အောင်ပွဲအပြန်
Vol. 8 Ch. 106
“ငါ့စွမ်းအားကို မင်းဘယ်လိုယူသုံးတာလဲ”
ယွမ်ကျိ လုယန်ကိုကြည့်၍ နားမလည်နိုင်အောင်ဖြစ်နေသည်။ “နတ်ဝိညာဉ်ဆင်း”မှော်ပညာလို့ ခက်ခဲသည့်အဆင့်မြင့်နည်းလမ်းများကို လုယန်သုံးနိုင်ဦးမည်မဟုတ်။
“အာ..အရိပ်တုလက်သီးသုံးရင်းနဲ့ အမှတ်မထင်ဖြစ်သွားတာပါ။ လက်သီးလေ့ကျင့်ရင်း ကျုပ်တွေးတယ်။ ဒီသိုင်းဟာ သတ္တဝါတစ်မျိုးမျိုးရဲ့ အားသာချက်ကို အတုယူတာ။ လူတွေကိုတုပလို့မရဘူးလားလို့ ကျုပ်တွေးမိတယ်။ ကျုပ်သိတဲ့လူတွေထဲမှာ အမက စွမ်းအားအကြီးဆုံးလေ၊ ဒါကြောင့် အမကိုအတုခိုးပြီး အမရဲ့စွမ်းအားကိုယူတာပါ”
“...”
ယွမ်ကျိ ငယ်ငယ်ကတည်းက မှော်ပညာထူးချွန်သည်။ ထိုနယ်ပယ်တွင် ပါရမီရှင်ဟု သတ်မှတ်ခံရသည်။ တစ်ချက်ကြည့်ရုံဖြင့် ဘယ်မှော်ပညာမဆို သင်ယူနိုင်သည်။ ဟာကွက်များကိုပင် ပြင်ဆင်ဖြည့်ဆည်း၍ ပိုကောင်းအောင်လုပ်နိုင်သည်။ “နတ်ဝိညာဉ်ဆင်း”လို ပျောက်ဆုံးနေသည့်မှော်ပညာများကိုလည်း ဖော်ထုတ်ခဲ့သည်။
သို့သော် လုယန်လိုအခြေအနမျိုး တစ်ခါမှမကြုံဖူး။
“ငါ့စွမ်းအားနည်းနည်းပေးရင်တောင် မင်းရဲ့လက်ရှိအဆင့်နဲ့ ခံနိုင်ရည်မရှိသေးဘူး။ ဒီလက်သီးသိုင်းကို လွယ်လွယ်မသုံးနဲ့”
ယွမ်ကျိဆိုလိုရင်းကို လုယန်နားလည်သည်။ ကိုယ့်ပြဿနာကိုယ်ရှင်း။ အကြောင်းထူးမရှိဘဲမခေါ်နဲ့ဟု ပြောခြင်းဖြစ်သည်။
“ပြီးတော့ ရှင်လည်း လုယန်ကိုယ်ထဲက ထွက်သွားပါ”
ဤတစ်ကြိမ်တွင် ထာဝရနတ်မယ် ပြတ်ပြတ်သားသားခေါင်းခါငြင်းသည်။
“ထွက်သွားလို့မရဘူး”
“ဘာ”
ယွမ်ကျိလေသံ မြင့်တက်သွားသည်။ အခြေအနေမကောင်းမှန်းသိသဖြင့် ထာဝရနတ်မယ် အမြန်ရှင်းပြသည်။
“ငါအခုမှ ပြန်အသက်ဝင်လာတာ။ ငါ့မသေမျိုးဝိညာဉ်က အားနည်းတယ်။ နေထိုင်ဖို့ ခန္ဓာကိုယ်တစ်ခုလိုတယ်။ လုယန်က ငါ့နာမည်ကိုခေါ်လို့ ငါအသက်ဝင်လာတာ။ သူနဲ့ငါ့ကြားမှာ ထူးခြားတဲ့ကံအနှောင်အဖွဲ့တစ်ခု ဖြစ်သွားပြီ။ အဲဒါကြောင့် ငါသူ့ကိုယ်ထဲမှာ နေရဦးမှာ။ ငါ့ဝိညာဉ်သန်မာလာပြီး ဒီအနှောင်အဖွဲ့ ပျောက်သွားတဲ့အထိပေါ့။ အဲဒါပြီးမှ သူ့သိစိတ်နယ်မြေက ငါထွက်နိုင်မှာ”
“ဒါဆို ကိုယ်ဝန်ဆယ်လဆောင်ရတဲ့ သဘောမျိုးပေါ့”
လုယန် တွေးတွေဆဆပြောသည်။
“နင်အဲဒါတက် ပိုကောင်းတဲ့ဥပမာမျိုး သုံးလို့မရဘူးလား”
လုယန် ပုခုံးတွန့်ပြသည်။ သူ့စိတ်ကူးစိတ်သန်းက ကန့်သတ်ချက်ရှိသည်။ ထိုထက်ကောင်းသည်ဥပမာ မတွေးတတ်။
“ရှင့်မသေမျိုးဝိညာဉ်ကို အခုချက်ချင်းချေမွပစ်ပြီးမှ ကျွန်မကိုယ်တိုင် ပြန်အသက်သွင်းပေးရင်လည်း ရတာပဲ”
ယွမ်ကျိစိုက်ကြည့်နေသည်။ ထာဝရနတ်မယ် စိတ်မသက်မသာခံစားရသည်။
“အဲဒါလည်း အလုပ်မဖြစ်နိုင်ဘူး။ ငါ့နာမည်ကို နင်ဘယ်လိုသိတာလဲ။ လုယန်ဆီက သိတာပဲမဟုတ်လား။ ဒီတော့ ငါ့ကိုအသက်သွင်းပေးတဲ့လူက လုယန်လို့ပဲသတ်မှတ်ရမှာ။ နင့်နည်းလမ်းက အလုပ်မဖြစ်နိုင်ဘူး”
ယွမ်ကျိ ခဏအသံတိတ်သွားသည်။ ထို့နောက် လက်တစ်ဘက်လှုပ်ရျားလိုက်သည်။ လုယန်၏သိစိတ်နယ်မြေပေါ်သို့ ရွှေရောင်အမှတ်အသားတစ်ခု ကပ်လိုက်သည်။ ထို့နောက် မှေးမှိန်ပျောက်ကွယ်သွားသည်။
“ဒါကဘာလဲ”
“ဝိညာဉ်တံဆိပ်ပါ။ သူ့ကို ဒုက္ခပေးတာနဲ့ ဒီတံဆိပ်အသက်ဝင်လာပြီး ရှင့်ရဲ့မသေမျိုးဝိညာဉ်ကို ဖျက်ဆီးပစ်လိမ့်မယ်။ အဲလိုဖြစ်လာရင် ရှင့်နာမည်ကို အရူးတစ်ယောက်ယောက် မှန်မှန်ကန်ကန်ခေါ်ဖြစ်ဖို့ နောက်ထပ် နှစ်သုံးသိန်းလောက် စောင့်လိုက်တော့”
သတိပေးချက်က ပြတ်သားသည်။
ထာဝရနတ်မယ် တုန်လှုပ်သွားသည်။
“တကယ်တော့ အဲလောက်ကြီးလည်း ငါ့ကိုသတိထားစရာမလိုပါဘူး။ ငါ့မသေမျိုးဝိညာဉ် ပြည့်ဝလာရင် မသေမျိုးခန္ဓာကိုယ် ချက်ချင်းပြန်တည်ဆောက်နိုင်ပါတယ်။ ဘယ်သူ့ကိုယ်ထဲမှ ဝင်နေစရာမလိုဘူး။ ပြီးတော့ ငါ့စွမ်းအားပြန်ရဖို့အတွက်က အိပ်ဖို့ပဲလိုတာပါ။ ဘယ်အချိန်ကျမှ ပြန်နိုးမယ်မသိဘူး”
ပြောနေရင်းမှာပင် ထာဝရနတ်မယ် သမ်းဝေလိုက်သည်။
“မသေမျိုးတွေလည်း အဲလိုပင်ပန်းကြတယ်ပေါ့”
လုယန် အံ့ဩသွားသည်။
ထာဝရနတ်မယ် အဆက်မပြတ်သမ်းဝေနေသည်။
“ခုနက တိုက်ပွဲကြောင့် ငါ့စွမ်းအားအတော်များများ ကုန်သွားတယ်”
ထို့နောက် သူ့မျက်ခွံများတွဲကျလာသည်။
“အိပ်တော့မယ်။ ကမ္ဘာပျက်ချိန်ရောက်မှ ငါ့ကိုနှိုးတော့”
သူတကယ်အိပ်ပျော်မပျော် သေချာအတည်ပြုပြီးမှ ယွမ်ကျိ သိစိတ်နယ်မြေမှ ထွက်သွားသည်။ သူ့ဝိညာဉ်ခန္ဓာ အပြင်လောကတွင်ပေါ်လာသည်။
“အမယွမ်ကျိ၊ တကယ်အလုပ်ကြိုးစားခဲ့တာပဲနော်”
မုန်ကျင်းကျိုး ထင်မှတ်မထားလောက်အောင် ယဉ်ကျေးပျူငှာနေသည်။
“မင်္ဂလာပါ အမယွမ်ကျိ”
အရိုးရိုင်းက ခါတိုင်းလိုပင် ခပ်အေးအေး။ သူဘာမှအမှားလုပ်မထားသော်လည်း ယွမ်ကျိကိုမြင်တိုင်း သူရှိန်သည်။
“ထာဝရနတ်မယ်အသက်ဝင်လာတဲ့အကြောင်း ဘယ်သူ့မှမပြောနဲ့”
“ဟုတ်”
နှစ်ယောက်လုံး သံပြိုင်အော်သည်။
မြင်းအိုကလည်း ဟီလိုက်သည်။
“ပြီးတော့ လမ်းမှာအချိန်ဆွဲမနေနဲ့။ တာအိုလမ်းစဉ်ဂိုဏ်းကို မြန်မြန်ပြန်လာပါ”
ထိုသို့ပြောပြီး ယွမ်ကျိဝိညာဉ်အလင်းတန်းအဖြစ်ပြောင်း၍ စည်းဝေးပွဲဆက်လုပ်ရန် ဂိုဏ်းသို့ပြန်သွားသည်။
သုံးယောက်လုံး စနောက်မနေနိုင်ကြတော့ဘဲ ပစ္စည်းများထုပ်ပိုး၍ ရထားပေါ်တက်ပြီး အမြန်ထွက်လာကြသည်။
“ဟ..ဘာလို့အဲလောက်မြန်နေတာလဲ”
အပြင်ဘက်မှမြင်ကွင်းက တရိပ်ရိပ်ပြေးနေသည်။ အစောပိုင်းကထက် ဆယ်ဆပိုမြန်သည်။
မြင်းအို နှေးတိနှေးကွေးမဟုတ်တော့။ ခွာလေးစုံပေါက်၍ လျင်မြန်စွာပြေးလွားနေသည်။ လေဟာနယ်မှော်ပညာဖြင့် လေဟာနယ်ကိုဖြတ်၍ မယုံနိုင်စရာအရှိန်ဖြင့် သွားနေသည်။ ပုံမှန်ဆိုလျှင် လေးငါးရက်ကြာမည့် ဂိုဏ်းအပြန်ခရီးကို နေ့တစ်ပိုင်းဖြင့် ရောက်သွားသည်။
“ဂိုဏ်းကိုမြန်မြန်ပြန်ခဲ့”ဟူသည့် ယွမ်ကျိ၏ နောက်ဆုံးစကားက လုယန်တို့သုံးယောက်ကို ပြောခြင်းမဟုတ်ကြောင်း မြင်းအိုသိသည်။
“ဟားဟား။ ငါ့ဂိုဏ်းကို ငါပြန်ရောက်ပြီကွ”
မုန်ကျင်းကျိုး လက်နှစ်ဘက်ဆန့်၍အော်ရယ်နေသည်။ အောင်ပွဲဖြင့်ပြန်လာသကဲ့သို့ နည်းနည်းဝင့်ကြွားဟန် ပေါက်နေသည်။
နတ်ဆိုးဂိုဏ်းတွင် သူတို့သုံးယောက် သိက္ခာအကျခံပြီး အလုပ်ကြိုးစားခဲ့ရသည်။ ကျိုးဆောင်မှတ်ရရန် ကြွားလုံးထုတ်နိုင်ရန်အတွက် လူဆိုးများအဖြစ် သရုပ်ဆောင်ခဲ့ရသည်။
ထို့ကြောင့် ဂိုဏ်းပြန်ရောက်သည်နှင့် ကျိုးဆောင်မှတ်လဲလှယ်ရန် မစ်ရှင်ခန်းမသို့ အရင်ဆုံးသွားသည်။
ခန်းမထဲသို့ ခေါင်းမော့ရင်ကော့၍ ဝင်လာကြသည်။ ဘေးပတ်လည်မှလူများကို ထီမထင်သကဲ့သို့ ဆောင့်ကြွားကြွားပုံစံဖြင့် လျှောက်လာသည်။
မစ်ရှင်ခန်းမထဲတွင် နေရာစုံမှစုစည်းထားသည့်မစ်ရှင်များ နံရံများပေါ်၌ အပြည့်ရှိသည်။ ဂိုဏ်းမှ အကိုများ အမများ သင့်တော်ရာတာဝန်ကို ရွေးနေသည်။
နတ်ဝိညာဉ်အဆင့် ကျားပျံရှာရမည့်တာဝန်က နံရံတွင်ရှိနေဆဲဖြစ်သည်။ ရှန်ဟိုင်ကွမ်းမှ လီဟုန်သည် သူ့သားရဲကို ပြန်ရှာမတွေ့သေးသည့်သဘောဖြစ်သည်။
ခွန်ဝူတောင်တ်န်းမှ ကောင်းကင်ဂူဟုယူဆသည့်နေရာကိုရှာဖွေသည့်အလုပ် မရှိတော့။ စူစမ်းရှာဖွေမှု ပြီးဆုံးသွားပုံရသည်။
မစ်ရှင်အသစ်များလည်း တင်ထားသည်။ နတ်ဝိညာဉ်အဆင့်နတ်ဆိုးကျင့်ကြံသူကို ရှင်းလင်းရမည့်မစ်ရှင်ရှိသည်။ ရှေးဟောင်းမြို့ပျက်တစ်ခုကို အဖွဲ့လိုက်ရှာရမည့်မစ်ရှင်၊ စွမ်းအားရှင်နှစ်ယောက် ကွာရှင်းဖို့ ညှိနှိုင်းပေးရမည့်မစ်ရှင်၊ စသဖြင့်ရှိသည်။
ရှေ့စားပွဲတွင် ဂျူတီကျနေသည့်အကိုက လုယန်တို့လမ်းလျှောက်ပုံကို သဘောကျသွားသဖြင့် လှမ်းစလိုက်သည်။
“မင်းတို့သုံးယောက် ကမ္ဘာကြီးကိုများကယ်တင်ခဲ့ကြတာလားကွာ”
“အဲလိုပြောလို့ရပါတယ်။ လျှို့ဝှက်မစ်ရှင်တစ်ခုပြီးသွားပြီ။ ကျုပ်တို့ မဟာအကြီးအကဲကို အစီရင်ခံဖို့လိုတယ်”
ထိုအကိုမျက်နှာ လေးနက်တည်ကြည်လာသည်။ လျှို့ဝှက်မစ်ရှင်ဟူသည်မှာ အရေးကြီးသည့်ကိစ္စမျိုးဖြစ်သည်။ သူကိုင်တွယ်မဖြေနိုင်။ ထိုကိစ္စမျိုးကိုလည်း ဘယ်သူမှစနောက်ပြီး ပြောရဲမည်မဟုတ်။
“မဟာအကြီးအကဲက အခု စည်းဝေးပွဲလုပ်နေတယ်။ အခု မစ်ရှင်ခန်းမကို အကိုတိုင်ပုဖန် ကြီးကြပ်နေတယ်။ သူ့ဆီသွားပြောလိုက်ပါလား”
ဂိုဏ်းကောင်စီအစည်းအဝေးက နေ့တစ်ပိုင်းကျော်ကြာပြီးဖြစ်သည်။ အခုထိ မပြီးသေး။
ဆုလာဒ်ပြစ်ဒဏ်တောင်ထိပ်တွင် တည်ရှိသည့် မစ်ရှင်ခန်းမကို မဟာအကြီးအကဲ(ပထမအကြီးအကဲ)က ကြီးကြပ်သည်။ သူမရှိလျှင် တိုင်ပုဖန် တာဝန်ယူဖြေရှင်းသည်။
“အကိုတိုင်ကို ကျုပ်တို့အကြောင်း သတင်းပို့ပေးပါ”
ပို့လာသည့်သတင်းကိုကြားပြီးနောက် တိုင်ပုဖန် တွေးရခက်သွားသည်။ လုယန်တို့အုပ်စုကို ဘာလျှို့ဝှက်တာဝန်မှ သူမပေးဖူး။ သူ့ဆရာမဟာအကြီးအကဲ တာဝန်ပေးခဲ့သလားတော့မသိ။ မဖြစ်နိုင်။ သူ့ဆရာ တာဝန်ပေးခဲ့သည်ဆိုလျှင် ထိုကိစ္စအကြောင်း သူ့ကိုအသိပေးမည်သာဖြစ်သည်။
သံသယကိုချုပ်တည်းလိုက်သည်။
“သူတို့ကို ဝင်လာခိုင်းလိုက်ပါ”
“ဟုတ်ကဲ့”
လုယန်တို့သုံးယောက် မစ်ရှင်ခန်းမ၏ အတွင်းပိုင်းသို့ဝင်လာသည်။ တိုင်ပုဖန်က ကုလထိုင်တွင် နောက်ပြန်လှဲလျက် အမှုဖိုင်များကိုလှန်ကြည့်နေသည်။ နေရာစုံမှသတင်းများကို စုစည်းထားခြင်းဖြစ်သည်။ တစ်ချို့ကို ဂိုဏ်းမစ်ရှင်အဖြစ် တာဝန်ချပေးသည်။
တိုင်ပုဖန် ဖိုင်များကိုချပြီး လတ်လတ်ဆတ်ဆတ်ခူးဆွတ်ထားသည့် ဉာဏ်အလင်းသစ်ရွက်လက်ဖက်ရည်ခွက်ကို ကောက်ကိုင်၍ ပြောသည်။
“ပြောပါဦး၊ မင်းတို့ဘာတွေလုပ်ခဲ့တာလဲ”
အရိုးရိုင်းက အရှင်းဆုံး အတိုဆုံး ပြောသည်။
“ကျုပ်တို့ နတ်ဆိုးဂိုဏ်းကို ဝင်ခဲ့ပါတယ်”
“ဖူးး....”
မုန်ကျင်းကျိုး အရိုးရိုင်းကို တစ်ချက်စိုက်ကြည့်လိုက်ပြီး တိုင်ပုဖန်ကို ရှင်းပြသည်။
“ဒီကောင်ပေါက်တတ်ကရပြောတာ နားမထောင်ပါနဲ့။ ကျုပ်တို့က နတ်ဆိုးဂိုဏ်းထဲကို သူလျှို့အဖြစ် ဝင်ခဲ့တာပါ”
*******************************************************