အတိတ်ဇာတ်ကြောင်း
Vol. 8 Ch. 109
လုယန် နောက်သို့ခြေနှစ်လှမ်းဆုတ်သွားသည်။ မှော်အဆောင်ကိုဖယ်ရှားဖို့ စိတ်ကူးမရှိမှန်း သိသာနေသည်။ သို့မှသာ ယွမ်ကျိရုတ်တရက်ပေါ်လာလျှင် ပြဿနာထဲမှ ရုန်းထွက်နိုင်မည်။
“ဉာဏ်ကောင်းသူတို့သည် ယိုင်နဲ့နဲ့နံရံဘေးတွင်မရပ်”ဟူသည့်စကားပုံက ယခုလိုအဖြစ်မျိုးနှင့် ကွက်တိကျသည်။
ယွမ်ကျိ၏မှော်အဆောင်တွင် ဝိညာဉ်စွမ်းအင်လှုပ်ရှားသည့်လက္ခဏာမျိုး လုံးဝမတွေ့ရ။ ဆွဲခွာလျှင်လည်း အန္တရာယ်မရှိနိုင်သည့်သဘောဖြစ်သည်။ သို့သော် လုယန် မလုပ်ရဲ။
ထိုအဆောင်ဖယ်ရှားဖို့ သူ့အသက်နှင့်ရင်းရမည်။
ဆရာ။ ဆရာ့တပည့် မရိုသေမလေးစား၍မဟုတ်ပါ။ သို့သော် ဆရာ့တပည့်တွင် အသက်တစ်ချောင်းသာရှိပါသည်။ ထို့ပြင် တပည့်၏သိစိတ်နယ်မြေထဲတွင်လည်း မသေမျိုးတစ်ယောက်ရှိသည်။ အမယွမ်ကျိ ကျွန်တော့်ကိုသတ်လျှင် အလောင်းတစ်လောင်းတည်းဖြင့် အသက်နှစ်ချောင်းဆုံးရှုံးပါမည်။ စွန်စားဖို့မထိုက်တန်ပါ။
(**စာရေးဆရာ၏ ရေးဟန်တစ်မျိုးဖြစ်ပါသည်။ တိုက်ရိုက်အတွေးလည်းမဟုတ်။ စကားပြောဟန် လည်းမကျသည့် အရေးအသားတစ်မျိုးဖြစ်သည်။ ဖတ်ရအဆင်ပြေလောက်မည်ဟု ထင်ပါသည်။ အစောပိုင်းအခန်းများတွင် စိတ်မရဲသဖြင့် အနည်းငယ်ပြင်ဆင်၍ဘာသာပြန်ခဲ့ပါသည်)
လုယန် တုံ့ဆိုင်းဆိုင်းအမူအရာဖြင့် လက်မြှောက်ပြီး ပြန်ချလိုက်သည်ကိုကြည့်၍ တာအိုဝစီပိတ်က သူ့အတွေးကို ချက်ချင်းရိပ်မိသည်။
ထိုသို့စိုးရိမ်သည့်လူသည် လုယန်ပထမဆုံးမဟုတ်။ တာအိုရှင်ဝစီပိတ် အံ့ဩဟန်မရှိဘဲ တဟက်ဟက်ရယ်နေသည်။
“မင်းငါ့ကို နားမလည်တာလည်း သဘာဝကျပါတယ်။ တစ်ခြားအကြီးအကဲတွေကို ငါ့အကြောင်း သွားမေးကြည့်ပါ။ သေချာနားလည်သွားရင် ငါလိမ်နေတာမဟုတ်ဘူးဆိုတာ မင်းသိလာပါလိမ့်မယ်”
သူ့ဆရာစကား ကျိုးကြောင်းဆီလျော်သည်ဟု လုယန်တွေးလိုက်သည်။ သူ့ဆရာသည် တာအိုရှင်ဝစီပိတ်ဖြစ်ကြောင်း သူသိသည်။ သို့သော် သူ့ဆရာ ဘယ်လိုလူမျိုးဆိုသည်ကို သူသေချာမစုံစမ်းခဲ့ဖူး။ ယခု အခွင့်အရေးရလာပြီဟု တွေးမိသည်။ ထင်းရှူးတောမှ သူထွက်လာသည်။
လုယန်ထွက်သွားပြီးနောက် တာအိုရှင်ဝစီပိတ် ခေါင်းကုတ်သည်။ လူအတော်များများကို ထိုမှော်အဆောင်ဖယ်ရှားပေးဖို့ သူပြောဖူးသည်။ သို့သော် ဘယ်သူမှ မလုပ်ချင်ကြ။
“မှော်အဆောင်မှာ ဘာတွေရေးထားလို့ လူတွေအဲလောက်ကြောက်ကြတာပါလိမ့်”
အတော်ကြာအောင် လည်ပင်းကိုဆန့်၍ လှမ်းကြည့်သည်။ သို့သော် မှော်အဆောင်၏အသွင်အပြင်ကို သူမမြင်ရ။
လုယန် မစ်ရှင်ခန်းမသို့ ပြန်ရောက်လာသည်။ မဟာအကြီးအကဲ အပြင်ထွက်သွားကြောင်း ဂိုဏ်းတွင်မရှိကြောင်း သိလိုက်သည်။ ထို့ကြောင့် ယန်ချွန်းတောင်ထိပ်မှ ဒုတိယအကြီးအကဲဆီသွားသည်။
ယန်ချွန်းတောင်ထိပ်က အခြေခံကျင့်စဉ်အသိပညာတစ်ချို့ သင်ကြားပေးရန် တာဝန်ယူထားသည်။ ဂိုဏ်းဝင်စအချိန်က လုယန် ထိုတောင်ထိပ်တွင် တစ်လလောက်ကျင်လည်ခဲ့ရသည်။ သို့သော် ဒုတိယအကြီးအကဲကို သူတစ်ခါမှမမြင်ဖူး။
“တစ်ဆိတ်လောက်ပါအကို၊ ဒုတိယအကြီးအကဲ ဒီမှာရှိလား”
တာဝန်ကျဂိုဏ်းတပည့်တစ်ယောက်ကို လုယန်မေးသည်။
ထိုအကိုက သူ့ကို ထူးဆန်းသည့်အကြည့်ဖြင့်ကြည့်သည်။
“မင်းက ဒုတိယအကြီးအကဲကို ရှာနေတာလား။ ဒါဆို ဆေးစိုက်ခင်းကိုသွားလေ။ စိုက်ခင်းဂိတ်တံခါးရှေ့မှာ လှဲနေတဲ့လူဟာ သူပဲ”
လုယန် မင်သက်မိသွားသည်။ သူ့ကိုမြေဆွခိုင်းသည့် အဘိုးပါးက ဒုတိယအကြီးအကဲဖြစ်နေမည်ဟု လုံးဝမျှော်လင့်မထား။
ကျေးဇူးတင်စကားပြောပြီးနောက် လုယန် ဆေးစိုက်ခင်းဆီ သွားသည်။ အဘိုးပါးက ထိုနေရာတွင် ရှိနေသည်။
“ဘာလဲ၊ မြေထပ်ဆွချင်လို့ လာတာလား”
လောင်ပါးက ရယ်ရင်း လှမ်းမေးသည်။
“မဟုတ်ပါဘူး။ ကျုပ်ဆရာအကြောင်းပဲ မေးချင်တာပါ”
“ဪ..ညီကိုးအကြောင်းလား။ ငါသိပ်သိတာပေါ့”
လောင်ပါး ချက်ချင်းစိတ်အားတက်ကြွလာသည်။
“ညီကိုးတဲ့လား”
“ဟုတ်တယ်။ မဟာအကြီးအကဲကနေ အဋ္ဌမအကြီးအကဲထိ မင်းသိပြီးသားပ။ အဲဒါပြီးမှ မင်းဆရာ တာအိုရှင်ဝစီပိတ်ပေါ့။ ငါတို့အားလုံး ဆရာတူညီအကိုတွေပဲ။ မင်းဆရာက အသက်ငယ်ဆုံး။ ဂိုဏ်းကိုရောက်တာလည်း နောက်အကျဆုံး။ ဒါကြောင့် နဝမအကြီးအကဲဖြစ်လာတာ။
ညီကိုးက အတော်လေပေါတဲ့ကောင်ပါ။ သူ့ပါးစပ်က တစ်စက်မှမနားဘူး။ ကျမ်းစာဆောင် ပထမထပ်က “လက်တန်းဟာသပညာမိတ်ဆက်”စာအုပ်ကို မင်းတွေ့ဖူးလား။ အဲဒါ ညီကိုး လှူထားတဲ့စာအုပ်ပဲ”
(**crosstalk ဖြစ်ပါသည်။ တရုတ်ရိုးရာ ဟာသပညာကို ရည်ညွှန်းသည်ဟု ယူဆပါသည်။)
လုယန် ခေါင်းငြိမ့်သည်။ ထိုစာအုပ်တွေ့ခဲ့သည့်အချိန်ကို သူကောင်းကောင်းမှတ်မိသည်။ အတော်ကြာအောင် မင်သက်မိနေခဲ့သည်။ နေရာမှား၍ရောက်လာသည်ဟု ထင်ခဲ့သည်။
“နောက်တော့ ငါတို့ဆရာက ညီကိုးပြောတာတွေကို လုံးဝနားမထောင်ချင်တော့ဘူး။ ဒါကြောင့် သူစကားနည်းသွားအောင် “တာအိုရှင်ဝစီပိတ်”လို့ နာမည်ပေးခဲ့တာ”
“အဲတော့ အဆင်ပြေသွားလား”
လုယန် မေးလိုက်သည်။
“ဘာမှမထူးဘူး။ ‘ဉာဏ်ရှိတဲ့လူဟာ သဘာဝလွန်စွမ်းအားတွေ ကပ်ဆိုးတွေအကြောင်း မပြောဘူး။ အဲဒီ့အကြောင်းမပြောသရွေ့ အားလုံးအဆင်ပြေတယ်’တဲ့လေ။ ပြီးရင် ပေါက်ပေါက်လှော်သလို မနားတမ်းလေပစ်တော့တာပဲ။ အဲဒီပါးစပ်ကို တကယ်အပ်နဲ့ချုပ်ထားသင့်တာ။
ဒါပေမယ့် ညီကိုးက ငါတို့ထဲမှာ ကျင့်စဉ်ပါရမီ အားအကောင်းဆုံးပဲ။ ယွမ်ကျိကိုတော့ မယှဉ်နိုင်ဘူးပေါ့။ ခေတ်အဆက်ဆက်မှာ ယွမ်ကျိရဲ့ ပါရမီမျိုးက တကယ်ရှားတယ်။
ငါတို့ဆရာ အနားယူတော့ ငါတို့ကိုးယောက် ဘယ်သူဂိုဏ်းချုပ်လုပ်မလဲဆိုတာ ဆုံးဖြတ်ဖို့လိုလာတယ်။ ငါတို့ရှစ်ယောက်က ညီကိုးပဲ ဂိုဏ်းချုပ်ရာထူးယူသင့်တယ်လို့ တစ်ညီတစ်ညွတ်တည်း ထောက်ခံကြတယ်။ သူက စကားကြွယ်တော့ ကောင်းကောင်းလုပ်နိုင်မယ်ဆိုတာ ငါတို့သိတယ်။ အစပိုင်းမှား ညီကိုးကငြင်းပါသေးတယ်။ ဒါပေမဘ့် ငါတို့က သိုင်းလောကစည်းကမ်းအတိုင်း လုပ်ကြတယ်။ အင်အားချင်းယှဉ်ပြီး ဆုံးဖြတ်ကြမယ်ပေါ့လေ။ ညီကိုးကလည်း လက်ခံတယ်။
အဲတော့ ငါတို့ရှစ်ယောက်ပေါင်းပြီး ညီကိုးကို ဝိုင်းရိုက်ကြတယ်။ ဂိုဏ်းချုပ်ရာထူးလက်ခံဖို့ သူ့ကို အတင်းဖိအားပေးတယ်”
လုယန်ခေါင်းထဲတွင် “သွေးသံရဲရဲတိုက်ပွဲကို ဖြတ်ကျော်ခဲ့ရသည်”ဟူသည့် သူ့ဆရာစကားကို ပြန်သတိရလာသည်။
ထိုစကား မှားသည်ဟုမဆိုသာ။
“ငါတို့ဆုံးဖြတ်ချက် တကယ်မှန်သွားတယ်ကွ။ ညီကိုးက အုပ်ချုပ်စီမံရေးပိုင်းမှာ ပါရမီရှိတယ်။ ဂိုဏ်းကို ကောင်းကောင်းဦးဆောင်နိုင်တယ်။ တိုးတက်မှုလျော့ကျနေတဲ့အခြေအနေကို ပြောင်းလဲနိုင်ခဲ့တယ်။ သူ့ရဲ့ ပင်ကိုယ်စရိုက်ကြောင့်လည်း ပါမှာပေါ့။
နောက်ပိုင်းကျတော့ ဘယ်လိုဖြစ်သွားလည်းမသိဘူး။ လွန်ခဲ့တဲ့ ဆယ်နှစ်က ငါတို့ဆီကို ယွမ်ကျိက ရုတ်တရက်ကြီးလာပြောတယ်။ ဂိုဏ်းကိုသူဦးစီးမယ်တဲ့။ လူငယ်မျိုးဆက်တွေ အနှေးနဲ့အမြန် ဂိုဏ်းကို လက်လွှဲယူရမှာပဲလေ။ စောစောစီးစီးလက်လွှဲယူထားတာ ကောင်းတာပေါ့လို့ ငါတို့တွေးလိုက်တယ်။ ညီကိုး ဘယ်ကိုထွက်သွားသလဲဆိုတာတော့ ငါတို့ သိပ်ဂရုမစိုက်ပါဘူး။ ဘာပဲပြောပြော ငါတို့က နှစ်နှစ်ထောင်နီးပါး သက်တမ်းရှိတဲ့လူတွေပဲလေ။ လူငယ်တွေထက် ပိုပြီးလွတ်လပ်တဲ့စိတ်မျိုးရှိကြတယ်။ သူဘယ်နေရာ လမ်းသလားနေလဲဆိုတာ ဘယ်သူသိနိုင်မှာလဲ။ သူလမ်းပျောက်နိုင်တဲ့ အရွယ်လည်းမဟုတ်ဘူး”
လောင်ပါးလို ကျင့်ကြံသူများအတွက် အချိန်အယူအဆက သာမန်လူအမြင်နှင့် ကွဲပြားသည်။ ဆယ်နှစ်သည် ရှည်ကြာသည့်အချိန်ဟု မယူဆ။
လောင်ပါးကို နှုတ်ဆက်ပြီးနောက် ရုပ်ခန္ဓာကျင့်ကြံမှုတောင်ထိပ်မှ တတိယအကြီးအကဲကို လုယန်သွားတွေ့သည်။
ထိုတောင်ထိပ်တွင် မုန်ကျင်းကျိုးရှိနေသဖြင့် သူ့အကူအညီကြောင့် တတိယအကြီးအကဲကို ချက်ချင်းတွေ့ခွင့်ရသည်။
လယ်ကွင်းထဲတွင် မျက်လုံးပြာရေကျွဲမျိုးနွယ်၏ ဘိုးဘေးတစ်ယောက်နှင့် ကျားကစားနေကြသည်။
အရပ်ပုပျပ်ပျပ် တတိယအကြီးအကဲ၏ပုံစံက အပြင်လောကတွင်တွေ့လျှင် ထိပ်တန်းရုပ်ခန္ဓာကျင့်ကြံသူဟု ထင်ချင်စရာမရှိ။ သို့သော် သူ့ကိုယ်ထဲတွင် အလွန်ကြောက်စရာကောင်းသည့်စွမ်းအားမျိုး ရှိနေကြောင်းလုယန်သိသည်။
သူတီထွင်ခဲ့သည့် “ကောင်းကင်တုန်လက်သီးခြောက်ကွက်”ကို ရုပ်ခန္ဓာကျင့်ကြံသူအားလုံး လိုချင်မက်မောကျသည်။ အနည်းအကျဉ်း သင်ယူနိုင်လျှင်ပင်မဆိုးလှဟု တွေးကြသည်။ သူ့လက်အောက်သို့ဝင်ဖို့ စိတ်ကူးခဲ့သည့်လူများ မရေမတွက်နိုင်အောင်ရှိသည်။ သို့သော် မဝင်နိုင်ကြ။
တစ်ခါကဆင့်ခေါ်ခဲ့ဖူးသည့် ရေကျွဲဆယ်ကောင်ရှိမရှိ စိုက်ကွင်းထဲတွင် ရှာကြည့်ရန် လုယန်ကြိုးစားသည်။ သို့သော် ရေကျွဲအားလုံးက ပုံစံတူချည်းဖြစ်သည်။ လုံးဝခွဲခြား၍မရ။
“ညီကိုးအကြောင်း မေးတာလား။ ဟားဟား... မင်းလာမေးတဲ့လူ မှန်သွားပြီကွ။ ညီကိုးကို ငါခေါ်လာတာ။ လမ်းလျှောက်တတ်စအရွယ်ကတည်းက ငါအစာကျွေးခဲ့တာ”
“ဆရာ၊ အဲဒါ ပြုစုပျိုးထောင်တာပါ။ အစာကျွေးတယ်လို့ မပြောကြဘူး”
မုန်ကျင်းကျိုးက လေသံတိုးတိုးဖြင့် သတိပေးသည်။
တတိယအကြီးအကဲက စိတ်မရှည်ဟန်ဖြင့် လက်ဝှေ့ယမ်းလိုက်သည်။
“သဘောချင်းအတူတူပဲလေ။ စတုတ္ထညီလို တစ်ချိန်လုံး စကားကို ဆီလိုအပေါက်ရှာမနေနဲ့။...
ညီကိုးက အတော်ဉာဏ်ကောင်းတယ်။ ငါတို့ကိုးယောက်ထဲမှာ “လိုသလိုချုံ့ချဲ့”မှော်ပညာကိုတတ်တာ သူပထမဆုံးပဲ။ ဒီပညာက လူတစ်ယောက်ရဲ့ အရွယ်အစားကို ပြောင်းလဲတာပဲလေ။ ဒီတော့ ညီကိုးက တွေးတယ်။ ဒီမှော်ပညာကို ခန္ဓာကိုယ်အစိတ်အပိုင်းတွေပဲ ပြောင်းလဲနိုင်အောင် ပြင်ဆင်မွမ်းမံလိုက်ရင်ကောင်းမလားပေါ့။ အများကြီးတော့လည်းမဟုတ်ဘူး။ တစ်လက်မနှစ်လက်မလောက် ပိုရှည်အောင် ဒါမှမဟုတ် ပိုကြီးအောင်လုပ်နိုင်ရင် အဆင်ပြေတယ်။ ဒါဆိုထိန်းထားဖို့ မှော်စွမ်းအားလည်း သိပ်မကုန်ဘူး။ ယောက်ျားတွေမိန်းမတွေကြားမှာ အတော်ရေပန်းစားလာမယ်။ ယောက်ျားတွေက တစ်ချို့အစိတ်အပိုင်းတွေ ကြီးအောင်လုပ်နိုင်မယ်။ မိန်းမတွေလည်း တစ်ချို့အပိုင်းတွေကို ကြီးအောင်လုပ်နိုင်မယ်ပေါ့။ အဲဒီစိတ်ကူးအတိုင်း ညီကိုးက မှော်ပညာကို ပြုပြင်ဖန်တီးလိုက်တယ်လေ”
တာအိုရှင်ဝစီပိတ်၏ စိတ်ကူးစိတ်သန်းကို အံ့ဩနေဟန်ဖြင့် တတိယအကြီးအကဲ သူ့ပေါင်သူ လက်ဖြင့်ပုတ်လိုက်သည်။
“ပြီးတော့ မှော်ပညာအသစ်ကို အစိတ်အပိုင်း လိုသလိုချုံ့ချဲ့မှော်ပညာ”လို့ နာမည်ပေးလိုက်တယ်။ ဒီမှော်ပညာစာအုပ်ထုတ်ဝေတော့ လူတွေကြိတ်ကြိတ်တိုးဝယ်ကြတယ်။ အဲဒီတုန်းက ငါတို့ဆီကို ဝိညာဉ်ကျောက်တွေ သောက်သောက်လဲဝင်တာပေါ့။ ကုန်ကျစရိတ်ကို ဂရုမစိုက်ဘူး။ ဈေးအကြီးဆုံးဆိုင်တွေမှာ စားတယ်။ မြေပေါ်ကျသွားတဲ့ ဝိညာဉ်ကျောက်တွေကိုတောင် ငါတို့ပြန်မကောက်ဘူး။
ဒါပေမယ့် အချိန်ကောင်းလေးက ကြာကြာမခံလိုက်ဘူးကွ။ ရှားနန်းတော်က ဒီမှော်ပညာရောင်းတာကို ချက်ချင်းရပ်ဖို့ တားမြစ်တယ်။ ဖြန့်ဝေခွင့် ပိတ်လိုက်တယ်”
“ဘာလို့လဲ”
“လိင်ညစ်ညမ်းမှော်ပညာလို့ ပြောတာပဲ”
“...သူတို့ပြောတာလည်း မှားလောက်မယ်မထင်ဘူး”
**********************************