← Chapters

ထောင်ကျသည့်အကြောင်းရင်း

Vol. 8 Ch. 112

ထောင်ကျသည့်အကြောင်းရင်း

Vol. 8 Ch. 112

“မသေမျိုးငါးဂိုဏ်းဝင်”ဟူသည့် အဆင့်အတန်းအပြင် တာအိုလမ်းစဉ်ဂိုဏ်းသည် ကျင့်ကြံမှုလောကတွင် နာမည်ဆိုးနှင့်ကျော်ကြားသည့် အဖွဲ့အစည်းလည်းဖြစ်သည်။ မိဘများက သားသမီးများကို ကလေးဆိုးများနှင့်မပေါင်းသင်းဖို့ ဆိုဆုံးမကြသလိုပင် ဂိုဏ်းအကြီးအကဲများကလည်း သူတို့ဂိုဏ်းတပည့်များကို တာအိုလမ်းစဉ်ဂိုဏ်းနှင့်မပတ်သက်ဖို့ တားမြစ်လေ့ရှိသည်။

သို့သော် ထိုတားမြစ်ချက်များကို ဆန့်ကျင်၍ သွားပတ်သက်သူများရှိသည်။ လူအတော်များများ သူတို့အတွက် စိုးရိမ်ပူပန်ကြရသည်။

လန်ထင်ကို နမူနာကြည့်သင့်သည်။

သို့သော် ကံကောင်းပါသည်။ တာအိုလမ်းစဉ်ဂိုဏ်းသည် ပြုပြင်မရတော့သည့်အခြေအနေမဟုတ်သည်ကို ကျင့်ကြံသူလောက၏ထိပ်သီးများ သတိပြုမိကြသည်။ ယခင်တာအိုဂိုဏ်းချုပ်ပျောက်သွားပြီး ယွမ်ကျိက ဂိုဏ်းချုပ်နေရာတက်လာသည်။ ထိုအချိန်မှစ၍ ဂိုဏ်း၏လက္ခဏာများ သိသိသာသာ တိုးတက်လာသည်။ အဓိကတိုးတက်မှုက ဂိုဏ်းသားအချင်းချင်းသာ ဒုက္ခပေးကြသည်။ တစ်ခြားလူများကို ဒုက္ခမပေးကြ။

တာအိုလမ်းစဉ်ဂိုဏ်းကို စိတ္တဇဆေးရုံတစ်ခုဟု စဉ်းစားလျှင် ယွမ်ကျိသည် ဒါရိုက်တာဟု ဆိုရသည်။ ဦးနှောက်မှန်သူလူနည်းစုထဲမှ တစ်ယောက်ဖြစ်သည်။

ယွမ်ကျိလာလည်သည်ကို တစ်ခြားလူမျာပိုသဘောကျသည်။

ကောင်းကင်ပဟေဠိဂိုဏ်းအောက်ဘက်မှ စကားသံတစ်ခုထွက်လာပြီးနောက် မျက်တောင်တစ်ခတ်အတွင်း ယွမ်ကျိရှေ့တွင် သဏ္ဌာန်တစ်ခုပေါ်လာသည်။

“တာအိုရှင်ထောင်ယဲ့”

ယွမ်ကျိ ဦးညွှတ်အရိုအသေပြုလိုက်သည်။

ကောင်းကင်ပဟေဠိဂိုဏ်း၏ မဟာအကြီးအကဲထောင်ယဲ့သည် ကျင့်ကြံသူလောက၏ ကျောက်ဖြစ်ရုပ်ကြွင်းတစ်ခုဖြစ်သည်။ သူ့လောက်သက်တမ်းရှည်သူ ရှားသည်။ ခပ်လျှို့လျှိုနေသည်။ သူ့ကျင့်စဉ်စွမ်းအားအမှန်ကို ဘယ်တော့မှ ထုတ်မပြ။

“ဘာကိစ္စရှိလို့ ရောက်လာတာလဲ မိတ်ဆွေ”

ထောင်ယဲ့က ယွမ်ကျိကို “မိတ်ဆွေ”ဟု လေးလေးစားစားခေါ်သည်။

“မသေမျိုးတွေနဲ့ပတ်သက်ပြီး မေးစရာလေးတွေရှိလို့ပါ”

“ကြွပါ”

ထောင်ယဲ့က ယွမ်ကျိကို လျှို့ဝှက်ခန်းတစ်ခုသို့ ခေါ်သွားပြီး လက်ဖက်ရည်ဖြင့်ဧည့်ခံသည်။

“မသေမျိုးအကြောင်းနဲ့ပတ်သက်ပြီး ဘာကိုသိချင်တာလဲ မိတ်ဆွေ”

“ထာဝရအရှင်အကြောင်း ရှင်ဘယ်လောက်သိထားလဲ”

ထောင်ယဲ့ အခက်တွေ့သွားဟန်ဖြင့် မချိပြုံးပြုံးသည်။

“ထာဝရအရှင်လား။ တကယ့်မေးခွန်းကောင်းတစ်ခုကို မိတ်ဆွေမေးလိုက်တာပဲ။ ထာဝရအရှင်ဟာ ရှေးဟောင်းမသေမျိုးငါးယောက်ထဲမှာ အလျှို့ဝှက်ဆုံးပါ။ ထာဝရဂိုဏ်းက ထာဝရအရှင်ရဲ့ ရှေးခေတ်မှတ်တမ်းတွေ့တယ်လို့သာ စပြီးမကြေငြာခဲ့ရင် သူ့ဖြစ်တည်မှုကို ကျုပ်သိမှာမဟုတ်ဘူး။

ရှေးဟောင်းမှတ်တမ်းဆိုရင်တောင် တကယ်မှန်ပါတယ်လို့ မပြောနိုင်သေးဘူး။ ထာဝရအရှင်ရှိတယ်ဆိုတဲ့ကိစ္စကို ကျုပ်သံသယအမြင်နဲ့ကြည့်ပါတယ်”

“ဘယ်လိုကြည့်တာလဲ”

“လွန်ခဲ့တဲ့နှစ်တစ်သောင်းကျော်ကတွေ့တဲ့ အမွေအနှစ်တွေဆိုရင် အခုခေတ်မှာ ကျုပ်တို့က “ရှေးဟောင်း”လို့ စဉ်းစားကြတယ်။ ဒါပေမယ့် “ရှေးဟောင်း”ဆိုတိုင်း အမှန်တရားလို့ပြောနိုင်လို့လား။

အဒီမှတ်တမ်းတွေဟာ မဟာကန်ခေတ်ကလို့ ကျုပ်ကြားတယ်။ ဒါပေမယ့် အဲဒါ ဘာဖြစ်လဲ။ အဲဒီ့ခေတ်ဟာ ခေတ်သစ်ရဲ့အစိတ်အပိုင်းပါ။ ရှေးခေတ်ကနေ နှစ်ပေါင်းသိန်းချီလွန်ခဲ့ပြီးပြီ။

မဟာကန်ခေတ်မှာ တစ်ယောက်ယောက် မဟုတ်မဟတ်မှတ်တမ်းတစ်ခု ဖန်တီးမယ်၊ နှစ်တစ်သိန်းနှစ်သိန်းကြာသွားမယ်၊ သူ့မှတ်တမ်းကို တစ်ယောက်က အမှတ်မထင်တွေ့မယ်၊ ရှေးမှတ်တမ်းဆိုပြီး အံ့အားသင့်သွားမယ်၊ ပြီးတော့ မှတ်တမ်းထဲမှာတွေ့သမျှကို အမှန်တရားလို့ ယုံကြည်သွားမယ်။ အဲဒါမျိုးလည်း သိပ်ဖြစ်နိုင်တာပေါ့။

ထာဝရအရှင်တကယ်ရှိတယ်ဆိုရင် အဲဒီ့မှတ်တမ်းအပြင် သူ့ဖြစ်တည်မှုကို သက်သေပြနိုင်တဲ့ တစ်ခြားအထောက်အထားတွေ ဘာလို့မတွေ့တာလဲ။

မဟာကန်ခေတ်က ကောင်းကင်းဂူတွေအများကြီး ဖော်ထုတ်ခဲ့ပြီးပြီ။ ထာဝရအရှင်မှတ်တမ်း ဘယ်မှာတွေ့လို့လဲ”

ယွမ်ကျိခေါင်းခါသည်။ ထောင်ယဲ့၏ သုံးသပ်ချက်ကလည်း နည်းနည်းကျိုးကြောင်းဆီလျော်သည်။

“သိပ်မကြာသေးခင်က ထာဝရဂိုဏ်းရဲ့ ဌာနချုပ်ကို ကျွန်မခြေရာခံမိခဲ့တာ ရှင်သိပါတယ်။ ဒါပေမယ့် ကံမကောင်းဘူး။ သူတို့ အပြေးမြန်သွားတယ်။ တစ်ယောက်မှ ဖမ်းမမိလိုက်ဘူး။ ဒါပေမယ့် သူတို့ကျန်ခဲ့တဲ့ ပစ္စည်းတွေကနေ အချက်အလက်တစ်ချို့ သိခဲ့ရတယ်”

တကယ်တော့ ယွမ်ကျိ ဘာအချက်အလက်မှမရခဲ့။ လုံခြုံရေးအရ လုယန်၏အခြအနေကို ထုတ်မပြောလို၍သာဖြစ်သည်။

“ကျုပ်နားထောင်ချင်ပါတယ်”

“ထာဝရဂိုဏ်းယုံကြည်ချက်အရ ထာဝရအရှင်ရဲ့ တာအိုသစ်သီးလက္ခဏာကို “မဖျက်ဆီးနိုင်တဲ့တာအို”လို့ ပြောနိုင်တယ်။ တစ်ယောက်ယောက်က သူ့ဘွဲ့နာမည်နဲ့ မသေမျိုးနာမည်ကို ရွတ်ဆိုရုံနဲ့ ထာဝရအရှင်ကို ပြန်အသက်သွင်းနိုင်တယ်တဲ့”

‌ထောင်ယဲ့ မျက်လုံးသူငယ်အိမ်များကျုံ့သွားသည်။ ထူးခြားသည့်တာအိုလက္ခဏာကြောင့် အံ့ဩတုန်လှုပ်သွားမိသည်။ မသေနိုင်သည့်သဘောမျိုးဖြစ်သည်။

“မသေမျိုးတာအိုသစ်သီးတိုင်းမှာ ထူးခြားတဲ့ လက္ခဏာတွေရှိကြတာပဲ။ ဟုတ်တယ်၊ ဒီအချက်က မမှားလောက်ပါဘူး”

ခဏစဉ်းစားနေပြီးနောက် ထောင်ယဲ့ ထပ်ပြောသည်။

“ဒါပေမယ့် ဒါကထာဝရဂိုဏ်းရဲ့ အပြောပဲရှိသေးတာပါလေ။ ကျုပ်ကတော့ ကျုပ်အမြင်အတိုင်းပဲ လက်ခံထားတယ်။ ဒါက မသေမျိုးတွေဖန်တီးတာမျိုးဖြစ်မယ်။

မဟာရှားမင်းဆက်ရဲ့ နည်းလမ်းနဲ့တူတယ်။ လျှို့ဝှက်အင်အားစုတစ်ခုက တကယ်မရှိတဲ့မသေမျိုးကို အရှိလုပ်ပြီး ထာဝရဂိုဏ်း ယုံကြည်လာအောင်လုပ်တယ်။ အချိန်ကြာလာတော့ ယုံကြည်မှုစွမ်းအားတွေ စုစည်းပြီး ထာဝရအရှင်ရဲ့ပုံရိပ် ပေါ်လာမယ်။ ယုံကြည်မှုစွမ်းအင်တွေ အတိုင်းအတာတစ်ခုထိ ရောက်လာတဲ့အခါ ထာဝရအရှင်အလိုလိုဖြစ်တည်လာမယ်လေ”

(**ကိုးကွယ်ယုံကြည်မှုစွမ်းအားကြောင့် စွမ်းအင်ပုံရိပ်ပေါ်မည်။ ထိုပုံရိပ်မှတစ်ဆင့် သိစိတ်ဝိညာဉ်ခန္ဓာအစစ် တကယ်ဖြစ်လာသည့်သ‌ဘောမျိုးဖြစ်သည်။ တာအိုဝတ္ထု၏ သုံးနေကျ”အဆင်”တစ်ခုဖြစ်ပါသည်)

ယွမ်ကျိ မငြင်းဘဲ ငြိမ်သက်စွာနားထောင်နေသည်။ ယခု ထာဝရအရှင်(ထာဝရနတ်မယ်) အသက်ပြန်ဝင်လာပြီးဖြစ်၍ မသေမျိုးဖန်တီးသည့်သဘောမဟုတ်သည်မှာ သေချာသည်။ သို့သော် မသေမျိုးဖန်တီးသည့်ကိစ္စကလည်း သူ့ကောင်းကွက်သူရှိသည်။ တစ်ခြားနတ်ဆိုးဂိုဏ်းသုံးခုက ထိုနည်းလမ်းမျိုးသုံးနေခြင်း ဖြစ်ကောင်းဖြစ်မည်။

ထောင်ယဲ့ကို ကျေးဇူးတင်စကားဆိုပြီးနောက် ယွမ်ကျိ ပြန်သွားသည်။

ယွမ်ကျိ ဂိုဏ်းမှော်စက်ဝန်းအား အလွယ်တကူ ရိုက်ဖျက်ခဲ့သည်ကို မြင်ခဲ့သည့် ကောင်းကင်ပဟေဠိဂိုဏ်းချုပ်က တာအိုရှင်ထောင်ယဲ့အနားသို့ မရဲတရဲကပ်လာပြီးမေးသည်။

“ဘိုးဘေး၊ ယွမ်ကျိက ဘယ်လောက်စွမ်းအားကြီးလဲ။ မသေမျိုးဖြစ်နေပြီလား”

“မမေးနဲ့။ ငါဘာမှမသိဘူး”

.......

လူအတော်များများထံ ယွမ်ကျိ သွားလည်ခဲ့သည်။ ထောင်ယဲ့ကို နောက်ဆုံးတွေ့ပြီးနောက် သူ့ဂိုဏ်းသို့ ချက်ချင်းပြန်လာသည်။

ထိုအချိန်တွင် လုယန်ကလည်း သူ့ဆရာကို အကြံတောင်းဖို့ နောက်တစ်ကြိမ် ပြန်ရောက်လာသည်။

“ကဲ..ငါ့အကိုတွေ ဘာပြောလိုက်လဲ။ တာအိုလမ်းစဉ်ဂိုဏ်းက ငါ့ဦးဆောင်မှုအောက်မှာ ပိုအင်အားကြီးလာတာလို့ ပြောတယ်မဟုတ်လား”

တာအိုဝစီပိတ်မျက်နှာက ဝင့်ကြွားမှုအပြည့်ရှိသည်။ ဂိုဏ်းတိုးတက်မှုအတွက် သူ့စွမ်းဆောင်ရည်အပေါ် အပြည့်အဝယုံကြည်မှုရှိသည်။

လုယန် သူ့ဆရာကို နားမလည်ဟန်ဖြင့် ကြည့်သည်။

“ဟုတ်ပါတယ်၊ ဆရာ့ရဲ့ စွမ်းဆောင်မှုတွေက ထူးခြားပါတယ်။ ဒါပေမယ့် အားလုံးက အမယွမ်ကျိကိုပဲ ဂိုဏ်းကိုဦးစီးစေချင်ကြတယ်”

တာအိုဝစီပိတ် စိတ်ဓာတ်အလုံးလိုက်အခဲလိုက် ကျသွားသည်။ မျှော်လင့်ချက်အားလုံး ဆုံးရှုံးသွားသလို ခံစားရသည်။

“အဲလိုလား၊ ဒါဆို ဂိုဏ်းချုပ်နေရာကို သူပဲယူပါစေလေ။ မျိုးဆက်သက်တွေ မျိုးဆက်ဟောင်းနေရာမှာ အစားထိုးဝင်ကြရတာ သဘာဝပါပဲ။

ဒါပေမယ့် ရာထူးနေရာအတွက် တပည့်က ဆရာကိုအကျဉ်းချတာကတော့ မသင့်တော်ဘူး။ တာအိုလမ်းစဉ်ဂိုဏ်းရဲ့ နာမည်ဂုဏ်သတင်း ထိခိုက်နိုင်တယ်။

ငါ့ကိုလွှတ်ပေးပါ။ ငါအဝေးကြီးကို ထွက်သွားမယ်။ ဂိုဏ်းချုပ်ရာထူးအကြောင်းလည်း နောက်ထပ်လုံးဝမပြောတော့ဘူး။ တာအိုလမ်းစဉ်ဂိုဏ်းကိုလည်း ဘယ်တော့မှပြန်မလာတော့ဘူး။ ဘယ်လိုသဘောရလဲ”

တာအိုရှင်ဝစီပိတ်က ကမ်းလှမ်းသည်။

လုယန် တုံ့ဆိုင်းနေသည်။ တာအိုဝစီပိတ်၏စကား ကျိုးကြောင်းဆီလျော်သည်ဟု သူယူဆသည်။ သူ့ဆရာသည် ရာထူးနေရာမက်မောပြီး အတိုက်အခံလုပ်နေမည့် လူစားမဟုတ်။ သူ့ဆရာကို လွှတ်သင့်မလွှတ်သင့် စဉ်းစားနေသည်။

ထိုစဉ် အထက်ကောင်းကင်မှ အေးစက်စက်စကားသံတစ်ခု ပေါ်လာသည်။

“ဆရာ၊ တကယ်ဒီလိုထွက်သွားချင်တာလား”

ထိုအသံကြားသည်နှင့် တာအိုရှင်ဝစီပိတ် အကြီးအကျယ်မျက်နှာပျက်သွားသည်။

လုယန် မော့ကြည့်သည်။ ယွမ်ကျိပြန်ရောက်လာခြင်းဖြစ်သည်။

“အမယွမ်”

ယွမ်ကျိ မြေပေါ်သို့ ငြင်သာစွာဆင်းလာသည်။ ဖုန်တစ်စက်မှ မထ။

“ဆရာ၊ အပြင်ထွက်ဖို့အတွက်နဲ့ ကိုယ်တပည့်ကိုတောင် လှည့်စားဖို့စဉ်းစားနေတယ်ပေါ့”

ယွမ်ကျိစကားသံက တည်ငြိမ်ကြည်လင်သည်။ သို့သော် တာအိုဝစီပိတ်နားထဲတွင် ပေါက်ကွဲတော့မည့်မီးတောင်တစ်ခုလို ထင်မိသည်။ အလွန်တရာ ကြောက်စရာကောင်းသည်။

လှည့်စားသည်တဲ့လား။

လုယန်တွေးသည်။ သူ့ဆရာပြောခဲ့သမျှအားလုံးက အလိမ်အညာများ ဖြစ်နိုင်သည်။

ဘာကအမှန်တရားဖြစ်မည်နည်း။

သူ့စိတ်ထဲ အပြေးအလွှားစဉ်းစားနသည်။ ဖြစ်နိုင်ခြေတစ်ခုကို ချက်ချင်းသုံးသပ်မိသည်။

သူ့ဆရာ နတ်ဆိုးပူးကပ်ခံခဲ့ရခြင်းဖြစ်မည်။ မှန်ကန်သည့်နည်းလမ်းကိုရွေးချယ်၍ အမယွမ်ကျိက ဤနေရာတွင် ပိတ်လှောင်ထားခဲ့ဖြစ်မည်။ ဂိုဏ်း၏အရှက်ရစရာကိစ္စကို အပြင်သို့မပေါက်ကြားစေဘဲ တစ်ခြားအကြီးအကဲများမသိအောင် လျှို့ဝှက်ထားခဲ့ခြင်းဖြစ်မည်။

အမယွမ်ကျိမရှိချိန်တွင် ဆရာကသူ့ကို မှောင်အဆောင်ဖယ်ရှားဖို့ သွေးဆောင်လှည့်စားပြီး လောကကို ဒုက္ခပေးရန် ကြိုးစားနေခြင်းဖြစ်မည်။

ယွမ်ကျိဆက်ပြောသည်။

“တစ်ခြားမသေမျိုးဂိုဏ်းချုပ်တွေကို ကြည့်လိုက်ပါ။ အားလုံးက ကြိုးကြိုးစားစားကျင့်ကြံနေကြတာ။ ဆရာက ဘာလုပ်နေလဲ။ နေ့တိုင်း အလကားသက်သက် အချိန်ဖြုန်းနေတာပဲ။ ကျွန်မချပေးထားတဲ့ နေ့စဉ်ကျင့်ကြံမှုတာဝန်တွေ လုပ်ပြီးပြီလား။ ကျင့်စဉ်အဆင့်ရော တက်လာပြီးလား။ ဘာမှတိုးတက်မှုမရှိဘဲ အပြင်ထွက်ပြီး အလေလိုက်ချင်နေသေးတယ်ပေါ့”

တာအိုရှင်ဝစီပိတ် ပါးစပ်ဟ,နေရသည်။ ဘာမှပြန်မပြောနိုင်။

လုယန် - “...”

ကျွန်တော် ဘာတွေလျှောက်တွေးနေမိသည်မသိ။ ထိုမျှပြဇာတ်ဆန်သည့် အဖြစ်အပျက်မျိုး တာအိုလမ်းစဉ်ဂိုဏ်းတွင် ဘယ်လိုဖြစ်နိုင်မည်နည်း။

****************************************************

All Chapters