နိုးလာသူ
Vol. 8 Ch. 118
“တိုင်ပုဖန်က မင်းရဲ့သူလျှိုမစ်ရှင်အတွက် ကျိုးဆောင်မှတ်တွေပေးလား”
ညစာစားပြီးနောက် ယွမ်ကျိကမေးသည်။
“ပေးတယ်။ အတော်များပါတယ်”
လုယန် ရင်ခုန်စိတ်လှုပ်ရှားနေသည်။ သူနှင့်ရွယ်တူ လူငယ်များထဲတွင် သူသည် ကျိုးဆောင်မှတ်အများဆုံးဖြစ်သည်။
“နောက်သုံးရက်ကြာရင် ဂိုဏ်းက ဈေးပွဲတော်တစ်ခု လုပ်လိမ့်မယ်။ လူအတော်များများ လာကြလိမ့်မယ်။ မင်းစိတ်ဝင်စားရင် သွားကြည့်လို့ရတယ်။ မင်းသဘောကျတာတစ်ခုခု တွေ့နိုင်ပါတယ်”
လုယန် ခေါင်းငြိမ့်သည်။ ဂိုဏ်းတွင်းပစ္စည်းများဖလှယ်ခြင်းကို ဈေးပွဲတော်အသွင်ဖြင့် စီစဉ်ထထားခြင်းဖြစ်သည်။ အရင်က လုယန်ကို ကျင့်ကြံမှုတွင် အာရုံစိုက်စေလိုသဖြင့် ယွမ်ကျိက သွားခွင့်မပေးခဲ့ခြင်းဖြစ်သည်။
ယခု လုယန် အခြေတည်အဆင့်သို့ရောက်ပြီဖြစ်၍ အရမ်းထိန်းချုပ်နေစရာမလိုတော့။
ဂိုဏ်းက သုံးလတစ်ကြိမ် ဈေးပွဲတော်ကျင်းပသည်။ ပစ္စည်းများဖလှယ်သည်။ ကျိုးဆောင်မှတ်များကို ပစ္စည်းအမျိုးမျိုးဝယ်ရန် သုံးနိုင်သည်။
ဂိုဏ်းတပည့်များသည် နေရာစုံတွင် မစ်ရှင်ထမ်းဆောင်ရင်း တစ်ခြားနယ်မှ ထူးခြားပစ္စည်းများ အမှတ်မထင်တွေ့လေ့ရှိသည်။ တစ်ချို့က ထိုပစ္စည်းများကို ကိုယ်တိုင်သုံးစွဲသည်။ တစ်ချို့က ဈေးသို့ယူလာပြီး သူတို့လိုချင်သည့်ပစ္စည်းဖြင့် လဲလှယ်သည်။
“ပြီးတော့ ဆရာက စိတ်နှစ်ပြီးကျင့်ကြံနေတယ်။ ဒီရက်ပိုင်း သူ့ကိုသွားမတွေ့နဲ့”
ယွမ်ကျိ အကြံပေးသည်။
လုယန် တွေးရခက်သွားသည်။ သွားတွေ့ဖို့လည်း စိတ်ကူးမရှိပါ။ သုံးရက်ကြာလျှင် သူ့ဆရာထွက်လာမည်ကို သိပြီးဖြစ်သည်။
“အင်း”
မည်သို့ဆိုစေ အမယွမ်၏အကြံကို လိုက်နာခြင်းသည် မမှားနိုင်။
..........
နောက်သုံးရက်အကြာတွင် ဈေးပွဲတော်စသည်။ ဈေးထဲတွင် ဂိုဏ်းတပည့်များ မှော်ပညာလွတ်လပ်စွာယှဉ်ပြိုင်နိုင်ရန် စင်မြင့်တစ်ခု တည်ဆောက်ထားသည်။
ထူးခြားသည့်ပစ္စည်းများဖြင့် တည်ဆောက်ထားသဖြင့် ထိုစင်မြင့်က မပျက်စီးနိုင်။ တိုက်ပွဲမှ စွမ်းအင်လှိုင်းများ မသက်ရောက်နိုင်အောင်လည်း မှော်စက်ဝန်းများဖြင့် ရစ်ပတ်ထားသည်။
ယခု ရွှေသန္ဓေအဆင့်အကိုနှစ်ယောက် တိုက်ခိုက်နေသည်။ သူတို့ရွှေသန္ဓေများက အပြစ်အနာအဆာကင်းသည်။ သဘာဝအတိုင်း ဖန်တီးထားသည်။ အပြင်လောကတွင် အသည်းအသန်ကြိုးစားကြသည့် ထိပ်တန်းရွှေသန္ဓေများဖြစ်သည်။
“လ,ခွဲဓားချက်”
ရွှေသန္ဓေအကိုတစ်ယောက် အော်ဟစ်လိုက်သည်။ သူ့ဓားက လခြမ်းကဲ့သို့ ကြမ်းတမ်းသည့်အရှိန်ဖြင့် ကျလာသည်။ လုယန်မျက်နှာရှုံ့သွားသည်။
သခင်ချူးသာ ဤအကိုလောက် စွမ်းအားရှိခဲ့လျှင် သူတို့ ဒုက္ခအကြီးကျယ် ရောက်ခဲ့ပေလိမ့်မည်။
တစ်ခြားရွှေသန္ဓေအကိုကလည်း အညံ့မခံ။ သူ့ကိုယ်ပေါ်တွင် ရွှေရောင်အလင်းများ ထွက်ပေါ်လာသည်။ ပါးလွှာသည့် အလင်းအကာအကွယ်တစ်ခုဖြစ်လာသည်။
“ဗုဒ္ဓရွှေခန္ဓာ”
ဗုဒ္ဓရွှေခန္ဓာကျင့်စဉ်ကို တစ်နည်းနည်းဖြင့် လေ့ကျင့်၍ အတိုင်းအတာတစ်ခု အောင်မြင်ထားသည်။ ဓားချက်ကိုခံနိုင်ရည်ရှိသည်။
သူတို့အသုံးပြုသည့် ကျင့်စဉ်စွမ်းအား မှော်စွမ်းအားများကို ကျွမ်းကျင်ကြသည်။ ပျော့ကွက်ဟာကွက်မရှိ လှုပ်ရှားနိုင်သည်။ လုယန် စိတ်ဝင်တစားကြည့်နေသည်။ ရွှေသန္ဓေနှစ်ယောက်တိုက်ပွဲက မြင်ရခဲသည်။
အမှန်တော့ ထိုထက်အဆင့်မြင့်သည့် မသေမျိုးများ ကူးဖြတ်ခြင်းအဆင့်များ၏ တိုက်ပွဲကို လုယန် မြင်ဖူးပါသည်။
သို့သော် အမယွမ်၏ လက်ဝါးချက်များက ကြမ်းတမ်းရက်စက်လွန်းသည်။ ဝိညာဉ်နိုးထစ ထာဝရနတ်မယ် ပြန်တိုက်ခိုက်နိုင်စွမ်းမရှိခဲ့။ တစ်ဘက်သတ်တိုက်ပွဲဖြစ်သည်။ လုယန် ဘာပညာမှမရလိုက်။
“ထာဝရနတ်မယ်ကို ယုံကြည်အားကိုးလို့မရဘူး”
လုယန်သက်ပြင်းချသည်။ ယွမ်ကျိထံမှ ပညာတစ်ခုနှစ်ခုလောက် သင်ထားလျှင်ပင် ရွယ်တူတန်းတူများကြားတွင် ပြိုင်ဘက်ကင်းဖြစ်နိုင်သည်။
“အဲ..အမယွမ်ကငါ့ကို မြေချုံ့ပညာနဲ့ သမာဓိမီးတောက်ပညာ သင်ထားတာပဲ”
“ကောင်လေး၊ နင့်စကားကို ကြည့်ပြောနော်။ ငါကမယုံကြည်ရဘူးဆိုတာ ဘာသဘောလဲ”
လုယန် စိတ်အာရုံတွင် မိန်းမတစ်ယောက်အသံ ပေါ်လာသည်။
“နိုးလာပြီလား စီနီယာ”
လုယန် အံ့အားသင့်သွားသည်။ ထာဝရနတ်မယ် ရက်အတော်ကြာအောင် အိပ်ပျော်နေခဲ့သည်။ ယနေ့မှနိုးလာခြင်းဖြစ်သည်။
“ငါ့ကို စီနီယာလို့ခေါ်တာ နားထောင်လို့မကောင်းဘူး”
ထာဝရနတ်မယ် ပျင်းရိပျင်းတွဲပြန်ဖြေသည်။ သူအညောင်းဆန့်နေသည်ကို လုယန်ခံစားမိသည်။
“နင့်ကိုပြောမယ်။ အခု ငါက ငါ့ရဲ့မူလအခြေအနေရောက်ဖို့ အဝေးကြီးလိုသေးတယ်။ စွမ်းအားပြန်ပြည့်ဖို့ အချိန်ယူရဦးမှာ။ အဲဒီ့ယွမ်ကျိက အခုချိန်ပဲ ငါ့ကိုအနိုင်ယူနိုင်တာပါ။ စွမ်းအားပြန်ရတာနဲ့ ငါလက်တစ်ဘက်တည်းတိုက်ရင်တောင် သူငါ့ကို မနိုင်နိုင်ဘူး”
ထာဝရနတ်မယ် ခပ်တင်းတင်းပြောသည်။ သူသည် ရှေးဟောင်းခေတ်ကို လွှမ်းမိုးခဲ့သူဖြစ်သည်။ ယခု မျိုးဆက်သစ်တစ်ယောက်ကို ဘာကြောင့်ရှုံးရမည်နည်း။
လုယန် ပြန်တွေးကြည့်သည်။ ထာဝရနတ်မယ်၏စကားက ကျိုးကြောင်းဆီလျော်သည်ဟု ယူဆသည်။
“အမယွမ်ကို ဒီအကြောင်း အတိအကျကျုပ်ပြန်ပြောပေးပါ့မယ်”
“မဟုတ်ဘူး မဟုတ်ဘူး။ ပြောမနေပါနဲ့။ ပြောနေဖို့ မလိုပါဘူး”
ထာဝရနတ်မယ် ချက်ချင်းလေသံပျော့သွားသည်။
“စီနီယာ၊ ကျုပ်ခင်ဗျားကို တကယ်အားကိုးလို့ ရပါ့မလား”
ပုံမှန်ဆိုလျှင် လူတစ်ယောက်ကိုယ်ထဲတွင် ရှေးဟောင်းမသေမျိုးဝိညာဉ်ရှိနေခြင်းသည် နတ်ဘုရားများ ဗုဒ္ဓများကို အနိုင်ယူနိုင်သည့် ပြိုင်ဘက်ကင်းဖြစ်လာမည့်သဘောဖြစ်သည်။ ကံကောင်းမှုများ အလုံးအရင်းလိမ့်ဝင်လာသည်။ အဆင့်တက်ရသည်က ထမင်းစားရေသောက်ကိစ္စလို လွယ်ကူမည်။ ရွယ်တူများကြား ပြိုင်ဘက်ကင်းမည်။ ကိုယ့်ထက် ကျင့်စဉ်အဆင့်မြင့်သူများကို အခက်အခဲမရှိ အနိုင်ယူနိုင်မည်။
သို့သော် ထာဝရနတ်မယ်၏ အပြုအမူများက ယုံကြည်အားကိုးရပုံမရှိ။ အမယွမ်နှင့်အနီးကပ်နေခြင်းလောက် စိတ်မချရ။
“ဟား...နင်ငါ့ကို ဘယ်သူထင်နေလဲ။ ငါက ထာဝရနတ်မယ်ပဲဝါပဲ”
“ခင်ဗျား အစောပိုင်းတုန်က ကိုယ့်ကိုယ်ကို “ဒီမသေမျိုး”ဆိုတဲ့အခေါ်အဝေါ်မျိုး သုံးခဲ့တာမဟုတ်လား”
မောက်မာဝင့်ကြွားခဲ့သည့် ထာဝရနတ်မယ်ဟန်ပန်ကို လုယန် မှတ်မိနေသည်။
ထာဝရနတ်မယ် ခဏအသံတိတ်သွားသည်။
“ဒီမသေမျိုးက ထာဝရနတ်မယ် ပဲဝါပဲ...မဟုတ်ဘူး။ ငါ့ကိုယ်က အဲလိုခေါ်တာကြီးက ကြောင်တက်တက်နိုင်လွန်းတယ်”
ထာဝရနတ်မယ် ရှင်းပြသည်။
“ဒီလိုသုံးဖြစ်တဲ့အဓိက တစ်ခြားလူတွေ ကိုယ့်ကိုယ်ကို “ဒီမသေမျိုးက”လို့ သုံးပြီးပြောကြတဲ့အခါ အတော်စွမ်းအားကြီးတဲ့လူလိုလို ဖြစ်နေတယ်ထင်လို့ပါ။ ဒါကြောင့် ငါနိုးထလာတဲ့အချိန် ခေါင်းလည်းသိပ်မကြည်သေးတော့ စမ်းသုံးကြည့်ခဲ့တာ။ အခု ဒီအသုံးအနှုန်းက အတော်လေးစိမ်းနေသလိုပဲ။ ငါ့ကိုယ်ငါ “ငါ”လိုပဲ သုံးပါတော့မယ်”
“ဘယ်သူတွေပြောတာကြားခဲ့တာလဲ”
လုယန် စပ်စုသည်။
“ကူးဖြတ်ခြင်းအဆင့်တွေ မသေမျိုးတွေပေါ့။ ကျင့်ကြံမှုအမြင့်ဆုံးအဆင့်ကိုရောက်ရင် လူတွေက တတ်နိုင်သလောက် မတိုက်ခိုက်ဖြစ်အောင် ရှောင်တယ်။ ဒါပေမယ့် မတိုက်ခိုက်ဘဲနဲ့လည်း ဘယ်သူပိုစွမ်းအားကြီးမှန်း မသိနိုင်ဘူးလေ။ ဒါကြောင့် တစ်ယောက်က ဒီလိုဝင့်ကြွားတဲ့အသုံးအနှုန်းမျိုးတွေနဲ့ စပြောခဲ့တယ်။ အတော်လေး လူရှိန်ကြတယ်။
နောက်တော့ ဒီလိုပြောပုံဆိုပုံမျိုးဟာ ကောင်းတယ်ဆိုသိသွားကြပြီး လူတိုင်းပြောလာကြတယ်လေ။ “ဒီမသေမျိုးက ကောင်းကင်နှင့်အတူ မွေးလာတာ” “ဒီမသေမျိုးကို ဆန့်ကျင်တဲ့လူ ကွပ်မျက်ခံရမယ်” “သေမျိုးတွေက မသေမျိုးတွေကို ဘယ်လိုများဆန့်ကျင်ရဲတာလဲ” “ဒီမသေမျိုးကိုယ်ထဲမှာ ကြီးမားတဲ့စွမ်းအားပိုင်ဆိုင်ထားတယ်” “ဒီမသေမျိုး စိတ်လွတ်အောင် ဖိအားလာမပေးနဲ့” ...အဲလိုတွေပေါ့။
ဒီလိုပြောပုံဆိုပုံမျိုး ဘယ်သူ့စခဲ့တာလဲလို့ ငါစဉ်းစားနေတာ။...ဪ ဟုတ်ပြီ။ ယင်ထန်မသေမျိုးပဲ။ အဲဒီ့အချိန်တုန်းက သူ့စကားပြောတဲ့ပုံစံ စိတ်ဝင်စားစရာကောင်းတယ်ထင်လို့ သူပြောတာတွေ ချရေးပြီး “မသေမျိုးအဆိုအမိန့်”ဆိုတဲ့ စာအုပ်လေးတစ်ခု ငါပြုစုခဲ့တယ်။ အခုအဲဒီ့စာအုပ် ဘယ်ရောက်နေပြီလဲမသိတော့ဘူး”
“...”
ထာဝရနတ်မယ် နောက်ကျောဓားထိုးလုပ်ကြံခံရသည့် အကြောင်းရင်းကို လုယန်သဘောပေါက်လာသလိုရှိသည်။
“ငါနင့်ကို မသေမျိုးစွမ်းအားအစစ်တစ်ချို့ပြမယ်။ မဟုတ်ရင် ငါမဟုတ်တာတွေလျှောက်ပြောနေတယ်လို့ နင်ထင်နေဦးမှာ”
လုယန် ပိုလေးစားလာဖို့ စွမ်းအားစစ်တစ်ချို့ ပြရမည်ဟု ထာဝရနတ်မယ် ယုံကြည်သည်။
“ကဲ..နင့်ခန္ဓာကိုယ်ကို ငါ့ကိုထိန်းချုပ်ခွင့်ပေး။ နင့်ထက်ကျင့်စဉ်အဆင့်မြင့်တဲ့လူတွေကို ဘယ်လိုတိုက်ခိုက်ရသလဲဆိုတာပြမယ်”
ဤနေရာသည် တာအိုလမ်းစဉ်ဂိုဏ်း၏ နယ်မြေဖြစ်သည်။ ထို့ကြောင့် ထာဝရနတ်မယ် သူ့ခန္ဓာကိုယ်ကို အပိုင်သမ်းယူမည်ကို လုယန်မစိုးရိမ်။ ထိန်းချုပ်ခွင့်ပေးလိုက်သည်။
စင်မြင့်ပေါ်တွင် လူရှင်းသွားသည်။ ထာဝရနတ်မယ်က လုယန်ခန္ဓာကိုယ်ကို ထိန်းချုပ်၍ စင်မြင့်ပေါ်တက်သွားပြီး တစ်ချက်ဦးညွှတ်သည်။
“သူရဲကောင်းမိတ်ဆွေတို့၊ ကျုပ်ဒီနေ့ ဉာဏ်အလင်းတစ်ချို့ ရခဲ့ပပါတယ်။ ရွှေသန္ဓေအစောပိုင်းအဆင့် အကိုတွေအမတွေ လမ်းညွှန်မှုများ ပေးနိုင်မလား”
ထာဝရနတ်မယ် လုယန်ကိုရှင်းပြသည်။
“ရှေးခေတ်ပါရမီရှင်တွေလည်း ဒီလိုပဲ။ အားလုံးကို စိန်းခေါ်တိုက်ခိုက်ပြီး နာမည်ကျော်ကြားလာတာ။ ပြိုင်ဘက်ကင်းဆိုတဲ့ သူတို့အုတ်မြစ်ကိုချတာ။ ဒီနေ့ ငါမင်းအတွက် သရုပ်ပြပေးမယ်။ ကောင်းကောင်းသင်ယူပါ”
“ကျုပ်လာမယ်”
ကတုံးပြောင်အကိုတစ်ယောက် စင်ပေါ်ခုန်တက်လာသည်။ တစ်ကိုယ်လုံး ရွှေရောင်အလင်းများ ဖြာထွက်နေသည်။
ထာဝရနတ်မယ် မင်သက်မိသွားသည်။ ထိပ်တန်းအရည်အသွေးရွှေသန္ဓေ၊ ကောင်းချီးအပြည့်ရထားသည်။ အရဟတ္တခန္ဓာ၊ ရွှေခန္ဓာများလို ပြည့်စုံလုနီးပါးအဆင့်ရှိသည်။ ကျောက်ဆောင်ကို ခေါင်းနှင့်တိုက်သလို ဖြစ်လိမ့်မည်။
“အဲ...လူပြောင်းပါဦးမယ်”
ကတုံးအကိုက စိတ်မဆိုး။ ပြုံးရွှင်သည့်မျက်နှာဖြင့် စင်ပေါ်မှ ခုန်ဆင်းသွားသည်။ ကွန်ဖြူးရှပ်အကိုတစ်ယောက် တက်လာသည်။
မီးခိုးရောင်ဝတ်စုံဝတ်၍ ဝါးစာအုပ်တစ်အုပ်ကိုင်ထားသည်။ တည်ငြိမ်ကြည်လင်သည့်အပြုံးရှိသည်။
ထာဝရနတ်မယ် မျက်နှာပျက်သွားပြန်သည်။ စာပေပညာရှင်ဗီဇနှင့် မွေးလာသည့်လူ။ အားကောင်းသည့် စကားလုံးစွမ်းအားကို ပိုင်ဆိုင်ပြီး ရတနာတစ်ခုကိုင်ထားသူ။ ဘယ်လိုယှဉ်နိုင်မည်နည်း။
“လူထပ်ပြောင်းပါဦးမယ်”
ထာဝရနတ်မယ် အံတစ်ချက်ကြိတ်၍ ပြောလိုက်သည်။
“ကျုပ်လာမယ်”
စာပေသမားဆင်းသွားပြီးနောက် ဝဝဖိုင့်ဖိုင့်အကိုတစ်ယောက် တက်လာသည်။
တစ်ချက်ကြည့်ရုံဖြင့် ထိုအကို၏ ရွှေသန္ဓေသည် အရည်အသွေးအမြင့်ဆုံး အမျိုးအစားဖြစ်ကြောင်း ထာဝရနတ်မယ်သိသည်။ သွေးဆက်ဗီဇအမွေ ကောင်းချီးရထားသည်။ ကျင့်စဉ်နည်းလမ်းကလည်း အပြစ်အနာအဆာမရှိ။ ထိပ်တန်းအမျိုးအစားဖြစ်သည်။
ယခုရှိနေသည့် ရွှေသန္ဓေအဆင့်များကို ဘယ်လိုမှအနိုင်ယူနိုင်မည်မဟုတ်ကြောင်း ထာဝရနတ်မယ် သဘောပေါက်သွားသည်။
****************************************************