← Chapters

ကိုယ့်အားကိုယ်ကိုးပါ

Vol. 8 Ch. 111

ကိုယ့်အားကိုယ်ကိုးပါ

Vol. 8 Ch. 111

စတုတ္ထအကြီးကဲသည် ကွန်ဖြူးရှပ်ကျင့်ကြံသူတို့၏ စံနမူနာဖြစ်သည်။ သန့်ရှင်းသည့်ဝတ်ရုံဖြူကို ဝတ်ထားသည်။ စက္ကူယပ်တောင်ကိုင်ထားသည်။ ပုံမှန်ခြေလှမ်းဖြင့် လမ်းလျှောက်သည်။ စကားပြော နူးညံ့ညင်သာသည်။ ဘဝနေနည်းကို ကျွမ်းကျင်သည်။ တပည့်အားလုံးကို တန်းတူဆက်ဆံသည်။

“ညီကိုးနဲ့ မင်းဝေးဝေးနေသင့်တယ်။ သူပျောက်သွားတာ ကံကောင်းတယ်။ မင်းဒုက္ခမရောက်တော့ဘူးပေါ့။ ဒီအခွင့်အရေးကို တန်ဖိုးထားပြီး ယွမ်ကျိဆီက သင်ယူပါ။ ညီကိုးဆီက သင်လို့ကတော့ ဘာအနာဂတ်မှ မရှိနိုင်ဘူး။

သူတော်စင်ကပြောတယ်။ လူရည်မွန်တစ်ယောက်ရဲ့ စရိုက်လက္ခဏာငါးမျိုးရှိတယ်။ ကြင်နာတတ်ခြင်း၊ ဖြောင့်မတ်ဖြင်း၊ စောင့်ထိန်းတတ်ခြင်း၊ ဆင်ခြင်တတ်ခြင်း၊ သစ္စာရှိခြင်း တဲ့။ ညီကိုးက အဲဒီလက္ခဏာတွေနဲ့ တစ်ခုမှမညီဘူး။ အမြဲတမ်း လိမ်ညာလှည့်စားဖို့ ကြိုးစားနေတာ။ သူ့ကို တော်ဝင်ထောင်ထဲက ငါဆွဲထုတ်ခဲ့ရတာ ဘယ်နှစ်ကြိမ်ရှိပြီလဲတောင် မရေနိုင်တော့ဘူး။ မင်းဆရာရဲ့ အမြင့်ဆုံးဓားပညာက ဘာလဲသိလား”

“အမယွမ်ကျိပြောဖူးတယ်။ ဓားတစ်လက်နေ ဓားတစ်သောင်းအသွင်ပြောင်းတဲ့ပညာတဲ့။ အပြည့်အဝကျွမ်းကျင်ရင် ဓားတစ်လက်က်နေ ဓားပေါင်းသန်းချီအသွင်ပြောင်းနိုင်တယ်လို့ ပြောတယ်။ မြို့တော်ကောင်းကင်ကို တိမ်မည်းတွေလို ဖုံးအုပ်နိုင်တယ်။ အရပ်ရှစ်မျက်နှာကို လွှမ်းမိုးနိုင်တယ်။ ရန်သူကိုသတ်ပြီးရင် ဓားတစ်သောင်းက ဓားတစ်လက်အသွင်ပြန်ပြောင်းသွားတယ်။ သွေးတစ်စက်တောင် မထွက်ဘူး”

လုယန် ပြန်ဖြေသည်။

ယွမ်ကျိ ထိုအကြောင်းပြောစဉ်က ကြီးကျယ်ခမ်းနားလွတ်လပ်သည့် ထိုဓားစွမ်းအားမျိုးကို သူလည်းလိုချင်ခဲ့သည်။ ဓားကျင့်ကြံမှု၏ အမြင့်ဆုံးအဆင့်ဖြစ်မည်ဟု ယုံကြည်သည်။

စတုတ္ထအကြီးအကဲ ခေါင်းငြိမ့်သည်။

“ဟုတ်တယ်။ ဓားတစ်လက်က ဓားတစ်သောင်းပြောင်းသွားတယ်။ ညီကိုးက ဓားဝိညာဉ်လည်းမြစ်ရှိတော့ တကယ်ရှားပါးဓားပါရမီရှင်ပါပဲ။ ဒီလောကမှာ သူ့ကိုမီတဲ့လူ များများမရှိနိုင်ဘူး”

ထူးဆန်းသည်။ စတုတ္ထအကြီးအကဲ၏လေသံတွင် မကျေနပ်သည့် အထင်သေးသည့် စိတ်ပျက်သည့်အရိပ်မျိုး ပါနေသလိုလို လုယန်ခံစားရသည်။

ထိုစိတ်မျိုး တကယ်ရှိနေခြင်း ဖြစ်နိုင်သည်။

အကြီးအကဲ ဆက်ပြောသည်။

“တစ်ချိန်က သူ့ဓားပညာကို ထုတ်သုံးခဲ့တယ်။ ဓားတစ်ချောင်းကို ဓားတစ်သောင်းအသွင်ပြောင်းတယ်။ အဲဒီ့အသွင်ပြောင်းထားတဲ့ဓားတွေကို ရွှေစီးပွားနယ်မြေမှာသွားရောင်းတယ်။ ဓားဖိုးရပြီးတော့ ဓားတစ်သောင်းကို ဓားတစ်ချောင်းတည်းဖြစ်အောင် ပြန်ပြောင်းလိုက်တယ်လေ။ အဲဒီတုန်းက ငါသာဝင်မဖျန်ဖြေပေးခဲ့ရင် ရွှေစီးပွားခေါင်းဆောင်ကို ပြေရာပြေကြောင်းမပြောခဲ့ရင် မင်းဆရာအခုထိ ထောင်ထဲကထွက်ရဦးမှာမဟုတ်ဘူး”

လုယန် - “...”

ယခု သူ့ဆရာ တကယ်ထောင်ကျနေသည်။ ကံအကျိုးဆက်ဖြစ်မည်ထင်သည်။

“ပြီးတော့ အစိတ်အပိုင်းလိုသလိုချုံ့ချဲ့မှော်ပညာအကြောင်း မင်းကြားဖူးလား”

“ခုနကပဲ တတိယအကြီးအကဲဆီက ကြားခဲ့ပါတယ်”

“ဒီမှော်ပညာမျိုးကို မဖြန့်သင့်ဘူးကွ။ ဒီနေ့ခေတ်လူငယ်တပည့်တွေကတော့ ဒီမှော်ပညာအကြောင်း မသိကြဘူး။ လွန်ခဲ့တဲ့နှစ်တစ်ရာလောက်ကဆိုရင် တပည့်သစ်တွေဟာ ဒီပညာသင်ချင်လို့ ညီကိုးရဲ့ တပည့်ဖြစ်ဖို့ အလုအယက်ကြိုးစားခဲ့ကြတယ်။

ကံကောင်းလို့ပေါ့်။ တူမယွမ်ကျိက အမြင်ကျယ်တယ်။ ဒီမှော်ပညာရဲ့ မိတ္တူစာအုပ်တွေအားလုံး ဖျက်ဆီးပစ်လိုက်တယ်။ မူရင်းကို ကျမ်းစာတိုက်အပေါ်ထပ်မှာ သိမ်းထားလိုက်တယ်။ တမင်တကာ လူမသိအောင် ဖုံးကွယ်ထားတယ်။ အခု ဘယ်တပည့်မှာ ဒီလိုမှော်ပညာမျိုး သင်ချင်ပါတယ် မပြောတော့ဘူး”

အကြီးအကဲမျက်နှာက နာကျင်ဝမ်းနည်းရိပ်သန်းနေသည်။

“လောကကြီးမှာ ကိုယ်ကျင့်တရားတွေ ခေါင်းပါးနေပြီပဲ”

ထိုမှော်ပညာကို သူလည်းသင်ချင်ပါသည်ဟု လုယန် ထုတ်မပြောရဲတော့။

ဪ..မဟုတ်သေး။ သူက တွေးရုံသာတွေးခြင်းဖြစ်ပါသည်။

စတုတ္ထအကြီးအကဲ လေသံနည်းနည်းပျော့သွားသည်။

“ဒါပေမယ့် ညီကိုးမှာလည်း သူ့ကောင်းကွက်နဲ့သူရှိပါတယ်။ အနည်းဆုံးတော့ သူဂိုဏ်းချုပ်ဖြစ်ပြီးနောက်ပိုင်း ငါတို့ဂိုဏ်း အရင်ကထက် ပိုပြီးအင်အားတောင့်တင်းလာတယ်။ သူတစ်ယောက်တည်းရဲ့ ကြိုးစားအားထုတ်မှုကြောင့်တော့ မဟုတ်ဘူးပေါ့။ ငါတို့ရှစ်ယောက်လည်း အရေးကြီးတဲ့အခန်းကဏ္ဍကနေ ပါဝင်ခဲ့ပါတယ်”

စတုတ္ထအကြီးအကဲ သူ့ဆရာကိုချီးမွှမ်းနေခြင်းလား ကိုယ့်ကိုယ်ကိုချီးမွှမ်းနေခြင်းလား လုယန်သေချာမပြောတတ်။

“ညီကိုးဘယ်လိုလူလဲဆိုတာကို မင်းကဘာလို့ ရုတ်တရက်ကြီး သိချင်လာတာလဲ”

လုယန် ရယ်လိုက်သည်။

“ဘာရယ်မဟုတ်ပါဘူး။ သူ့တပည့်စဖြစ်ကတည်းက ကျုပ်သူ့ကိုမမြင်ဖူးသေးလို့ နည်းနည်းစပ်စုကြည့်ရုံပါ”

“စပ်စုတာက ကောင်းပါတယ်။ ဒါပေမယ့် ညီကိုးအကြောင်းစပ်စုတာက ဘာမှအကျိုးမရှိဘူးကွ”

လူသုံးယောက်ကို မေးမြန်းပြီးနောက် သူ့ဆရာကြောင်း ကောင်းကောင်းနားလည်လာသည်။

သူ့ဆရာ ယခုထိ လွတ်ချင်စိတ်ရှိနေသေးလားတော့မသိ။

..............

ကောင်းကင်ပဟေဠိဂိုဏ်းသည် တိုက်နယ်အရှေ့ဘက်ခြမ်းတွင်ရှိသည်။ နေရာအတော်ကျယ်ပြန့်သည်။ အ‌ထက်မှကြည့်လျှင် ရှစ်မြှောင့်တြိဂံတံဆိပ်ကို ပက်လက်လှန်ထားသည်နှင့်တူသည်။ ထူးခြားသည့်မြင်ကွင်းဖြစ်သည်။

ဂိုဏ်းနေရာက တိတ်ဆိတ်အေးချမ်းပြီး လူနေကျဲသည်။ တောင်တန်းတောအုပ်များထဲမှ လျှို့ဝှက်ဂိုဏ်းတစ်ခုနှင့်တူသည်။ တိတ်ဆိတ်သော်လည်း စွမ်းအားကြီးသည်။

သို့သော် ဂိုဏ်းတိတ်ဆိတ်မှု၏အဓိကအကြောင်းရင်းက သူတို့တပည့်များကို အကြွေးဆပ်နိုင်ရန် စေလွှတ်ထားသောကြောင့် ဖြစ်သည်။ ကျယ်ပြန့်သည့်ဂိုဏ်းထဲတွင် လူနည်းနည်းသာကျန်ခဲ့သည်။

ကုန်ကျစရိတ်ချွေတာဖို့။ သေမျိုးလောကတွင်စိတ်နှလုံးကျင့်ကြံနိုင်ဖို့။

ခဲတစ်လုံးနှင့် ငှက်နှစ်ကောင်ပစ်သည်ဟု ဆိုနိုင်သည်။

တိတ်ဆိတ်သည့် ပတ်ဝန်းကျင်ကို အော်သံတစ်ခုက ချိုးဖျက်လိုက်သည်။

“ဆရာ၊ ဆရာ၊ ကျုပ်ပြန်လာပြီ”

လော်ပို ဂိုဏ်းထဲသို့အပြေားဝင်လာပြီး သူ့ဆရာကိုရှာသည်။

ဂိုဏ်းချုပ် သူ့လှိုဏ်ဂူထဲမှ ထွက်လာသည်။

“ငါ့တပည့်၊ ပြန်လာတာမြန်လှချည်လား။ ငါတို့အကြွေးတွေရှင်းနိုင်မယ် နည်းလမ်းစဉ်းစားမိလို့လား”

လော်ပို အသက်ကိုမောပန်းစွာရှူရှိုက်ရှင်း ပြန်ပြောသည်။

“မဟုတ်ဘူး။ ကျုပ်လူတွေကိုဗေဒင်လှည့်ဟောရင်းနဲ့ အန္တရာယ်ရှိတဲ့လူတစ်ယောက်တွေ့ခဲ့လို့ပါ။ ဒါကြောင့် ပြန်လာပြီး ကျုပ်တို့ဂိုဏ်းကို ပိုပြီးသတိထားနိုင်အောင် လာပြောတာ”

“ထိုင်ပါဦး။ ဖြေးဖြေးချင်းပြောပါ”

ခဏအမောဖြေပြီးနောက် လော်ပိုကပြောသည်။

“ယန်ကျန်းကို ကျုပ်ခရီးထွက်တယ်။ ငွေလည်းပြတ်နေတော့ ဗေဒင်နည်းနည်းဟောပြီး ကံနိမ့်တဲ့လူတွေဆီက ငွေလိမ်ယူဖို့ တွေးမိတယ်။

တိုက်တိုက်ဆိုင်ဆိုင် တာအိုလမ်းစဉ်ဂိုဏ်းတပည့်သုံးယောက်နဲ့ လသံလွင်နန်းတော်တပည့်တစ်ယောက်တွေ့တယ်။ အားလုံးက လိမ်လို့လွယ်မယ့်လူတွေပါ။

ဗေဒင်အတည်အတံ့ဟောဖို့ အစီအစဉ်မရှိဘူး။ ဖြီးရုံဖြန်းရုံလောက်ပဲလုပ်ဖို့ပါ။ ဒါပေမယ့် ထင်မထားဘူး။ သူတို့ထဲကတစ်ယောက်က အတော်ထူးဆန်းတယ်။

လုယန်ဆိုတဲ့လူက ကျင့်စဉ်အဆင့်မြင့်ရုံသာမဟုတ်ဘူး။ ကျင့်စဉ်လမ်းဝင်စမှာတောင် အလွန်ကြောက်စရာကောင်းတဲ့ အနာဂတ်မျိုးရှိတယ်”

ဂိုဏ်းချုပ် စိတ်ဝင်စားသွားသည်။

“ငါတို့ သူ့အပေါ် စောစောစီစီးကြိုရင်းနှီးမြှုပ်နှံပြီး သူအောင်မြင်လာတဲ့အခါ ငါတို့အကြွေးတွေကူဆပ်ခိုင်းဖို့ မင်းအကြံပေးချင်တာလား”

“မဟုတ်ဘူး၊ မဟုတ်ဘူး၊ မဟုတ်ဘူး”

သူ့ဆရာ၏ အန္တရာယ်များလွန်းသည့်အတွေးကို လော်ပိုအမြန်တားလိုက်သည်။

“လုယန်ရဲ့အနာဂတ်ဟာ မသေမျိုးတွေအတော်များများနဲ့ ဇာတ်လမ်းရှုပ်မယ့် ကံကြမ္မာမျိုးရှိတာကျုပ်မြင်ခဲ့တယ်”

“မသေမျိုးတွေနဲ့ ဇာတ်လမ်းရှုပ်မယ်တဲ့လား”

ဂိုဏ်းချုပ် တအံ့တဩ ရေရွတ်လိုက်သည်။ ပုံမှန်အားဖြင့် မသေမျိုးတစ်ယောက်နှင့် ဇာတ်လမ်းရှုပ်လျှင်ပင် သေနိုင်ခြေရှိသည်။ ယခု ဤလုယန်က မသေမျိုးအတော်များများနှင့် ဇာတ်ရှုပ်မည့်ကံကြမ္မာမျိုးရှိနေသည်။ သို့သော် ယခုထိ မသေသေး။

လေးလံသည့်ကံကြွေး ထမ်းပိုးထားသူများနှင့် ပတ်သက်မိမည်ကို ကောင်းကင်ပဟေဠိဂိုဏ်း အကြောက်ဆုံးဖြစ်သည်။ ကောင်းကင်တက်ဖို့ အာရုံစိုက်နိုင်မည်မဟုတ်။ ကံကြွေးကြီးလေး ကျင့်ကြံရခက်ခဲလေဖြစ်သည်။ ရုန်းထွက်ရန်ကြိုးစားလေ ကံကြမ္မာကြိုးမျှင်က ပိုရစ်ပတ်လေဖြစ်သည်။

“ဒါတင်မကသေးဘူး။ လုယန်က တာအိုလမ်းစဉ်ဂိုဏ်းရဲ့ အကျင့်ဆိုးတွေကို ကျင့်ကြံမှုလောကထဲဖြန့်မယ့်လူဆိုတာလည်း ကျုပ်မြင်ခဲ့တယ်”

ဂိုဏ်းချုပ် မျက်လုံးပြူးသွားသည်။

“ဒီလောက်အရေးကြီးတဲ့ကိစ္စကို မင်းဘာလို့အစကတည်းကမပြောတာလဲ။ ဒီကိစ္စနဲ့ယှဉ်ရင် မသေမျိုးတွေနဲ့ကံစပ်တာက ဘာထူးဆန်းလို့လဲ”

မသေမျိုးများနှင့်ကံဆက်စပ်လျှင် အနာဂတ်တွင် အောင်မြင်မှုများစွာ ရနိုင်ခြေလည်းရှိပါသည်။ သို့သော် တာအိုလမ်းစဉ်ဂိုဏ်း အကျင့်ဆိုးများဖြန့်ဝေခြင်းသည် ဆင်ခြင်ဉာဏ်နည်းခြင်းကိုပြသည်။

“တိုတိုပြောရရင် တာအိုလမ်းစဉ်ဂိုဏ်းကို တတ်နိုင်သမျှ ကျုပ်တို့ ရှောင်ရမယ်။ အထူးသဖြင့် အဲဒီ့လုယန်ပါ။ ဝေးလေကောင်းလေပဲ”

ထိုစဉ် ရုတ်တရက် ဂိုဏ်းချုပ်မျက်နှာ အမူအရာပြောင်းသွားသည်။

“ဘာဖြစ်တာလဲဆရာ”

“အတော်ကြောက်စရာကောင်းတဲ့ စွမ်းအင်ရောင်တစ်ခု ငါတို့ဂိုဏ်းဆီ ပျံသန်းလာတယ်။ မကောင်းတဲ့ရည်ရွယ်ချက်နဲ့ လာတဲ့ပုံပဲ။ အကာအကွယ်မှော်စက်ဝန်းကို အခုချက်ချင်းအသက်သွင်းမှဖြစ်မယ်”

ဂိုဏ်းမှော်စက်ဝန်းကို သူချက်ချင်းအသက်သွင်းသည်။

မှော်စက်ဝန်း၏ဆုံမှတ်နေရာများ ကြယ်လိုအရောင်တောက်လာသည်။ ရှစ်မြှောင့်တြိဂံပုံရိပ်တစ်ခု ပေါ်လာသည်။ ကြီးမားသည့် ရှစ်မြှောင့်တြိဂံမှော်စက်ဝန်းက ဂိုဏ်းကိဖုံးအုပ်ထားသည်။ ထိုးဖောက်ဖို့မလွယ်။ အရပ်ရှစ်မျက်နှာတွင် ထွက်ပေါက်ရှာတွေ့ဖိုမလွယ်ပေ။ အထဲတွင်ပိတ်မိသွားသည်နှင့် မှော်စက်ဝန်း၏လျှို့ဝှက်ချက်ကိုရှာရင်း တစ်သက်လုံးအချိန်ကုန်သွားမည်။ စုစည်းခြင်းအဆင့်စွမ်းအားရှင်အတော်များများ လက်လန်၍ ပြန်သွားခဲ့ဖူးသည်။ အတင်းခေါင်းမာ၍ ဝင်တိုးသူတစ်ချို့ သေသည်အထိ ပိတ်မိသွားကြသည်။

ဂိုဏ်းမှော်စက်ဝန်းစွမ်းအားက သိသာနေသည်။

မှော်စက်ဝန်းအသက်ဝင်လာသော်လည်း ပျံသန်းလာသည့်သဏ္ဌာန်က အရှိန်လျော့မသွား။ ပြိုင်ဘက်ကင်းသည့် မာန်မာနမျိုးရှိနေသည်။ လက်တစ်ဘက်ကိုဆန့်ထုတ်ပြီး မှော်စက်ဝန်းကို တစ်ချက်တည်းရိုက်ချိုးဖျက်ဆီးလိုက်သည်။

ထိုအချိန်ကျမှ လာလည်သူ၏မျက်နှာကို ဂိုဏ်းချုပ်မြင်ရသည်။ ကျက်သရေရှိပြီး ပြစ်မျိုးမှည့်မထင်လှပသည့် မိန်းကလေးတစ်ယောက်ဖြစ်သည်။

“တာအိုလမ်းစဉ်ဂိုဏ်းကယွမ်ကျိ ကောင်းကင်ပဟေဠိဂိုဏ်းရဲ့ မဟာအကြီးအကဲဆီကိုလာလည်ပါတယ်။ တွေ့ဆုံခွင့်ပေးဖို့ တောင်းဆိုပါတယ်”

ဂိုဏ်းချုပ်မျက်နှာ ဖြူရော်သွားသည်။

တာအိုလမ်းစဉ်ဂိုဏ်းကိုရှောင်မည်ဟုကြံကာမှ ချက်ချင်း‌ရောက်လာသည်။

****************************************************

All Chapters