နောက်တစ်ကြိမ် စိန်ခေါ်ခြင်း....
Vol. 11 Ch. 178
" သီအိုရီအရ ပြောရရင် စိတ်ဝိညာဉ်ပေါင်းစည်းခြင်း ပြည့်စုံသွားရင် ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်အပေါ် မူတည်ပြီး ခွန်အားတိုးမြင့်မှုက ကွဲပြားသွားတယ်။ "
" ငါ့လို လူတစ်ယောက်က ဆဋ္ဌမအလွှာကို ရောက်တဲ့အခါ ခွန််အားတွေ အများကြီးတိုးပွားလာဖို့က အရမ်းရှားတယ်။ " လင်းယွမ်က VR ကမ္ဘာမှ ထွက်လာလိုက်သည်။
အတိအကျပြောရလျှင် လင်းယွမ်က ဆဋ္ဌမအလွှာတစ်ယောက် မဟုတ်သေးပေ။ နောက်ပိုင်း သူအဆင့်ချိုးဖျက်ချိန်တွင် သူ၏ ခန္ဓာကိုယ်က အသွင်ပြောင်းလဲသွားပြီး ခွန်အားများ တိုးလာကာ ဆဋ္ဌမအလွှာသို့ ရောက်သွားပေလိမ့်မည်။
" သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်...."
လင်းယွမ်၏ စိတ်က တည်ငြိမ်သွားသကဲ့သို့ သူ၏ စိတ်ဝိညာဉ်က သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်နှင့် ပြည့်စုံစွာ ပေါင်းစည်းသွားပြီး သူ၏ လှုပ်ရှားမှုတိုင်းက စစ်မှန်သော အဓိပ္ပါယ်ကို ဖော်ပြနေသည်။ လင်းယွမ်က ဂြိုလ်ငယ်တစ်ခုကို ဖျက်ဆီးပြီး ပဉ္စမအလွှာထက် ကျော်လွန်သော ခွန်အားကို ပြသနိုင်ခဲ့သည်။
" အနီရောင်စိတ်ဝိညာဉ်အရည် ရောက်လာဖို့ ရက်နည်းနည်း လိုသေးတယ်။ အဲ့ဒါပြီးရင် ငါ ဆဋ္ဌမအလွှာကို ချိုးဖျက်နိုင်ပြီ။ " လင်းယွမ်က တွေးလိုက်သည်။
ပဉ္စမအလွှာမှ ဆဋ္ဌမအလွှာကို ချိုးဖျက်ခြင်းက ရုပ်ခန္ဓာနှင့် စိတ်ဝိညာဉ် အသွင်ပြောင်းလဲခြင်းဖြစ်ပြီး သန့်စင်သော စွမ်းအားများစွာ လိုအပ်လေသည်။ ကြယ်စကြာဝဠာထဲတွင် အဆုံးမရှိသော စွမ်းအားများ ပြည့်နှက်နေသော်လည်း ထိုစွမ်းအားများက ဖရိုဖရဲ ဖြစ်နေပြီး သန့်စင်မှုနည်းပါးသောကြောင့် စုပ်ယူရာတွင် နှေးကွေးလေသည်။
အနီရောင်စိတ်ဝိညာဉ်အရည်က ချီခွန်မျိုးနွယ်၏ မူပိုင်အရင်းအမြစ်တစ်မျိုး ဖြစ်ပြီး ကိုယ်ပိုင်စွမ်းအားကို စုဆောင်းရန်အတွက် အသင့်တော်ဆုံး ဖြစ်သည်။
" ဆဋ္ဌမအလွှာကို ရောက်လို့ ငါ့ရဲ့ အဆင့်အတန်းကို ထုတ်ပြလိုက်ရင် အင်အားစုတိုင်း အံ့အားသင့်သွားလိမ့်မယ်။ "
လင်းယွမ်က ထိုအကြောင်းကို တွေးရန်ပင် မလိုအပ်ပေ။ သူ၏ အဆင့်အတန်းက ချီခွန်ကြယ်နယ်မြေကို ရုတ်ရုတ်သဲသဲ ဖြစ်စေနိုင်ပြီး အခြားကြယ်နယ်မြေများထိပင် ပျံ့နှံ့သွားနိုင်လေသည်။
အသက်တစ်ရာအောက် ဆဋ္ဌမအလွှာ ဝမ်ယန်တော်ဝင်သားတော်က မွေးကတည်းက ဝမ်ယန်ကြယ်သခင်၏ ထောက်ပံ့မှုကို ရရှိခဲ့သည်။ သို့သော် လင်းယွမ်က သူ၏ ကိုယ်ပိုင်အရည်အချင်းနှင့် နှစ်အနည်းငယ်အတွင်း စတုတ္ထအလွှာမှ ဆဋ္ဌမအလွှာသို့ တက်ရောက်ခဲ့ခြင်း ဖြစ်သည်။ လူသားမျိုးနွယ်တွင် မရေတွက်နိုင်သော ပါရမီရှင်များ မွေးဖွားခဲ့သော်လည်း ထိုကဲ့သို့ ကျင့်ကြံခြင်းအရှိန်ကတော့ ရှားပါးပေလိမ့်မည်။
" ဆဋ္ဌမအလွှာကို ရောက်ရင် အသက်အနှစ်သာရက ပြောင်းလဲသွားတယ်။ ကြယ်စကြာဝဠာထဲမှာ အသက်အစိတ်အပိုင်းကို မြှုပ်နှံထားလိုက်ရင် နောက်တစ်ချိန် အသက်အန္တရာယ်ရှိခဲ့ရင်တောင် ပြန်လည်ရှင်သန်နိုင်လိမ့်မယ်။ "
ဆဋ္ဌမအလွှာသို့ရောက်လျှင် မျိုးနွယ်ခြားများကို ကြောက်ရွံ့ခြင်းမရှိဘဲ သူတို့အဆင့်အတန်းကို ဘာလို့ ထုတ်ပြကြတာလဲ။ မျိုးနွယ်ခြားများက လုံလောက်သော ပေးဆပ်မှုရှိလျှင် ဆဋ္ဌမအလွှာမပြောနှင့် သတ္တမအလွှာများကိုပင် လုပ်ကြံနိုင်လေသည်။ သို့သော် ဆဋ္ဌမအလွှာသို့ ရောက်လျှင် ပြန်လည်ရှင်သန်ခြင်းကို ပြုလုပ်နိုင်လေသည်။
ဆဋ္ဌမအလွှာအောက်တွင် အသက်စွမ်းအားက အားနည်းပြီး သေဆုံးခြင်းက အမှန်တကယ် သေဆုံးခြင်း ဖြစ်သည်။ မျိုးနွယ်ခြားများက ဆဋ္ဌမအလွှာများကို လုပ်ကြံရန် ရှားပါးသည်မှာ ကြီးမားသော တန်ဖိုးကို ပေးဆပ်ရသည့်အပြင် ပြန်လည်ရှင်သန်နိုင်ခြင်းကြောင့်လည်း ဖြစ်သည်။
" အနီရောင်စိတ်ဝိညာဉ်အရည် မရောက်ခင် ငါ ပြိုင်ပွဲတွေကို အဆုံးသတ်ရမယ်။ " လင်းယွမ်က သူစိန်ခေါ်ထားသော ဆင့်ကဲပြောင်းလဲသူများကို ကြည့်လိုက်သည်။
ယခုအချိန်တွင် လုပ်စရာမရှိသောကြောင့် ထိုပါရမီရှင်များနှင့် တိုက်ခိုက်ပြီး အကျိုးအမြတ်များ ရှာဖွေနိုင်လေသည်။ အထူးသဖြင့် သူ့ကို တစ်ကြိမ်အနိုင်ယူခဲ့သော ဝမ်ယန်တော်ဝင်သားတော်ဖြစ်၏။ လင်းယွမ်က သူ့ကို နောက်တစ်ကြိမ် စိန်ခေါ်ခဲ့ပြီး သူကလည်း လက်ခံခဲ့လေသည်။
နောက်တစ်နေ့ ပရိတ်သတ်များစွာ စုဝေးနေသော ပြိုင်ပွဲဧရိယာတွင် လင်းယွမ်က ပေါ်လာသည်။
" ရှစ်စန်းတောင်ထိပ်သခင်က ဝမ်ယန်တော်ဝင်သားတော်ကို ဘာလို့ထပ်ပြီးစိန်ခေါ်တာလဲ။ "
" သူတို့ တိုက်ခိုက်ထားတာ မကြာသေးဘူးမဟုတ်လား။ အခုထပ်စိန်ခေါ်တော့ ဘာထူးခြားသွားမှာမလို့လဲ။ "
ပြိုင်ပွဲကွင်းပြင်ပတ်လည်တွင် ပရိတ်သတ်များက စိတ်လှုပ်ရှားစွာ ဆွေးနွေးနေကြသည်။ သူတို့က ရှစ်စန်းတောင်ထိပ်သခင်၏ ပြိုင်ပွဲများအား ကြည့်ရသည်ကို နှစ်သက်ကြပြီး သူ၏ ပြိုင်ဘက်များအား လွှမ်းမိုးနှိပ်စက်ခြင်းကို သဘောကျကြလေသည်။
" ဟားဟား တော်ဝင်သားတော် မင်းရဲ့ ပြိုင်ဘက်ကို ရိုက်ချပစ်စမ်းပါ။ "
" သူက ငါတို့ တော်ဝင်သားတော်ရဲ့ တိုက်ကွက်တစ်ကွက်တောင် ခံနိုင်မှာမဟုတ်ဘူး။ "
" ချီခွန်ကြယ်နယ်မြေကလူတွေ ကြည့်ထား။ ငါတို့ တော်ဝင်သားတော်က သူ့ရဲ့ ခွန်အားနဲ့ အရာအားလုံးကို နင်းချေပစ်လိမ့်မယ်။ "
ချီခွန်ကြယ်နယ်မြေမှ လူများနှင့် ယှဉ်လျှင် ဝမ်ယန်ကြယ်နယ်မြေမှ ပရိတ်သတ်များက အလွန်စိတ်လှုပ်ရှားနေကြသည်။
ရှစ်စန်းတောင်ထိပ်သခင်က ချီခွန်ကြယ်နယ်မြေတွင် မြင့်မားသော အဆင့်အတန်းဖြစ်ပြီး ဝမ်ယန်တော်ဝင်သားတော်က သူ့ကို အနိုင်ယူခြင်းမှာ ကျေနပ်စရာကောင်းသော ရလဒ်တစ်ခုပင် ဖြစ်သည်။
" ဘာတွေဂုဏ်ယူနေတာလဲ။ "
" ဝမ်ယန်ကြယ်နယ်မြေကလူတွေက တကယ် ယဉ်ကျေးမှုမရှိကြဘူး။ "
" ဝမ်ယန်တော်ဝင်သားတော်က သန်မာပေမယ့် ရှစ်စန်းတောင်ထိပ်သခင်ကလည်း အားမနည်းဘူး။ "
ချီခွန်ကြယ်နယ်မြေမှ လူများက လှောင်ပြောင်ခံနေရသော်လည်း ခွန်အားက အရာအားလုံး၏ အခြေခံဖြစ်သောကြောင့် မည်သို့တုန့်ပြန်ရမည်ကို မသိကြပေ။ ယခင်တိုက်ပွဲတွင် ဝမ်ယန်တော်ဝင်သားတော်က ရှစ်စန်းတောင်ထိပ်သခင်ထက် ပို၍ သန်မာသည်ကို ပြသနိုင်ခဲ့သည်။
ပြိုင်ပွဲကွင်းပြင်၏ အရှေ့ဘက်ခြမ်းတွင် လင်းယိနှင့် သူမ၏ သူငယ်ချင်းအချို့က ပွဲစမည့်အချိန်ကို စောင့်နေကြသည်။
" အကိုက ငါ့ကို လိမ်ပြန်ပြီ။ " လင်းယိက ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ပြီးနောက် သူမ၏ အကိုက လာမကြည့်သည်ကို နားလည်သွားသည်။
" ယိယိ နင့်အကိုက ဂြိုလ်ပြိုင်ပွဲမှာ ပထမရခဲ့တဲ့ ပါရမီရှင်တစ်ယောက်ဆို ဟုတ်လား။ " လင်းယိ၏ ဘေးမှ ကျစ်စံမြီးများနှင့် မိန်းကလေးတစ်ယောက်က စပ်စုလိုက်သည်။ သူမက အခြားဂြိုလ်မှ လာပြီး လင်းယိနှင့် VR ကမ္ဘာတွင် ခင်မင်ခဲ့ခြင်း ဖြစ်သည်။
" အမှန်ပဲ။ " ၎င်းကို ကြားသောအခါ လင်းယိက ဂုဏ်ယူသော အမူအရာပေါ်လာသည်။
သူမက ပြိုင်ပွဲကွင်းပြင်သို့ ကြည့်ပြီး ရှစ်စန်းတောင်ထိပ်သခင်ကို မြင်လိုက်ရချိန်တွင် သူမ၏ ခေါင်းကို ခါလိုက်သည်။ " ဒါပေမယ့် ရှစ်စန်းတောင်ထိပ်သခင်နဲ့ ယှဉ်ရင်တော့ ငါ့ရဲ့ အကိုက အရမ်းနောက်ကျနေပြီ။ "
" ရှစ်စန်းတောင်ထိပ်သခင်နဲ့ ယှဉ်နိုင်တဲ့ ဆင့်ကဲပြောင်းလဲသူက သိပ်မရှိဘူး။ " အခြားသူငယ်ချင်းတစ်ယောက်က ဝင်ပြောလိုက်သည်။
ယခုတစ်ကြိမ်တွင် သရုပ်ဖော်ထားသော ပြိုင်ပွဲကွင်းပြင်က ပဉ္စမအလွှာနှစ်ယောက် လွတ်လပ်စွာ တိုက်ခိုက်နိုင်သော ဂြိုလ်တစ်လုံးဖြစ်သည်။
ဝှစ်....
လင်းယွမ်က တောင်ထိပ်တစ်ခုပေါ်တွင် ပေါ်လာသည်။
မကြာမီ အခြားတောင်ထိပ်တစ်ခုအပေါ်တွင် ဝမ်ယန်တော်ဝင်သားတော် ပေါ်လာသည်။ သူက တည်ငြိမ်သော အမူအရာနှင့် ရှိနေပြီး သူ၏ အငွေ့အသက်က နွေးထွေးသည်ဟု ထင်ရသည်။
" ရှစ်စန်းတောင်ထိပ်သခင်... " ဝမ်ယန်တော်ဝင်သားတော်က လင်းယွမ်ကို စိတ်ရှုပ်ထွေးသော အမူအရာနှင့် ကြည့်လိုက်သည်။
မကြာသေးမီက ရှစ်စန်းတောင်ထိပ်သခင်မှာ သူနှင့် တိုက်ခိုက်ခဲ့ပြီး သူတို့ကြားမှ ခွန်အားကွာခြားမှုကို နားလည်နိုင်သော်လည်း နောက်တစ်ကြိမ် သူ့ကို စိန်ခေါ်ခဲ့လေသည်။ သန်မာသော လူများက ရှုံးနိမ့်ခြင်းမှာ မျက်နှာပျက်စရာဖြစ်ပြီး နှစ်ကြိမ်ရှုံးနိမ့်ခြင်းက အရှက်ပင်ကွဲနိုင်လေသည်။
" ရှစ်စန်းတောင်ထိပ်သခင်က တိုက်ပွဲပြီးတိုင်းမှာ ပိုသန်မာလာတာလား။ သူက ငါ့ကို ခြေနင်းတုံးတစ်ခုလို အသုံးချနေတာလား။ " အပြုံးတစ်ပွင့်က ဝမ်ယန်တော်ဝင်သားတော်၏ မျက်နှာပေါ်တွင် ပေါ်လာသည်။
ခနအတွင်း ပြိုင်ပွဲက စတင်လာပြီး လင်းယွမ်နှင့် ဝမ်ယန်တော်ဝင်သားတော်တို့က မျက်နှာချင်းဆိုင်လိုက်ကြသည်။
" ရှစ်စန်းတောင်ထိပ်သခင် ဒီတစ်ခါ မင်းသတိထားသင့်တယ်။ " ဝမ်ယန်တော်ဝင်သားတော်၏ စိတ်က တုန်ခါသွားပြီး ပြင်းထန်သော အော်ရာများက စတင်ပျံ့နှံ့လာသည်။
" မင်းရောပဲ။ " လင်းယွမ်က ပြုံးလိုက်ပြီး သူ၏ ခန္ဓာကိုယ်က ပျောက်ကွယ်သွားသည်။
" ဟင်..." ဝမ်ယန်တော်ဝင်သားတော်က ထိတ်လန့်သွား၏။
" မြန်လိုက်တာ..." ဝမ်ယန်တော်ဝင်သားတော်က ပြိုင်ပွဲကွင်းပြင်တွင် လင်းယွမ်၏ တည်ရှိမှုကို ခံစားမိသော်လည်း နေရာအတိအကျကို မခန့်မှန်းနိုင်ပေ။
" အမြန်နှုန်းနဲ့တင် မင်းငါ့ကို အနိုင်ယူလို့မရသေးဘူး။ " ဝမ်ယန်တော်ဝင်သားတော်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး ဝမ်ယန်နယ်ပယ်ကို ထုတ်ဖော်လိုက်သည်။
ချက်ချင်း ဝမ်ယန်တော်ဝင်သားတော်ကို ဗဟိုပြုပြီး မိုင်ရာပေါင်းများစွာ ကျယ်ဝန်းသော အပူလှိုင်းများ ထွက်ပေါ်လာသည်။
" ဝမ်ယန် ယန်ထျန်း..."