← Chapters

နှလုံးနတ်ဆိုး

Vol. 8 Ch. 117

နှလုံးနတ်ဆိုး

Vol. 8 Ch. 117

စိုးရိမ်နေသလို ဖြစ်လာမည်ဟု ယွမ်ကျိ အမြဲတမ်း ခံစားခဲ့ရသည်။

မည်သို့ဆိုစေ ဤနေရာသည် တာအိုလမ်းစဉ်ဂိုဏ်းဖြစ်သည်။ ဘာမဆို ဖြစ်နိုင်သည်။

လုယန် ထူးဆန်းသည့် အခြေအတစ်ခုသို့ ရောက်နေသည်။ သူ့ကိုယ်ထဲမှ သွေးကြောဆုံအားလုံး ဝိညာဉ်စွမ်းအင်များ တောက်ပနေသည်ကို ခံစားရသည်။ အတွင်းလည်ပတ်မှုစနစ်က အပြင်ဝိညာဉ်စွမ်းအင်နှင့် ပေါင်းစပ်သွားသည်။ ဝင်သက်ထွက်သက်တိုင်း ဝိညာဉ်စွမ်းအင် အပြောင်းအလဲ ဖြစ်နေသည်။

သူ့စိတ်နှလုံး ခါတိုင်းထက်ပိုငြိမ်းချမ်းလာသည်။ နွားသား၏ စွမ်းအားကိုသန့်စင်၍ ရလာသည့် အကျိုးကျေးဇူးကြောင့် ခန္ဓာကိုယ် တဖြေးဖြေး သန်မာလာသည်။

“အခြေအနေသွားကြည့်တာ အကောင်းဆုံးပါပဲလေ”

ယွမ်ကျိက ကျင့်ကြံနေသည့်လုယန်ကို တစ်ချက်ကြည့်သည်။ အနှောက်အယှက်မပေးတော့။ ထင်းရှူးတော့သို့ တစ်ယောက်တည်းထွက်သွားသည်။ လုယန်ကိုကာကွယ်ဖို့ ရုပ်သေးကို ချန်ထားခဲ့သည်။

ယွမ်ကျိနှင့်လုယန်သာ ရှိသဖြင့် ကောင်ကင်ဂူတောင်ထိပ်၏ ညာဉ့်နက်ပိုင်းက ထူးထူးခြားခြားတိတ်ဆိတ်နေသည်။ ယွမ်ကျိ တောအုပ်ထဲတွင်နတ်သမီးတစ်ပါးလို လျှောက်လာသည်။

စကားများသည့် သူ့ဆရာနှင့် အကြီးအကဲခုနစ်ယောက် ဂူထဲတွင် ပိတ်မိနေသည်ကို မြင်လိုက်ရသည်။

သူတို့စကားသံများကို အဝေးမှပင် ကြားနေရသည်။

ယွမ်ကျိ သက်ပြင်းချသည်။ ဖြစ်မည့်ကိစ္စသည် အမြဲတမ်း ဖြစ်ကိုဖြစ်လာသည်။

ဂူထဲသို့ သူဝင်သွားသည်။ အားလုံးကို လွှတ်ပေးသင့်မပေးသင့် စဉ်းစားနေသည်။

......

ဂူထဲတွင် တာအိုလမ်းစဉ်ဂိုဏ်း၏ ထိပ်တန်းပုဂ္ဂိုလ်များ ရှိနေသည်။

“ငါ့အကိုတွေအမတွေက ကြင်တာစိတ်ရှိကြမှန်း ငါသိသားပဲ။ ငါတစ်ယောက်တည်း အထီးကျန်နေတာမကြည့်ရက်လို့ အထဲထိဝင်လာပြီးတောင် အဖော်ပြုပေးကြတယ်”

တာအိုရှင်ဝစီပိတ် ကျေးဇူးတင်စကားဆိုသည်။ သို့သော် သူ့နှတ်ခမ်းထောင့်များ တွန့်နေသည့်က ဖုံးကွယ်မရ။

“အထူးသဖြင့် အကိုနှစ်ပေါ့လေ။ အပေါ်ယံကြည့်ရင်တာ့ လှိုဏ်ဂူမှော်စက်ဝန်းကို ဖျက်ဆီးနေသယောင် ထင်ရတယ်။ ဒါပေမယ့် တကယ်တော့ ငါအထီးကျန်နေတာမြင်လို့ အားလုံးကို ငါ့ကိုအဖော်ပြုပေးဖို့ ဆွဲခေါ်လာတာပဲ”

ညီအကိုမောင်နှမများထံမှ ဒေါသရိပ်ပြင်းထန်သည့်အကြည့်ကို လောင်ပါး ချက်ချင်းခံစားလိုက်ရသည်။ အတော်လေး အနေရခက်လာသည်။

စိတ်ကို တည်ငြိမ်အောင်ထိန်း၍ သူပြောသည်။

“အားလုံးပဲ၊ မစိုးရိမ်ကြပါနဲ့။ ဒါက တူမယွမ်ကျိ တည်ဆောက်ထားတဲ့ မှော်တံဆိပ်လေးတစ်ခုပါပဲ။ တူမယွမ်ကို လူကိုယ်တိုင် ရင်ဆိုင်ရတာမှမဟုတ်တာ။ ငါတို့အားလုံး အတူပူးပေါင်းမယ်ဆို ဒီအခက်အခဲကိုကျော်ဖြတ်ပြီး မှော်တံဆိပ်ကို သေချာပေါက်ဖျက်ဆီးနိုင်မှာပါ။

ငါတို့က တာအိုလမ်းစဉ်ဂိုဏ်းရဲ့ မောင်နှမကိုးဖော်ပဲလေ။ မင်းတို့အခု ဘယ်လိုရာထူးမျိုးယူထားကြလဲ ပြန်စဉ်းစားကြပါ။ ဘယ်အခက်အခဲမျိုးက ငါတို့ကိုတားဆီးနိုင်မှာလဲ”

သူတို့ငယ်ရွယ်စဉ်က လောကတစ်ခွင့်လှည့်လည်၍ နတ်ဆိုးများသုတ်သင်ပြီး မကောင်းဆိုးဝါးများ နှိမ်နှင်းခဲ့သည်။ အလယ်ပိုင်းတိုက်နယ်တစ်လျှောက် ထင်ရှားကျော်ကြားခဲ့သည်။ “တာအိုလမ်းစဉ်ဂိုဏ်း၏ မောင်နှမကိုးဖော်”ဟု လူအများက ခေါ်ကြသည်။

ကျဉ်းကြပ်လွန်းသည့် ဤဂူလေးထဲတွင် တာအိုလမ်းစဉ်ဂိုဏ်း၏ မောင်နှမကိုးဖော် နောက်တစ်ကြိမ် ပြန်စုစည်းမိကြပြီဖြစ်သည်။

“အကိုနှစ်၊ ကျုပ်တို့ ဒီနေရာကနေ ဘယ်လိုလုပ်ထွက်ကြမလဲ”

တာအိုဝစီပိတ်က မေးသည်။ လောင်ပါးက ဘုကြည့်ကြည့်သည်။ ညီကိုးကို လှောင်ပြောင်ရန် လာခဲ့ရာမှ သူကိုယ်တိုင် ဒုက္ခရောက်နေသည်။

တာအိုဝစီပိတ် တဟက်ဟက်ရယ်မောနေသည်။ အဖော်ပြုဖို့လာသူများကို သူအလွယ်တကူ လွှတ်မပေးနိုင်။

အလေးအနက်လေသံဖြင့် သူပြောသည်။

“ရှောင်ယွမ်ရဲ့ ကျင့်စဉ်စွမ်းအားက ငါ့ထက်သာသွားပြီဆိုတာကိုပြောဖို့ ငါမရှက်ပါဘူး။ ဒီမျှော်တံဆိပ်ကို ချထားတဲ့ သူ့ရည်ရွယ်ချက်ကလည်း ငါ့ကို ဇွဲကောင်းကောင်းနဲ့ ကျင့်ကြံပြီး ငါ့ကိုယ်ပိုင်အကန့်အသတ်တွေကို ဖြတ်ကျော်နိုင်အောင် တွန်းအားပေးဖို့ပါ။

ဒီတော့ မှော်တံဆိပ်ကိုဖျက်ဆီးဖို့ ငါတို့ ကိုယ့်စိတ်ကိုယ်ကို အနိုင်ယူပြီး အကန့်အသတ်တွေ ကျော်ဖြတ်မှဖြစ်မယ်”

အခြေအနေက အရေးကြီးကြောင်း အားလုံး နားလည်လာသည်။ ကိုယ့်အကန့်အသတ်ကိုယ် ကျော်ဖြတ်ဖို့ဆိုသည်မှာ လွယ်သယောင်နှင့် မယုံနိုင်လောက်အောင် ခက်ခဲသည်။

တာအိုရှင်ဝစီပိတ်က ဖြစ်လာမည့်အခြေအနေကို ကြိုတွေးပြိးဖြစ်သည်။ အားလုံး တစ်ယောက်ပြီးတစ်ယောက် မှော်တံဆိပ်ကို ချိုးဖျက်ကြမည်။ ပြန်ကန်ထုတ်ခံရပြီးလျှင် စိတ်ဓာတ်ကျသွားကြမည်။ ထိုအချိန်ရောက်လျှင် ဉာဏ်အလင်းတစ်ခုရကြောင်း သုံးရက်ကြာအောင် ကျင့်ကြံဖို့လိုကြောင်း သူပြောမည်။ သုံးရက်ကြာလျှင် ခမ်းနားသည့်ဓားစွမ်းအားတစ်ခု ထုတ်ပြပြီး ဂူဝကို ခုတ်လိုက်မည်။ သုံးရက်ကြာပြီးဖြစ်၍ မှော်တံဆိပ်ကလည်း အလိုလိုပြယ်သွားမည်။ သူ့အကိုအမများက သူ့ရလာသည် ဉာဏ်အလင်းကို အံ့ဩချီးမွှမ်းကြမည်။

ပြည့်စုံသည့် အစီအစဉ်ဖြစ်သည်။

“ဒီလိုဆိုမှတော့ မင်းရဲ့အကိုနှစ်ဖြစ်တဲ့ ငါကပဲ အရင်ဆုံးဦးဆောင်ကြိုးစားရမှာပေါ့”

မဟာအကြီးအကဲမရှိသဖြင့် လောင်ပါးက အသက်အကြီးဆုံးဖြစ်သည်။ အငယ်များရှေ့တွင် စံနမူနာအဖြစ် လုပ်ပြချင်သည်။

တစ်ခြားလူများက လောင်ပါးကို မျှော်လင့်တကြီး ကြည့်နေကြသည်။ သို့သော် မှော်တံဆိပ်ကို မချိုးဖျက်နိုင်လျှင် ရှက်စရာကောင်းမည့်အဖြစ်ကို တွေးမိသဖြင့် လောင်ပါးက အားလုံးကို လှည့်ပြောသည်။

“နောက်ဆုတ်ကြ။ တစ်ခြားလူတွေရှေ့မှာ ငါမှာထူးခြားတဲ့ကျင့်စဉ်နည်းလမ်းတစ်ခုရှိတယ်။ တစ်ခြားလူတွေရှေ့မှာ ထုတ်မပြချင်ဘူး”

အားလုံး ဝင်ပေါက်ကို မမြင်နိုင်တော့သည့် ဂူအတွင်းပိုင်းဆီထိ အလိုက်တသိ နောက်ဆုတ်သွားကြသည်။

လောင်ပါး ပင့်သက်တစ်ချက်ရှိုက်လိုက်သည်။ သူ့အင်္ကျီလက်ထဲမှ မျိုးစေ့တစ်ချို့ထုတ်သည်။ ပါးစပ်မှ မန္တာန်တစ်ချို့ ခပ်တိုးတိုးရွတ်ဆိုလိုက်သည်နှင့် မျိုးစေ့များက သန်မာသည့် နွယ်ပင်များအဖြစ်ပြောင်း၍ ဂူဝဆီသို့ ရိုက်ခတ်သည်။ အလင်းရောင်မှိန်မှိန် တောက်ပလာပြီး မိုးကြိုးသံပေါက်ကွဲထွက်လာသည်။ မိုးမြေတစ်ခုလုံး တုန်ခါသွားသည်။

ထိုအရာများသည် ရှားပါးသည့် ခရမ်းလျှပ်စီးနွယ်ပင်များဖြစ်သည်။ ကောင်းကင်ဆင်းရဲလျှပ်စီးကြားတွင် မွေးဖွားလာသည်ဟု ဆိုကြသည်။ မွေးကတည်းက မိုးမြေအမှတ်အသားကို သယ်ဆာင်လာသည်။ ကောင်းကင်လျှပ်စီးစွမ်အား၏ တစ်ချို့တစ်ဝက်ကို ပိုင်ဆိုင်ထားသည်။

တိုက်ခိုက်မှုပြီးဆုံးသွားသည်။ ဂူဝက အပြောင်းအလဲမရှိ။ မှော်တံဆိပ်ကလည်း အကောင်းပကတိ။

“ဟာ”

မီးခိုးလုံးများများကြားမှ သဏ္ဌာန်တစ်ခုကို မြင်လိုက်ရသဖြင့် လောင်ပါး မျက်မှောင်ကျုံ့သွားသည်။

မီးခိုးများ ရှင်းလင်းသွားသည်နှင့် ယွမ်ကျိအသွင် ပေါ်လာသည်။

အတွေ့အကြုံများသူဖြစ်၍ အခြေအနေကို လောင်ပါး ချက်ချင်းသဘောပေါက်လိုက်သည်။

ထိုသဏ္ဌာန်သည် သူ့ကိုယ်ပိုင်နှလုံးနတ်ဆိုးဖြစ်ရမည်။ ညီကိုးက ပြောသည်။ မှော်တံဆိပ်ချိုးဖျက်နိုင်ဖို့ ကိုယ့်ကိုယ်ကို အနိုင်ယူရမည်တဲ့။ ထိုသို့လုပ်နိုင်ရန် ကိုယ့်နှလုံးနတ်ဆိုးကို ကိုယ့်ဘာသာ အနိုင်ယူနိုင်ရမည်။

(**နှလုံးနတ်ဆိုးအယူအဆသည် စိတ်အစွဲကို ရည်ညွှန်းပါသည်။ “အတွင်းနတ်ဆိုး”ဟုလည်း ခေါ်သည်။ မကျေနပ်ချက်ကြောင့်ဖြစ်စေ ချစ်ခင်စွဲလန်းမှုကြောင့်ဖြစ်စေ ကိုယ်စိတ်အာရုံတွင်ပေါ်လာသည့် ပုံရိပ်ဖြစ်သည်)

“ငါ့စိတ်ထဲ လက်လွှတ်နိုင်ပြီထင်ခဲ့တာ။ လူငယ်မျိုးဆက်တွေဟာ သက်ကြီးပိုင်းမျိုးဆက်တွေထက် သန်မာတာကို လက်ခံနိုင်ပြီထင်ခဲ့တာ။ ငါ့မသိစိတ်က တကယ်လက်မခံနိုင်သေးတဲ့ပုံပဲ”

လောင်ပါးစိတ်ထဲ လွန်ဆွဲနေသည့်တိုက်ပွဲရှိသည်။

ထိုကြောင့် သူမတုံ့ဆိုင်းတော့ပဲ ယွမ်ကျိကို စွမ်းအားကုန်သုံး၍ တိုက်ခိုက်လိုက်သည်။

ယွမ်ကျိက အကြီးအကဲများအခြေအနေကိုကြည့်၍ လွှတ်ပေးသင့်မပေးသင့်စဉ်းစားရင်း လာစစ်ဆေးခြင်းဖြစ်သည်။ ဂူဝတွင် လောင်ပါးနှင့် လာဆုံရသည်။

ရွေးချယ်စရာမရှိသဖြင့် သူတန်ပြန်တိုက်ခိုက်သည်။ သွယ်လျသည့် သူ့လက်ကို ဆန့်ထုတ်လိုက်သည်။ သူ့လက်မှ ခေါင်းလောင်းဘယက် အသံမြည်လာသည်။ လက်ဝါးတစ်ချက်ဖြင့် လောင်ပါး လွင့်ထွက်သွားသည်။

အဝေးထိလွင့်ပျံလာသည့်သူ့ကို တတိယအကြီးအကဲနှင့်တစ်ခြားလူများ ဆီးဖမ်းကြသည်။

“အကိုနှစ်၊ ဘယ်လိုဖြစ်သွားတာလဲ”

လောင်ပါး ချောင်းနှစ်ချက်ဆိုးသည်။ သူ့မျက်လုံးတွင် ထိတ်လန့်ရိပ်များ အထင်းသားပေါ်နေသည်။ ဂူဝဆီသို့ လက်ညှိုးထိုးလျက်

“သတိထားကြ၊ ညီကိုး ငါတို့ကို လိမ်ပြောတာမဟုတ်ဘူး။ တူမယွမ်ကျိက နှလုံးနတ်ဆိုးမှော်တံဆိပ်တစ်ခု ဖန်တီးခဲ့တာ။ တံဆိပ်ကို ချိုးဖျက်ဖို့ နှလုံးနတ်ဆိုးကို ငါတို့အနိုင်ယူရမယ်”

တာအိုရှင်ဝစီပိတ် သူ့ဘာသာ စဉ်းစားနေသည်။ နှလုံးနတ်ဆိုးဆိုသည့်အဖြစ်ကို သူနားမလည်။

တတိယအကြီးအကဲက ဦးနှောက်ကို သိပ်သုံးသူမဟုတ်။ လောင်ပါးပြောသမျှကို ယုံကြည်သူဖြစ်သည်။

ထို့ကြောင့် ယွမ်ကျိကို ကြိုးစားရင်ဆိုင်သည်။ ယွမ်ကျိ မသေမျိုးငါးဂိုဏ်းဂိုဏ်းချုပ်များကို အနိုင်ယူခဲ့ချိန်တွင် သူသည် သက်ကြီးပိုင်းမျိုးဆက်များအတွက် နှလုံးနတ်ဆိုးဖြစ်လာသည်။ နှစ်ပေါင်းထောင်ချီကျင့်ကြံခဲ့သူများအတွက် မေးခွန်းထုတ်စရာဖြစ်လာသည်။ တတိယအကြီးအကဲလည်း ထိုလူစုထဲတွင် ပါဝင်သည်။

လောင်ပါးလိုပင်ဖြစ်သည်။ ယွမ်ကျိကိုမြင်သည်နှင့် တိုက်ခိုက်ရန်ပြင်သည်။ လောင်ပါးလိုပင် လက်ဝါးတစ်ချက်မိ၍ လွင့်ထွက်သွားသည်။

“အတော်စွမ်းအားကြီးတဲ့ နှလုံးနတ်ဆိုးပဲ”

စတုတ္ထအကြီးအကဲ၊ ပဥ္စမအကြီးအကဲ...အဋ္ဌမအကြီးအကဲအထိ။ ယွမ်ကျိက အားလုံကို တစ်ယောက်ပြီးတစ်ယောက် အနိုင်ယူသည်။

တာအိုရှင်ဝစီပိတ် တွေးရခက်သွားသည်။ ဂူဝဆီသို့ သူလျှောက်လာသည်။ ယွမ်ကျိကိုမြင်သည်နှင့် သူနားလည်သွားသည်။ နှလုံးနတ်ဆိုးမဟုတ်။ ယွမ်ကျိကိုယ်တိုင် ဂူဝကို စောင့်ကြပ်နေခြင်းဖြစ်သည်။

“ရှောင်ယွမ်”

တာအိုရှင်ဝစီပိတ် မဝံ့မရဲလှမ်းခေါ်သည်။

“ကျွန်မက နှလုံးနတ်ဆိုးပါ”

ယွမ်ကျိ ခံစားချက်ကင်းမဲ့သည့်လေသံဖြင့် ပြန်ပြောသည်။

ထိုသို့ပြောပြီးနောက် သူ့ဆရာကို တုံ့ပြန်ချိန်မပေးဘဲ လက်ဝါးတစ်ချက်ရိုက်သည်။ ထို့နောက် လှည့်ထွက်သွားသည်။

သူ့ကို နှလုံးနတ်ဆိုးဟု သဘောထားပြီး မြင်မြင်ချင်းတိုက်ခိုက်သည်။ သူ့ဆရာကို လွှတ်မပေးနိုင်။ တိတ်ဆိတ်ငြိမ်သက်စွာ သုံးရက်ကျင့်ကြံရမည်။

........

လုယန် ဖြေးညှင်းစွာ မျက်လုံးပွင့်လာသည်။ သူ့ကိုယ်ထဲမှ ပူနွေးသည့် စွမ်းအင်စီးကြောင်းတစ်ခု ခံစားရသည်။ ကျင့်စဉ်အဆင့်တက်ဖို့ ခြေတစ်လှမ်းသာ လိုတော့သည်။

ထိုအချိန်တွင် ယွမ်ကျိက သူ့မျက်နှာချင်းဆိုင်မှထိုင်ခုံသို့ ပြန်ရောက်လာသည်။ စိတ်ထင်၍လားတော့မသိ။ အမယွမ်ကျိမျက်နှာက တစ်ခုခုကို ကျေနပ်နေသယောင်ရှိသည်။

“အမယွမ်၊ တစ်ခုခုပျော်စရာကြုံခဲ့လို့လား”

“မဟုတ်ဘူး”

ယွမ်ကျိက ခါတိုင်းကဲ့သို့ပင် အေးစက်စက်တုံ့ပြန်သည်။

****************************************************

All Chapters