သွေးသောက်ညီအကိုဆိုသည်မှာ
Vol. 8 Ch. 116
လုယန် အာရုံအပြည့်စိုက်၍ နွားသားကင်သည်။ ကံ ဉာဏ် ဝီရိယ သုံးပါးလုံးယှဉ်ပြိုင်နေရသည်။ ပေါ့ဆချိန်မရ။ ထို့ကြောင့် အဘိုးပါး ကျိတ်၍ဝမ်းသာသွားသည့်အဖြစ်ကို သူမရိပ်မိ။
နောက်ဆုံးတွင် အသားကင် အသင့်ဖြစ်လာသည်။ မီးဖိုထဲတွင် အသားကင်နံ့က သုံးရက်ကြာသည်အထိ ဝေ့ဝဲနေသည်။ လုယန်၏ အတုမဲ့ဖန်တီးချက်ဖြစ်သည့် ရသာသုံးပါးမီးတောက်၏ အာနိသင်က ပေါ်လွင်နေသည်။
လောကတွင် မီးတောက်စစ် ၁၀၈ မျိုးရှိသည်။ လုယန်၏ ပါရမီကြောင့် ထူးခြားသည့် မီးတောက်စစ်တစ်မျိုး ထပ်တိုးလာသည်။
သူသာဆန္ဒရှိလျှင် တိုက်နယ်အနှံ့ အသားကင်ဆိုင်များဖွင့်နိုင်သည်။ အသားကင်ဂိုဏ်းပင် ထူထောင်နိုင်သည်။
သို့သော် နာမည်ဂုဏ်းသတင်းနှင့် စည်းစိမ်ဥစ္စာကို မက်မောသူမဟုတ်သဖြင့် ထိုသို့လုပ်ဖို့ အစီအစဉ်မရှိပါ။
နွားသားကင်ကို ပန်းကန်ထဲထည့်၍ အရံစားသောက်စရာ အာလူးကင်၊ မုန်လာဥနီနှင့် ပန်းဂေါ်ဖီတို့ဖြင့် တွဲဖက်ပြင်ဆင်သည်။ ရုပ်သေးက သူ့ကို တအံ့တဩကြည့်နေသည်။ ထိုမျှ ပြည့်ပြည့်စုံစုံစဉ်းစားတတ်မည်ဟု ထင်မထား။
လုယန် မီးဖိုထဲမှ ထွက်ခါနီးတွင် နွားသေပေါ်မျှ လစ်ဟာသွားသည့် အသားတစ်နေရာတွင် အရိုးဖြူများ ပေါ်နေသည်ကို သတိထားမိသည်။
သူဝယ်ထထားသည့် အသားသစ်ပြန်ပေါက်ဆေးကို သတိရလာသည်။
“ဒီနွားကို အသားသစ်ဆေးဆေး ကျွေးလိုက်ရင် ဘယ်လိုဖြစ်လာမလဲ။ ကုန်သွားတဲ့အသားနေရာက ပြန်ပြည့်လာနိုင်လောက်မလား”
မဟာစီးပွားရေးဂွင်တစ်ခု တွေးမိသဖြင့် ဆေးလုံးကို နွားပါးစပ်ထဲသို့ ချက်ချင်းထိုးထည့်လိုက်သည်။
အံ့ဩစရာမြင်ကွင်းတစ်ခု ဖြစ်ပေါ်လာသည်။ နွားသေပေါ်ရှိ ဓားခုတ်ရာနေရာတွင် ရွှေရောင်အလင်းခပ်မှိန်မှိန်ပေါ်လာသည်။
လုယန်ကင်ထားသည့် အသားတုံးက လေထဲသို့ ဖြေးညှင်းစွာ မြင့်တက်လာပြီး အသားစိမ်းအဖြစ် ပြန်ပြောင်းသွားသည်။ ထို့နောက် ဒဏ်ရာဆီလွင့်ပျံသွားပြီး အကောင်းပကတိအတိုင်း ပြန်ကပ်သွားသည်။
လုယန် - “...”
သိပ္ပံနည်းလမ်း လုံးဝမကျ။
သေလုမျောပါး အားထုတ်ကြိုးစားထားရသည့် အသားကင်က မူလအတိုင်း ပြန်ဖြစ်သွားသည်။
ရုပ်သေးပင် စိတ်မထိန်းနိုင်တော့ဘဲ တခစ်ခစ် ခိုးရယ်နေသည်။
လုယန် နောက်တစ်ကြိမ် ပြန်စလုပ်ရသည်။
ပထမတစ်ကြိမ် အတွေ့အကြုံရှိပြီးဖြစ်၍ ဒုတိယအကြိမ်က ပို၍မြန်ဆန်သည်။ “ခုတ်ဓား”စွမ်းအား၊ ဓားစွမ်းအင်ထုတ်လွှတ်မှုနှင့် ရသာသုံးပါးမီးတောက်အစွမ်းတို့ ပိုတိုးတက်လာသည်။
အမယွမ်ကျိက ထိုသို့ရည်ရွယ်ထားခြင်းဖြစ်မည်။ ညစာပြင်ရင်း တိုးတက်စေလိုခြင်းဖြစ်မည်။
မှန်သည်။ ဝိညာဉ်ဟင်းချက်ပညာဟူသည့် ကျင့်စဉ်လမ်းတစ်ခုရှိသည်။ ကျင့်ကြံသူများက ချက်ရင်းပြုတ်ရင်း သူ့တို့စွမ်းအားကို သန့်စင်သည်။ လုယန်အဖြစ်က ထိုလမ်းစဉ်နှင့် အတော်လေးတူသည်။
“အမယွမ်ရဲ့ အတွေးအမြင်က တကယ်နက်ရှိုင်းတာပဲ”
လုယန်ရင်ထဲ အတော်ထိသွားသည်။
........
ယွမ်ကျိ လက်နှစ်ဘက်ကို နှလုံးငါးမွှာပုံစံထား၍ ညစာစားပွဲရှေ့တွင် ကျင့်ကြံနေ။ သူ့ဘေးပတ်လည်တွင် ကြယ်များကြွေကျသလို၊ အရာအားလုံး အသက်ဝင်လာသလို လျှပ်စီးမိုးကြိုးများအသွင်ပြောင်းနေသလို အရိပ်မျိုးစုံဖြစ်ပေါ်နေသည်။ လောကအံ့ဖွယ်အားလုံး ဤနေရာတွင် စုဝေးနေသလိုရှိသည်။
လုယန်ရောက်လာသည်ကို သတိထားမိသဖြင့် သူ့မျက်လုံးများ ဖြေးညှင်းစွာ ပွင့်လာသည်။ ဘေးပတ်လည်မှ ပုံရိပ်များလည်း သူ့ခန္ဓာကိုယ်ထဲသို့ ချက်ချင်းပြန်ဝင်သွားသည်။ ဘာမှမဖြစ်ခဲ့သလို ထင်ရသည်။
“နွားသားကင်လား”
လုယန်အထူးတလည်ပြင်ဆင်ထားသည့် နွားသားကို သူတစ်ချက်ကြည့်သည်။ ဘာမှထပ်မပြောဘဲ လုယန်ကို စားပွဲတွင် အတူထိုင်ရန် မျက်ရိပ်ပြသည်။
လုယန် ခါးမတ်၍ ထိုင်သည်။ ယွမ်ကျိ စစားမည့်အချိန်ကို စိတ်လှုပ်ရှားစွာ စောင့်ဆိုင်းနေသည်။
ယွမ်ကျိ အသားတစ်တုံးလှီး၍ ပါးစပ်အနည်းငယ်ဟပြီး ဝါးကြည့်သည်။
“မဆိုးပါဘူး”
လုယန် လည်ချောင်းတွင်ဆို့နေသည့် အလုံးကြီးကျသွားသည်။
ယွမ်ကျိက သိုလှောင်လေဟာနဘ်ကိုဖွင့်၍ လုယန်ကို ဆေးတစ်ဘူးလှမ်းပေးသည်။ ဘူးပေါ်တွင် “အစာကြေဆေး”ဟူသည့် စာတန်းပါသည်။
“ဒါ ဆေးအိုးတောင်ထိပ်က ဂန္တဝင်ဆေးလုံးပဲ။ အစာခြေနှုန်းနဲ့ အစာစုပ်ယူအားကို တိုးမြှင့်ပေးတယ်။ ဒီနွားသားကင်မှာပါတဲ့ ဝိညာဉ်စွမ်းအင်ပမာဏက မင်းရဲ့ခန္ဓာကိုယ်စွမ်းဆောင်ရည်ထက် အများကြီးပိုမြင့်တယ်။ ဖြေးဖြေးစားပါ။ ဒီဆေးက စွမ်းအင်ကို ဖြေးဖြေးချင်းစုပ်ယူနိုင်အောင် ကူညီပေးလိမ့်မယ်”
ဆေးအိုးတောင်ထိပ်သည် ဂိုဏ်းစတည်ကတည်းက တည်ထောင်ခဲ့သည့် သက်သေဖြစ်သည်။ ယခုထိ အခိုင်အမာ ရပ်တည်နေသည်။ သူတို့သန့်စင်သည့် ဆေးလုံးများက တစ်ခါတစ်လေ အတော်လေးအာနိသင်ထက်မြက်နေဆဲဖြစ်သည်။
လုယန် အသားတုံးတစ်ဖဲ စားသည်။ လေးငါးကြိမ် အသာဝါးလိုက်သည်။ နွားသားက ဂျယ်လီတုံးလို ဗိုက်ထဲသို့ ပျော်ဆင်းသွားသည်။ သိပ်သည်းသည့်ဝိညာဉ်စွမ်းအင်များ ခန္ဓာကိုယ်ထဲတွင် ပေါက်ကွဲထွက်သည်။ ငယ်ထိပ်သို့ တက်သွားသည်။ အသားကင်ရသည့် မောပန်းနွမ်းနယ်မှုများ ပျောက်ကွယ်သွာားသည်။တစ်ကိုယ်လုံး လန်းဆန်းအားပြည့်လာသည်။
လုယန်မျက်လုံးများ အရောင်လက်လာသည်။ ဆေးလုံးကို ချက်ချင်းသောက်ပြီး တင်ပျဉ်ခွေထိုင်လိုက်သည်။ ကိုယ်ထဲမှ ဝိညာဉ်စွမ်းအင်လှိုင်းများကို ခံစားသည်။
ယွမ်ကျိသတ်ဖြတ်ဖို့ အရည်အသွေးမီသည့် နတ်ဆိုးသားရဲများ၏ ကျင့်စဉ်စွမ်းအားက အလွန်တရာမြင့်မားနေသည်မှာ မဆန်းလှ။
ယွမ်ကျိ နွားသားကင်ကို ဣန္ဒြေရရ စားသည်။ ဖြေးဖြေးချင်းဝါး၍ အရသာခံသည်။ သူ့လက်ရှိအနေအထားအရ သူ့ကျင့်စဉ်အဆင့်ကို တိုးမြှင့်နိုင်သည့်အရာဟူ၍ မရှိသလောက်ရှားသည်။
...............
အကြီးအကဲခုနစ်ယောက် ကောင်းကင်ဂိတ်တောင်ထိပ် ထင်းရှူးတောထဲ စုဝေးရောက်ရှိနေသည်။ မဟာအကြီးအကဲနှင့် ယွမ်ကျိမှလွဲ၍ ကျန်သည့်တာအိုလမ်းစဉ်ဂိုဏ်းအကြီးအကဲအားလုံး ရှိနေသည်။ တွေ့ရခဲသည့် ဂိုဏ်းချုပ်ကြီးလည်း ရှိနေသည်။
“ညီကိုးက ဒီလိုအခြေအနေမျိုး ဘယ်လိုရောက်သွားတာလဲကွာ”
“ဘဝဆိုတာ ခန့်မှန်းလို့မှမရဘဲလေ။ ဘယ်သူက အနာဂတ်ကို ကြိုမြင်နိုင်မှာလဲ”
အကြီးအကဲခုနစ်ယောက် ဆူညံစွာ ဆွေးနွေးပြောဆိုနေသည်။ ဂူထဲတွင်ကျင့်ကြံနေသည့် တာအိုရှင်ဝစီပိတ် ဒေါသထွက်လွန်းသဖြင့် ဓားကိုဆွဲထုတ်၍ ချက်ချင်းတိုက်ခိုက်ချင်စိတ် ပေါက်လာသည်။
“ဒေါသမထွက်နဲ့၊ ဒေါသမထွက်နဲ့။ သုံးရက်ပြည့်အောင် ငါငြိမ်ငြိမ်လေး ကျင့်ကြံမှဖြစ်မယ်။ ကျင့်ကြံတာပျက်သွားလို့မဖြစ်ဘူး”
တာအိုဝစီပိတ် သူ့ဘာသာ သတိပေးနေသည်။
အကြီးအကဲခုနစ်ယောက် သူ့အဖြစ်ကိုကြည့်၍ ပျော်နေကြသည်။ ညီကိုးသည် သူတို့အပေါ် အမြဲတမ်းလှည့်စားခဲ့သည်။ ယခု လှောင်ပြောင်ရယ်မောခွင့်ရလာသဖြင့် လက်လွတ်မခံနိုင်ကြ။ တစ်သက်တစ်ခါ ကြုံကြိုက်ခဲသည့် အခွင့်အရေးမျိုးဖြစ်သည်။
“ပြောကြစမ်းပါဦး၊ ငါတို့ညီကိုးက အဲလောက်သဘောထားသေးပါ့မလားကွ။ ပါရမီမြင့်တဲ့ တပည့်တစ်ယောက်ရှိတာ ကောင်းတဲ့အချက်ပဲလေ။ ဒေါသထွက်လွန်းလို့ ဦးနှောက်သွေးကြောပြတ်သွားတာမျိုး ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”
“အဓိပ္ပါယ်မရှိတာတွေ လျှောက်မပြောပါနဲ့။ သူကအခု သက်သက်လွတ်ကျင့်ကြံနေတဲ့ပုံမျိုးပါဟ”
တာအိုရှင်ဝစီပိတ် ဆက်သည်းမခံနိုင်တော့ဘဲ အော်ဟစ်လိုက်သည်။
“ငါ့ကို အတင်းဖိအားမပေးနဲ့ကွ”
သူ့အဖြစ်ကို ဘယ်သူ သတင်းလွှင့်လိုက်သနည်း။
ရှောင်ယွမ်။ မဟုတ်နိုင်။ ရှောင်ယွမ်ကို သူမနိုင်။
ထိုသို့ဆိုလျှင် လုယန်သာဖြစ်ရမည်။
“ညီကိုး၊ မင်းလည်း ဒီလိုကြုံရတဲ့နေ့မျိုး ရှိသေးတာပဲ”
လောင်ပါးက လှောင်ပြောင်ရယ်မောနေသည်။
လောင်ပါးငယ်စဉ်က ပန်းများ အပင်များကို နှစ်သက်သည်။ ထိုအချိန်တွင် တာအိုရှင်ဝစီပိတ်က ခေါင်းကိုသာဖော်ထားပြီး ခန္ဓာကိုယ်ကို မြေကြီးထဲမြှုပ်၍ အပင်များနှင့်အတူ ကျင့်ကြံသည့်နည်းလမ်းတစ်ခု ပြောပြသည်။ မြေကြီး၏ ဝိညာဉ်စွမ်းအင်ကို အာရုံခံ၍ ကျင့်စဉ်စွမ်းအားမြှင့်နိုင်သည့်နည်းဖြစ်သည်။
ထိုအတိတ်က ကိစ္စကို လောင်ပါး ပြန်သတိမရချင်။
တစ်သက်လုံး အရှက်ရနေမည့်ကိစ္စဖြစ်သည်။
“မင်းကများ ငါ့ကိုလှောင်တယ်ပေါ့။ ငါ့ဓားစွမ်းကို မြည်းကြည့်စမ်း”
တာအိုရှင်ဝစီပိတ် အတုမဲ့ဓားမှော်စက်ဝန်းလေးမျိုးကို ထုတ်သုံး၍ အားလုံးကို တိုက်ခိုက်သည်။ အကြီးအကဲခုနစ်ယောက် ခုခံသည့်ကိုယ်ဟန်အနေအထား ချက်ချင်းပြောင်းကြသည်။ သို့သော် လှိုဏ်ဂူဝတွင် လျှပ်စီးများပေါ်လာပြီး ဓားမှော်စက်ဝန်းကို ပိတ်ဆို့တားဆီးသည်။
အကြီးအကဲခုနစ်ယောက် စိတ်သက်သာရာရသွားသည်။ ယွမ်ကျိ၏ အကာအကွယ်က ယုံကြည်ရသည်။
“ဟားဟား ညီကိုး၊ မင်းရဲ့ဓားစွမ်းက အတော်လျော့သွားတာပဲ။ ဒီလောက်ဂူဝင်ပေါက်သေးသေးလေးကိုတောင် မထိုးဖောက်နိုင်တော့ပါလား။ မင်းနေရာမှာငါသာဆိုရင် အစောကြီးကတည်းက ထွက်လာပြီးလောက်ပြီ”
လောင်ပါး တဟားဟားအော်ရယ်နေသည်။
တာအိုရှင်ဝစီပိတ် လှောင်ပြုံးပြုံးလိုက်သည်။
“မင်းအစွမ်းရှိရင် ဂူဝင်ပေါက်ကိုဖွင့်ကြည့်လေ”
“ဟား..ဒါက ဂူဝင်ပေါက်လေးတစ်ခုပါပဲ။ ဖွင့်ဖို့ ဘယ်လောက်ခက်နိုင်မှာမို့လဲ”
လောင်ပါး ဂူဝဆီသို့ ကြီးမားသည့် လက်ဝါးရိပ်တစ်ခု ရိုက်ထုတ်လိုက်သည်။ သို့သော် လျှပ်စီးများကြောင့် လက်ဝါးရိပ်ပျက်စီးသွားသည်။
“ထင်မထားဘူးကွာ။ ထပ်စမ်းကြည့်မယ်”
လောင်ပါး လက်မလျှော့သေး။ ထပ်ကြိုးစားသည်။ သို့သော် သူတိုက်ခိုက်မှုက လျှပ်စီးထိသည်နှင့် စွမ်းအားပြယ်သွားသည်။
သူ့နဖူးမှ ချွေးများ စီးကျလာသည်။
“မှော်စက်ဝန်းဗဟိုနေရာကို ငါမှန်းဆနိုင်တယ်။ ဒါပေမယ့် ငါတိုက်ခိုက်တဲ့နည်းလမ်းတွေက ကန့်သတ်ချက်ရှိတယ်။ အားလုံးကူညီကြမျှဖြစ်မယ်”
တစ်ခြားအကြီးအကဲခြောက်ယောက် ဝမ်းမြောက်ဝမ်းသာ သဘောတူကြသည်။
ခုနစ်ယောက်လုံး ပြိုင်တူစွမ်းအားထုတ်၍ လောင်ပါးပြောသည့်နေရာကို ဝိုင်းဝန်းတိုက်ခိုက်ကြသည်။ အချိန်တစ်ခဏအတွင်း လျှပ်စီးများ လင်းလက်သွားသည်။ မိုးကြိုးသံများ မြည်ဟိန်းလာသည်။ ထင်းရှူးတောတစ်ခုလုံး မုန်တိုင်းထန်၍ အလင်းရောင်များ ဖြာထွက်နေသည်။ ကြောက်စရာမြင်ကွင်းတစ်ခု ဖြစ်သည်။
လိုဏ်ဂူ၏တံဆိပ်က ဒေါသထွက်လာဟန်ဖြင့် စုပ်အားတစ်ခုထုတ်လွှတ်သည်။ လောကမှ အရာအားလုံးကို စုပ်ယူနိုင်သည့် အင်အားမျိုးဖြစ်သည်။ အခြေအနေ မကောင်းတော့ကြောင်း ရိပ်စားမိသဖြင့် အကြီးအကဲခုနစ်ယောက် နည်းလမ်းမျိုးစုံသုံး၍ ထွက်ပြေးရန် ကြိုးစားသည်။ သို့သော် စုပ်အားကို မခုခံနိုင်ကြ။ လှိုဏ်ဂူထဲသို့ ဆွဲယူခံလိုက်ရသည်။
ခုနစ်ယောက်လုံး မင်သက်မိသွားသည်။
တာအိုရှင်ဝစီပိတ် အတော်ကျေနပ်နေသည်။ သွေးသောက်ညီအကိုအစစ်ဆိုသည်မှာ ထိုသို့သာဖြစ်ရမည်။ ကံကောင်းခြင်းကံဆိုးခြင်းတို့ကို အတူမျှဝေခံစားရမည်။
...........
ယွမ်ကျိ ညစာစားနေရာမှ ခဏရပ်သွားသည်။ သူ့ဆရာအတွက် သူချန်ထားခဲ့သည့်မှော်တံဆိပ် လှုပ်ရှားလာသည်ကို အာရုံခံမိသည်။
တာအိုလမ်းစဉ်ဂိုဏ်းမှလူများသည် ထူးဆန်းသည့်စိတ်ကူးမျိုးစုံ ရှိကြသည်။ သူ့မှော်တံဆိပ်ကို တစ်ယောက်ယောက်က အတင်းချိုးဖျက်မည်ကို စိုးရိမ်ခဲ့သည်။ ထို့ကြောင့် ဂူဝကို ရိုက်ဖွင့်ရန် ကြိုးစားသူတိုင်း ဂူထဲသို့ စုပ်ယူပိတ်လှောင်နိုင်သည့် တံဆိပ်မျိုးကို သူဖန်တီးထားသည်။
“အဲလိုလုပ်မယ့်လူမျိုးတော့ မရှိလောက်ဘူးထင်ပါတယ်”
သူ့ဘာသာ ခပ်တိုးတိုးရေရွတ်လိုက်သည်။ အသေအချာတော့ မပြောနိုင်။
***************************************************