လုယန်၏ မေးခွန်းသုံးခု
Vol. 8 Ch. 113
“အာ...အဲလိုတော့လည်း မဟုတ်ပါဘူး။ ကျင့်ကြံတယ်ဆိုတာက အလုပ်နဲ့အနားယူချိန်ကို ညီမျှအောင်ထားရတာပါ။ အဆုံးစွန်ငြိမ်သက်မှုကနေ လှုပ်ရှားမှု ပေါ်လာတယ်ဆိုတဲ့ စကားလိုပေါ့။ တစ်နေရာထဲမှာ အချိန်အကြာကြီးနေရင် အပြင်ထွက်ပြီး လမ်းလျှောက်ဖို့လိုတယ်လေ။
စဉ်းစားကြည့်ပါ ရှောင်ယွမ်။ ကျင့်ကြံမှုရည်ရွယ်ချက်က ထာဝရအသက်နဲ့ လွတ်လပ်မှုကို ရဖို့ပါ။ တစ်ချိန်လုံး တံခါးပိတ်ကျင့်နေမယ် တရားထိုင်နေမယ်ဆိုရင် ကျင့်ကြံတာက ထောင်ကျတာနဲ့ ဘာမှမကွာတော့ဘူးလေ။ မြင်းရှေ့မှာ ရထားချသလိုဖြစ်နေမှာပေါ့”
တာအိုရှင်ဝစီပိတ် စိတ်အားထက်သန်စွာရှင်းပြနေသည်။
တော်ဝင်အကျဉ်းထောင်ကို မကြာခဏရောက်ခဲ့သူဖြစ်၍ ထောင်ကျသည့်ကိစ္စကို တစ်ခြားလူများနှင့်မတူသည့် အမြင်မျိုးဖြင့် တွေးခေါ်နိုင်ပေသည်။
“ပြီးတော့ ကျင့်ကြံတဲ့ပုံစံ နှစ်မျိုးရှိတယ်။ လောကကျင့်စဉ်လမ်းနဲ့ ဧကစာကျင့်စဉ်လမ်းလေ။ ငါက လောကကျင့်စဉ်လမ်းကို လျှောက်တဲ့လူမျိုးပါ။ အပြင်လောကမှာ နှစ်မြှုပ်ပြီး ဘဝအတွေ့အကြုံယူမှ မသေမျိုးတာအိုကိုနားလည်ပြီး အဆင့်တက်နိုင်မှာ”
ထိုအယူအဆကို လုယန် ကြားဖူးပါသည်။ ရှားနိုင်ငံတွင် အရာရှိဖြစ်လာသည့် ကျင့်ကြံသူများကို လောကကျင့်ကြံသူဟု သတ်မှတ်နိုင်သည်။ မသေမျိုးငါးဂိုဏ်းမှလူများက ဧကစာကျင့်ကြံမှုဘက်သို့ ယိမ်းသည်။ သို့သော် ယွမ်ကျိလို ဧကစာကျင့်ကြံမှုသက်သက် လျှောက်လှမ်းသူက မရှိသလောက်ရှားသည်။
တာအိုရှင်ဝစီပိတ် မည်မျှစကားပြောကျင်လည်သည်ဖြစ်စေ ယွမ်ကျိက အမူအရာလုံးဝမပျက်။ မျက်တောင်တစ်ချက်မခတ်။
“ဆရာ။ ကျွန်မကို သင်ပေးတုန်းက ဆရာပြောခဲ့တယ်လေ။ ဖိအားရှိမှ စိတ်အားထက်သန်မှုပေါ်လာတာ။ ဇွဲလုံ့လဟာ ကျင့်ကြံမှုရဲ့ သော့ချက်ပဲ။ “နေ့တစ်နေ့ရဲ့ အစီအစဉ်ဟာ မနက်ပိုင်းမှာတည်တယ်။ နှစ်တစ်နှစ်ရဲ့ အစီအစဉ်ဟာ နွေဦးမှာတည်တယ်”။ မနက်ကနေညအထိ စိတ်နှစ်ကိုယ်နှစ် ကျင့်ကြံရမယ်တဲ့”
မှန်သည်။ တာအိုရှင်ဝစီပိတ် သင်ပြခဲ့သည့်အတိုင်း မိုးလင်းမှမိုးချုပ်အထိ ထူးခြားသည့်စိတ်နှစ်မြှုပ်မှုမျိုးဖြင့် ယွမ်ကျိလေ့ကျင့်ခဲ့သည်။
အစကတည်းက ရှားပါးပါရမီရှင်ဖြစ်သည်။ ဝီရိယအားလည်း စိုက်ထုတ်သဖြင့် လျင်မြန်စွာ တိုးတက်ခဲ့သည်။ မသေမျိုးဂိုဏ်းနှီးနှောဖလှယ်ပွဲ ကျင်းပချိန်တွင် ယွမ်ကျိက တစ်ခြားလူများထက် ထူးချွန်ထင်ရှားခဲ့သည်။ ပထမနေရာကို ရခဲ့သည်။
ထုံးစံအတိုင်း မသေမျိုးငါးဂိုဏ်း၏ ဂိုဏ်းချုပ်များက ချန်ပီယံယွမ်ကျိကို ဟာကွက်များ ဝေဖန်ထောက်ပြသည်။ မျိုးဆက်သစ်ချန်ပီယံ ဂုဏ်မောက်လာမည်စိုး၍ စိန်ခေါ်တိုက်ခိုက်သည်။
ယွမ်ကျိက ဂိုဏ်းချုပ်ငါးယောက်လုံးကို အနိုင်ယူလိုက်သည်။ အပြတ်အသတ် နှိပ်ကွပ်လိုက်သည်။
နောက်တစ်ကြိမ် မသေမျိုးဂိုဏ်းနှီးနှောဖလှယ်ပွဲလုပ်သည်။ ဂိုဏ်းတပည့်များ စင်မြင့်ထက်တွင် တိုက်ခိုက်ကြသည်။ ယွမ်ကျိက ဂိုဏ်းချုပ်များ၏အလယ်တည့်တည့်တွင်ထိုင်၍ ဝေဖန်ထောက်ပြသည်။
အစကတည်းက တာအိုဝစီပိတ်စိတ်ထဲတွင် တွေးထားသည်။ ယွမ်ကျိကို ဇွဲကောင်းကောင်းဖြင့် ကျင့်စဉ်အဆင့် တိုးတက်အောင် လေ့ကျင့်ခိုင်းပြီး ဂိုဏ်းချုပ်ရာထူးလွှဲပေးမည်။ သို့မှသာ သူအပြင်လောကသို့ ခိုးထွက်၍ ပျော်ပျော်နေနိုင်မည်။
သို့သော် ထိုအတွေးကိုတော့ သူလုံးဝထုတ်မပြော။
ယွမ်ကျိက ကျင့်ကြံရသည်ကို ပင်ပန်းသည်ဟုမမြင်။ ပျော်ပင်ပျော်သေးသည်။ ကျင့်ကြံနေချိန်တွင် လောကနှင့် တစ်သားတည်းဖြစ်နေသလို ထူးခြားသည့် စိတ်ငြိမ်းချမ်းမှုမျိုးကိုရသည်။ သူ့ကိုယ်ပိုင်စွမ်းအား တိုးတက်လာသည်ကို ရှင်းလင်းစွာ ခံစားနိုင်သည်။
ကျင့်ကြံပြီးနောက်တွင် လန်းဆန်းပြီး စိတ်ကြည်လင်သည်။ သူ သဘောမကျဘဲ ဘယ်နေနိုင်မည်နည်း။
“ကောင်းပြီလေ။ ဆရာထွက်ချင်တယ်ဆိုလည်း ထွက်ခဲ့ပါ...”
ယွမ်ကျိ ခပ်အေးအေးလေသံဖြင့်ပြောသည်။
တာအိုရှင်ဝစီပိတ် ပျော်သွားသည်။ သူကြိုးစားပမ်းစား ပြောဆိုခဲ့ရသည့်စကားများ အချည်းအနှီးမဖြစ်တော့။ ရှောင်ယွမ်က သူ့ကိုလွှတ်ပေးဖို့ သဘောတူလိုက်ပြီဖြစ်သည်။
“ကိုယ့်အစွမ်းအစနဲ့ကိုယ် ထွက်ခဲ့ပေါ့”
ယွမ်ကျိ ထိုစကားထပ်ပြောပြီး လှည့်ထွက်သွားသည်။
တာအိုရှင်ဝစီပိတ် ပါးစပ်ဟလိုက်သော်လည်း ဘာစကားသံမှထွက်မလာတော့။ သူ့အစွမ်းနှင့်သူထွက်နိုင်လျှင် အစောကြီးကတည်းက ထွက်ခဲ့မည်ပေါ့။
“လုယန်...မင်း...”
လုယန်ကို သူလှမ်းခေါ်သည်။ သူ့ကိုယ်စား ယွမ်ကျိကို တောင်းဆိုပေးစေချင်သည်။ လုယန်က ‘ကိုယ့်ဘာသာပဲ အားကိုးတော့’ဟူသည့်အကြည့်ဖြင့် လှည့်ကြည့်ပြီး ယွမ်ကျိနောက်သို့ အမြန်လိုက်သွားသည်။
တာအိုလမ်းစဉ်ဂိုဏ်းကို ထိန်းချုပ်ထားသည့် ဘက်စုံစွမ်းအားမြင့် အမယွမ်ကျိနှင့် အကျဉ်းကျနေသည့်ဆရာကြား ဘယ်သူ့နောက်လိုက်မည်ကို ရွေးချယ်ဖို့က အတော်လွယ်ကူပါသည်။
“တပည့်လေး၊ မသွားပါနဲ့ဦး။ မှော်အဆောင်ဖယ်ရှားဖို့ပဲ ဆရာ့ကိုကူညီပါ။ ဒါဆို မင်းကို “ဓားတစ်ချောင်းက ဓားတစ်သောင်း”ပညာကို သင်ပေးမယ်။ ဓားတွေထောင်ချီပြီး လေထဲမှ ဝဲပျံနေမယ်။ တောက်ပတဲ့ဓားဦးက အောက်ဘက်ကို ဦးစိုက်နေမယ်။ တိုက်ပွဲမစခင်တောင် စိတ်ဓာတ်ပိုင်းအရ ရန်သူကိုလွှမ်းမိုးနိုင်စွမ်းရှိပါတယ်”
“ဒီပညာက အမယွမ်ကျိကို နိုင်မှာလား”
လုယန် ချက်ချင်းနောက်ပြန်ပြေးလာပြီးမေးသည်။ ထိုမျှခံ့ညားထည်ဝါပြီး မြင်သူတိုင်းအံ့ဩရသည့်ဓားပညာမျိုးကို ဓားကျင့်ကြံသူတိုင်း သင်ချင်ကြသည်သာဖြစ်သည်။
စွမ်းအားက အရေးမကြီး။ ဟိတ်ဟန်အလန်းစားဖြစ်နေဖို့သာ အရေးကြီးသည်။
တာအိုရှင်ဝစီပိတ် ခေါင်းခါပြသည်။ လုယန် ပြန်ထွက်သွားရန်ပြင်သည်။
ဆရာဝစီပိတ်က အမြန်လှမ်းပြောသည်။
“ငါမင်းကို “ဓားတာအိုအနှစ်သာရ”ပညာကိုလည်း သင်ပေးနိုင်ပါတယ်။ ဓားတာအိုအကြောင်း နက်နက်နဲနဲ နားလည်လာမယ်။ ဓားတာအိုရဲ့ အမြင့်ဆုံးအဆင့်ကိုရောက်သွားရင် မှော်ပညာအားလုံးကို ဓားတစ်ချက်တည်းနဲ့ ဖျက်ဆီးပစ်နိုင်တယ်။ မင်းနဲ့မျိုးဆက်တူတွေထဲမှာ ပြိုင်ဘက်ကင်းဖြစ်လာမယ်”
“ဒီပညာက အမယွမ်ကျိကို နိုင်မှာလား”
တာအိုဝစီပိတ် ခေါင်းခါသည်။ လုယန် ပြန်ထွက်သွားရန်ပြင်သည်။
တာအိုဝစီပိတ် ချက်ချင်းလှမ်းပြောသည်။
“”အတုမဲ့ဓားမှော်စက်ဝန်းလေးမျိုး”ကိုလည်း ငါသင်ပေးလို့ရပါတယ်။ ဒီပညာထုတ်သုံးလိုက်ရင် မှော်စက်ဝန်းစွမ်းအားက ကောင်းကင်ထိတက်သွားမယ်။ အသက်ဓာတ်အားလုံးကို ဖျက်ဆီးမယ်။ ဖြစ်တည်မှုအားလုံး မှေးမှိန်သွားမယ်။ ရန်သူအားလုံးကို ရှင်းလင်းလိမ့်မယ်”
“ဒီပညာက အမယွမ်ကျိကို နိုင်မှာလား”
တာအိုရှင်ဝစီပိတ် ဒေါသအကြီးအကျယ်ထွက်သွားသည်။
“အတော်ပြောရခက်တဲ့တပည့်ပဲ။ ငါသူ့ကိုနိုင်ရင် ဒီမှာအကျဉ်းကျနေပါ့မလားကွ”
သူ့ဆရာစကားမှန်သည်ဟု လုယန်တွေးမိသည်။ ထို့ကြောင့် အမယွမ်ကျိဘက်မှသာ ရပ်တည်ရန် ဆုံးဖြတ်လိုက်သည်။
...........
“အမယွမ်၊ ကျုပ်မစ်ရှင်သွားတုန်းက တစ်ခြားပြဿနာတစ်ခုလည်း တွေ့ခဲ့တယ်”
“ဘာပြဿနာလဲ”
“မသေမျိုးဂိုဏ်းငါးဂိုဏ်းရဲ့ နာမည်က အပြင်လောကမှာ သိပ်မထင်ရှားဘူး။ ကျုပ်တို့ကို လူအတော်များများက မသိကြဘူး။ နတ်ဆိုးဖြစ်ဖြစ် မကောင်းဆိုးဝါးဖြစ်ဖြစ် ပြဿနာတစ်ခုခုကြုံလာရင် သူတို့က အရာရှိတွေကိုပဲ အားကိုးရတယ်။ အရာရှိတွေ ဘာမှမလုပ်ပေးရင် သူတို့ ထိုင်စောင့်ရုံပဲ တတ်နိုင်ကြတယ်”
မဟာရှားနိုင်ငံသည် ဝန်ထမ်းအင်အားမလုံလောက်သည့်အပြင် သိက္ခာလည်း ထိန်းချင်ကြသဖြင့် မသေမျိုးဂိုဏ်းဂါးဂိုဏ်းကို အကူအညီတောင်းရန် လက်တွန့်ကြသည်။ ထို့ကြောင့် သာမန်လူများ ဒုက္ခခံကြရသည်။
ထိုပြဿနာကို စုန့်တောင်တန်းတွင် လုယန် လက်တွေ့ကြုံခဲ့သည်။ မုဆိုးသရဲအိုက လမ်းပြအဖြစ်ဟန်ဆောင်ခဲ့သော်လည်း တာအိုလမ်းစဉ်ဂိုဏ်းကို သူမသိသည့်အဖြစ်က ဟန်ဆောင်ခြင်းမဟုတ်။
ယန်ကျန်းကောင်တီတွင်လည်း လုယန် လှည့်ပတ်မေးမြန်းကြည့်သည်။ သာမန်လူများသည် မသေမျိုးငါးဂိုဏ်းအပါအဝင် ထိပ်တန်းဂိုဏ်းများအကြောင်းကို သိပ်မသိကြ။
ယွမ်ကျိ နည်းနည်းအံ့အားသင့်သွားသည်။ ထိုပြဿာကို သူအာရုံမစိုက်မိခဲ့။ မသေမျိုးငါးဂိုဏ်းမှလူများလည်း သတိမထားမိကြ။
နှစ်စဉ်ကျင်းပသည့် မသေမျိုးငါးဂိုဏ်းဆွေးနွေးပွဲတွင်လည်း ထိုပြဿနာမျိုး တင်ပြသည်ကို မကြားဖူး။
“ဒါက တကယ့်ပြဿနာပဲ။ တာအိုလမ်းစဉ်ဂိုဏ်းအကြောင်း စာအုပ်အဖြစ်ပြုစုပြီး လူတွေကြားထဲ ဖြန့်လိုက်မယ်ဆိုရင်ရော”
လုယန်က ကူညီလိုစိတ်အပြည့်ဖြင့် သူအကြံကိုပြောသည်။
“စာအုပ်ရေးတာက သတင်းဖြန့်ဖို့ တကယ်ကောင်းတဲ့နည်းလမ်းပါ။ ဒါပေမယ့် ကျုပ်သိသလောက်တော့ သာမန်လူတွေထဲမှာ စာတတ်တဲ့လူအရေအတွက် အတော်နည်းတယ်။ အတော်များများက စာအုပ်ဖိုးမတတ်နိုင်ကြဘူး။ တာအိုလမ်းစဉ်ဂိုဏ်းရဲ့ အဖြစ်အပျက်တွေကို ပုံပြောဇာတ်လမ်းအဖြစ် ပြောင်းလိုက်တာလည်း နည်းလမ်းကောင်းတစ်ခုဖြစ်မယ်ထင်တယ်”
“ပုံပြောတာလား”
ထိုနယ်ပယ်ကို ယွမ်ကျိမရင်းနှီး။ တာအိုရှင်ဝစီပိတ်က ကျွမ်းကျင်သည်။ ဟာသပညာစာအုပ်ပြုစု၍ ကျမ်းစာတိုက်သို့လှူခဲ့သည်။
“ဟုတ်တယ်၊ ပုံပြောတာပါ။ တာအိုလမ်းစဉ်ဂိုဏ်းကို ကျုပ်မဝင်ခင်က ကျင့်ကြံမှုအသိဗဟုသုတတွေကို ပုံပြောဆရာတစ်ယောက်ဆီက ရခဲ့တာပါ။
ဒီနေ့ခေတ်မှာ ပုံပြောတဲ့အရည်အသွေးတွေ အမျိုးမျိုးကွဲပြားတယ်။ ကျင့်စဉ်လမ်းနဲ့ပတ်သက်ပြီး သိပ်နားမလည်ကြလို့ အဆီအငေါ်မတည့်တာတွေဖြစ်လာတယ်။ အယူအဆမှားတွေ ဖြစ်လာတယ်။
တာအိုလမ်းစဉ်ဂိုဏ်းရဲ့ အဖြစ်အပျက်တွေကို ပုံပြောဇာတ်လမ်းအဖြစ်ပြောင်းလိုက်ရင် သေချာပေါက် လူကြိုက်များလာမှာပါ”
လုယန် စိတ်အားထက်သန်စွာ လက်သီးနှစ်ဘက်ဆုပ်၍ ပြောသည်။
“တာအိုလမ်းစဉ်ဂိုဏ်းရဲ့ကိစ္စတွေက လူတွေစိတ်ဝင်စားလောက်အောင် ထူးခြားလို့လား”
ယွမ်ကျိ သံသယမကင်းသေး။
လုဘန်တွေးသည်။ တာအိုလမ်းစဉ်ဂိုဏ်း၏ဇာတ်ကြောင်းများကို သာမန်ဟုစဉ်စားလျှင် ကျင့်ကြံသူလောကြီးတစ်ခုလုံး အဓိပ္ပါယ်မဲ့သွားပေလိမ့်မည်။
ယွမ်ကျိက ကျင့်ကြံမှုကို အာရုံစိုက်ထားသည်။ သာမန်လူတို့ပြဿနာများ၊ တာအိုလမ်းစဉ်ဂိုဏ်းအပေါ် အပြင်လောကသားတို့၏အမြင်များကို သူမသိ။
ယွမ်ကျိ၏ကျင့်စဉ်ဆင့်အရ တစ်ခြားမသေမျိုးဂိုဏ်းမှလူများ တာအိုလမ်းစဉ်ဂိုဏ်းကို မကောင်းပြောရဲမည်မဟုတ်ဟု လုယန်ယုံကြည့်သည်။
“သေချာပေါက် စိတ်ဝင်စားကြမှာပါ”
လုယန် ယုံကြည်ချက်အပြည့်ဖြင့်ပြောသည်။
“ဒါဆို ပုံပြောဇာတ်လမ်းရေးပြီး အပြင်လောကမှာ နာမည်ကြီးအောင်လုပ်ဖို့ ငါတို့ဂိုဏ်းထဲက ဘယ်သူနဲ့ သင့်တော်မလဲ”
ယွမ်ကျိ မျက်မှောင်နည်းနည်းကျုံ့၍ စည်းစားနေသည်။
“ဒီတာဝန်နဲ့ တကယ်အံဝင်ဂွင်ကျဖြစ်မယ့်လူတစ်ယောက် ရှိပါတယ်”
“ဘယ်သူလဲ”
“ဆရာလေ”
***********************************************************