သင်သည် တတ်သည်
Vol. 8 Ch. 114
အကျဉ်းသားအဖြစ်မှ လွတ်မြောက်ရန် အခွင့်အရေးရှိကြောင်း သိသည်နှင့် တာအိုဝစီပိတ် အတော်စိတ်အားတက်ကြွလာပြီး လုယန်ကိုဆရာတင်ပါမည်ဟု တောင်းပန်သည်အထိ ဖြစ်လာသည်။ လုယန် ထိတ်လန့်သွားပြီး ထိုသို့လုပ်ဖို့မလိုကြောင်း အမြန်ပြန်ပြောသည်။
လုယန် သူ့အတွေးကို ပြောပြသည်။ တာအိုဝစီပိတ်ကလည်း အတော်ကျိုးကြောင်းဆီလျော်သည်ဟု ခံစားမိသည်။
“မှန်တာပေါ့။ ဝါဒဖြန့်ရမယ့်ကိစ္စကို ငါတို့မျက်စိရှန်းနေခဲ့တာပဲ။ သာမန်လူတွေက ကျင့်ကြံမှုအကြောင်း၊ မသေမျိုးငါးဂိုဏ်းနဲ့ တစ်ခြားကျင့်စဉ်ဂိုဏ်းတွေအကြောင်း သိပ်မသိကြဘူး”
တာအိုဝစီပိတ် မုတ်ဆိတ်ကိုပွတ်၍ စဉ်းစားနေသည်။
“တာအိုလမ်းစဉ်ဂိုဏ်းအကြောင်း ပုံပြောဇာတ်လမ်းစာအုပ် ပြုစုဖို့ဆိုတာ တကယ်နည်းလမ်းတကျလုပ်ရမယ့် တာဝန်ပဲ။ ငါခဏ စဉ်းစားကြည့်မယ်။
ငါတို့ဂိုဏ်းဟာ နှစ် ၁၂၀၀၀၀ သမိုင်းရှိတယ်။ အဆင့်သုံးဆင့်ခွဲလို့ရတယ်။ မူလတာအိုရှင် ဂိုဏ်းတည်ထောင်တာရယ်၊ ကွေ့ယန်ဘိုးဘေးက ငါတို့ဂိုဏ်းကို မသေမျိုးဂိုဏ်းအဖြစ် အဆင့်မြှင့်ခဲ့တာရယ်။ ဟန်ဟိုင်ဘိုးဘေးက ဂိုဏ်းကိုပြန်ပြီးတိုးတက်အောင်ကြိုးစားခဲ့တာရယ်ပေါ့။ တစ်ဆင့်ချင်းစီမှာ ပုံပြောလို့ကောင်းတဲ့ ဇာတ်လမ်းတွေ အများကြီးပါပဲ။ မူလတာအိုရှင် စကြာဝဠာကို လမ်းညွှန်မှုတောင်းတဲ့ကိစ္စတောင် အများကြီးပြောလို့ရတယ်”
လုယန် သူ့ဆရာကို အတော်လေးစားသွားသည်။ လမ်းပျောက်သည့်ကိစ္စကိုပင် ထိုမျှခမ်းခမ်းနားနားဖြစ်အောင် တန်ဆာဆင်၍ပြောနိုင်သည်။ ထိုတစ်ချက်ကပင် လေ့လာသင်ယူထိုက်သည့် ပညာဖြစ်သည်။
“ငါတို့ရဲ့ လက်ရှိခေတ်ကိစ္စတွေကိလုည်း ချန်ထားလို့မဖြစ်ဘူးပေါ့။ ဒါတွေက အဓိကပဲလေ။ ဥပမာ ငါ့အကြောင်းငါ ပြောမယ်ဆိုရ၍် အကိုသုံးက ငါ့ကိုကောက်ယူမွေးစားခဲ့တာလို့ ပြောလို့မဖြစ်ဘူး။ သဘာဝအတိုင်း မြေကြီးကနေ မွေးဖွားလာတယ်လို့ ပြောင်းပြောသင့်တယ်။ ကောင်းကင်ကသတ်မှတ်ထားတဲ့အချိန်မှာ ဓားတစ်လက်ကိုင်ပြီး မွေးလာတဲ့ လူတစ်ယောက်။ ဓားရိုးမှာ “သတ်ဖြတ်ခြင်း”ဆိုတဲ့စကားလုံး ရေးထွင်းထား...အဟွတ်...ငါတမင်လျှောက်စနေတာပါကွာ။ ဒီလိုပြောလို့ ဘယ်ဖြစ်မလဲ”
ယွမ်ကျိ၏ အေးစက်စက်အကြည့်ကို သတိထားမိသဖြင့် တာအိုဝစီပိတ် ချက်ချင်းစကားဖောလိုက်သည်။
“ငါအမှန်အတိုင်းပဲ ရေးမှာပါ။ မဟုတ်မမှန်တာ တစ်ခုမှမပါစေရဘူး”
ထို့နောက် စေ့စပ်ညှိနှိုင်းသည့်လေသံဖြင့်
“ငါ့တပည့်၊ ဆရာ့ကို အရင်လွှတ်ပေးပါလား။ တာအိုလမ်းစဉ်ဂိုဏ်း နတ်ဆိုးတွေသုတ်သင်ပြီး တော်ဝင်လမ်းကို အထောက်အပံ့ပြုခဲ့တဲ့ကိစ္စမှ မင်းရဲ့ဦးလေးရှစ်ယောက်လည်း ပါတယ်လေ။ ပုံပြောဇာတ်လမ်းစာအုပ်ပြုစုဖို့ သူတိုကို အသေးစိတ်အချက်အလက်တွေ မေးရဦးမယ်။ ဒါမှ ဝေဝေဆာဆာဖြစ်လာမှာ”
ထိုစကားကျိုးကြောင်းဆီလျော်သည်ဟုတွေး၍ သူ့ဆရာကိုလွှတ်ပေးရန် ယွမ်ကျိဆုံးဖြတ်သည်။
သူနောက်လှည့်၍ ထွက်သွားသည်။ တာအိုရှင်ဝစီပိတ် စိုးရိမ်သွားပြီး နောက်ဘက်မှ လှမ်းခေါ်သည်။
“တပည့်လေး၊ ဆရာ့ကို မင်းမလွှတ်ရသေးဘူးလေ”
ယွမ်ကျိ နောက်လှည့်မကြည့်ဘဲပြောသည်။
“ဂူထဲမှာ သုံးရက်ဆက်တိုက်ကျင့်ကြံလိုက်ရင် အတားအဆီးက သူ့ဘာသာပျောက်သွားလိမ့်မယ်”
လုယန်စိတ်ထဲ တွေးလိုက်သည်။ သူ့ဆရာ ဆယ်နှစ်ကြာအောင် ဂူထဲမှမထွက်နိုင်သည်မှာ သုံးရက်ကြာအောင်ပင် တစ်ခါမှ မကျင့်ကြံဖူးသောကြောင့်ဖြစ်လိမ့်မည်။
လုယန် ယွမ်ကျိနောက်သို့ အမြန်လိုက်သွားသည်။
“အမယွမ်၊ ကျုပ်ပါးစပ်နဲ့ တိုက်ခိုက်နိုင်တဲ့ မှော်ပညာတစ်ခုလောက် သင်ချင်တယ်”
“ဘာလို့လဲ”
“တိုက်ခိုက်တဲ့အချိန်ကျရင် ခြေထောက်တွေက ရှောင်နိုင်ကန်နိုင်တယ်။ လက်က ဓားကိုင်ပြီး လက်နက်ပုန်းပစ်လို့ရတယ်။ အားလုံးသူ့နေရာသူအသုံးဝင်တယ်။ ပါးစပ်ပဲ ကျန်နေတာ။ တကယ်လို့ ရန်သူတစ်ယောက်နဲ့ လက်နက်ချင်းယှဉ်တိုက်ပြီး သူမသာကိုယ်မသာဖြစ်နေတဲ့အချိန် ပါးစပ်ကနေ မှော်ပညာနဲ့ လျပ်တပြက်တိုက်ခိုက်လိုက်ရင် ရန်သူအငိုက်မိပြီး ကျုပ်အနိုင်ရနိုင်တယ်လေ”
“သူမသာကိုယ်မသာ”ဟူသည့်စကားကို ယွမ်ကျိနားမလည်။ သူတိုက်ခဲ့သမျှ တိုက်ပွဲအားလုံးက အမြဲတမ်းအသာစီးရခဲ့သည်။ သို့သော် လုယန်သင်ချင်သည်ဆိုလျှင် သူတားစရာမကြောင်းမရှိ။
“ကျင့်စဉ်တစ်ခုရှိတယ်။ အဲဒါကို ကျွမ်းကျင်သွားရင် သတ္တုသန္ဓေစွမ်းအားကို မှုတ်ထုတ်နိုင်တယ်။ ဘယ်ပစ္စည်းမဆို ထိုးဖြတ်နိုင်တယ်။ ဒါကိုလေ့ကင့်ဖို့ သတ္တုဝိညာဉ်မြစ်လိုတယ်။ မင်းရဲ့ဓားဝိညာဉ်မြစ်နဲ့ သိပ်တော့အဆက်အစပ်မရှိဘူး။ စွမ်းအားစုစည်းဖို့ အချိန်နည်းနည်းကြာတယ်။ အဲဒီ့အချိန်အတွင်း တစ်ခြားဘာလှုပ်ရှားမှုမှ လုပ်လို့မရဘူး”
လုယန် ခေါင်းခါသည်။
“ကန့်သတ်ချက်တွေများလွန်းတယ်။ အလစ်တိုက်ခိုက်ဖို့ပဲ ကောင်းတယ်။ တိုက်ရိုက်ရင်ဆိုင်တဲ့အခါ သုံးလို့မရနိုင်ဘူး”
“ဒါဆို သမာဓိဝိညာဉ်မီးတောက်စစ်ဆိုရင်ရော။ ဗိုက်ထဲမှာ စွမ်အင်စုပြီး အထက်၊ အလယ်၊ အောက် သမာဓိမီးတာက်သုံးခု ထွက်မယ်။ အမြစ်မဲ့ရေနဲ့ငြိမ်းသတ်တာမျိုးကလွဲလို တစ်ခြားဘာနဲ့မှ မတားနိုင်ဘူး။ ဒါပေမယ့် ဒီပညာက သင်ရခက်တယ်။ ကျွမ်းအကျင်ဖို့ဆို လအတော်ကြာနိုင်တယ်။ မင်းက ဓာတ်ငါးမျိုးပညာကို တစ်ခါမှမလေ့လာဖူးဘူး။ ဒီမှော်ပညာမျိုးမှာ မင်းပါရမီ ဘယ်လောက်ရှိလဲ သေချာမသိဘူး”
ယွမ်ကျိ အသံခဏတိတ်သွားသည်။ လုယန်သင်ခဲ့သည့် ပထမဆုံး ဓာတ်ငါးမျိုးပညာက မြေချုံ့ပညာဖြစ်သည်။
နာမည်ကျော် သမာဓိမီးတောက်ပညာ သင့်ခွင့်ရတော့မည်ဖြစ်၍ လုယန် ရင်ခုန်စိတ်လှုပ်ရှားနေသည်။ သင်ခွင့်ရနေလျှင် သူကြိုးစားကြည့်ချင်မည်။ ကိုယ့်ဘက်က အရှုံးမရှိ။
“သမာဓိမီးတောက်ပညာကို ကျုပ်သင်ချင်ပါတယ်”
လုယန် ရွေးချယ်လိုက်ပြီဖြစ်၍ ယွမ်ကျိမတားတော့။ လုယန် ကျင့်ကြံမှုစခဲ့သည့်နေရာသို့ ခေါ်သွားသည်။
ထိုနေရာတွင် လုယန်၏ အမှတ်တရများရှိသည်။ ချီကို သူ့ခန္ဓာကိုယ်ထဲသို့ ပထမဆုံး ချီဓာတ်ဆွဲနိုင်ခဲ့သည့်နေရာ။ တို့ဟူးကို အိုးဖြင့်ခပ်ဖို့ ကြိုးစားခဲ့သည်နေရာဖြစ်သည်။
ယွမ်ကျိ တည်ငြိမ်စွာရှင်းပြသည်။
“သမာဓိမီးတောက်က မီတောက်သုံးမျိုးကို ရည်ညွှန်းတယ်။ နတ်မီးတောက်၊ သန္ဓေမီးတောက်၊ လူမီးတောက်ပေါ့။ မြစ်ဝိညာဉ်ရဲ့ ပုဆိန်သုံးလက်ခွဲခြားပုံနဲ့ တူသလိုရှိပေမယ့် ကွဲပြားတယ်။
နှလုံးက နတ်မီးတောက်ပဲ။ ဘုရင်မီးတောက်လို့လည်းခေါ်တယ်။ ဒါကို အထက်သမာဓိမီးတောက်လို့ သတ်မှတ်တယ်။ ကျောက်ကပ်တွေက ဝန်ကြီးမီးတောက် ဒါမှမဟုတ် သန္ဓေမီးတောက်ပေါ့။ အလယ်သမာဓိမီးတောက်လို့ သတ်မှတ်တဘ်။ ဆီးအိတ် ဒါမှမဟုတ် ချက်အောက်ပိုင်း ချီပင်လယ်က လူမီးတောက်ပေါ့။ အခြေခံမီးတောက်လို့ သတ်မှတ်တယ်။
သမာဓိမီးတောက်ဖန်တီးတဲ့အခါ နှလုံး၊ကျောက်ကပ်နဲ့ဆီးအိတ်ကို အာရုံစိုက်ထားရတယ်။
ကျောက်ကပ်ရည်ကို အမြဲပြည့်နေအောင်ထိန်းထားရမယ်လို့ ငါမင်းကိုအရင်ကပြောခဲ့တာ အဲဒါကြောင့်ပဲ။ လူ့ခန္ဓာကိုယ်မှာ ဓာတ်ငါးမျိုးပါတယ်။ ဓားငါးမျိုးမှော်ပညာအများစုက ကိုယ်အင်္ဂါအစိတ်အပိုင်းငါးမျိုးကို ဦးတည်အသုံးပြုတယ်။ ဒါကြောင့် ကျောက်ကပ်ရည်က အရေးပါတဘ်။
မင်းကိုငါ လက်တွေ့သရုပ်ပြမယ်။ ကြည့်ထားပါ”
သစ်ပင်ကြီးတစ်ပင်ကို ပစ်မှတ်ထား၍ ယွမ်ကျိက သမာဓိမီးတောက်တန်းတစ်ခု မှုတ်ထုတ်လိုက်သည်။ လက်တစ်ဖက်စာသစ်ပင်က ချက်ချင်းပြာကျသွာားသည်။ မြန်လွန်းသဖြင့် လုယန် အံ့ဩချိန်ပင်မရလိုက်။
ယွမ်ကျိက စွမ်းအားကိုလျှော့ထားသေး၍သာဖြစ်သည်။ ခွန်အားပြည့်သုံးလျှင် ကောင်းကင်ဂိတ်တောင်ထိပ်ပင် ခံနိုင်ရည်ရှိဖို့ မသေချာလှ။
“ရပြီလား”
လုယန် တုံ့ဆိုင်းဆိုင်းဖြစ်နေသည်။ ယွမ်ကျိသင်ကြားသည့်နည်းလမ်းများက အမြဲတမ်း နားလည်ရခက်သည်။ ကိုယ့်နားလည်နိုင်စွမ်းကိုသာ အားကိုးရသည်။
“စမ်းကြည့်မယ်လေ”
ယွမ်ကျိသင်ပေးသည့် မှော်ပညာကို သင်ယူလိုစိတ်ကြောင့် အရာဝတ္ထုတို့၏ အနှစ်သန္ဓေကို ခွဲခြားနိုင်သည့်‘နှလုံးသဘာဝဉာဏ်အလင်းကျင့်စဉ်’ကို သူဖန်တီးခဲ့သည်။
သူ့ပြိုင်ဘက်ကင်းကျင့်စဉ်စွမ်းအားကို ပြသဖို့အချိန်ကျပြီဖြစ်သည်။
ဝိညာဉ်စွမ်းအားကို သူစုစည်းသည်။ နှလုံး၊ ကျောက်ကပ်နှင့် ဆီးအိတ်ကို အာရုံစိုက်သည်။ ထို့နောက် အသက်ကိုခပ်ပြင်းပြင်းရှုပြီး သုံးမီတာအဝေးသို့ရောက်အောင် တံတွေးထွေးလိုက်သည်။
“သမာဓိမီးတောက်”
လုယန် လက်မလျှော့သေးဘဲ နောက်တစ်ကြိမ်အော်ဟစ်၍ တံတွေးထွေးပြန်သည်။
“ဖွီး
“ဖွီး”
လုယန် မှော်အစွမ်းကို ဆက်တိုက်ထုတ်သည်။ နောက်ဆုံးတွင် အာခေါင်များခြောက်ကပ်လာသည်။
သမာဓိမီးတောက်သည် တကယ်တတ်မြောက်ဖို့ ခက်လှသည်။
လုယန်အခက်အခဲကို သတိထားမိသဖြင့် ယွမ်ကျိက ဗူးသီးခြောက်တစ်ခု လှမ်းပေးသည်။ အထဲမှအရည်ကို လုယန်မော့သောက်သည်။ ထိုအရည်က နတ်ဆေးရည်ကဲ့သို့ အတော်ချိုနေသည်ကို တွေ့ရသည်။
“ဒါဘာရည်လဲ။ အတော်ချိုတာပဲ”
“သကြားရည်”
“...”
သကြားရည်ဆိုလျှင် မချိုစရာ အကြောင်းမရှိတော့။
လုယန် ဇွဲမလျှော့။ မွန်းတည့်ချိန်မှ ညနေမိုးချုပ်အထိ လေ့ကျင့်သည်။ နောက်ဆုံးတွင် ထိုပညာသဘောကို သဘောပေါက်လာသည်။
“ဒီတစ်ခါ ကျုပ်သေချာပေါက်အောင်မြင်ရမယ်။ သမာဓိမီးတောက်...”
လုယန် စွမ်းအင်ကုန်ထုတ်သုံး၍ ဝိညာဉ်စွမ်းအားကိုလည်ပတ်ပြီး အတင်းမှုတ်ထုတ်လိုက်သည်။ ပြင်းထန်သည့်မီးတောက်တစ်ခု ပါးစပ်ထဲမှ ထိုးထွက်သွားသည်။ သစ်ပင်ကြီးတစ်ခု မီးစွဲသွားပြီး အက်ကွဲသံ ကျယ်လောင်စွာပေါ်လာသည်။
“လုပ်နိုင်ပြီကွ”
လုယန် ပြုံးလိုက်သည်။ သူ့မှော်ပညာပါရမီကို သူယုံကြည်သည်။ တစ်ခြားလူများ လချီကြာမည့်ပညာကို နေ့တစ်ပိုင်းနှင့် ကျွမ်းကျင်သည်။
ယွမ်ကျိက မီးတောက်ကို သေချာအနီးကပ်ကြည့်သည်။ တစ်ခုခု မူမမှန်ဟုထင်သည်။ မီးတောက်ဆီသွားပြီး လက်ဖြင့်နည်းနည်းယူပြီး လက်ချောင်းကြားတွင် ပွတ်ချေကြည့်သည်။ အရသာခံကြည့်သည်။
“ချိုနေပါလား”
ဘာကြောင့် မီးကအရသာရှိနေရသနည်း။
“နောက်တစ်ကြိမ် ထပ်လုပ်ကြည့်ပါ”
နားမလည်သော်လည်း လုယန် သမာဓိမီးတောက်စွမ်းအား နောက်တစ်ကြိမ်ထုတ်သုံးသည်။ ယွမ်ကျိ အရသာခံကြည့်သည်။
“ငန်တယ်”
“နောက်တစ်ကြိမ်ထပ်စမ်းကြည့်”
ယွမ်ကျိ အရသာခံကြည့်ပြီးနောက် ပြန်ပြောသည်။
“စပ်တယ်”
သုံးလေးကြိမ် စမ်းကြည့်ပြီးနောက် ယွမ်ကျိ အဖြေသိလလိုက်သည်။ လုယန်၏မီးတောက်က စွမ်းအားကြီးသော်လည်း ထူးဆန်းသည့်အရသာမျိုးရှိနေသည်။ အချို၊အငန်၊အစပ် သုံးမျိုး တစ်လှည့်စီဖြစ်ပေါ်နေသည်။
လုယန်က စိတ်လှုပ်ရှားနေဟန်ဖြင့် မေးသည်။
“အမယွမ်၊ ကျုပ်တတ်သွားပြီလား”
ယွမ်ကျိက လုယန်ကို ထူးဆန်းသည့်အကြည့်ဖြင့် ကြည့်သည်။
“တတ်သွားပါပြီ။ ဒါပေမယ့် မင်းတတ်သွားတာက ရသာသုံးမျိုးမီးတောက်ပါ”
“ရသာသုံးမျိုးမီးတောက်”
*****************************************************