးနိုင်ခြင်းမရှိပေ။ သူမသည် ရီဖူရှင်းနှင့် ရှားရှင်းယွန်တို့ကို ရေခဲစွမ်းအားဖြင့် ချုပ်နှောင်အေးခဲစေလိုက်ပြီး ရေခဲရုပ်တုများ ဖြစ်သွားစေခဲ့သည်။
ဘုန်း…
မှန်နန်းသခင်မ၏ ခန္ဓာကိုယ်က ပြင်းထန်စွာ တုန်ခါနေပြီး နက်မှောင်နေသော အမျှင်တန်းများက သူမ၏ မျက်နှာထက်တွင် ပေါ်ပေါက်လာသည်။ အလွန်များပြားသည့် အညှိုးအတေးအသိစိတ်တို့က သူမ၏ စိတ်ထဲသို့ တိုးဝင်လာကာ သူမ၏ စိတ်စွမ်းအားများကို ဝါးမျိုရန် ကြိုးစားလေသည်။
သူမသည် အခြားမည်သည့်် အတွေးမှ မရှိဘဲ စိတ်စွမ်းအားကလည်း အားကောင်းလှသည့်အတွက့ အနှောင့်အယှက်မဖြစ်ပေ။ သူမက ဆက်လက်၍ ဆင်းသွားနေသော်လည်း အနန္တအရိပ်များက သူမကို အရူးအမူး ဝါးမျိုချင်နေကြသည်။ ပိုမိုများပြားလာသော အရိပ်များက စုစည်းလာကာ တဖြည်းဖြည်းနှင့် သူမ၏ လှပသော ခန္ဓာကိုယ်ကို တိုက်စားဝါးမျိုလာသည်။
မှန်နန်းသခင်မ၏ စိတ်က ရှုပ်ထွေးလာပြီး များပြားလှသော ဆန့်ကျင်ဘက် ခံစားမှုများက သူမ၏ စိတ်ထဲသို့ ကျူးကျော်ဝင်ရောက်လာသည်။ ထိုအချိန်တွင် သူမသည် သူမဘဝ၏ သတိရစရာအများအပြားကို အမှတ်ရလာပုံပေါ်သည်။
သူမသည် များပြားလှသော လူအများအပြား၏ မနာလိုအားကျခြင်းကို ခံခဲ့ရပေမယ့် လောကကြီးအတွင်း၌ အရက်စက်ဆုံး အရာအားလုံးကို တွေ့ကြုံခံစားဖူးလေသည်။
ထို့နောက်တွင် သူမသည် ရီဖူရှင်း၏အကူအညီဖြင့် ကျောက်ပြည်ထောင်ဘုရင်ကို လက်စားချေနိုင်ခဲ့၏။
ရီဖူရှင်းက သူမအတွက် လုပ်ပေးခဲ့ခြင်း မဟုတ်သည်ကို သိသော်လည်း အဆုံးမှာတော့ သူမ အချိန်ကာလကြာမြင့်စွာက ရန်ငြိုးကို ဖြေရှင်းရန် ကူညီပေးခဲ့သည်။
သို့သော် ထိုတိုက်ပွဲပြီးနောက် သူမက ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့ပြီး သူမ၏ ခံစားချက်ခုနစ်မျိုးက ပျောက်ဆုံးခဲ့ရသည်။ ယခုတွင် သူမသည် ဖုတ်ကောင်တစ်ကောင်ကဲ့သို့ ရှင်သန်နေရပြီး ဦးတည်ချက်ပျောက်ဆုံးနေခဲ့သည်။
ရီဖူရှင်းက သူမကို သူတို့နောက်သို့ လိုက်ရန် ပြောသည့်အခါ သူမက ခေါင်းညိတ်ခဲ့ခြင်းသည် ခံစားချက်များကင်းမဲ့သွားသော်လည်း ရီဖူရှင်းအနီးတွင်ရှိပါက လုံခြုံနွေးနွေးမှုတစ်ခုကို သူမခံစားရသောကြောင့်ဖြစ်သည်။
ရီဖူရှင်း အနိုင်ကျင့်ခံရ၍ အန္တရာယ်ကျရောက်သည့်အခါ အမုန်းတရားနှင့် ဒေါသတို့ ဖြစ်ပေါ်လာတတ်သည်မှာ သူမအတွက် လက်စားချေပေးခဲ့သည့် ရီဖူရှင်းကို ကျေးဇူးတင်၍လည်း ဖြစ်နိုင်သည်။ သူမက ထိုခံစားချက်က တိတိကျကျ မပြောတတ်ပေ။
လောကရှိ မည်သူက ခံစားချက်မရှိသည့် ဖုတ်ကောင်ကဲ့သို့ နေထိုင်နိုင်မည်နည်း။ အဆုံးမှာတော့ သူမသည် သာမန်လူအဖြစ်သာ နေထိုင်ချင်ပြီး ဤခံစားချက်များ ပျောက်ကွယ်နေသည့် ဒုက္ခမှ လွတ်မြောက်လိုသောကြောင့် ရီဖူရှင်းတို့အဖွဲ့နှင့် လိုက်ပါလာခဲ့သည်။
ဤသို့ဖြင့် မမေ့နိုင်သည့် အတွေ့အကြုံများက သူမ၏ မှတ်ဥာဏ်များ ဖြစ်လာပုံရသည်။ ဘေးမှ ရပ်ကြည့်သူ အနေနှင့်ပင် သူမသည် တစ်ခါတစ်ရံ၌ ခံစားချက်လှိုင်းများကို ခံစားရကာ တကယ့်လူတစ်ယောက်၏ ဘဝက မည်သို့ ဖြစ်သင့်သည်အား ပြသနေသည်။
သူတို့နှင့် နှိုင်းယှဥ်ရလျှင် သူမ၏ ယခင်က ဘဝသည် လက်စားချေမှုနှင့် အမုန်းတရားအပြင် မည်သည့်အရာမှ မရှိခဲ့ပေ။ သူမ၏ ဘဝသည် အမှန်တကယ် ရှင်သန်နေခြင်းမဟုတ်သကဲ့သို့ အလွန် ပျင်းခြောက်ခြောက် နိုင်လှပေသည်။
ယနေ့ဖြစ်ပျက်ခဲ့သည့် အရာအားလုံးကို ကြည့်ရသည်မှာ ပျက်စီးဆုံးရှုံးမှု များသော်လည်း သူမ ရင်ထဲကို ထိမိပေသည်။ ဓားကို ဆွဲထုတ်ခဲ့သည့် ရီဝူချင်းနှင့် သူမကို ချောက်နက်သို့ စေလွှတ်ခဲ့သော ရာရာသည်လည်း အရာအားလုံး စတေး၍ တိုက်ခိုက်ခဲ့ကြပြီး လူသား သဘာဝအား သူမကို ပြသခဲ့သည်။
ထိုသည်ကပင်လျှင် ဘဝကို မည်သို့ ရှင်သန်သင့်သည်ဟူ၍လည်း ဖြစ်နိုင်သည်။
တစ်ခါတစ်ရံ၌ သူမသည် ဤကဲ့သို့ ရှင်သန်နေထိုင်လိုပြီး ထိုသို့နေထိုင်နိုင်သူများအား မနာလိုဖြစ်မိလေသည်။
ရုတ်တရက် သူမ၏ လှပသော မျက်လုံးများထဲတွင် နှစ်ပေါင်းများစွာ မမြင်ခဲ့ရသည့် အပြုံးတစ်ခု ဖြတ်ခနဲ ပေါ်ပေါက်လာပြီး ထိုအပြုံးက အလွန် တောက်ပနေသည်။
သူမက ပြုံးနေရင်းက မျက်ရည်များက ကျဆင်းလာပြီး နောက်ဆုံး၌ ပျောက်ဆုံးနေသည့် ကိုယ့်ကိုယ်ကိုယ် တွေ့မြင်လိုက်ရပေသည်။
“အဲဒီတော့ ဒါက အဖြေပေါ့” မှန်နန်းသခင်မက တွေးလိုက်သည်။ ရာရာက သူမအား သွားသေရန် ပြောစဥ်က သူမ၌ တွေဝေမှုတို့ ရှိခဲ့သည်။ သူမသည် တခဏ တွေဝေသွားခဲ့ပြီး သဘောတူခဲ့သော်လည်း ယခုအချိန်မတိုင်ခင်ထိ သူမသည် အဖြေ ရှာမတွေ့ခဲ့ပေ။
ဤခံစားချက်က အလွန် လှပပေသည်။
ထိုအချိန်တွင် အလွန် အစွမ်းထက်ပြီး ပြင်းထန်သည့် အသက်ဓာတ်က သူမ ခန္ဓာကိုယ်မှ ထွက်ပေါ်လာကာ သူမ၏ စိတ်စွမ်းအားသည်လည်း စင်ကြယ်လာသည်။ သူမ၏ လမ်းစဥ်စွမ်းအားသည် ပို၍ အားကောင်းလာပြီး သူမထံမှ ပြင်းထန်သည့် လေစီးကြောင်းက ကောင်းကင်သို့ တစ်ရှိန်ထိုး ထိုးတက်သွားသည်။
ထိုအချိန်၌ မှန်နန်းသခင်မသည် နှစ်ပေါင်းများစွာ၏ အတားအဆီးကို ချိုးဖျက်ကာ သံသယကင်းစင်ခြင်း ရှန့်ထိုအဆင့်ကို ရောက်ရှိသွားပေသည်။
သို့သော် ယခုချိန်၌ အဆင့်သစ်သို့ ချိုးဖျက်ဝင်ရောက်ခြင်းက မည်သည့် အဓိပ္ပါယ်ရှိမည်နည်း။
အနည်းဆုံးတော့ သူမဘဝ၏ နောက်ဆုံးအချိန်တွင် ကိုယ့်ကိုယ်ကိုယ် ရှာဖွေတွေ့ရှိခဲ့ခြင်းက လုံလောက်နေပြီ ဖြစ်သည်။
သူမသည် အစွမ်းထက်သည့် အသိစိတ်တို့ကို ထုတ်လွှတ်ကာ သူမ၏ စိတ်ကို ကာကွယ်၍ စိတ်စွမ်းအားများက ကျူးကျော်ဝင်ရောက်လာနေသည့် အဆုံးမဲ့ နတ်ဆိုးမကောင်းဆိုးဝါးများအား ဆန့်ကျင်ရင်ဆိုင်နေသည်။ သူမက သေဆုံးရမည် ဖြစ်သော်လည်း သူမက ခုခံတိုက်ခိုက်နေဆဲပင် ဖြစ်သည်။ သူမက သေဆုံးခြင်း ရောက်ရှိလာရန် စောင့်ဆိုင်းနေလိမ့်မည် မဟုတ်ပေ။
သူမသည် လုပ်နိုင်သမျှ အရာအားလုံး လုပ်ပြီးမှသာ ကံတရား စီမံမှုကို နာခံလိမ့်မည်ဖြစ်သည်။
မရေတွက်နိုင်သည့် နတ်ဆိုးတစ္ဆေများက သူမ၏ စိတ်ထဲတွင် ပေါ်ပေါက်လာသည်ဟု ထင်မှတ်ရကာ အန္တရာယ်ပေးနိုင်သော အစွယ်တဖွေးဖွေးနှင့် လက်သည်းများဖြင့် သူမကို တုန်လှုပ်နေစရန် လုပ်ဆောင်နေသည်။ ထိုခဏတွင် သူမ၏ စိတ်ထဲ၌ ပြဿနာ အရှုပ်အထွေးမြင်ကွင်းများကို မြင်လာရသည်။ သူမသည် ထိုနှစ်က ကြောက်မက်ဖွယ် စစ်ပွဲကြီး၏ ပျက်စီးဆုံးရှုံးခြင်း မြင်ကွင်းကိုပင် မြင်နိုင်ပေသည်။
သူမ၏ ခန္ဓာကိုယ်သည် ကိုယ်ပိုင်အသိစိတ်ကို တဖြည်းဖြည်း ဆုံးရှုံးနေသည့်တိုင်အောင် ဆက်လက်ကျဆင်းနေသည်။ အချိန်အတော်ကြာပြီးသည့်နောက် သူမက ချောက်နက်၏ အောက်ခြေသို့ ရောက်ရှိသွားသည်။
ရီဖူရှင်းနှင့် ရှားရှင်းယွန်သည်လည်း အတူတူပင် ဖြစ်သည်။ သူတို့ နှစ်ဦးက ရေခဲရုပ်တုများကဲ့သို့ အဆုံးမဲ့ နက်ရှိုင်းသည့် ချောက်နက်ဆီ ပြုတ်ကျလာသည်။
ရီဖူရှင်း၏ ရေခဲရုပ်တုက မှန်နန်းသခင်မ ထိန်းချုပ်မှုမှ လွတ်ထွက်သွားသည်။ သူ့ပေါ်မှ ရေခဲများက တဖြည်းဖြည်း ပျော်ကျလာပြီးနောက်တွင် အက်ကွဲသံများ ထွက်ပေါ်လာကာ ရေခဲရုပ်တုက ကျိုးပဲ့သွားခဲ့သည်။ ရီဖူရှင်း၏ မျက်တောင်များက ရေခဲအတွင်းမှ အနည်းငယ် လှုပ်ရှားလာပြီး မရေတွက်နိုင်သည့် ကြောက်မက်ဖွယ် အရိပ်များက သူ့ထံသို့ ခုန်ဝင်လာသည်။
ထိုအချိန်တွင် ရီဖူရှင်း၏ ခန္ဓာကိုယ်အတွင်းမှ သန့်စင်သည့် အလင်းတို့ ထွက်ပေါ်လာပြီး သူ့ခန္ဓာကိုယ်ကို လွှမ်းခြုံသွားသည်။ ရှေးဟောင်းသစ်ပင်၏ အချို့သော အကိုင်းအခက်များနှင့် သစ်ရွက်များက ရှားရှင်းယွန်ဆီသို့ ရောက်ရှိသွားကာ သူမ၏ ခန္ဓာကိုယ်အား ရစ်ပတ်လိုက်သည်။
သူက အပြင်ဘက် လောကကို ထောက်လှမ်းလိုပြီး ရှေးဟောင်းသစ်ပင်၏ အကိုင်းအခက်များအား မှန်နန်းသခင်မထံ ဖြန့်ကျက်လိုသော်လည်း ထိုအချိန်၌ သူက အလွန်အားနည်းနေကာ သူ၏ စွမ်းအားများက ကုန်ခမ်းလာသည်ဟု ထင်မှတ်ရပေသည်။ သူက မှန်နန်းသခင်မသည် မကောင်းဆိုးဝါး အသိစိတ်များနှင့် ခက်ခက်ခဲခဲ ရင်ဆိုင် တိုက်ခိုက်နေရသည်အား ခံစားမိသော်လည်း သူမသည် သူ့ထံမှ ဝေးကွာသည့် နေရာသို့ ရောက်ရှိနေသည်။
သူက မှန်နန်းသခင်မအား ကူညီမှုပင်မပြုနိုင်ဟု နားလည်လိုက်သည်။
ထို့နောက်တွင် ရီဖူရှင်းသည် အတွေးများ ဗလာဟင်းလင်းဖြစ်သွားပြီး နက်ရှိုင်းစွာ အိပ်မောကျသွားတော့၏။
ချောက်နက်အတွင်း၌ အလွန်တရာ နက်ရှိုင်းနေပြီး အလွန် ထိတ်လန့်ခြောက်ခြားဖွယ် မျက်လုံးအစုံတို့ ပွင့်လာကြသော်လည်း ထို့နောက်တွင် မည်သည်ကိုမှ မမြင်လိုက်ရသကဲ့သို့ ချက်ချင်း ပျောက်ကွယ်သွားခဲ့၏။
အချိန်က တဖြည်းဖြည်း ကုန်ဆုံးသွားနေသည်။ ဤအသိစိတ်များက ချောက်နက်အတွင်း ချိပ်ပိတ်ခံထားရသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်နေခဲ့မည် ဖြစ်သည်။ ယင်းတို့က ရိုင်းစိုင်းစွာ အပြင်သို့ ထိုးထွက်လာပြီး ရီဖူရှင်းနှင့် ရှားရှင်းယွန် အပါအဝင် မှန်နန်းသခင်မ၏ ခန္ဓာကိုယ်ကိုလည်း အရူးအမူ ဝါးမျိုရန် ကြိုးစားလိုက်သည်။
ထိုမှလွဲ၍ ချောက်နက်အတွင်း ခြောက်ခြားဖွယ် တိတ်ဆိတ်မှုသာလျှင် ကြီးစိုးသွားတော့သည်။
ချောက်နက် အပြင်ဘက် မြေပြင်အစွန်းတွင် ရီဝူချင်းက လဲလျောင်းနေပြီး နာကျင်မှုနှင့် ရုန်းကန်နေရသည်။ ဘုရားစာရွတ်ဆိုသံက နေရာတစ်ခုလုံးတွင် ပဲ့တင်ထပ်နေကာ သူ့နားထဲသို့ ဆက်လက်တိုးဝင်နေစေသည်။ ဗုဒ္ဓလမ်းစဥ်၏ အရှိန်အဝါတို့က သူ့ခန္ဓာကိုယ်ကို လွှမ်းခြုံ၍ စိတ်ကို လွှမ်းမိုးရန် ကြိုးစားနေကာ သူ၏ အာရုံကြောများကို သက်သောင့်သက်သာ ဖြစ်အောင် ပြုပြင်ရန် ကြိုးစားနေသည်။
အား...
ရီဝူချင်း၏ နှုတ်ဖျားမှ အော်သံတိုးတိုး ထွက်ပေါ်လာပြီး ထိုသည်က လူသားအသံထက် သားရဲတစ်ကောင်၏ ဟိန်းဟောက်သံနှင့် ပို၍ တူပေသည်။ သူ၏ မျက်လုံးများက သွေးရောင်အလင်းများ တောက်ပနေပြီး သူသည် ကိုယ့်ကိုယ်ကိုယ် ခက်ခက်ခဲခဲ ထိန်းချုပ်နေရပုံရသည်။ သူက ယူချင်းထံသို့ တစ်ချက်ကြည့်လိုက်ပြီး သူ၏ သွေးလွှမ်းသော မျက်လုံးများတွင် ရက်စက်သည့် သတ်ဖြတ်ခြင်း စိတ်ဆန္ဒများ သိုဝှက်ထားသည်။
သို့သော် ယူချင်းက ထိုသည်ကို မခံစားမိပုံပေါ်သည်။ သူက ထိုနေရာ၌ ထိုင်နေကာ တရားတော်ကို ရွတ်ဆိုနေဆဲ ဖြစ်၏။
သူက ဗာဂျရာနယ်မြေတွင် ကျင့်ကြံပြီးသွားသည့်အခါ ယူချင်းသည် တစ်ချိန်က လေ့လာသင်ယူခဲ့သည့် ဗုဒ္ဓလမ်းစဥ်ကို အာရုံမစိုက်တော့ဘဲ တရားတော်ရွတ်ဆိုမှုကိုသာ အရေးထားခဲ့သည်။
သို့သော် ထိုအချိန်တွင် သူ့ကို ကြည့်ရသည်မှာ ဗုဒ္ဓကဲ့သို့ အလွန် တည်ငြိမ်နေပြီး တရားတော်ရွတ်ဖတ်မှုကို အဆက်မပြတ် ရွတ်ဆိုနေကာ ရီဝူချင်းအား တည်ငြိမ်လာစေရန် ကြိုးစားနေသည်။
သူက ကိုယ်တိုင် ခံစားခဲ့ဖူးသည့်အတွက် ရီဝူချင်း ခံစားနေရသည့် အခက်အခဲနှင့် နာကျင်မှုကို သိရှိသော်လည်း ရီဝူချင်းက ဓားကို လက်နှစ်ဖက်နှင့် ကိုင်ကာ ဆွဲထုတ်ခဲ့သည့်အတွက် အဆုံးမဲ့စိတ်စွမ်းအားများ၏ လွှမ်းခြုံမှုကို ခံခဲ့ရသည်မှာ သူ့ထက်ပို၍ ဆိုးဝါးပေလိမ့်မည်။ ရီဝူချင်းသည် မည်သူမျှ မမှန်းဆနိုင်သည့် ဖိအားကို ခံစားနေရပေမည်။
ဘုန်း…
ဟိန်းဟောက်သံနှင့်အတူ ရီဝူချင်းသည် ထရပ်လိုက်ကာ ကြောက်မက်ဖွယ် လေစီးကြောင်းက သူ့ခန္ဓာကိုယ်ကို ဖုံးလွှမ်းသွားပြီး နတ်ဆိုးတစ်ကောင်ကဲ့သို့ ပြောင်းလဲသွားတော့မလိုပင် ဖြစ်သည်။ သူက ယူချင်းကို သွေးလွှမ်းသည့် မျက်လုံးတစ်စုံနှင့် စူးစိုက်ကြည့်နေပြီး လက်ဝါးကို မြှောက်ကာ ယူချင်း၏ ဦးခေါင်းသို့ ရိုက်ချလိုက်သည်။
ယူချင်းက မျက်လုံးများကို ဖွင့်လိုက်၏။ သူ၏ ကြေးညိုရောင် မျက်လုံးတစ်စုံက အလွန် တည်ငြိမ်နေသည်။ သူ၏ နှုတ်ဖျားမှ ထွက်ပေါ်နေသည့် တရားတော်ရွတ်ဆိုမှုက ရီဝူချင်း၏ နားအတွင်းသို့ ဆက်လက် ဝင်ရောက်သွားနေသည်။ ထိုကြည်လင်နက်ရှိုင်းသည့် မျက်လုံးတစ်စုံကို ကြည့်ကာ သူ၏ လက်ကို ရိုက်မချဖြစ်ခဲ့ပေ။
သူက လက်ကို ပြင်းထန်စွာ ဆန့်ထုတ်လိုက်ကာ ကျယ်လောင်သည့် အသံထွက်ပေါ်လာပြီးနောက် ယူချင်းက လေထဲသို့ ရိုက်ထုတ်ခံလိုက်ရသော်လည်း သူသည် ချက်ချင်း လျင်မြန်စွာနှင့် ပြန်လည်ရောက်ရှိလာသည်။ ရွှေရောင် Buddhist charm 卍 က သူ၏ နှုတ်ဖျားမှ ရွတ်ဆို စီးဆင်းနေခြင်းအား မည်သည့်အခါမှ မရပ်တန့်ခဲ့ပေ။ သူက ရီဝူချင်း၏ ရှေ့သို့ လျှောက်သွားကာ သူ့ကို စူးစိုက်ကြည့်ကာ ပြောလိုက်သည်။
“မင်း အဲဒီနှစ် ကန်ယီပြည်ထောင်ကနေ ရောက်လာကတည်းက စမ်းသပ်မှုအမျိုးမျိုးကို ဖြတ်ကျော်ခဲ့ရပြီးပြီ။ မင်း ဒီအချိန်လေးကို မဖြတ်ကျော်နိုင်ဘူးလား” ပြောနေသည့် အသံက ရီဝူချင်း၏ နားစည်အတွင်း ဝင်ရောက်လာသည်။ “မင်းက ဓားသမားတစ်ယောက်ပဲ။ သန့်စင်တဲ့ ဓားနှလုံးသားလည်း ရှိတယ်။ မင်းက လောကကြီးထဲက မကောင်းဆိုးဝါး အားလုံးနဲ့ ရင်ဆိုင်နိုင်တယ်။ မမေ့နဲ့... ချန်းယွီက မင်းကို စောင့်နေတယ်”
ယူချင်း၏ အသံက စွမ်းအားပြည့်ဝလှသည်။ ထိုအသံက ရီဝူချင်း၏ နားအတွင်းသို့ ဝင်ရောက်ကာ ပဲ့တင်ထပ်နေသော်လည်း သူ့အနီးရှိ အသက်ဓာတ်များက အော်မြည်နေဆဲ ဖြစ်သည်။
“မင်းရဲ ဓားက ငါတို့နဲ့အတူ ဒီလောကထဲက မကောင်းဆိုးဝါးအားလုံးရဲ့ ခေါင်းတွေကို မဖြတ်နိုင်ဘူးလား” ယူချင်း ဆက်ပြောလိုက်သည်။ ရီဝူချင်းက သူ၏ ခေါင်းအား လက်နှစ်ဖက်နှင့် အုပ်ကိုင်ထား၏။ သူ၏ စိတ်က ပျက်စီးတော့မလို သူ့အသိစိတ်တို့ကလည်း အဆိုးမြင်ခံစားမှုများဖြင့် လွှမ်းမိုးခံထားရကာ အန္တရာယ်များလှသည့် ထိုစွမ်းအားများ၏ ဝါးမျိုမှုကို ခံရကာ နတ်ဆိုးတစ်ကောင်ကဲ့သို့ ဖြစ်ပေါ်လာသည်။
သို့သော် ယူချင်းက သူနှင့်အတူ ရှိနေသည်။ ယူချင်းသာ မဟုတ်လျှင် သူက ကျရှုံးသွားလိမ့်မည် ဖြစ်သည်။
နောက်ဆုံး၌ သူက အက်ကွဲသည့် ဟိန်းဟောက်သံကို ပြုလုပ်လိုက်ပြီးနောက် ပြုတ်ကျလာပြီး အဆုံးမဲ့နာကျင်မှုကို ခံစားနေရကာ သူ့ခန္ဓာကိုယ်က တုန်ယင်နေသည်။
များပြားလှသည့် နတ်ဆိုးအသိစိတ်များက ယူချင်းပေါ်သို့ ခုန်အုပ်လာသည်။ ယူချင်း၏ မျက်လုံးများက အလွန်အေးစက်နေပြီး သန့်စင်သည့် ဗုဒ္ဓအရှိန်အဝါက သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည်။ ထိုနတ်ဆိုးစွမ်းအားများက အလွန် အစွမ်းထက်နေလျှင်ပင် ယင်းတို့က ယူချင်း၏ စိတ်ကို မသက်ရောက်နိုင်ပေ။
မနီးမဝေးရှိနေရာတွင် ဓားသခင်၏ တစ်ကိုယ်လုံးက နတ်ဆိုးစွမ်းအားများဖြင့် လွှမ်းခြုံခံထားရသည်။ နတ်ဆိုးလမ်းစဥ်၏ ခြောက်ခြားဖွယ် လေစီးကြောင်းက အော်မြည်နေသည်။ ဓားသခင်သည် မြေပြင်ထက်တွင် ထိုးစိုက်ထားသော နတ်ဆိုးဓားကို ဆုပ်ကိုင်ထားသည်။ သူနှင့် ရာရာသည် မကောင်းဆိုးဝါး နတ်ဆိုးတိမ်တိုက်များ၏ ဖုံးလွှမ်းခြင်းကို ခံထားရ၏။
ဤကျယ်ပြောလှသည့် အဆုံးမဲ့နယ်မြေ၏ အပြင်ဘက် အကွာအဝေးတွင် တန်ခိုးရှင်တစ်စုက ရပ်နေပြီး သူတို့ကို ငုံ့ကြည့်နေသည်။
ထိုလူစုကို ဦးဆောင်လာသူမှာ ချင်ရွှမ်ကန်း ဖြစ်ပြီး သူ့အနီးရှိ လူများမှာ တိုက်ပွဲကြောင့် မလာခဲ့သည့် တန်ခိုးရှင်များဖြစ်ကာ ကျူးကျောက်ကလည်း သူတို့နှင့်အတူ လိုက်ပါလာသည်။
သူတို့၏ ရှေ့တွင် ယခင်တိုက်ပွဲနေရာက မမြင်တွေ့နိုင်တော့လောက်အောင် နက်မှောင်သည့် မြူတို့နှင့် ရစ်ပတ်နေပြီး အလွန်ကြောက်မက်ဖွယ် အသက်ဓာတ်တို့ ပါဝင်နေသည်။
“ဆရာ သူတို့ အဆင်ပြေပါ့မလား” သူ့ဘေးရှိ မုချွန်းယန်က စိတ်ပူစွာ မေးလိုက်သည်။ အသက်ဓာတ်က အလွန် ကြောက်မက်ဖွယ် ဖြစ်နေကာ သူသည် အစွန်း၌ ရပ်နေသော်လည်း အားကောင်းလှသည့် ခြိမ်းခြောက်မှုကို ခံစားနိုင်ပေသည်။
“သူတို့ အဆင်ပြေမှာပါ။ သူတို့အားလုံးရဲ့ ကံတရားက အရမ်းကောင်းတယ်။ သူတို့ရဲ့ ကံကြမ္မာက ဒီနေရာမှာတင် ရပ်တန့်မသွားနိုင်ဘူး” ချင်ရွှမ်ကန်းက ပြောလိုက်သည်။ “စောင့်ကြရအောင်”
“ကောင်းပါပြီ” မုချွန်းယန်က ခေါင်းညိတ်ကာ ပြန်ဖြေလိုက်သည်။ ထို့နောက် သူ၏ မျက်လုံးများက အေးစက်သွားကာ ပြောလိုက်သည်။ “ခရမ်းရင့်ကောင်းကင်နန်းတော်က ဒီလောက်အနိုင်ကျင့်ရဲတယ်။ သူတို့ရဲ့ အထွတ်အထိပ်ဆရာသခင်ကတောင် ဒီဝိုင်းရံမှုမှာ ပါခဲ့သေးတယ်။ ရီဖူရှင်းသာ ဒီနေရာကနေ အသက်ရှင်နိုင်ရင် သူက အားလုံးကို လွှတ်ပေးလိမ့်မှာ မဟုတ်ဘူး”
ချင်ရွှမ်ကန်းက မည်သည့်စကားမှ မပြောသော်လည်း သူက ရီဖူရှင်း၏ အကျင့်စရိုက်အား သိရှိပေသည်။ ထိုအချိန်က ရီဖူရှင်းသည် အင်ပါယာလီပြည်ထောင်၌ သူ၏ သရုပ်ကို သတ္တမဓားအဖြစ် လိမ်လည်ကာ လီယောင်ကို သတ်ရန် ဝင်ရောက်လာသော်လည်း သူက သူ့ဆရာအတွက်နှင့် လီယောင်အား သတ်ဖြတ်ရန် စွန့်လွှတ်ကာ တာလီမှ ထွက်ခွာသွားခဲ့သည်။
ယခု ရီဖူရှင်းက အထိအခိုက်မရှိ အသက်ရှင်လာနိုင်ခဲ့လျှင် ခရမ်းရင့်ကောင်းကင်နန်းတော်မှ အထွတ်အထိပ်ဆရာသခင် ဖြစ်နေလျှင်ပင် သူ သေသည့်တိုင်အောင် ရီဖူရှင်းက လက်စားချေလိမ့်မည် ဖြစ်၏။
***